ဆေဘာ
Vol. 67 Ch. 928
ဟူး...ဟူး...
မူလဂြိုဟ်နှင့် မလှမ်းမကမ်း အမှောင် ဟင်းလင်းပြင် တစ်နေရာ၌ မြေကြီး ရှန့်ထို နှစ်ယောက်မှာ သုန်မှုန်သော အမူအရာများနှင့် မျောလွင့် နေခဲ့ကြ၏။
သူတို့ ကယ်ထုတ်လာခဲ့သည့် ဘီလျံ ဆယ်နှင့်ချီသည့် မူလဂြိုဟ်သူ၊ ဂြိုဟ်သားများကတော့ လောကနယ်မြေ ကဲ့သို့ အဝန်းအဝိုင်းကြီး တစ်ခုထဲတွင် ရှိနေခဲ့ကြသည်။ လျှို့ဝှက် စွမ်းအင်ဖြင့် ဖန်ဆင်းထားသည့် ကျောက်ဖြာမှာ မြေပြင် သဖွယ် ပြုမူ ပေးနေခဲ့၏။ သန့်ရှင်း စင်ကြယ်သည့် လျှို့ဝှက် စွမ်းအင်များက ထိုနေရာရှိ သက်ရှိများ ဆက်လက် အသက်ရှင်သန်နိုင်ရန် လိုအပ်သည့် ရင်းမြစ်များကို ထောက်ပံ့ပေးနေခဲ့သည်။
ထိုအခိုက်၌ မရေမတွက်နိုင်သည့် လူများမှာ အလွန်တရာ လှပသည့် အမှောင် ဟင်းလင်းပြင် ရှုမြင်ကွင်းများကို ကြည့်ကာ အံ့သြ မှင်သက် နေကြ၏။ အထူးသဖြင့် အဆင့်နိမ့် ကျင့်ကြံသူများပင်။
“လှလိုက်တာ...”
“အဲဒါက ငါတို့ ဂြိုဟ်လား... သေးသေးလေးပဲ”
“မေမေ... နောက်နှစ် သမီးမွေးနေ့ကျရင် ဒီကို ပြန်လာလို့ ရမလား”
“တစ်နေ့ကျ ငါလည်း ဒီလို စွမ်းအားမျိုး ပိုင်ရမယ်...”
နောက်ဆုံး စကားအား ရေရွတ်လိုက်သူကတော့ လင်းရှန်းရှဲ့၊ ဝမ်မင်ယာ၊ စီတတို့နှင့် အတူ ရပ်နေသည့် လင်းမင်ပင် ဖြစ်လေသည်။ သူတို့ အားလုံးမှာ မူလဂြိုဟ်၏ အမျိုးမျိုးသော အပြောင်းအလဲများကို စောင့်ကြည့် နေခဲ့ကြခြင်း ဖြစ်သည်။
မူလဂြိုဟ်ကို ဖုံးအုပ်ထားသည့် ရောင်စုံအလင်းများမှာ သူတို့ စိတ်ကူး ပုံဖော်နိုင်သည်ထက်ပင် ပိုမို အထင်ကြီးစရာ ကောင်းလှ၏။ ထိုအလင်းများကို ကြည့်ရုံဖြင့်ပင် သူတို့၏ ဝိညာဥ်အလင်းမှာ တစ်နည်းနည်းဖြင့် သက်ရောက် ခံရကာ ကြယ်တာရာ ဝိညာဥ်များမှာ တုန်ရီလာခဲ့၏။
လူအများ အတွက် သူတို့၏ အတွင်းပိုင်း၌ တစ်စုံတစ်ရာ စတင် ဖြစ်ပေါ်လာပုံပင်။ ၎င်းက တည်ရှိနေကြောင်း သူတို့ ဘယ်တုန်းကမှ မသိခဲ့ဖူးသည့် တံခါးပေါက် တစ်ခု ဖြစ်ပေသည်။
ဝမ်မင်ယာ၏ မျက်လုံးများမှာ စိတ်ခံစားချက်များနှင့် ပြည့်နှက်နေ၏။ သူမ၏ နှုတ်ခမ်းထက်တွင်တော့ ရှားပါးကာ လှပသည့် အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။
“တုနှိုင်းမဲ့ ဖြစ်ရပ်တွေက ကြည့်ရှုသူတွေဆီကို ကံကြမ္မာကောင်းတွေ ယူဆောင် လာနိုင်တယ်”
ထိုအရာက တစ်ခါတုန်းက မဟာ ပုရောဟိတ် ပြောခဲ့ဖူးသည့် စကားတစ်ခု ဖြစ်သည်။ ကောင်းကင် ပုရောဟိတ် အချို့က ခရီးစဉ် အချို့တွင် ထိုစကားကို ထပ်လောင်း ပြောဆိုခဲ့သည်။
ကောင်းကင် ပုရောဟိတ်များမှာ ကောင်းချီးခံ ကံကြမ္မာများနှင့် ပုဂ္ဂိုလ်များကို ရှာဖွေကာ သူတို့ကို လမ်းညွှန်ရင်း ကြည့်ရှုသူများ အနေဖြင့် အကျိုးအမြတ်များ ရှာဖွေ ကြသည်။ ထိုနည်းဖြင့် သူတို့က ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းကြသည်။
မင်ရှုဖုန်းသည်လည်း ကောင်းကင်ဂိတ်တံခါးနန်းတော်ကို မရောက်ခင် အချိန်အထိ အလားတူပင် ကောင်းချီးခံ နှစ်ယောက်၏ နောက်ကို လိုက်ကာ တိုးတက်မှု လမ်းစဉ်ကို ရှာဖွေ ခဲ့သည်။
သို့သော်လည်း ဝမ်မင်ယာကတော့ ထိုသမာရိုးကျ လမ်းစဉ်ကို ရှာဖွေရန် ငြင်းဆိုထား၏။ သူမက ဝေ့ဝူယင် တစ်ယောက်တည်း၏ နောက်ကိုသာ လိုက်ကာ ဝေ့ဝူယင်ကိုသာ ပံ့ပိုးသည်။ ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ... ရိုးရှင်းစွာပင် ထိုအရာက သူမ၏ လမ်းစဉ် ဖြစ်သည်။ အကယ်၍ သေဆုံးရမည် ဆိုလျှင်ပင် သူမ စွန့်လွှတ်လိမ့်မည် မဟုတ်ပါချေ။
လင်းရှန်းရှဲ့မှာ ဝမ်မင်ယာ၏ စကားကို ကြားလိုက်ရလေရာ ထူးဆန်သည့် အမူအရာဖြင့် လှည့်ကြည့်လိုက်၏။
“မိန်းကလေးက ရွှေရောင် ဂိတ်တံခါး နန်းတော်ကလား...”
စတုတ္ထမြောက် ကံကြမ္မာ မင်းသား၏ ပိုးပန်းမှု ခံခဲ့ရသူ တစ်ယောက် အနေဖြင့် ထိုနန်းတော် အကြောင်း သူမ အတော်လေး အကျွမ်းတဝင် ရှိပေသည်။ ဝမ်မင်ယာ ရေရွတ်လိုက်သည်က ရွှေရာင် ဂိတ်တံခါး နန်းတော်၏ နာမည်ကျော် စကားတစ်ခွန်းပင် ဖြစ်သည်။
လင်းမင်မှာ အနည်းငယ် အံ့သြသွားကာ ဝမ်မင်ယာကို လှမ်းကြည့်လိုက်၏။ ရွှေရောင် ဂိတ်တံခါး နန်းတော်မှာ အကျော်ကြားဆုံး မဟာ ပုရောဟိတ်များ၏ အိမ် ဖြစ်သည်။ ဝမ်မင်ယာက ထိုကဲ့သို့သော နေရာမှ လာသည်လား။
ဝမ်မင်ယာက လင်းရှန်းရှဲ့ကို လှမ်းကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် မူလဂြိုဟ်ဘက်သို့ ပြန်လှည့် လိုက်သည်။
ထိုအခိုက်အတန့်တွင်ပင် အမျိုးမျိုးသော ဝိညာဥ်အလင်းများမှာ ဖြည်းညင်းစွာ စတင် လွင့်ပျံလာကာ ဂြိုဟ်၏ ပုံရိပ်က ခပ်ရေးရေး ပြန်လည် ပေါ်လာခဲ့သည်။ အလွန်တရာ ခမ်းခြောက်နေကာ စွန့်ပစ်ခံ နယ်မြေတစ်ခု အသွင် ပြောင်းလဲသွားခဲ့သည့် မြင်ကွင်းကို တွေ့လိုက်ရသော အခိုက်တွင်တော့ ကျင့်ကြံသူတိုင်း၏ မျက်လုံးများက ထိတ်လန့် တုန်လှုပ်မှုများနှင့် အတူ ပြူးကျယ်သွားခဲ့ကြတော့၏။
“ဘုရားရေ... ဘာတွေ ဖြစ်သွားခဲ့တာလဲဟ...”
လောကသခင် တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ ဝိညာဥ်အလင်းများ ဖုံးလွှမ်းနေသည့် အတောအတွင်း အခြေအနေက ထိုမျှ လောက်တောင် ပြောင်းလဲ သွားခဲ့သည်လား။
“ကာကွယ်သူဟန်နဲ့ မဟာအကြီးအကဲကျန်းတို့က ဒီလို ဖြစ်လာမှာကို ကြိုသိထားတယ် ထင်တယ်...”
လောကီမျက်လုံး အဆင့်၌ ရှိနေသည့် အချိန်သခင် လူအိုကြီး တစ်ယောက်က စဉ်းစားချင့်ချိန်ဟန်ဖြင့် ရေရွတ် လိုက်သည်။
“ဖေဖေ... သမီးတို့ အိမ်လေး မရှိတော့ဘူးလား... စုတ်ဖွားလေး အဆင်ပြေပါ့ မလား”
“...”
ဆွေးနွေးမှုများ၊ အာမေဋိတ်သံများမှာ နေရာ အနှံ့အပြားမှ ထွက်ပေါ် လာခဲ့ကြ၏။ အားနည်ကာ မြင်နိုင်စွမ်း မရှိကြသူများကတော့ အခြားလူများထံမှ စကားများကိုသာ နားထောင်ကာ အခြေအနေကို နားလည် သဘောပေါက်ရန် ကြိုးပမ်း နေကြရသည်။ သို့သော်လည်း... ဂြိုဟ်၏ အပေါ်ယံ မြေမျက်နှာ သွင်ပြင် အချို့ကတော့ လုံးဝ ပြောင်းလဲ သွားခဲ့ကြောင်း သူတို့ မြင်နိုင်ပေသည်။ တောင်တန်း၊ ရေကန် စသည်ဖြင့် အချို့ နေရာများဆိုလျှင် လုံးဝ ပျောက်ကွယ် သွားကြ၏။ ထိုနေရာ၌ မိုင်ထောင်ပေါင်းများစွာ သွယ်တန်း နေသည့် စွပ်ကြောင်းကြီးများက အစားထိုးကာ ဖြစ်ပေါ်နေသည်။
ထိုအရာများ ဖြစ်ပျက်နေစဉ်တွင် လင်းရှန်းရှဲ့ကတော့ ဝမ်မင်ယာကိုသာ စိတ်ဝင်တစား အကဲခတ် နေခဲ့၏။ ထိုမိန်းကလေးမှာ ရွှေရောင် ဂိတ်တံခါး နန်းတော် အဖွဲ့ဝင် တစ်ယောက် ဖြစ်သလို တစ်ချိန်တည်း၌ ဝေ့ဝူယင် နောက်ကိုလည်း လိုက်နေသည်။ ၎င်းက ဝေ့ဝူယင်နှင့် ရွှေရောင် ဂိတ်တံခါး နန်းတော် အကြားတွင် ဆက်စပ်မှု ရှိသည်ဟု ဆိုလိုခြင်းလော။
အကယ်၍ ထိုအရာသာ အမှန်ဆိုပါက မဟာ ပုရောဟိတ်၏ စကားများကို ယုံကြည်စရာ မလိုတော့ချေ။ လင်းရှန်းရှဲ့ ခေါင်းကို ပြန်လှည့်ကာ မူလဂြိုဟ်၏ အခြေအနေကို အကဲခတ် လိုက်၏။ အသက်တွေ မဆုံးရှုံးသေး သရွေ့ ဂြိုဟ်တစ်ခုကို အချိန် မရွေး ပြန်လည် တည်ထောင်လို့ ရပေသည်။
လောကနယ်မြေ ကဲ့သို့ စက်ဝန်းကြီး၏ အပြင်ဘက်တွင်တော့... ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့မှာ သုန်မှုန်သော အမူအရာများဖြင့် ရပ်နေကြသည်။ ကျန်းကျိရီက ဖြူရော်စွာ ပြုံးကာ ဟန်ယုဟိုင်ကို ကြည့်လိုက်၏။
“ရှင်ခန့်မှန်းတာ မှန်သွားတယ်...”
ကပ်ဘေး စတင်သည်ကို သတိထားမိသည်နှင့် ဂြိုဟ်တစ်ခုလုံးရှိ လူများကို နေရာ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ မှန်ကန်ခဲ့ပေသည်။ မဟုတ်ပါက ယခုဆိုလျှင် မရေမတွက်နိုင်သည့် အသက်များ ဆုံးရှုံး နေလောက်ပြီ ဖြစ်သည်။
ဟန်ယုဟိုင်က သဘောတူညီဟန်ဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ဂြိုဟ်ပေါ်ကို လက်ညိုးထိုးပြလိုက်သည်။
“ဂြိုဟ်ရဲ့ စွမ်းအင်တွေကိုကြည့်...”
ကျန်းကျိရီ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်း သွား၏။ မကြာခင်မှာပင် ထိတ်လန့် တုန်လှုပ်သည့် အငွေ့အသက်များပေါ်လာခဲ့သည်။
“အဲဒါက...”
ဂြိုဟ်တစ်ခုလုံးရှိ စွမ်းအင်များမှာ တည်နေရာ တစ်ခုထံ အလွန်ပြင်းထန်သည့် အရှိန်အဟုန်ဖြင့် စီးဆင်းနေသည်။ ရေကန်များမှာ လျှင်မြန်စွာပင် ခမ်းခြောက်လာနေကာ တောင်တန်းများမှာ ပြိုကျ ပျက်စီးလာ၏။ လေထု အလွှာက အကန့်အသတ်ထိ ရောက်အောင် ပါးလွှာလာသည်။
ရွှမ်း...
ထို့နောက်... ရုတ်ချည်းဆိုသလိုပင် ကြောက်မက်ဖွယ်ရာ ဆေဘာဟိန်းဟောက်သံ နှစ်ခုကို ကြားလိုက်ရလေတော့၏။
***