← Chapters

ဘုရင် သို့မဟုတ် ဆေဘာ

Vol. 67 Ch. 930

ဘုရင် သို့မဟုတ် ဆေဘာ

Vol. 67 Ch. 930

ကျောက်ဖြာကြီးထက်မှ မူလဂြိုဟ်အား စောင့်ကြည့် နေကြသည့် လူအားလုံး၏ မျက်နှာများမှာ စက္ကူ တစ်စလှယ် ဖြူရော် နေကြ၏။

စက္ကန့်ပိုင်း...

စက္ကန့်ပိုင်းမျှ အလွန် တိုတောင်းသော အချိန်ကလေး အတွင်းမှာပင် သူတို့၏ မူလဂြိုဟ်ကြီးမှာ ထက်ပိုင်းပိုင်း ခံလိုက်ရပြီ ဖြစ်သည်။ တောင်ခြမ်းနှင့် မြောက်ခြမ်းတို့မှာ မတူကွဲပြားသည့် ဆန့်ကျင်ဘက် အရပ် မျက်နှာများကို ဦးတည်ကာ ရွေ့လျားနေကြပြီ ဖြစ်လေသည်။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ သူတို့ အိပ်မက်များ မက်နေကြလေသလော။

“အဲဒါက...”

အချိန်သခင် လူအိုကြီးမှာ ပြောစရာ စကား ပျောက်ဆုံး နေ၏။ သူ၏ ပိန်လှီ အိုမင်းသော လက်များက တဆတ်ဆတ် တုန်ရီနေကာ မျက်ဝန်းများမှာ ကြေကွဲ ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသည်။ သူ ရီဝေစွာ ဆက်လက် ကြည့်နေစဉ်မှာပင် သမုဒ္ဒရာ အတွင်းရှိ ရေများမှာ အငွေ့ပျံသွားကာ တောင်တန်းများမှာ တရွေ့ရွေ့ ပြိုကျ သွား၏။ မြေဆွဲအား ကင်းမဲ့သွားသည်နှင့် အမျှ မြို့ကြီးများက စတင် လွင့်ပျံ သွားကြသည်။

“အားလုံး ပြီးသွားပြီ...”

သူ မျက်လုံးများကို မှိတ်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ မျက်ရည်စ အချို့က သူ့ မျက်လုံးထောင့်နားမှ စီးကျလာသည်။ အရာအားလုံးကား အဆုံးသတ်သို့ ရောက်သွားခဲ့ပြီ ဖြစ်လေသည်။ သူ၏ အချိန်သခင် အဆင့် သက်တမ်းက နောက်ဆုံး အကန့်အသတ်နားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ဂြိုဟ်ကြီးမှာ သူ့ထက် အလျင် သေသွားခဲ့ရလေပြီ။

“ဘာလို့လဲ... ဘာလို့ ကာကွယ်သူဟန်က တစ်ခုခု မလုပ်တာလဲ... တစ်ခုခု လုပ်ကြပါဦး... ကျေးဇူးပြုပြီး”

‌ကျေးလက် တောရွာများတွင် နေထိုင်သည့် လယ်သမား တစ်ယောက်က အော်ဟစ် လိုက်၏။ မူလဂြိုဟ်သာ ပျက်စီးပါက သူ၏ လယ်မြေ ဧကများ ပါသွားတော့မည် ဖြစ်သည်။ သူ ချွေးနှဲစာဖြင့် စုဆောင်း မြှုပ်နှံထားသည့် အိုးအိမ်၊ ရွှေငွေ ဥစ္စာများ အားလုံး ပျက်စီးသွားရတော့မည် ဖြစ်သည်။ သူ လက်ကျန် ဘဝကို မည်ကဲ့သို့ ဆက်လက် အသက်မွေးရတော့မည်နည်း။

“ဒါ တကယ် မဖြစ်နိုင်ဘူး... ဟုတ်တယ်... အိပ်မက်ပဲ နေမှာ... ငါ မကြာခင် နိုးသွားတော့မှာ... ငါ နိုးတာနဲ့ အားလုံး ပြီးသွားတော့မှာ”

မိန်းကလေး တစ်ယောက်က သွေးရူးသွေးတန်းဖြင့်‌ လက်ခံရန် လက်ခံရန် ငြင်းဆိုနေ၏။

“မေမေ.. သမီး စုတ်ဖွားလေး...”

“အားလုံး အဆင်ပြေသွားလိမ့်မယ်နော်... သမီးလေး... အားလုံး အဆင်ပြေသွားလိမ့်မယ်”

ကိုယ့်အိမ် ပျက်စီး ပျောက်ကွယ်သွားသည့် မြင်ကွင်းကို ကိုယ်တိုင် ကြည့်နေရသည်မှာ မည်ကဲ့သို့ မနာကျင်ပဲ နေနိုင်ပါမည်နည်း။

မူလဂြိုဟ်မှာ သူတို့၏ မွေးရပ်မြေ ဖြစ်သည်။ သူတို့ ကြီးပြင်းလာခဲ့ရာ နေရာ ဖြစ်သည်။ ဘဝ တစ်သက်စာ အမှတ်တရများ ခိုအောင်းနေသည့် နေရာ ဖြစ်သည်။ ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့လို လူများ ပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ ရီဝေ နေခဲ့ကြ၏။

“ငါတို့ ပြန်ပြင်လို့ ရနိုင်လား...”

ကျန်းကျိရီက မေးလိုက်၏။ မှီတင်း နေထိုင်ကြသူများ အားလုံး၏ ခံစားချက်များကို သူမ မြင်နိုင်ပေသည်။ မျက်ရည်တိုင်း၊ စကားလုံးတိုင်း၊ တောင့်တမှုတိုင်းက သူမကိုပါ နာကျင်စေ၏။

“အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအားနဲ့လား...”

ဟန်ယုဟိုင်က သူမကို လှည့်ကြည့်လိုက်၏။ သူ၏ မျက်လုံးများက အလွန်အမင်း တည်ငြိမ်နေပေသည်။

“မရူးစမ်းနဲ့...”

လောကီ အချိန် ပြောင်းပြန်လှန်ခြင်းမှာ ကောင်းကင်ကိုပင် တွန်းလှန်နိုင်သည့် အင်အား တစ်ရပ် ဖြစ်သည့်တိုင် အခြား တစ်ဖက်၌ အသက်အင်အားများကို စတေးရန် လိုအပ်သည်။ ပုံမှန် အခြေအနေတွင် ဆိုပါက ထိုကဲ့သို့ ပြုလုပ်ရန် ဝန်မလေးသော်လည်း ဤသည်က ဂြိုဟ်ကြီး တစ်ခုလုံး ထက်ပိုင်းပြတ် သွားခြင်းဖြစ်သည်။

အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအားကို အသုံးပြုရာ၌ အသက်အင်အား ကုန်ကျမှုကို ဆုံးဖြတ်ပေးနိုင်သည့် အခြေခံ အကြောင်းရင်း သုံးခု ရှိသည်။

ပထမ တစ်ခု စွမ်းအင်... ဒုတိယ အချိန် အတိုင်းအတာ ဖြစ်သည်။ နောက်ဆုံး တစ်ခုကတော့ အရွယ်အစားပင် ဖြစ်သည်။

စွမ်းအင် ဆိုသည်က ပျက်စီးမှုကို ဖြစ်ပေါ်စေခဲ့သည့် စွမ်းအင်ကို ဆိုလိုသည်။ စွမ်းအင် ပမာဏ ပိုမို ကြီးမားလေလေ ပြန်လည် ကုသရာ၌ အသက်အင်အား ကုန်ကျမှုက ပိုမို များပြားလေလေ ဖြစ်သည်။ မြေကြီး ရှန့်ထို တစ်ယောက်ကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးမှုကို အဆင့်နိမ့် ကျင့်ကြံသူများ မည်သို့မှ ပြန်လည် ကုစားနိုင်လိမ့်မည် မဟုတ်ချေ။

အချိန်နှင့် အရွယ်အစားတို့ကတော့ အဓိပ္ပာယ် ဖွင့်စရာ မလိုအောင် ရှင်းလင်းပေသည်။ ဟန်ယုဟိုင်၏ အမြင်၌ မူလဂြိုဟ်မှာ သွားပြီ ဖြစ်သည်။

ကျန်းကျိရီမှာလည်း အခြေအနေကို သဘောပေါက်လေရာ လက်သီးကိုသာ ခပ်ဖွဖွ ဆုပ်လိုက်မိလေ၏။

“လောကသခင် အဆင့် ကပ်ဘေး တစ်ခုက ဘာလို့ ဒီလောက်တောင် ပြင်းထန်ရတာလဲ... အဲဒီ ဝေ့ဝူယင်က အမှန်တကယ် ဘယ်သူလဲ...”

“ငါတို့ရဲ့ ကံကြမ္မာပါပဲ...”

ဟန်ယုဟိုင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထို့နောက်... စိတ်ခံစားချက်များ အတွင်း နစ်မြုပ်နေဆဲ ဖြစ်သည့် ကျန်းကျိရီကို ကြည့်လိုက်သည်။ သူမ မည်ကဲ့သို့ ခံစားနေရမည်ကို သူ ကောင်းစွာ နားလည်နိုင်ပေသည်။ ဟန်ယုဟိုင် နှစ်သိမ့်ဟန်ဖြင့် အမျိုးသမီး၏ ပခုံးကို တစ်ချက် ပုတ်လိုက်၏။ ရှားပါးသည့် အပြုအမူ တစ်ခုပင် ဖြစ်လေသည်။

ထို့နောက် သူက လျှို့ဝှက် စွမ်းအင် ကျောက်ဖြာထက်၌ ရပ်နေကြသည့် မူလဂြိုဟ်သူ၊ ဂြိုဟ်သားများကို ပြန်လှည့်ကြည့်လိုက်၏။

“ငါတို့ အတွက် အဆိုးချည်းပဲလည်း မဟုတ်ပါဘူး... ဝေ့ဝူယင် ဘယ်လောက် ချမ်းသာတယ် ဆိုတာ နင် မေ့နေတာလား... သူက တာဝန်မယူတတ်တဲ့ လူမျိုး မဟုတ်ပါဘူး... သူကိုယ်တိုင် ကပ်ဘေးက ဒီလောက် ပြင်းထန်မယ် ဆိုတာ မမျှော်လင့် ထားခဲ့တာလည်း ဖြစ်နိုင်တယ်... ဒါမှမဟုတ် လိုအပ်လို့ လုပ်တာလည်း ဖြစ်ချင် ဖြစ်မှာပေါ့လေ... ဘာပဲ ဖြစ်ဖြစ်ပါ... ငါတို့ အတွက် တစ်ခုခု အကျိုးထူးမှာပါ”

“ကာကွယ်သူဟန် ပြောချင်တာက...”

ကျန်းကျိရီက မေးလိုက်၏။ သို့သော်လည်း ဟန်ယုဟိုင် ဆိုလိုသည့် အရာကို သူမ နားလည်ခဲ့ပြီး ဖြစ်သည်။ စိတ်လှုပ်ရှားသည့် အငွေ့အသက်များက သူမ၏ မျက်ဝန်းများထဲတွင် ပေါ်လာခဲ့၏။

ဝေ့ဝူယင်မှာ မာ့ကျန်း၏ မြေကြီး ခြေချမှု အတွက် လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကိုပင် ထုတ်ပေးခဲ့သူ ဖြစ်သည်။ ထို့အပြင်... အဆင့်ရှစ်၊ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များကို အကန့်အသတ်မဲ့ ရောင်းချခဲ့သည့် အစွန်းလေးဖက် နန်းတော်များမှာလည်း သူ့ အပိုင် ဖြစ်ကြောင်းသူမ သိပေသည်။ ဝေ့ဝူယင်၏ ပိုင်ဆိုင်မှုများ အကြောင်း ပြောရလျှင်... ဝူယု ကပ်ပါး အင်အားစုများမှ ရလာသည့် သိုလှောင် လက်စွပ်များကိုလည်း မမေ့သင့်ပါချေ။ သို့တိုင်အောင် ထိုအရာများက သူမ ထောက်လှမ်းမိသည့် ပိုင်ဆိုင်မှုများသာ ဖြစ်သည်။

ဟန်ယုဟိုင်က ပြုံးလိုက်၏။ ကြည့်ရသည်က ကျန်းကျိရီမှာ အခွင့်အရေး တစ်ခု ဖြစ်ကြောင်း ဆုပ်ကိုင်မိသွားသည့် ပုံပင်။ သူတို့ လုပ်ဖို့ လိုအပ်သမျှက စောင့်ဆိုင်းဖို့ပင်။

“...”

ရုတ်တရက် ထိပ်တန်း အမြန်နှုန်းများနှင့် ဒြပ်စင်နယ်မြေဆီ ပျံသန်းလာသည့် အော်ရာများကို သူတို့ သတိထားလိုက်မိ၏။

“ဟမ်....”

မြေကြီး ရှန့်ထို နှစ်ယောက် စလုံး၏ မျက်လုံးများက ကျဉ်းမြောင်း သွားကာ ဒြပ်စင် နယ်မြေ အပြင်ဘက်ကို လှမ်းကြည့်လိုက်ကြသည်။

“အင်ပါယာ မျိုးနွယ်...”

ကျန်းကျိရီက ထိတ်လန့်စွာဖြင့် ရေရွတ်လိုက်၏။

“ကြည့်ရတာ သူတို့က ဝေ့ဝူယင်ကို ရှာနေကြတာပဲ...”

ဟန်ယုဟိုင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ မြွေမြွေချင်း မည်ကဲ့သို့ ခြေမမြင်ပဲ နေပါမည်နည်း။ ဝေ့ဝူယင်၏ နောက်ခံက မည်သို့ပင် ဖြစ်စေကာမူ... သူ ပြသခဲ့သည့် နည်းလမ်းများနှင့် အပြုအမူများက ရင်းနှီးမြှုပ်နှံရန် လုံလောက်သည်ထက်ပင် ပိုနေခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ထောင်ပေါင်း များစွာတုန်းက ထာဝရ ဧကရာဇ်မှာ အလားတူ အရည်အချင်းများနှင့် မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် ပေါ်လာခဲ့ဖူးသည်။ ထိုစဉ်အခါက... အဆုံးမဲ့ ကောင်းကင်တွင် ပိုမို မြင့်မားသည့် အရည်အချင်းများနှင့် အခြား သေမျိုး အဂ္ဂိရတ် အာဏာရှင်များ ရှိခဲ့သည်။

ပထမ၌ အများစုက သူ့ကို နယ်ခြား သေမျိုး အဂ္ဂိရတ် အာဏာရှင်ငယ်လေး တစ်ယောက် အဖြစ်သာ ယူဆခဲ့ကြသည်။ နှစ်ထောင်ပေါင်းများစွာ ဂုဏ်သတင်း ရှိသည့် အဂ္ဂိရတ် အာဏာရှင်များနှင့် ယှဉ်ပါက သူ့ကို အထင်အမြင်သေး ခဲ့ကြသည်။

သို့သော်လည်း... သူ အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်လာချိန်တွင်တော့ အရာရာက နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။ သူနှင့် အဆက်အစပ် ရှိသည့် ထျန်းမျိုးနွယ်၊ လျူမျိုးနွယ်၊ အာကာသ ဝေဟင်ဂိုဏ်းနှင့် ဆေးနတ်ဘုရား အစည်းအရုံးတို့သာ အကျိုးအမြတ်များကို ပိုမို ရရှိနိုင်ခဲ့သည်။ ဆေးနတ်ဘုရား အစည်းအရုံးက နောက်ပိုင်းတွင် ထာဝရ အစည်းအရုံး အဖြစ် နာမည်ပြောင်းခဲ့သည်။

နှစ်ထောင်ပေါင်းများစွာ အကြာတွင်တော့ ထိုကဲ့သို့ အခွင့်အရေးမျိုးက နောက်တစ်ကြိမ် ပေါ်လာခဲ့ပြီ ဖြစ်သည်။ ငါးကြော်တွေ့တာကိုမှ မနှိုက်လျှင် ကြောင်မိုက် ဖြစ်ရပေတော့မည်။ ယခုလို အဖိုးတန် အခွင့်အရေးမျိုးကို မည်သူက ဒုတိယ အကြိမ်မြောက် လွဲချော်ချင်မည်နည်း။

“...”

အင်ပါယာ မျိုးနွယ်၏ ပါဝင်လာမှုနှင့် အတူ အခြေအနေက ပိုမို၍ သက်ဝင် လှုပ်ရှားလာတော့မည် ဖြစ်ကြောင်း သူတို့ သိရှိလိုက်ကြပြီ ဖြစ်လေတော့သည်။

...

မိနစ် အနည်းငယ် ကြာပြီးနောက်... မူလဂြိုဟ်၏ လေထုက စတင် လွင့်ပြယ် နေခဲ့ပြီ ဖြစ်လေသည်။ ဝေ့ဝူယင်မှာ ကျောက်တုံး အပိုင်းအစ တစ်ခုထက်တွင် ထိုင်ရင်း ဒြပ်စင်ကို မျက်တောင် မခပ် ငေးမောကြည့်နေခဲ့သည်။

“ဘုရင် အောင်မြင်ပါ့မလား...”

အိုရီက စိတ်ပူပန်စွာဖြင့် မေးလိုက်သည်။

“သူက ဘုရင်ပဲလေ... တစ်ယောက်ယောက်က အောင်မြင်နိုင်တယ်ဆို အဲဒါက ဘုရင်ပဲ”

ဧဒင်က တည်ငြိမ်စွာပင် ပြောလိုက်၏။ သူ၏ စကားလုံးများက အိုရီကို အနည်းငယ် စိတ်သက်သာရာ ရသွားစေခဲ့သည်။ ဟုတ်သည်။ ဘုရင်က ဘုရင် ဖြစ်သည်။ သူက မည်ကဲ့သို့ ကျရှုံးနိုင်မည်နည်း။

ကြယ်တာရာ ဝိညာဥ် လေးခုထဲတွင် ဘုရင်နှင့် အိုရီရန်နာမှာ သံယောဇဉ် အရှိဆုံး နှစ်ယောက် ဖြစ်ကြောင်း ဝေ့ဝူယင် သိပေသည်။ သူတို့ နှစ်ယောက်စလုံးမှာ ဆန်းကြယ် ဝိညာဥ်များ ဖြစ်ကြကာ ထျန်းတျန်ထဲတွင် အတူတူ ကြီးထွားလာကြသူများ ဖြစ်သည်။ ခရာတိုနှင့် ဧဒင်တို့ မပေါ်ခင် ဆယ်စုနှစ် တစ်ခုခန့် တည်းက သူတို့ နှစ်ယောက်မှာ တူညီသည့် နေရာတစ်ခုတည်းတွင် အတူတကွ ရှိနေခဲ့ကြသည်။

တစ်နည်းအားဖြင့် သူတို့ နှစ်ယောက်မှာ မွေးချင်း အရင်းများ ဖြစ်ကြကာ ဧဒင်နှင့် ခရာတိုတို့ကတော့ မွေးစားကလေးနှင့် ဝမ်းကွဲ ညီအကိုတို့ အဖြစ် အဓိပ္ပာယ် သက်ရောက်ပေသည်။

ဝေ့ဝူယင် ဒြပ်စင်ကိုသာ ဆက်လက် ကြည့်နေခဲ့၏။ လောကကိုယ်ပွားများမှ ကွဲထွက်သွားသည့် လောကအလင်းများမှာ သူ့ခန္ဓာကိုယ် တစ်ဝိုက်၌ လှပစွာဖြင့် ဆက်လက် ရစ်သိုင်းနေဆဲ ဖြစ်ပေသည်။ ၎င်းတို့က ဝေ့ဝူယင်၏ စုပ်ယူမှုကို ခံယူကာ နယ်မြေ မျိုးစေ့ အဖြစ် ဖွဲ့စည်းရန် အဆင်သင့် ဖြစ်နေကြသည်။

သို့သော်လည်း ဝေ့ဝူယင်မှာ အရာရာကို ယုံလွယ်သည့် ငတုံးတစ်ယောက် မဟုတ်ပါ‌ချေ။ မှတ်တမ်းများ အရ ဆိုလျှင် လောကအင်အား ရည်ရွယ်ချက်၏ သတ်ဖြတ်မှုကို တွန်းလှန်နိုင်သည်နှင့် ကပ်ဘေးမှာ သဘာဝ အလျောက် ဆက်လက် လုပ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ ကပ်ဘေးအလင်း တစ်ခု ဆင်းသက်လာကာ ဝိညာဥ် ဆင်းတု၊ အာကာသ ပဲ့တက်သံလှိုင်း၊ မူလ အလင်းရင်းမြစ်နှင့် မြေဆွဲအား ဗဟိုထုတို့ကို ပေါင်းစည်းကာ နယ်မြေမျိုးစေ့ကို ဖန်တီးပေးလိမ့်မည် ဖြစ်သည်။

ထိုမျိုးစေ့မှာ အချိန် စွမ်းအင်များကို ဆုပ်ကိုင်ရန်နှင့် ကြယ်အမြုတေ တစ်ခု ဖွဲ့စည်းရန် အလွန်ပင် အရေးကြီးသည်။ သို့သော်လည်း... လောကအလင်းများမှာ စုပ်ယူခံရန် စောင့်ဆိုင်းနေသည်ဟူ၍ သူ တစ်ခါမှ မကြားဖူးချေ။ ကပ်‌ဘေးအလင်းက‌ရော ဘယ်မှာနည်း။

“ဧဒင်... ဒါက ဘယ်လို အခြေအ‌နေမျိုးလဲ...”

ဝေ့ဝူယင်က အကြည့်ကို မလွှဲပဲ မေးလိုက်၏။ တိုက်ပွဲ မစခင်တုန်းက ဘုရင်မှာလည်း စုပ်ယူပစ်ရန် တစ်ခါ ပြောခဲ့ဖူးသည်။ အဘယ်ကြောင့်နည်း။

“မပြီးသေးတဲ့ အခြေအနေလေ... လောကကြီးက အရှုံးပေးရင် ကပ်ဘေးလည်း ပြီးသွားလိမ့်မယ်... အဲဒီ အချိန်ကျရင် ကပ်ဘေးရဲ့ ကောင်းချီးကို ရလိမ့်မယ်... ဒါပေမဲ့ ကျုပ်တို့မှ အဆုံးမသတ်နိုင်သေးတာ”

ဧဒင်က ရိုးရှင်းစွာပင် ရှင်းပြလိုက်၏။ ဝေ့ဝူယင် နားလည် သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ဤသို့ဆိုလျှင်... သူ့ အတွေးက မမှားပါချေ။

ထိုလောကကိုယ်ပွားများမှာ ပထမ အဆင့်တွင်ပင် ရင်ဆိုင်ရန် အလွန် ခက်ခဲလှလေရာ ဒုတိယ အဆင့်တွင်လည်း မလွယ်ကူနိုင်ကြောင်းသူ စိတ်ထဲမှ သတိချပ် လိုက်၏။ ဝေ့ဝူယင် နည်းနည်းလေးမှ သတိမလွတ်ရဲပဲ လောက ကိုယ်ပွားကို ဆက်လက် ထိန်းသိမ်း ထားလိုက်သည်။

ရွှင်း... ရွှင်း... ရွှင်း...

ထိုအခိုက်တွင်ပင် ဒြပ်စင်ထံမှ ဆေဘာဟိန်းဟောက်သံများ ထွက်ပေါ်လာကာ လက်ဖဝါးထက်ရှိ ပျက်သုဉ်းခြင်းအမှတ်အသားက ထိန်းချုပ်မှု ကင်းမဲ့စွာ စတင် တောက်ပလာသည်။ ၎င်းက ပျက်သုဉ်းခြင်း အော်ရာများကို ထုတ်လွှတ်လာ၏။

ဝေ့ဝူယင် ထိုင်ရာမှ ထရပ်လိုက်ကာ ဘုရင် တစ်ခုခု လိုအပ်ပါက ကူညီရန် အဆင်သင့် ပြင်ထားလိုက်သည်။

***

All Chapters