← Chapters

လောကကိုယ်ပွားများနှင့် ရင်ဆိုင်ခြင်း

Vol. 67 Ch. 927

လောကကိုယ်ပွားများနှင့် ရင်ဆိုင်ခြင်း

Vol. 67 Ch. 927

ဝုန်း... ဝုန်း...

ဧဒင်၏ လောကကိုယ်ပွားမှာ ပိုမို၍ ဒေါသတကြီး ဖြစ်လာဟန် ရ၏။ ၎င်းက အဆုံးမဲ့ မန်နာ စွမ်းအင်များကို စတင် ဆင့်ခေါ်လာကာ ဝေ့ဝူယင်၏ အသိစိတ် ပင်လယ်ကို ဖျက်ဆီးရန် ကြိုးပမ်း‌တော့သည်။

တစ်ချိန်တည်း၌ အလွန် ပြင်းထန်သည့် မြေဆွဲအား စွမ်းအင်များက ခေါင်းပေါ် ပိကျလာကာ သူ့ကို နောက်တစ်ကြိမ် ဆွဲနှစ်ဖို့ ကြိုးပမ်း လိုက်ပြန်သည်။ သတ္တုခုတ်ဖြတ်သံ တစ်ခု ထွက်ပေါ်လာကာ ဝေ့ဝူယင်၏ ခြေထောက်များမှာ သတ္တုမြေပြင်ထဲ နက်ရှိုင်းစွာ နစ်ဝင် သွားခဲ့၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ ဝေ့ဝူယင်မှာ နည်းနည်းလေးမှ လှုပ်ရှားခြင်း မရှိပါချေ။ သူ၏ မျက်လုံးများက အဆုံးမဲ့ ယုံကြည်ချက်များနှင့် ပြည့်နှက်နေပေသည်။

အစပိုင်း၌ ထိုလောကကိုယ်ပွားများ၏ စွမ်းအားများနှင့် အမျိုးမျိုးသော နည်းလမ်းများကြောင့် ဝေ့ဝူယင် အံ့သြ ထိတ်လန့်ခဲ့ရသေးသည်။ သို့သော်လည်း သူတို့ကို ရင်ဆိုင်ခဲ့ပြီး နောက်တွင်‌တော့ သူတို့ တစ်ယောက်ချင်းစီကို မည်ကဲ့သို့ အနိုင်ယူရမည် ဖြစ်ကြောင်း သူ ဆုံးဖြတ်ခဲ့ပြီး ဖြစ်လေသည်။

ဝေ့ဝူယင် လက်ကို မကာ နဖူးမှ ဖောက်ထွက်နေသည့် ဧဒင် လောကကိုယ်ပွား၏ အမြစ်များကို ဆုပ်ကိုင် လိုက်၏။

“မင်းက ပထမဆုံးပဲ...”

ဝေ့ဝူယင်၏ လက်မှာ ခုနစ်ရောင်ခြယ် အလင်းတန်းများနှင့် တောက်ပ၍ လာ၏။ ဧဒင်၏ ကိုယ်ပွားက တုန်ရီ သွားကာ လွတ်မြောက်ရန် ကြိုးပမ်းနေသည့် သူ၏ လှုပ်ရှားမှုများက ဖြည်းညင်းစွာပင် သေဆုံး လာခဲ့သည်။ ဝေ့ဝူယင် လက်သီးကို ဆုပ်လိုက်ရာ ထိုလောက ကိုယ်ပွားမှာ ခေါင်းအတွင်း၌ စတင် ကျုံ့ဝင်လာခဲ့၏။ ထို့နောက် ၎င်းက သူ့အသိစိတ် ပင်လယ် အတွင်း ပြန်ဝင် သွားတော့သည်။

ဝှစ်...

ဧဒင်၏လောက ကိုယ်ပွားကို အဆုံးသတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် အဖြူရောင် လှံတစ်ခုမှာ ပျံသန်း၍ လာကာ မီးတောက် ကြယ်တံခွန် တစ်ခု ဖြစ်သွားပြီး သူ့ ရင်ဘတ်ကို လျှပ်စီးတန်း တစ်ခု၏ အရှိန်မျိုးဖြင့် ဝင်တိုက်ရန် ကြိုးပမ်း လိုက်၏။ ၎င်က သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်လု မတတ် ဖြစ်သွားကာ ရင်ဘတ် အတွင်းပိုင်း တစ်ခုလုံး တုန်ရီသွား၏။

ဘုန်း...

ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ နောက်သို့ ပေါက်ကွဲသော အရှိန်အဟုန်နှင့် အတူ လွင့်စဉ် သွား၏။ သူ၏ ခန္ဓာကိုယ်ကို အဖြူရောင် အလင်းများက ဝန်းရံနေကာ အရာ အားလုံးကို မီးတောက် အဖြစ် အသွင်ပြောင်းလဲ ပစ်လိုက်သည်။ တစ်ခဏ အတွင်းမှာပင် မီးတောက်များမှာ ပိုမို၍ ကြီးမားလာကာ လောကြီးကို မိုင်ပေါင်းများစွာတိုင်အောင် ဖြန့်ကျက် ပစ်လိုက်လေ၏။

ရား...

တစ်ချိန်တည်း၌ မြူမှုန်သဏ္ဌာန်မှာ ဟိန်းဟောက်ကာ အပေါ် တည့်တည့်မှ ပေါ်ထွက်လာ၏။ ၎င်း၏ ဟိန်းဟောက်သံ အောက်၌ မီးတောက်များမှာ တစ်ခဏမျှ အေးခဲ သွားသည်။ ခရာတို လောက ကိုယ်ပွားမှာ ထိုလမ်းကြောင်း အတိုင်းအရှိန်အဟုန်ဖြင့် ဆင်းသက်လာကာ ဝေ့ဝူယင်ကို နောက်တစ်ကြိမ် မြေပြင်ပေါ် ဆွဲချ သွားပြန်တော့၏။

ဘုန်း... ဘုန်း..

တောင်တန်းများမှာ ပြိုကျကုန်ကာ သမုဒ္ဒရာများမှာ ဆီနာမီလှိုင်းကြီးများဖြင့် ပြည့်နှက် သွား၏။ ကောင်းကင်ပင်လျှင် မိုးပြိုကျတော့မည့် အလား တုန်ရီလာသည်။

ဝေ့ဝူယင်မှာ မထိမခိုက် ရှိနေဆဲ ဖြစ်သည့်တိုင် လောကကိုယ်ပွားများ၏ လှုပ်ရှားမှုများကို ကြည့်ကာ အံ့သြ နေမိသည်။ ခရာတို၏ လောကကိုယ်ပွားက သူ့ကို ဂြိုဟ်အမြုတေထံ ဆွဲခေါ်သွားလိုနေဟန် ရသည်။ ၎င်းက အမြုတေ၏ လောင်ကြွမ်းမှု စွမ်းအားကို သုံးကာ ဝေ့ဝူယင်ကို အရည်ဖျော် ပစ်လိုနေဟန် ရ၏။ ထိုနေရာက သူ့အသက်ကို အမှန်တကယ် နှုတ်ယူနိုင်စွမ်း ရှိလေရာ ဝေ့ဝူယင်မှာ ခုခံရန် တုန့်ဆိုင်း မနေပါချေ။ ထို့အပြင်...ခရာတို၏ ကိုယ်ပွားထံမှ သတ်ဖြတ်လိုစိတ်မှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်း လှ၏။

“ဟန်ဆောင်နေတဲ့ကောင်ကို သတ်... ရား...”

နှလုံးသား အတွင်းရှိ ခရာတိုက ပထမဆုံး အကြိမ် ဒေါသတကြီးဖြင့် စကားပြော လာခဲ့၏။ လောကကိုယ်ပွား ခရာတို ထိုမျှ မောက်မာနေသည်ကို ကြည့်ကာ သူက ‌‌ဒေါသထွက်လာခဲ့ဟန် ရလေသည်။

ဘုန်း... ဘုန်း...

ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ အဆုံးမဲ့ မြေကြီးများကို ဖြတ်ကာ အောက်သို့ ပြုတ်ကျ နေဆဲ ဖြစ်ပေသည်။ သူ ကျဆင်းသွားရာ လမ်းတစ်လျှောက်၌ ဧရာမ ဥမင် လမ်းကြောင်းကြီး ဖြစ်ကျန် ခဲ့၏။ သို့သော်လည်း... သူက ရုတ်ချည်းပင် ရယ်မောလိုက်လေသည်။

“ဒါက အစီအစဉ်ကွ...”

အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း...

ဝေ့ဝူယင် ခရာတို၏ အစစ်မှန်ဆုံး စွမ်းအားကို ထိတွေ့လိုက်၏။ အကယ်၍ လောကကိုယ်ပွားများမှာ ကြယ်တာရာ ဝိညာဥ်များ စွမ်းအား ၁၀၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည် ဆိုလျှင်ပင် သူတို့ထံတွင် အစစ်အမှန် ၁၀၀ ရာခိုင်နှုန်း ဖြစ်ရန် တစ်စုံတစ်ရာ လိုအပ်နေ‌သေးဆဲ ဖြစ်သည်။ ထိုအရာက သူ ကိုယ်တိုင်ပင်။

ဆဋ္ဌဂံ အကြေးခွံများနှင့် သဏ္ဌာန် အသွင် ပြောင်းလဲပြီးသည်နှင့် ဝေ့ဝူယင်က လက်ရှသည့် လက်သည်းများကို ဆန့်ထုတ်ကာ မြူမှုန်တိမ်တိုက် အတွင်းကို နောက်တစ်ကြိမ် နှိုက်လိုက်သည်။ ၎င်းက အလွန်တရာ နူးညံ့ သိမ်မွေ့လှသော်လည်း ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ သူ ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ဝေ့ဝူယင်၏ လက်မှာ မြူမှုန်တိမ်တိုက် အတွင်းမှ ရုပ်သဏ္ဌာန် တစ်ခုကို ထိမိသွား၏။ စိတ်ရှုပ်ထွေးကာ နားမလည်နိုင်သည့် ဟိန်းသံတစ်ခု ဖြစ်ပေါ်လာသည်။

ဝေ့ဝူယင်က နောက်ထပ် တုန့်ပြန်ရန် အချိန် မပေးချေ။ လက်နှစ်ဖက်လုံးဖြင့် ထိုသဏ္ဌာန်၏ ဦးခေါင်းကို ဆုပ်ကိုင် လိုက်သည်။ ကိုယ်ပွား၏ ဟိန်းဟောက်သံက ပိုမို ကြမ်းတမ်း ခက်ထန်လာကာ ဂြိုဟ်ထက်ရှိ မီးတောင်များကိုပင် ပေါက်ထွက် လာစေခဲ့သည်။ ဝေ့ဝူယင် ထိုခေါင်းကို ပြင်းထန်သည့် အင်အားနှင့် အတူ ဆွဲထုတ် လိုက်လေတော့၏။

ရား...

...

တစ်ချိန်တည်း၌ အလွန် ပြင်းထန်သည့် တိုက်ပွဲ တစ်ခုမှာ သူ့ အသိစိတ် ပင်လယ်ထဲတွင် ဖြစ်ပေါ်နေ၏။ ဧဒင်၏ မူလ အသွင်မှာ သန့်စင်သော စွမ်းအင်များကို စုပ်ယူ၍ တိုက်ပွဲဝင်နေကာ လောကကိုယ်ပွားမှာတော့ ထိုသီးခြား နေရာထဲတွင် လောထံမှ အင်အားများကို ဆွဲယူနိုင်စွမ်း ကင်းမဲ့နေ၏။

ဧဒင်၏ ကြယ်တာရာ အမြုတေမှာ ရှစ်ဆယ့်တစ် စင်တီမီတာ အရွယ်အစား ရှိ၏။ သို့သော်လည်း အသိစိတ် ပင်လယ် အတွင်းတွင်တော့ ၎င်း၏ ဝိညာဥ်အသွင်က ၁၀၈၀၀၀ မီတာ အထိ ရှည်လျား လှပေသည်။ ဝိညာဉ်ကွင်း ဆယ့်သုံးကွင်း၏ ဝန်းရံမှုနှင့် အတူ ထိုအခိုက်၌ ဧဒင်မှာ အကြွင်းမဲ့ နတ်ဘုရား တစ်ပါးလို ခန့်ညား ထည်ဝါ လွန်းလှ၏။

ဤသည်က သူ့နယ်မြေ ဖြစ်သည်။ စွင်းအင်ရင်းမြစ် ကင်းမဲ့သည့် နေရာတွင် လောကကိုယ်ပွားမှာ ဆက်လက် ခုခံနိုင်ခြင်း မရှိတော့ပဲ နောက်ဆုံး၌ ခုနစ်ရောင်ခြယ် အပိုင်းအစများ အဖြစ် ဖျက်ဆီး ခံလိုက်ရတော့၏။

ခန္ဓာကိုယ်ပေါ် ပိကျနေသည့် မြေဆွဲအား စွမ်းအင်များက လေးပုံတစ်ပုံမျှ အထိ လျော့ကျသွားသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ အကျိုးဆက် အနေဖြင့် သူ့ ခန္ဓာကိုယ်မှာ ပိုမိုကာ ပေါ့ပါး သွား၏။

ဝေ့ဝူယင်၏ မျက်လုံးများက သန့်စင် ကြည်လင်လာကာ အဝေးမှ လေ့လာနေသည့် အိုရီ၏ လောကကိုယ်ပွားကို အာရုံခံလိုက်၏။ ၎င်းက သူဆင်းသက်သွားရာ တစ်လျှောက် လိုက်လာကာ လွတ်မြောက်လမ်း မှန်သမျှကို ချိပ်ပိတ်ပစ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ တစ်ချိန်တည်း၌ ၎င်းက သတ္တုနှင့် မြေကြီး အလွှာများထဲ၌ ဂရုတစိုက် ပုန်းကွယ်နေကာ အော်ရာကိုပါ ရုတ်သိမ်းထား၏။ လုံလောက်သည့် အကွာအဝေး တစ်ခု အတွင်း မဟုတ်ပါက ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့်ပင် ၎င်း၏ တည်နေရာကို ခန့်မှန်းဖို့ ခက်ခဲလိမ့်မည်။

ဝေ့ဝူယင် နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာကာ ထိုလောက ကိုယ်ပွား အိုရီထံ လှမ်းရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်တွင်ပင် စိတ်လှုပ်ရှားနေသည့် အိုရီ၏ အော်ဟစ်သံက ပျံ့လွင့်လာသည်။

“ဟုတ်တယ်... ဟုတ်တယ်... ငါ့အလှည့်ရောက်ပြီဟေ့... ငါ့ကို သတ်... သတ်...”

ဝေ့ဝူယင် ထိုကောင်လေးကို ဘာပြန်ပြောရမှန်း မသိ ဖြစ်သွား၏။ သူ ခေါင်းကိုသာ တစ်ချက် ညိတ်ပြလိုက်ကာ အာကာသ ခုန်ကူးခြင်း စွမ်းရည်ကိုသာ သုံး၍ လောကိုယ်ပွား အိုရီထံ ခုန်ကျော် လိုက်တော့၏။ လောကိုယ်ပွား အိုရီမှာ ထိုအရာကို သတိထားမိသွားကာ နောက်သို့ ဆုတ်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း သူ၏ လွတ်လမ်း မှန်သမျှကို သူ မထိန်းချုပ်နိုင်သည့် သတ္တုနံရံများက တားဆီးထား၏။

ဝှစ်..

ဝေ့ဝူယင်၏ ခန္ဓာကိုယ်က လောကကိုယ်ပွား အထက်၌ ပေါ်လာခဲ့ကာ ဖနှောင့်ဖြင့် ပေါက်ချလိုက်သည်။ မြေကြီး အနက်ပိုင်း အတွင်း၌ မိုင်ရာပေါင်းများစွာ ကြီးမားသည့် ခေါင်းပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာကာ အပေါ်ရှိ မြို့တော်ကြီး တစ်ခုလုံး ပြိုကျလာတော့သည်။

သို့သော်လည်း... အိုရီ၏ လောကကိုယ်ပွားကတော့ အစစ်အမှန် နဂါး အသွင်ပြောင်းခြင်းနှင့် မူလ ဒြပ်စင် အင်အားတို့ ပေါင်းစပ်ထားသည့် ပြင်းထန်သော စွမ်းအား အောက်၌ အပိုင်းပိုင်း အစစ အဖြစ် ဖဲ့ချေ ခံလိုက်ရပြီ ဖြစ်လေတော့သည်။

ဝေ့ဝူယင် ခေါင်းကို မော့ကြည့်လိုက်ရာ ပြိုကျလာသည့် မြို့တော်ကြီးကို တွေ့လိုက်ရ၏။ သူ အပေါ်တည့်တည့်ကို ပျံသန်းကာ အတားအဆီး မှန်သမျှကို ဖောက်ထွက်၍ မြေပြင်ပေါ် နောက်တစ်ကြိမ် ပြန်ရောက်လာ၏။ ထိုအခိုက်တွင်ပင် ဆယ့်သုံးမီတာ ရှည်လျားသည့် ဆေဘာကြီးမှာ တိမ်တိုက်များ အကြား၌ လွင့်မြောနေသည်ကို တွေ့လိုက်ရလေသည်။ ၎င်း၏ တည်ရှိမှုက ပြိုင်ဘက်ကင်းလှ၏။

သို့သော်လည်း လောကကိုယ်ပွား ဆေဘာမှာ သူ့ကို နောက်တစ်ကြိမ် မတိုက်ခိုက်သေးချေ။ ၎င်းကို မော့ကြည့်ရင်း တစ်စုံတစ်ရာကို ခံစားလိုက်ရရာ ဝေ့ဝူယင် အနည်းငယ် အံ့အားသင့် သွားခဲ့၏။

“သူက ငါ့ကို စီးချင်းထိုးဖို့ စိန်‌ခေါ်နေတာလား...”

“ကလန့်...”

ဘုရင်က မထီမဲ့မြင်ဟန်ဖြင့် တုန့်ပြန်လိုက်၏။

“မင်း လုပ်ချင်လို့လား...”

ဝေ့ဝူယင် မေးလိုက်၏။ ‌ကောင်းကင်ထက်တွင်တော့ ဘုရင်၏ လောကကိုယ်ပွားမှာ တစ်လောကလုံးရှိ အင်အားများကို ဆေဘာအလင်း မုန်တိုင်းများ အဖြစ် အသွားထက်၌ စုစည်း နေခဲ့သည်။ ၎င်းက လောကရှိ အရာ အားလုံးကို ဓားသွား တစ်ချက်နှင့် အတူ ဖျက်ဆီးပစ်ရန် ရည်ရွယ်နေပုံ ရ၏။

ကလန့်...

ဘုရင်မှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှ ခွာကာ အပြင်သို့ ထွက်လာခဲ့၏။ လောကကိုယ်ပွား ကိုယ်တိုင်က စိန်ခေါ်နေပြီ ဖြစ်လေရာ သူက အဘယ်ကြောင့် ရှောင်တိမ်း ရမည်နည်း။

ဒြပ်စင်...

ဘုရင်က ခေါ်လိုက်ရာ ဒြပ်စင်မှာ ဝေ့ဝူယင်၏ နဖူးမှ ဖောက်ထွက် လာခဲ့၏။ ဘုရင်က ဒြပ်စင်၏ ကိုယ်ထည် အတွင်းကို ဝင်ရောက်သွားကာ ရှစ်ဆယ့်တစ် တစ်တီမီတာ ကြီးမားသည့် ကြယ်တာရာ အမြုတေကလည်း အလားတူပင် ပေါင်းစပ်လိုက်သည်။

“ဘုရင်ကွ... ဘုရင်ကွ...”

အိုရီက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် အားပေးလိုက်၏။ ဝေ့ဝူယင် ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။ သူက ကြယ်တာရာ ကပ်‌ဘေးကို ကစားပွဲ တစ်ခုဟု ထင်နေသည်လား။

“မင်းကိုယ်မင်း ကောင်းကောင်း သတ်ခဲ့ ငါ့ကောင်ကြီး... မင်း လုပ်နိုင်တယ်”

ဆန်းကြယ် ဒြပ်စင် ကြယ်တာရာ ဝိညာဥ်မှာ အဆက်မပြတ် အော်ဟစ်နေဆဲ ဖြစ်သည်။ ဝေ့ဝူယင် ဒြပ်စင်၏ အရိုးကို ဆုပ်ကိုင်လိုက်၏။

ခြောက်စက္ကန့်မျှ ကြာအောင် စွမ်းအင်များကို ဆက်သွယ်ပြီးသည့်နောက် လောကကိုယ်ပွား ဘုရင်မှာ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်သွားသည့်ပုံ ရသည်။ သို့သော်လည်း ဂြိုဟ်တစ်ခုလုံးကတော့ လုံဝ ခမ်းခြောက်၍ သွားခဲ့၏။ တောင်တန်းများမှာ စွမ်းအင် ကင်းမဲ့ကုန်ကာ သစ်ပင်များမှာ အသက်မဲ့ သွားကြ၏။ ဂြိုဟ်တစ်ခုလုံးက အပျက်အစီး နေရာတစ်ခု သဖွယ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေသည်။

တစ်လောကလုံး၌ ပျက်သုဉ်းခြင်းဆေဘာ စွမ်းအင်များသာ ကျန်ရစ်ခဲ့၏။

ဝေ့ဝူယင် ‌ဆေဘာဓားရိုးကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

ရွှင်း...

ရွှင်း...

ဆေဘာဟိန်း‌ဟောက်သံ နှစ်ခုမှာ ဂြိုဟ်တစ်ခုလုံးကို ဖြန့်ကျက်ကာ ထွက်ပေါ်လာ၏။ လောကကိုယ်ပွား ဘုရင်မှာ ၎င်း၏ အသွားကို စတင် လှုပ်ရှားလာ၏။

ဝေ့ဝူယင်၊ ဘုရင်နှင့် ဒြပ်စင်တို့မှာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားသည်။ ထို့နောက် သူတို့က အတူတကွပင် ရှေ့ကို တိုးကာ ခုတ်ပိုင်း လိုက်တော့၏။

***

All Chapters