လောကနယ်မြေ
Vol. 67 Ch. 934
အဖြူရောင် အလင်းတစ်ခု...
အဖြူရောင် အလင်း တစ်ခုမှာ အလွန် လျှင်မြန်သည့် နှုန်းထားဖြင့် ဂြိုဟ်မျက်နှာပြင်ထက်၌ ကြီးထွား လာနေခဲ့သည်။ ၎င်းက တစ်ခဏ အတွင်းမှာပင် မြို့ငယ်လေးများ၏ အရွယ်အစားကို ကျော်လွန်ကာ အရှိန်အဟုန်နှင့် ဆက်လက် ကြီးထွားလာနေခဲ့၏။
ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့ကတော့ တဖြည်းဖြည်း နီးကပ်လာနေသည့် အင်ပါယာ ကလန်သားတို့ကိုသာ လေ့လာနေခဲ့ကြ၏။ မူလဂြိုဟ်ကို အာရုံစိုက်ခြင်း မရှိချေ။ သို့သော်လည်း... အားလုံး အုတ်အုတ်ကျက်ကျက် ဖြစ်လာချိန်တွင်တော့ မတတ်သာပဲ မူလဂြိုဟ်ကိုသာ ပြန်လည် ကြည့်လိုက်မိကြတော့သည်။
“လောကနယ်မြေ...”
ချက်ချင်းပင် ဟန်ယုဟိုင်က မည်သည့် အရာ ဖြစ်ကြောင်း မှတ်မိလိုက်သည်။
“ဟမ်...”
ကျန်းကျိရီကတော့ မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့၏။ သို့သော်လည်း အံ့သြသည့် အငွေ့အသက်များက သူမ၏ မျက်နှာ အမူအရာထက်၌ အထင်းသားပင်။
အခြား တစ်ဖက်၌... ဝမ်မင်ယာနှင့် စီတတို့မှာ ငြိမ်သက်စွာပင် မူလဂြိုဟ်ကို လေ့လာ နေခဲ့ကြ၏။ အခြားလူများနှင့် ခြားနားစွာပင် မည်သည့် ခံစားချက်ကိုမှ သူတို့ မခံစားရချေ။ မူလဂြိုဟ်က သူတို့အိမ် မဟုတ်သလို သူတို့၏ မွေးရပ်မြေလည်း မဟုတ်ချေ။ သူတို့၏ အိမ်မှာ လွန်ခဲ့သည့် နှစ်များကတည်းက ကြယ်တာရာ ဝါးမြိုသူ ထန်ဂူ တစ်ကောင်ကြောင့် ပျက်စီး သွားခဲ့ပြီး ဖြစ်ပေသည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... မူလဂြိုဟ်သူ ဂြိုဟ်သားများ၏ ခံစားချက်ကို သူတို့ နားလည်ပေသည်။ ဝမ်မင်ယာ ဆိုလျှင် မူလက တိုင်းပြည်တစ်ပြည်၏ မင်းသမီး တစ်ပါး ဖြစ်ခဲ့သည်။ အနန္တ ဧကရာဇ်ဂိုဏ်းတွင် တစ်ကိုယ်တော် ကျင်လည် နေခဲ့သည့် အတောအတွင်း ဝမ် နိုင်ငံ ပျက်စီးသွားခဲ့ကြောင်း ကြားသိခဲ့ရချိန်၌ သူမ ငိုပင် ငိုခဲ့သည်။
“စီနီယာ အမ... အဲဒါက ဘာလဲ...”
လင်းမင်းက မေးလိုက်၏။ လုံးဝ ခြောက်ကပ်နေသည့် မီးခိုးရောင် မျက်နှာပြင် ထက်တွင် အဖြူရောင် စက်ဝန်း တစ်ခု ကြီးထွားလာခြင်းက ကျောက်မီးသွေးထဲမှ ရွှေထွက်လာသလို ထင်ရှားလွန်းလှသည်။
“...”
လင်းရှန်းရှဲ့မှာ တိတ်ဆိတ်နေ၏။ သူမ၏ အမူအရာက အလွန်အမင်း ရှုပ်ထွေးနေသည်။ မဟာ ပုရောဟိတ်၏ စကားများက ဘက်လိုက်ခဲ့သည် ဆိုလျှင်ပင် မှားယွင်းနေသည့်ပုံတော့ မပေါ်ပါချေ။ ထိုဝေ့ဝူယင်က မည်သူနည်း။ သူက ဘယ်ကလာသနည်း။
မည်သို့ပင် ဆိုစေကာမူ... ဂြိုဟ်မျက်နှာပြင်ထက်၌ တဖြည်းဖြည်း ကြီးထွားလာနေသည်က လောကနယ်မြေ တစ်ခု ဖြစ်ကြောင်း သူမ ခံစားနိုင်ပေသည်။
အခြားတစ်ဖက်၌ ဝမ်မင်ယာက စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချကာ စီတ၏ တဆတ်ဆတ် တုန်ရီနေသည့် လက်ကလေးကို ဆုပ်ကိုင်လိုက်၏။
“သူ အောင်မြင်သွားပြီ...”
စီတ၏ အမူအရာက ချက်ချင်းပင် ဝင်းလက်သွား၏။ သူမ၏ နှုတ်ခမ်းထက်၌ အလွန် လှပသည့် အပြုံး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တဒင်္ဂ အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖျစ်ညှစ်ထားသည့် ဖိအားများက လေထဲမှ သဲပွင့်များလို လွင့်ပျံ သွားခဲ့ပြီ ဖြစ်သည်။
“သူ...”
လင်းမင်မှာ ဘေးနားမှ နားထောင်နေရင်း လိုက်လံ ရေရွတ်လိုက်၏။ ထို့နောက် သူ လင်းရှန်းရှဲ့ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ တွေဝေ ငေးငိုင်နေသည့် မိန်းကလေးကို တွေ့လိုက်ရသော အခိုက်၌ သူ့ မျက်လုံးများက အန္တရာယ် ကြီးမားစွာ ကျဉ်းမြောင်း သွားခဲ့တော့၏။
...
ထိုအရာများ ဖြစ်ပွားနေစဉ်တွင် မူလဂြိုဟ် မျက်နှာပြင်ထက်၌ ဝေ့ဝူယင်မှာ အနည်းငယ် တုန်လှုပ် နေခဲ့၏။ အဘယ်ကြောင့်နည်း။ သူ့လောကနယ်မြေက အဆက်မပြတ် ဆက်လက် ကြီးထွားလာနေသောကြောင့်ပင်။
၎င်းက ပို၍ ကြီးမားလာနေကာ စက္ကန့်ပိုင်းမျှ အတွင်းမှာပင် မီတာပေါင်း ၁၀၈၀၀၀ အရွယ်အစား အထိ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာက သူ့ဝိညာဥ်ဆင်းတုများ၏ အရွယ်အစားနှင့်ပင် တူညီ နေခဲ့ပြီ ဖြစ်သည်။
သို့တိုင်အောင်... ၎င်းက ရပ်တန့်သွားခြင်း မရှိသေးချေ။ ဆက်လက် ကြီးထွားနေဆဲ ဖြစ်ပေသည်။
၁၆၀၀၀၀ မီတာ...
၁၈၀၀၀၀ မီတာ...
“ဘာလို့ ဒီလောက်တောင် ကြီးရတာလဲ...”
အမှောင် ဟင်းလင်းပြင် အတွင်း၌ ကျန်းကျိရီက မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။ သူမ၏ မျက်လုံးများက ပြူးကျယ်နေကာ အသက်ရှူသံများမှာ အရှိန်မြင့်လာ နေခဲ့ပြီ ဖြစ်သည်။
ဝှစ်... ဝှစ်... ဝှစ်...
ထိုအခိုက်တွင်ပင် အင်ပါယာ မျိုးနွယ်၏ မြေကြီး ရှန့်ထို သုံးယောက်မှာ ဒြပ်စင် နယ်မြေ အစွန်အဖျားကို ရှေ့ဆင့် နောက်ဆင့် ရောက်ရှိ လာခဲ့ကြ၏။
“လောကနယ်မြေ...”
ထျန်းမူရန်တို့မှာ ရောက်ရောက်ချင်းပင် သတိထားမိလိုက်၏။ မြေကြီးရှန့်ထို တစ်ယောက် အနေဖြင့် သူ၏ အမြင်အာရုံက အလွန်အမင်း ထက်မြက်သည့် အပြင်... လျှို့ဝှက် အာဏာရှင် အဆင့်ကို မရောက်ခင် ကြယ်တရာ အမြုတေ အဆင့်နှင့် ပတ်သက်သည့် ကျင့်ကြံခြင်း ဗဟုဟုတ အားလုံး နီးပါးကိုလည်း ဖမ်းဆုပ် နိုင်ခဲ့ပြီး ဖြစ်သည်။
အဖြူရောင် စက်ဝန်း တစ်ခု တဖြည်းဖြည်း ကျယ်ပြန့်လာနေသည့် မြင်ကွင်းကို ခန့်မှန်းရသည်က သူ့အတွက် အပေါင်းအနှုတ် ပုစ္ဆာလေး တစ်ပုဒ် တွက်ရသလို လွယ်ကူလှပေသည်။
“အတော်ကြီးတာပဲ...”
ဒုတိယမြောက် ရောက်ရှိလာသူကတော့ ယန်ချောင်ယွီပင်။ သူမ၏ မျက်လုံးများက အံ့သြထိတ်လန့်မှုနှင့် အတူ အနည်းငယ် ပြူးကျယ် နေ၏။ ထိုမျှ ကြီးမားသည့် လောကနယ်မြေမျိုးကို ကြယ်သခင်များ ထံတွင်ပင် သူမ မမြင်ဖူးချေ။
ဝှစ်...
ထျန်းလင်းယုကတော့ နောက်ဆုံး ဖြစ်၏။ သူမက ရောက်လျှင်ရောက်ချင်း ယန်ချောင်ယွီကို မကျေမနပ်ဟန်ဖြင့် တစ်ချက် လှည့်ကြည့်လိုက်၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... ဝေ့ဝူယင်က ထိုအရှက်မရှိသည့် မိန်းမကို သူမထက် ကျော်လွန်၍ အရေးပေးမည့် အဖြစ်မျိုး ခွင့်မပြုနိုင်ချေ။ သူမ အတွက်တော့ ယန်ချောင်ယွီ ဘာမှ မရလေ ကောင်းလေပင်။
ထျန်းလင်းယုက မူလဂြိုဟ်ဘက်သို့ ပြန်လှည့်ကာ အကဲခတ်လိုက်၏။ ထို့နောက်... မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာင် သူမ၏ မျက်လုံးများက မယုံကြည်နိုင်မှုနှင့် အတူ ပြူးကျယ် သွားခဲ့တော့သည်။
“ဘုရားရေ... အဲဒါက လောကနယ်မြေလား... ဘာလို့ ဒီလောက်တောင် ကြီးနေတာလဲ...”
“သူက ဒီကပ်ဘေး အတွက် အများကြီး ပြင်ဆင်ထားတာ ဖြစ်ရမယ်... မဟုတ်ရင် ဒီလောက် ဘယ်လိုလုပ် ကြီးမလဲ”
ထျန်းမူယန်က လေသံကို တည်ငြိမ်အောင် ထိန်းကာ အဖြေပေးလိုက်သည်။ သို့သော်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေသည့် လက္ခဏာ တစ်ရပ် အဖြစ် မျက်ခမ်း အပေါ်သားများက မသိမသာ လှုပ်ရှားနေ၏။
ဘယ်လောက်တောင် ကြီးမားလိုက်သည့် လောကနယ်မြေနည်း။ ထို့အပြင် အဖြူရောင် စက်ဝန်း အတွင်း အစွန်းအထင်း တစ်ခုပင် မရှိချေ။ ဘယ်လောက်တောင် သန့်စင်လိုက်သနည်း။
နောက်ဆုံး၌ ဝေ့ဝူယင်နှင့် ဝူယုတို့မှာ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို အဘယ်ကြောင့် အမှိုက်တစ်စလို ဆက်ဆံခဲ့ကြောင်း သူ နားလည် သွားခဲ့ပြီ ဖြစ်သည်။ အချိန်နှင့် အမျှ သူ့ မျက်လုံးများ အတွင်းရှိ ဆန္ဒများမှာ သေချာသထက် ပိုမို သေချာ လာခဲ့၏။
သူသာလျှင် မက... အခြား မြေကြီး ရှန့်ထို နှစ်ယောက်မှာလည်း အလားတူပင် ဖြစ်သည်။ အထူးသဖြင့်... အင်ပါယာ ကလန်၏ ကောင်းကင် ဧကရာဇ် ယန်ချောင်ယွီပင်...။ သူမက လှုပ်ရှားရန်ပင် အဆင်သင့် ဖြစ်နေခဲ့ပုံ ပေါ်၏။
ကံမကောင်းစွာပင် သူတို့မှာ လျှို့ဝှက် ကျိန်စာများကို ကျိန်ဆို ထားရလေရာ ဒြပ်စင် နယ်မြေထဲကို ခွင့်ပြုချက် မရှိပဲ ဝင်ရောက်ခွင့် မရှိပါချေ။ ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့ ငနဲ နှစ်ကောင်က ဘယ်နေရာ ရောက်နေသနည်း။
ဝေ့ဝူယင်ကတော့ အခြား ကိစ္စများကို သတိပြုမိခင်း မရှိသေးပဲ သူ့ လောကနယ်မြေကိုသာ ဆက်လက် ဆန့်ထုတ် နေခဲ့၏။ မည်မျှပင် ကျယ်ပြန့်သည် ဆိုစေကာမူ ကြယ်တာရာ နယ်မြေ တစ်ခုနှင့် ယှဉ်ပါက သူ၏ လောကနယ်မြေမှာ ပမွှား အဆင့်လောက်သာ ရှိနေဆဲ ဖြစ်သည်။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး ပင်လျှင် မိုင်ပေါင်း ၈၁၀၀၀၀ ကျော် ကျယ်ပြန့်ခဲ့ပေသည်။
ဟူး... ဟူး...
၃၀၀၀၀၀ မီတာ...
၃၂၀၀၀၀ မီတာ...
လောကနယ်မြေ၏ ကြီးထွားမှုက တဖြည်းဖြည်း စတင် လျော့ကျ လာခဲ့၏။
၃၃၀၀၀၀ မီတာ...
၃၃၁၀၀၀ မီတာ...
၃၃၃၀၀၀ မီတာ...
မီတာပေါင်း ၃၃၃၀၀၀ အရောက်တွင်တော့ လောကနယ်မြေမှာ လုံးဝ ရပ်တန့် သွားခဲ့၏။ ၎င်းက ကီလိုမီတာ အားဖြင့် ၃၃၃ ကီလိုမီတာ အတိအကျ ဖြစ်ကာ မိုင်အားဖြင့် ၂၀၀ ကျော် ကြီးမားပေသည်။
ဟူး... ဟူး...
ဝေ့ဝူယင်မှာ အရပ် မျက်နှာတိုင်းကို မိုင်တစ်ရာစီ ဖြန့်ကျက်နေသည့် အဖြူရောင် စက်ဝန်း၏ အလယ်ဗဟိုတွင် ရပ်နေခဲ့၏။ အတွေး တစ်ချက်ဖြင့်ပင် ထိုဧရိယာ အတွင်းရှိ အရာအားလုံးကို စိတ်တိုင်းကျ ပြုမူ ထိန်းချုပ် နိုင်သလို ဝေ့ဝူယင် ခံစားနေရသည်။ ထိုအကျယ်အဝန်း အတွင်း၌ သူက နတ်ဘုရား တစ်ပါး သဖွယ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် အံ့အားသင့်စွာဖြင့် နယ်မြေ မျိုးစေ့ကို လေ့လာကြည့်လိုက်၏။ ၎င်းအား လျှို့ဝှက် သင်္ကေတ ရှစ်ဆယ့် တစ်ခုနှင့် လောက သင်္ကေတ တစ်ခုတို့က ဝန်းရံနေကြောင်း သူ တွေ့လိုက်ရသည်။ လျှို့ဝှက် အလင်းက တစ်နည်းနည်းဖြင့် နယ်မြေ မျိုးစေ့နှင့် ပေါင်းစပ်သွားကာ ကြယ်တာရာ အင်အားနှင့် ချိတ်ဆက်လိုက်ပုံ ပေါ်လေသည်။
“နေဦး...”
ဝေ့ဝူယင်၏ မျက်လုံးများမှာ လင်းလက်သွား၏။ ဤသို့ဆိုလျှင် သူ လျှို့ဝှက် အဆင့် အင်အားများကို ထိန်းချုပ် နိုင်တော့မည်လား။
ဝေ့ဝူယင် မတုန့်မဆိုင်းပင် ထိုအရာကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။ သူ နယ်မြေ မျိုးစေ့၏ ထိန်းချုပ်မှု စွမ်းအားကို အသုံးပြုကာ နေကြယ်ထံမှ ကျဆင်းလာသည့် အလင်း စွမ်းအင်များနှင့် ချိတ်ဆက်လိုက်သည်။ သေမျိုးအဆင့် အလင်းများအား ထိန်းချုပ်ခြင်းလောက် ချောမွေ့ခြင်း မရှိသည့်တိုင် သူ ၎င်းတို့၏ စီးဆင်းမှုနှင့် ဦးတည်ချက်တို့ကို ထိန်းချုပ်နိုင်ကြောင်း တွေ့လိုက်ရ၏။
“တကယ် မိုက်တယ်...”
ဝေ့ဝူယင် မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့၏။ သူ ထိုစွမ်းရည်များကို နောက်မှ ထပ်၍ စမ်းသပ်ရန် ဆုံးဖြတ်လိုက်ကာ မူလဂြိုဟ်ကို ပြန်လည် အာရုံစိုက်လိုက်သည်။
လက်ရှိ မူလဂြိုဟ်၏ အခြေအနေကို သူ ရှင်းလင်းစွာပင် သတိထားမိပေသည်။ ဂြိုဟ်ကို ဖုံးအုပ်ထားသည့် လေထုက လွင့်စဉ်သွားခဲ့ပြီ ဖြစ်သည့် အပြင်... ဂြိုဟ်၏ အပိုင်းနှစ်ပိုင်းမှာလည်း တဖြည်းဖြည်း စတင် ကွဲထွက် လာနေခဲ့ပြီ ဖြစ်သည်။
သူ ခေါင်းကို မော့ကြည့်လိုက်ရာ အဝေးမှ ရပ်ကာ ငေးမောနေကြသည့် သက်ရှိ ထရီလျံပေါင်းများစွာကို တွေ့လိုက်ရ၏။
“...”
ထန်ဂူ ရောက်ရှိလာပြီးနောက် ထဝရ ကြယ်တာရာ နယ်မြေ ပျက်စီးသွားခဲ့ရသည့် ခံစားချက်များကို သူ ပြန်လည် အမှတ်ရလိုက်မိသည်။ ထိုကြယ်တာရာ နယ်မြေမှာ သူ၏ မွေးရပ်မြေ ဖြစ်သည်။ သူတို့က သူ့ကို ဂုဏ်ပြုရန် အတွက် ကြယ်တာရာ နယ်မြေ၏ နာမည်ကိုပင် ပြောင်းလဲ ပေးခဲ့သည်။
အာရုဏ်ဦး ကြယ်တာရာ နယ်မြေ...။
ဝေ့ဝူယင် ကိုယ်တိုင် ထိုနာမည်ကို နှစ်ခြိုက်ခဲ့သည်။ ပျော်ရွှင်ခဲ့သည်။ သို့သော်လည်း သူ၏ ပျော်ရွှင်မှုများက ဘယ်လောက် တာရှည်ခံခဲ့သနည်း။
“တို့တွေ ပြန်ပြီး တည်ဆောက်ပေးလို့ ရလား...”
ရုတ်တရက် အိုရီက မေးလိုက်လေ၏။
***