← Chapters

အိုမီဂါ တာအို

Vol. 67 Ch. 931

အိုမီဂါ တာအို

Vol. 67 Ch. 931

ဆင့်ကဲ ပြောင်းလဲမှု...

လက်ရှိ ဘုရင် ရင်ဆိုင်နေရသည့် ဖြစ်စဉ်ကို ထိုကဲ့သို့ပင် နာမည် တပ်ရပေလိမ့်မည်။ လောကကိုယ်ပွားနှင့် ရင်ဆိုင်စဉ် အခါက ဘုရင်မှာ ရောင်ပြန်ပုံရိပ်ထဲတွင် သူကိုယ်တိုင် မညီမျှမှုကို ခံစားခဲ့ရသည်။ သူ၏ လမ်းစဉ်က မပြည့်စုံချေ။ သူ ထိုအရာကို ပြောင်းလဲချင်လာသည်။ ကိုက်ညီမှု အရှိဆုံး အဖြစ် ခံစားရသည့် လမ်းကြောင်းပေါ် သူ ခြေချချင်သည်။

အမှန်အတိုင်းဝန်ခံရပါက ဝေ့ဝူယင်သည်လည်း အလားတူပင် ခံစားရသည်။ ဘုရင်၏ ကိုယ်ရည်ကိုယ်သွေးမှာ ဆေဘာတစ်စင်း အပေါ် သူ့ယုံကြည်ချက်မှ နေ၍ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

ဆေဘာ...

ရိုးရိုးရှင်းရှင်း စကားလုံးလေး နှစ်လုံး....။ သို့‌သော်လည်း ဆေဘာဆိုသည်မှာ ပဋိပက္ခအားလုံးကို အသွားထက်၌ အဆုံးသတ်လိုသည့် လွှမ်းမိုး ချုပ်ကိုင်လိုစိတ် ဖြစ်သည်။ အရာခပ်သိမ်းကို တစ်ချက် လွှဲရုံဖြင့် နိဂုံးချုပ်လိုသည့် ဆန္ဒတစ်စုံ ဖြစ်သည်။ လောကကြီး အတွင်းရှိ သက်ရှိ၊ သက်မဲ့ မှန်သမျှကို ဖယ်ရှားနိုင်သည့် တည်ရှိမှု တစ်ခု ဖြစ်သည်။

ဝေ့ဝူယင် ဘဝ တစ်လျှောက်လုံး ထိုယုံကြည်ချက်ကို ဆွဲကိုင်ခဲ့သည်။ သူ ပိုင်ဆိုင်ထားသည့် ဆေဘာ ရည်ရွယ်ချက် ပင်လျှင် ထိုခံယူချက်နှင့် အတူ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

ဂျိုးငှက်နီ မြို့တော်မှာတည်းက သူ ဆေဘာကို ဆွဲကိုင်ခဲ့သည်။ နေသွေးနီနီဂိုဏ်းတွင်လည်း ဆေဘာနှင့် အတူပင် သွေးခင်းလမ်း တစ်ခုကို ဖောက်ခဲ့သည်။ ထို့နောက် အနန္တ ဧကရာဇ်ဂိုဏ်း၊ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး၊ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၊ ဆက်စပ်မှု စစ်မြေပြင်... ဘဝ၌ ဆေဘာနှင့် မဖြေရှင်းနိုင်ခဲ့သည့် ပုစ္ဆာဟူ၍ သူ့အတွက် မရှိခဲ့။

ကောင်းကင်တံတိုင်းကြီးနှင့် ရင်ဆိုင်ရတုန်းကလည်း ဆေဘာမှာ သူ့အသက်ကို ကယ်ခဲ့သည်သာ ဖြစ်သည်။ ငရဲ၏ ဒုတိယမြောက် ကပ်ဘေးတုန်းကလည်း ဆေဘာက အရာရာကို အဆုံးသတ် ပေးခဲ့သည်။ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်၏ လည်ပင်းကို ဖြတ်ခဲ့သည်မှာလည်း ဆေဘာသာ ဖြစ်သည်။ သူ့အတွက်တော့ ဆေဘာမှာ အရာအားလုံးကို အဆုံးသတ်နိုင်သည့် သော့ချက် ဖြစ်သည်။

ဤလောက၌ သူ့ကို ရပ်တပ်နိုင်သည့် အရာ မရှိခဲ့။ ဤသည်က ဆေဘာ ဖြစ်သည်။ ဤသည်က ဘုရင် ဖြစ်သည်။ အရာရာကို အစိုးရသူ ဖြစ်သည်။

ဝေ့ဝူယင်နှင့် ဘုရင်တို့ နှစ်ဦးစလုံး၏ စိတ်ထဲ၌ ဆန်းကြယ် ဆိုသည့် လမ်းစဉ်က မကိုက်ညီကြောင်း မကြာခဏ ဆိုသလို စဉ်းစားခဲ့မိသည်။ ခရာတိုမှာ အဆုံးမဲ့ ဟင်းလင်းပြင် လမ်းစဉ်ကို လျှောက်လှမ်းသည်။ ဧဒင်ကတော့ အကန့်အသတ်မဲ့ အဂ္ဂိရတ် လမ်းစဉ်ကို ခြေချသည်။ အိုရီက ဒြပ်စင် အားလုံးကို စုပေါင်းကာ မြင့်မြတ်သည့် လမ်းစဉ် တစ်ခုကို လျှောက်လှမ်းသည်။ ဆန်းကြယ် ဆိုသည့် အသုံးအနှုန်းက ဘုရင်ထက် စာလျှင် အိုရီနှင့်သာ ပိုမို သင့်လျော်သည်။

ဘုရင် ကိုယ့်ကိုယ်ကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။ သူက ဘာနှင့် ချိတ်ဆက်နေသနည်း။ သူ့သဘာဝက အဘယ်နည်း။ သူက အရာအားလုံး၏ အဆုံးသတ် ဖြစ်သည်။ အကြွင်းမဲ့ ဖြစ်သည်။ သူက အဘယ်ကြောင့် အမြဲတမ်း ဆန်းကြယ် ဖြစ်ရမည်နည်း။

ထို့ကြောင့်ပင် ဘုရင်က သူ့ကိုယ်သူ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။ ဝေ့ဝူယင်က ထိုဆုံးဖြတ်ချက်ကို လိုက်နာကာ အင်ပါယာ ကောင်းကင်အော်ရာနှင့် ဆက်သွယ်ပေးခဲ့သည်။ အင်ပါယာ ကောင်းကင် အော်ရာမှာ လောက အတွင်းရှိ အရာအားလုံးကို ဖိနှိပ်နိုင်သည့် ထူးခြားသော အရ့ည်အသွေးများကို ပိုင်ဆိုင်ထားသည်။ အချိန်ဖြစ်စေ၊ အာကာသ ဖြစ်စေ၊ ဝိညာဉ် ဖြစ်စေ၊ စိတ်ဖြစ်စေ... အင်ပါယာ ကောင်းကင် အော်ရာတွင် ဆန်းကြယ်သည့် ဖိနှိပ်မှု နည်းလမ်းများ ရှိသည်။ အမှောင် ဟင်းလင်းပြင်၏ အအေးဓာတ် ပင်လျှင် ၎င်း၏ အော်ရာကို မထိုးဖောက်နိုင်ချေ။

ထိုအရာက သူ လိုအပ်သည့် တစ်ခုတည်းသော အပိုင်းအစ ဖြစ်သည်။ ပျက်သုဉ်းခြင်း ဆေဘာ အလင်း၊ ပျက်သုဉ်းခြင်း အမှတ်အသားတို့နှင့် အတူ ထိုအရာက လုံလောက်သွားပြီ ဖြစ်သည်။

ဘုရင်မှာ “ဆန်းကြယ်” လမ်းစဉ်ကို စွန့်ပယ်ကာ အင်ပါယာ ကောင်ကင် အော်ရာနှင့် ဆက်သွယ်၍ ပျက်သုဉ်းခြင်းနှင့် အစားထိုးခဲ့သည်။ အကယ်၍ အရာ အားလုံး အလုပ်ဖြစ်ပါက ၎င်းက ပျက်သုဉ်းခြင်း ဆေဘာ ဝိညာဥ် ဖြစ်သွားတော့မည် ဖြစ်သည်။ သို့တည်းမဟုတ် ကြီးမြတ်ခြင်း ဆေဘာ ဝိညာဥ်၊ အကြွင်းမဲ့ ဆေဘာဝိညာဥ်၊ အစွန်းရောက် ဆေဘာ ဝိညာဉ်တို့ပင် ဖြစ်ကောင်း ဖြစ်သွားနိုင်ပေသည်။ အပြောင်းအလဲကို ခန့်မှန်းရန် ခက်ခဲလှသည်။ သို့သော်လည်း... အောင်မြင်သည် ဖြစ်စေ၊ ကျရှုံးသည် ဖြစ်စေ... ဝေ့ဝူယင် သူ၏ ရွေးချယ်မှုကို လေးစားပေသည်။

ရွှင်း...

ရုတ်တရက် ဝေ့ဝူယင်မှာ အာရုံငါးပါး၊ အသက်နှင့် စွမ်းအင်များမှာ မထိန်းချုပ်နိုင်စွာ စိတ်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားသလို ခံစား လိုက်ရ၏။ သူ၏ စိတ်က သီးခြားဖြစ်သွားကာ စိတ်ကိုယ်ပွား တစ်ခု အနေဖြင့် ဒြပ်စင် အတွင်း ရောက်ရှိသွားသည်။ သူ့ဘေးတွင် ဧဒင်၊ ခရာတိုနှင့် အိရီတို့၏ ဝိညာဥ် ကိုယ်ပွားများမှာလည်း လွင့်မြောနေ၏။

သူတို့ အားလုံး၏ အရှေ့တွင်တော့ အလွန်တရာ ကြီးမားလှသည့် ဆေဘာကြီး တစ်စင်းမှာ ကြယ်တာရာ မဟူရာ ရေဝဲကြီး အတွင်း၌ ရှိနေခဲ့၏။ ၎င်းက အသွားများကို ဝှက်ထားခဲ့သည်။

“သောက်ကျိုးနဲ...”

ဝေ့ဝူယင် ထိတ်လန့်တကြား ရေရွတ်လိုက်မိ၏။

“ဘုရင်...”

အိုရီက စိတ်လှုပ်ရှားစွာ ‌အော်ဟစ်လိုက်သည်။

“ငါ မစွန့်လွှတ်နိုင်ခဲ့ဘူး...”

ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာ၏။

“ဘုရင်...”

အိုရီမှာ ပိုမို၍ စိတ်လှုပ်ရှားလာပုံ ပေါ်သည်။ ခရာတိုနှင့် ဧဒင်တို့ကတော့ တိတ်ဆိတ် နေကြသည်။ သို့သော်လည်း သူတို့၏ ကိုယ်ပွားများမှာ စိတ်ခံစားချက် အငွေ့အသက်များနှင့် ပြည့်နှက် နေသည်။ ဘုရင် မည်သည့် အရာကို ဆိုလိုကြောင်း သူတို့ အတိအကျ သိကြပေသည်။

ဘုရင်မှာ ဆန်းကြယ် ကို မစွန့်လွှတ် နိုင်ခဲ့ချေ။ ၎င်းက အိုရီနှင့် ဆက်သွယ်မှု အပြင် သူ၏ အရည်အသွေး များစွာကို ထိန်းသိမ်း ထားပေသည်။ မူလဖြစ်တည်မှုကို မဖယ်ရှားပဲ သူ ဆန်ကြယ်ကို စွန့်လွှတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူက အားလုံးကို ပေါင်းစည်းရန် ဆုံးဖြတ်ခဲ့သည်။

ဘုရင်ကို နားလည်ရန် ‌ အတွက် ဝေ့ဝူယင် အချိန်များစွာ မယူလိုက်ရပါချေ။

“ငါ့ရဲ့ ဆေဘာက ငါ့ရဲ့ သတ်ဖြတ်လိုစိတ်၊ မာနတွေ အပြင် ငါ့ရဲ့ ခံစားချက်တွေကိုပါ ပိုင်ဆိုင်ထားတာပဲ... အဓိပ္ပာယ် ရှိတယ်”

သူ ပြုံးလိုက်မိ၏။

“အမှန်ပဲ...”

ဘုရင်က တုန့်ပြန်လိုက်သည်။ ထို့နောက် သူက အသွားကို ဟင်းလင်းပြင်ထဲမှ ဆွဲထုတ် လိုက်၏။ ဆေဘ ဟိန်းဟောက်သံများက လောကအနှံ့ ပျံ့နှံ့ထွက်ပေါ်လာသည်။

“ငါက ဆန်းကြယ် မဟုတ်ဘူး... ငါက အင်ပါယာလည်း မဟုတ်ဘူး... ငါက ပျက်သုဉ်းခြင်းလည်း မဟုတ်ဘူး... ငါက အရာအားလုံးရဲ့ အဆုံးသတ်ပဲ... အစွန်းရောက် ဆေဘာပဲ... ငါက အိုမီဂါပဲ”

ရွှင်း...

ဆေဘာမှာ အပြည့်အဝ ထွက်ပေါ်လာကာ တစ်လောကလုံးမှာ တုန်ရီသွားခဲ့လေတော့၏။

(အိုမီဂါ ... ဂရိဘာသာစကား၏ နောက်ဆုံး အက္ခရာ)

...

အိုမီဂါ...

အိုမီဂါ ဆေဘာ ဝိညာဥ်...

ဘုရင်၏ အသွင်ပြောင်းလဲမှုမှာ ဆန်းကြယ်၊ အင်ပါယာနှင့် ပျက်သုဉ်းခြင်း ဆိုသည့် အရည်အသွေး သုံးခုကို ပေါင်းစပ်ကာ လုံးဝ ခြားနားသည့် အဆင့်တစ်ခု၊ ဖြစ်တည်မှု တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။ အိုမီဂါ တာအိုက ဝိညာဥ် ကျင့်ကြံခြင်းနှင့် သက်ဆိုင်သည့် လမ်းစဉ် တစ်ခု ဟုတ်မဟုတ်တော့ ဝေ့ဝူယင် မသိချေ။ ထို့အပြင် အိုမီဂါ ဝိညာဥ်ကို ကျင့်ကြံဖူးသည့် ကျင့်ကြံသူများ ရှိမရှိလည်း ဝေ့ဝူယင် မသိပါချေ။

“မိုတယ်... သောက်ရမ်းမိုတယ်... အိုမီဂါ... ဟီး ဟီး...”

အိုရီက ဒြပ်စင်၏ အနားသို့ ပျံသန်းကာ အော်ဟစ် ရယ်မောလိုက်၏။ သူ၏ အသံက ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်ရွှမ်းနေသည်။ သူနှင့် ဆက်သွယ်သည့် ဆန်းကြယ် လမ်းစဉ်ကို ဘုရင် မစွန့်လွှတ်ခဲ့သည့် အပေါ် အိုရီမှာ အလွန် ပျော်ရွှင်နေဟန် ရသည်။ ကြယ်တာရာ ဝိညာဥ်များထဲ၌ သူတို့ နှစ်ယောက်၏ ဆက်နွယ်မှုက မယုံကြည်နိုင်လောက်အောင် ခိုင်မာကာ မွေးချင်း အရင်းများလိုပင် ဖြစ်သည်။

ဘုရင်သည်ပင် ပေါ့ပါးကာ တိုတောင်းသည့် ရယ်မောသံ တစ်ချို့ကို အိုရီနှင့် အတူ ထုတ်လွှတ်လာ၏။ ၎င်းက သူ့သဘာဝနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်ကာ အလွန် ရှားပါးသည့် အပြုအမူ တစ်ခု ဖြစ်ပေသည်။

ဝေ့ဝူယင်မှာ ကြယ်တာရာ ဝိညာဥ် နှစ်ခုကို ကြည့်ကာ ဂုဏ်ယူမှု၊ ပျော်ရွှင်မှုတို့ အပါအဝင် ခံစားချက် မျိုးစုံကို ခံစားလိုက်ရ၏။ အထူးသဖြင့် သူတို့ အကြားရှိ ဆက်ဆံရေးကို တွေ့မြင်ရခြင်းက သူ့ နှလုံးသားကို နွေးထွေး စေသည်။

“တို့ ဘာဆက်လုပ်ကြမလဲ...”

အတန်ကြာပြီးနောက် ဝေ့တူယင်က မေးလိုက်၏။ လောကအလင်း အပိုင်းအစများမှာ သူ့ခန္ဓာကိုယ်ကို ဝဲကန်တော့ တစ်ခု သဖွယ် ဝန်းရံနေဆဲ ဖြစ်ပေသည်။

လောကကိုယ်ပွား လေးခု စလုံးမှာ အလွန် ကြောက်စရာ ကောင်းလှသည်။ ခရာတို၏ လောကကိုယ်ပွားမှာ သူ့ ကျောရိုးကို ထိုးဖောက်၍ ကမ္ဘာ့အူတိုင်သို့ ဆွဲခေါ်ရန် ကြိုးပမ်းခဲ့သည်။ ဧဒင်၏ ကိုယ်ပွားကတော့ သူ့ကို ပုံရိပ်ယောင် လောကတစ်ခုအတွင်း ပို့ဆောင်ကာ သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။ တစ်ချိန်တည်း၌ ဘုရင်၏ လောကကိုယ်ပွားမှာ တစ်ကမ္ဘာလုံးမှ စွမ်းအင်များကို စုစည်းကာ သူ့ကို ခုတ်ပိုင်းခဲ့သည်။

သို့သော်လည်း... ဝေ့ဝူယင် ကျင့်ကြံခဲ့သည်ကလည်း အလှပြရန် သက်သက် မဟုတ်ပါချေ။ သူ ကိုယ်ပိုင် နည်းလမ်းများဖြင့် ၎င်းတို့ကို ပြန်လည် အနိုင်ယူနိုင်ခဲ့သည်။ အပိုင်းအစစ ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော်လည်း... ထိုလောကကိုယ်ပွား အားလုံးမှာ သရဲဘီလူးများ သဖွယ် ကြောက်မက်ဖွယ် ကောင်းသည်ကတော့ ငြင်းချက်ထုတ်စရာ မလိုပါချေ။

အကယ်၍ နောက်ထပ် စိန်ခေါ်မှု အတွက် မစိုးရိမ်ပါဟု ဆိုလျှင် ဝေ့ဝူယင် လိမ်ရာကျလိမ့်မည် ဖြစ်သည်။ သို့သော်လည်း မည်သည့် အရာကို မဆို ရင်ဆိုင်ရန် သူ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း နှလုံးသားက ခိုင်မာသည်။ ငရဲ၏ ကပ်ဘေးများနှင့် ယှဉ်လျှင် ၎င်းတို့က အလွန် သေးငယ်သည့် အန္တရာယ်များသာ ဖြစ်ပေသည်။

“အဆင်သင့်ပဲလား...”

ဧဒင်က သုန်မှုန်သည့် လေသံဖြင့် မေးလိုက်၏။ သူ၏ မေးခွန်းက ဝေ့ဝူယင်ကိုသာ မက အခြား ကြယ်တာရာ ဝိညာဉ် သုံးခုကိုပါ ရည်ညွှန်းပေသည်။

ဝှစ်... ဝှစ်...

အိုရီနှင့် ဘုရင်တို့မှာ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင်၏ ထျန်းတျန် အတွင်း ပြန်လည် ရောက်ရှိ လာကြ၏။

ဘုရင်၏ အိုမီဂါ ဆေဘာဝိညာဥ်က ဝေ့ဝူယင်ကို ဖမ်းစား သွားသည်။ ၎င်းမှာ ဆေဘာ ရောင်စဉ်များ ထုတ်လွှတ်နေသည့် အနက်ရောင် လေပွေ တစ်ခု အသွင်ဖြင့် ရှိနေ၏။ ဘုရင်မှာ ယခင်ကနှင့် များစွာ ကွာခြား သွားခဲ့ပြီ ဖြစ်သည်။

အဆင်သင့် ဖြစ်ကြောင်း ပြသသည့် အနေဖြင့် ကြယ်တာရာ ဝိညာဥ် သုံးခု၏ အမူအရာများက ပိုမို၍ လေးနက် လာကြ၏။ ဝေ့ဝူယင်က ဒြပ်စင်၏ အရိုးကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

ဟူး... ဟူး...

ထိုအခိုက်တွင်ပင်... လောကအလင်းများမှာ စတင် တုန်ရီ လာကြ၏။ ထို့နောက် ရုတ်ချည်းပင် ကောင်းကင်ပေါ် ပျံတက် သွားကြကာ အဆုံးစွန်သော တောက်ပမှုနှင့် အတူ ကောင်းကင်ကို ဆေးခြယ်လိုက်ကြတော့၏။

***

All Chapters