ပြီးဆုံးခြင်း (၂)
Vol. 67 Ch. 933
“ဟူး...”
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။
“ဟူး...”
ကြယ်တာရာ ဝိညာဥ်လေးခုလုံးကလည်း ပြိုင်တူပင် လိုက်လံ သက်ပြင်းချလိုက်ကြသည်။ ဝေ့ဝူယင် ကဲ့သို့ပင် ၎င်းတို့သည်လည်း ပင်ပန်း နွမ်းနယ် နေကြကြောင်း ရှင်းလင်းပေသည်။
ဝေ့ဝူယင် ကျိုးကြေသွားသည့် သူ့ ဘယ်ဘက် ခြေထောက်ကို ငုံ့ကြည့်လိုက်၏။ နာကျင်ခြင်း၊ ထုံကျင်ခြင်း မည်သည့် ခံစားချက်ကိုမှ သူ မခံစားရပါချေ။ ကုန်ကုန်ပြောရလျှင် ထိုခြေထောက်၏ တည်ရှိမှုကိုပင် သူ ခံစား၍ မရတော့ချေ။
“မျက်တောင် တစ်ခပ်စာလောက်သာ နောက်ကျရင် ငါသေပြီ...”
ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်မိ၏။ ကြယ်တာရာ ဝိညာဥ်များထံမှ တုန့်ပြန်မှု တစ်ခုခုကို သူ မျှော်လင့်မိသေးသော်လည်း ၎င်းတို့ အားလုံးမှာ တုန့်ပြန် မလာကြပါချေ။ အမြဲတမ်း တက်တက်ကြွကြွနှင့် ဘယ်ကိစ္စမဆို ဝင်ပါတတ်သည့် အိုရီပင်လျှင် ယခုတစ်ကြိမ်တွင် တိတ်ဆိတ် နေခဲ့၏။
ဝေ့ဝူယင် ဆေးလုံးနှင့် ဆေးရည် အချို့ကို ထုတ်ယူလိုက်၏။ တစ်ဆက်တည်းပင် ဧဒင်အမှတ်အသားနှင့် ဆက်သွယ်လိုက်ကာ သစ်သား စွမ်းအင်နှင့် အသက်အင်အားများကို ခြေထောက်ထံ သွန်းလောင်းလိုက်သည်။ ဧဒင်က အပြင်သို့ ထွက်လာကာ ဆေလုံးနှင့် ဆေးရည်များကို စုပ်ယူလိုက်၏။ ထို့နောက် သူက ၎င်းတို့ကို လျှင်မြန်စွာ သန့်စင်ကာ အဂ္ဂိရတ် အာနိသင်များကို ခြေထောက်ထံ စီဆင်း စေလိုက်သည်။ လုံးဝ ကြေမွ သွားခဲ့သည့် ဝေ့ဝူယင်၏ ခြေထောက်မှာ စတင်ကာ ပြန်လည် ကြီးထွားလာခဲ့၏။
အကယ်၍ ဝေ့ဝူယင် နေရာတွင် သာမန် ကျင့်ကြံသူ တစ်ယောက် ဆိုပါက တစ်ဘဝလုံး ဒုက္ခိတ ဘဝကို ရောက်သွားလိမ့်မည် ဖြစ်သည်။ ကံကောင်းထောက်မစွာပင် သူက မဟာ သေမျိုး အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်သည်။ ခြေထောက်ဖြစ်စေ၊ လက်ဖြစ်စေ၊ သွေးကြောများ ဖြစ်စေ... အရာအားလုံးကို ပြန်လည် ကုစားနိုင်ရန် သူ အဆင်သင့် ပြင်ဆင်ထးပြီး ဖြစ်သည်။
“အဲဒါက ဘာကောင်ကြီးလဲလဲ...”
ဝေ့ဝူယင် မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ သူ့အရှေ့ မီတာ ဆယ်ဂဏန်းခန့် အကွာတွင်တော့ ဦးခေါင်းမဲ့ ခန္ဓာကိုယ်ကြီးမှာ ပင်လယ်ထဲမှ အလောင်း တစ်ခုလို ဆက်လက် လွင့်မြောနေဆဲ ဖြစ်သည်။
သူ၏ ကြယ်တာရာ ဝိညာဥ်များမှာ ခါတိုင်းလိုပင် ကပ်ဘေးကို တစ်နည်းနည်းဖြင့် မြှင့်တင်၍ ခေါ်ဆိုခဲ့ကြောင်း သူ သိပေသည်။ သို့သော်လည်း... ယခုတစ်ကြိမ်က ပထမ အကြိမ်များထက် အဆပေါင်းများစွာ ပိုမို အန္တရာယ် များလှသည်။ အကယ်၍ သူ မလှုပ်ရှားရသေးခင် ထိုကိုယ်ပွားကြီးသာ အပြည့်အဝ နိုးထလာခဲ့ပါက သေဆုံးသွားရမည့်လူက သူသာလျှင် ဖြစ်ပေလိမ့်မည်။
“လောက...”
ဧဒင်က နူးညံ့စွာပင် အဖြေပေးလိုက်၏။
“လောကလား...”
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ လူများမှာ မိမိတို့ ကျင်လည် ကျက်စားရာ နယ်မြေကို လောက အဖြစ် သုံးနှုန်းကြသလို အဆုံးမဲ့ ဟင်းလင်းပြင်ကိုလည်း လောက အဖြစ် သုံးနှုန်းကြသည်။ မည်သည့် လောကကို ရည်ညွှန်းသနည်း။ သူတို့၏ လောကလော။ တကယ့် လောကလော။
“လောကပဲ... ရိုးရိုးရှင်းရှင်းလေး...”
ခရာတိုက ပြောလိုက်၏။ ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်မိသည်။ ကြည့်ရသည်က ကြယ်တာရာ ဝိညာဥ်များမှာ ထိုအရာကို သူ နားလည်နိုင်သည့် အသုံးအနှုန်းဖြင့် ရှင်းမပြနိုင်သည့်ပုံပင်။
ထိုအခိုက်တွင်ပင် လောကကိုယ်ပွားမှာ မရေမတွက်နိုင်သည့် အလင်းမှုန်များ အဖြစ် ပေါက်ကွဲ သွား၏။ မျက်လုံးရှေ့၌ ကြယ်ကွင်းပြင် တစ်ခု မွေးဖွားလာသည့် အလား သန်းနှင့်ချီသည့် ကြယ်တာရာ နယ်မြေများမှာ သူ့ မျက်လုံးများ ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ဝေ့ဝူယင်မှာ တဒင်္ဂမျှ ဆွံ့အ သွားခဲ့၏။
ဟူး...ဟူး...
အလင်းမှုန်များမှာ လေပွေဝဲများ ကဲ့သို့ လှည့်ပတ်ကာ ဝေ့ဝူယင် နံဘေးသို့ စီးဆင်း လာခဲ့၏။ ဝေ့ဝူယင် မျက်လုံးကိုသာ အသာ မှိတ်ထားလိုက်သည်။ အလင်းမှုန်များမှာ ရောင်စဉ်တန်းများ လိုပင် သူ့ ခန္ဓာကိုယ်ထဲသို့ ဦးတည် ဝင်ရောက်ကာ ထျန်းတျန်၊ နှလုံးသားနှင့် နဖူးတို့ထဲသို့ စီးဝင် သွားကြသည်။
ဝေ့ဝူယင်မှာ ကိုယ့်ကိုယ်ကို တစ်ခဏမျှ ပျောက်ဆုံး သွား၏။ ကောင်းကင်ဘုံမှ အမှာစာ ပါးလိုက်သလို ခန္ဓာကိုယ် အတွင်း ဝင်ရောက်နေသည့် အလင်းမှုန်များကို ခံစားရင်း နှစ်ထောင်ပေါင်းများစွာ ဖြတ်ကျော်သွားသလို ဝေ့ဝူယင် ခံစား လိုက်ရသည်။ ထိုအခိုက်၌ သူ၏ စိတ်နှင့် ခန္ဓာ နှစ်ခုစလုံးမှာ အလွန်ပင် အပန်းပြေကာ သက်တောင့်သက်သာ ရှိနေသလို ခံစားနေရ၏။
ဝေ့ဝူယင် နောက်တစ်ကြိမ် မျက်လုံးများ ပြန်လည် ဖွင့်လိုက်ချိန်တွင်တော့ လောကအလင်းများမှာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။ သူ ခေါင်းကို မော့ကြည့်လိုက်ရာ အဆုံးမဲ့ ကြယ်တာရာများကို မြင်တွေ့လိုက်ရ၏။ ၎င်းတို့က အတားအဆီး မဲ့စွာဖြင့် အမှောင် ဟင်းလင်းပြင် အတွင်း လှပစွာ လွင့်မြော နေကြပေသည်။
“အားလုံးနဲ့ ပိုပြီး နီးကပ်သွားသလိုပဲ...”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထို့နောက်... သူက အောက်ကို ငုံ့ကြည့်လိုက်ရာ ခြေထောက်က အပြည့်အဝ ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ စစ်အမတေမှ ပြုလုပ်ထားသည့် ဝတ်စုံမှာလည်း ထိုနေရာ၌ ပြန်လည် နေရာယူ နေခဲ့၏။ လောကကိုယ်ပွားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့သော်လည်း လျှို့ဝှက်လောက တစ်ပိုင်း အဆင့် အကာအကွယ်ကိုတော့ အဆုံးတိုင် ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ပါချေ။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက လောကသခင် အဆင့်ကို ဝင်ရောက်ပြီးလျှင် မည်ကဲ့သို့ ခံစားရမည်ကို ဝေ့ဝူယင် အမြဲ တွေးခဲ့ဖူးသည်။ မရေမတွက်နိုင်သော အတွေ့အကြုံများကို သူ လေ့လာခဲ့ဖူးသော်လည်း ကိုယ်တိုင် ကြုံတွေ့ရသည်နှင့်တော့ လုံးဝ ခြားနားလှပေသည်။ ကျင့်ကြံခြင်းက ခက်ခဲသည်။ သို့သော်လည်း လျှို့ဝှက် ဆန်းကြယ် လှပေသည်။
ကျင့်ကြံခြင်း၏ ကဏ္ဍ သုံးခု ဖြစ်သည့် ထျန်းတျန်၊ နှလုံးသားနှင့် အသိစိတ် ပင်လယ်တို့ကို စစ်ဆေး ကြည့်လိုက်တော့ မတူကွဲပြားသည့် အရောင်များနှင့် စက်ဝန်းကလေး လေးခုကို တွေ့လိုက်ရ၏။ အသိစိတ် ပင်လယ် အတွင်းရှိ စက်ဝန်းက ဧဒင်ကို ကိုယ်စားပြုကာ ခုနစ်ရောင်ခြယ် အလင်းရောင်များဖြင့် တောက်ပနေသည်။ ၎င်းက ဧဒင်၏ ကြယ်တာရာ အမြုတေ ဗဟိုတွင် တည်ရှိနေ၏။
နှလုံးသား အတွင်းတွင်တော့ တိမ်တောင်မြူခိုးများဖြင့် ဖုံးအုပ်နေသည့် မီးခိုးရောင် စက်ဝန်း တစ်ခု ရှိနေခဲ့သည်။ ၎င်း၏ မှီတင်းနေထိုင်ရာကတော့ ခရာတို၏ ကြယ်တာရာ အမြုတေပင်။
အိုရီနှင့် ဘုရင်တို့မှာလည်း အလားတူပင် အဆုံးမဲ့ ပြောင်းလဲနေသည့် အဖြူရောင် စက်ဝန်းနှင့် သာမန်ရိုးရိုး အဖြူတွင် အနက်ရောင် အစင်းများ ပါဝင်နေသည့် စက်ဝန်းတို့ကို ပိုင်ဆိုင်ထားကြသည်။ ထိုစက်ဝန်းကလေးများက နယ်မြေမျိုးစေ့များ ဖြစ်ကြကြောင်း ဝေ့ဝူယင် ချက်ချင်းပင် မှတ်မိလိုက်၏။
မျိုးစေ့...
မျိုးစေ့ ဟူသော ဝေါဟာရကို ပြုစုပျိုးထောင်ရန် ရှုထောင့်တစ်ရပ် အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုနိုင်လိမ့်မည် ဖြစ်သည်။ လောကသခင် အဆင့်ကို ရောက်ရှိသည်နှင့် ကြယ်တာရာ ဝိညာဥ်များနှင့် ကျင့်ကြံသူများထံတွင် ထိုမျိုးစေ့ကို ပြုစုပျိုးထောင်ရန် တာဝန်တစ်ခု ရှိလာခဲ့ပြီ ဖြစ်သည်။ ၎င်းက ဘဝ တစ်သက်စာ ပြောင်းလဲဖို့ အတွက် ပထမဆုံး ခြေလှမ်းပင် ဖြစ်သည်။
“ဟမ်...”
ရုတ်တရက် ရင်ဝတွင် အဖြူနှင့် အနက်ရောင် တွင်းပေါက် တစ်ခု ကျန်ရှိနေသည်ကို ဝေ့ဝူယင် သတိပြုလိုက်မိသည်။
ယခု၌ သူ၏ နယ်မြေမျိုးစေ့မှာ ဖွဲ့စည်း ပြီးမြောက် သွားခဲ့ပြီ ဖြစ်လေရာ မြေဆွဲအား ဗဟိုထု အပါအဝင် မူလ အလင်းရင်းမြစ်များ၊ အာကာသ ပဲ့တင်သံလှိုင်းများ၊ ဝိညာဉ် ဆင်းတုများ အားလုံး ဖွဲ့စည်း ပြီးသွားပြီဟု ဆိုလိုပေသည်။ သို့သော်လည်း ဆန်းကြယ်စွာပင်... မြေဆွဲအား ဗဟိုထုမှာ ကျန်ရှိနေဆဲ ဖြစ်သည်။ သို့တည်းမဟုတ်... ၎င်းက သီးခြား ပေါင်းစပ်နည်း တစ်မျိုးလော။ ဝေ့ဝူယင် စိတ်ရှုပ်ထွေး သွားမိ၏။
အာရုဏ်ဦး နေမီးတောက် ဆေးလုံးနှင့် ဖန်တီးထားခဲ့သည့် နယ်မြေ မျိုးစေ့များကတော့ မရှိပါတော့ချေ။ နယ်မြေမျိုးစေ့များ လျှင်မြန်စွာ တည်မြဲရန် နည်းလမ်း တစ်ခု အနေဖြင့် ၎င်းတို့မှာ စုပ်ယူ ခံခဲ့ရပြီး ဖြစ်ပေသည်။
ဝေ့ဝူယင် အတွေးတစ်ချက်ဖြင့်ပင် အိုရီနှင့် ဆက်သွယ်ကာ နယ်မြေမျိုးစေ့ကို ထိတွေ့လိုက်၏။ ချက်ချင်းပင် နူးညံ့သော စွမ်းအင်များက သူ့ကို ဗဟိုပြုကာ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ၎င်းတို့က စက်ဝိုင်း တစ်ခု သဏ္ဌာန်ဖြင့် ပတ်ဝန်းကျင်ကို ဖြန့်ကျက်သွား၏။
မီတာ တစ်ရာ...
ထိုအရာက လောကနယ်မြေ တစ်ခု၏ အနိမ့်ပါးဆုံးသော အတိုင်းအတာ ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်၏ လောကနယ်မြေမှာ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ထိုဆုံမှတ်ကို ကျော်လွန်ကာ ကီလိုမီတာ ဂဏန်း အထိ ရောက်ရှိသွား၏။
တစ်ကီလိုမီတာ...
နှစ်ကီလိုမီတာ...
သုံးကီလိုမီတာ...
၎င်းက ဆက်လက်၍ ကြီးထွားနေဆဲ ဖြစ်ပေသည်။ လောကနယ်မြေ၏ အလယ်ဗဟို၌ ရပ်ရင်း ဝေ့ဝူယင်မှာ နတ်ဘုရား တစ်ပါးလို ခံစားနေရ၏။ ၎င်းက ပိုမို၍ ကြီးမားလေလေ သူ ခံစားနေရသည့် စွမ်းအားက ပိုမို၍ ကြီးမားလေလေ ဖြစ်သည်။ လေထု အတွင်း ရှိနေသည့် မန်နာများ၊ ဒြပ်စင်များ အပါအဝင် အရာ အားလုံးမှာ သူ့ဆန္ဒ အတိုင်း လိုက်လံ လှုပ်ရှား နေသလို ခံစားနေရ၏။
သို့သော်လည်း လောကနယ်မြေ ကြီးထွားမှုမှာ ထူးခြား ဆန်းပြားမှု မရှိသေးပဲ အနည်းငယ် နှေးကွေး နေသေးသလို ဝေ့ဝူယင် ခံစားနေရ၏။ သူ အိုရီကို ဆက်သွယ်ကာ အရှိန်မြှင့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဖြစ်ပေါ်လာသည့် ရလဒ်မှာ လှပလွန်းလှ၏။
ဟူး... ဟူး...
ချက်ချင်းပင် မူလဒြပ်စင် လောကနယ်မြေမှာ အရှိန်အဟုန်နှင့် ခုန်ပေါက် ကြီးမားသွား၏။
လေးကီလိုမီတာ...
ငါးကီလိုမီတာ...
တစ်ဆယ် ကီလိုမီတာ...
ငါးဆယ် ကီလိုမီတာ...
နောက်ထက် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ၎င်းက ကီလိုမီတာ ငါးဆယ်၊ မီတာပေါင်း ငါးသောင်း အထိ ကြီးထွား သွားခဲ့ပြီ ဖြစ်သည်။ ၎င်းက ရပ်တန့်သွားခြင်း မရှိသေးချေ။ မူလဒြပ်စင် ရ့ည်ရွယ်ချက် မရှိလျှင်ပင် ထိုနယ်မြေ အတွင်းရှိ စွမ်းအင်များကို စိတ်ကြိုက် ထိန်းချုပ် ပြောင်းလဲနိုင်သလို ဝေ့ဝူယင် ခံစား နေရ၏။ ၎င်းက လောက နှလုံးသား ရည်ရွယ်ချက်နှင့် မတူညီသည့်တိုင် သာမန် ရိုးရိုး ရည်ရွယ်ချက်များထက် သာလွန်သည့် စွမ်းရည်များကို ပိုင်ဆိုင်ထား၏။
လောကနယ်မြေကို ပိုမို၍ ဆန်းစစ်လေလေ... ဝေ့ဝူယင်မှာ ကျင့်ကြံခြင်း အကြောင်း ပိုမို၍ နားလည်လေလေ ဖြစ်နေခဲ့သည်။ လောကနယ်မြေ ဆိုသည်မှာ ကြယ်တာရာ ဝိညာဥ်များထံမှ မြစ်ဖျားခံလာသည့် ဆန္ဒနှင့် ထိန်းချုပ်ခြင်း တစ်မျိုးပင် ဖြစ်ကာ သတ်မှတ် နယ်မြေတစ်ခု အတွင်းရှိ မြေဆွဲအား စွမ်းအင်၊ အလင်း စွမ်းအင်၊ မန်နာ စွမ်းအင်နှင့် ဒြပ်စင် စွမ်းအင်များကို စိတ်ပင် မကူးနိုင်သည့်သည့် အတိုင်းအတာ တစ်ခု အထိ ထိတွေ့နိုင်စွမ်း ရှိသည်။
ဟူး... ဟူး...
လောကနယ်မြေမှာ ဆက်လက် ကျယ်ပြန့်နေဆဲ ဖြစ်သည်။ လောကနယ်မြေ တစ်ခု၏ အရွယ်အစားမှာ ကျင့်ကြံခြင်း အခြေခံကို ကိုယ်စားပြုကြောင်း အစကတည်းကပင် သူ နားလည် ထားခဲ့သည်။ ထို့ပိဟန် လောကသခင် အဆင့်ကို ဝင်ရောက်စဉ်က သူ၏ လောကနယ်မြေမှာ ခုနစ်ရာ မီတာ အထိ ကျယ်ပြန့်ခဲ့သည်။
အမျိုးမျိုးသော မှတ်တမ်းများ အရဆိုလျှင် လောကနယ်မြေ တစ်ခု၏ အရွယ်အစားကို ကဏ္ဍ သုံးရပ်ဖြင့် ဆုံးဖြတ်သည်ဟု သိရသည်။ ထိုကဏ္ဍသုံးရပ်မှာ ကြယ်တာရာ အမြုတေ၊ ဝိညာဉ်အင်အားနှင့် (ဝိညာဉ်ဆင်းတု၊ အာကာသ ပဲ့တင်သံလှိုင်း တို့ကဲ့သို့) အဆင့်တစ်ဆင့်ချင်းစီ၏ အခြေခံများပင် ဖြစ်သည်။
ကြယ်တာရာ အမြုတေကို ကြည့်မည် ဆိုပါက ဝေ့ဝူယင်မှာ ရောက်နိုင်သမျှ အမြင့်ဆုံး ရှစ်ဆယ့်တစ် စင်တီမီတာ အရွယ်အစားကို ပိုင်ဆိုင်ခဲ့ပြီး ဖြစ်သည်။ ဝိညာဉ်အင်အား အရ ဆိုလျှင်လည်း ကြယ်တာရာ ဝိညာဉ်လေးခု၏ ပေါင်းစပ်မှုနှင့် အတူ အထွတ်အထိပ်ကို ရောက်ရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင်... စစ်မြေပြင်၌ အများစုက သူ့ကို ဝိညာဉ်သခင် တစ်ပါးနှင့် မှားခဲ့ကြခြင်းဖြစ်သည်။နောက်ဆုံး ကဏ္ဍကတော့ ပြောစရာပင် မလိုတော့ချေ။
ထိုကဏ္ဍသုံးခု အပြင် မူလ မိုးကုပ်စက်ဝိုင်း အဆင့်ကိုပါ ပိုင်ဆိုင်ထားလေရာ ဝေ့ဝူယင်မှာ ပုံမှန် ကျင့်ကြံသူများနှင့် လုံဝ ခြားနားသည့် အဆင့်တစ်ခုပင် ရောက်ရှိနေခဲ့ပြီဟု ဆို၍ ရနေခဲ့ပြီ ဖြစ်သည်။
...
အမှောင် ဟင်းလင်းပြင် အတွင်းရှိ ဧရာမ ကျောက်ဖြာကြီး ထက်တွင်တော့ ထရီလျံနှင့် ချီသည့် မှီတင်း နေထိုင်သူ များစွာမှာ နှစ်ခြမ်းကွဲသွားသည့် သူတို့၏ ဂြိုဟ်ကြီးကို ဝမ်းနည်း ကြေကွဲစွာ ငေးကြည့် နေမိကြသည်။
အထပ်ထပ်သော လေထု အလွှာများက ပြိုကွဲသွားခဲ့ပြီ ဖြစ်ကာ အမှောင် ဟင်းလင်းပြင်၏ အအေးဓာတ်များက မျက်နှာပြင်ပေါ် စတင်ကာ ကျူးကျော်နေခဲ့ပြီ ဖြစ်သည်။ နေအလင်း၏ တိုက်ရိုက် ကျဆင်းမှုနှင့် အတူ ဂြိုဟ်တစ်ခုလုံးက ကစဉ့်ကလျား ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“မေမေ... ဟိုကိုကြည့်...”
ကလေးမလေးက အသက်မဲ့ ဂြိုဟ်မျက်နှာပြင်ပေါ်တွင် အပြောင်းအလဲ တစ်ခုကို သတိထားမိဟန်ဖြင့် လက်ညိုးထိုးကာ အော်ဟစ်လိုက်၏။ မိခင် ဖြစ်သူ အချိန်သခင်မှာလည်း အစောကြီးတည်းက ထိုအရာကို သတိထားမိနေဟန်ရကာ မျက်မှောင်ကြုတ်ကာ လှမ်းကြည့် နေခဲ့သည်။
ထိုအခိုက်၌... သားအမိ နှစ်ယောက်သာ မက လူအားလုံးနီးပါး ဂြိုဟ်မျက်နှာပြင်ထက်ရှိ အပြောင်းအလဲကို သတိထားမိနေခြင်းဖြစ်လေတော့သည်။
***