← Chapters

အာရုဏ်ဦး မူလ

Vol. 67 Ch. 936

အာရုဏ်ဦး မူလ

Vol. 67 Ch. 936

ဟူး... ဟူး...

လေက ခပ်ပြင်းပြင်း တိုက်ခတ်နေ၏။ ဝေ့ဝူယင်မှာ အသစ် ဖန်တီးထားသည့် ကောင်းကင်အလွှာကို ထိလုနီးပါး မိုးထိအောင် မြင့်မားသည့် တောင်ထွတ်ကြီး တစ်ခု ထက်တွင် ရပ်နေခဲ့သည်။ သူ လက်နှစ်ဖက်ကို နောက်ပစ်ကာ အသစ်ဖန်တီးထားသည့် လောကကြီးကို ကြည့်နေခဲ့၏။ သူ့မျက်လုံးများထဲ၌ ဂုဏ်ယူသည့် ခံစားချက် တစ်ရပ်က ဖုံးဖိမရအောင် ပေါ်လွင် နေခဲ့ပေသည်။

“ဘယ်လောက် ကုန်သွားလဲ...”

ဝေ့ဝူယင် မေးလိုက်၏။ ဧဒင် အမှတ်အသားမှာ ငရဲ၏ ကပ်ဘေးများကို ရင်ဆိုင်ရာ၌ အလွန် အရေးပါသည့် တည်ရှိမှု တစ်ခု ဖြစ်သည်။ ဤဆုံးဖြတ်ချက်ကြောင့် နောင်တစ်ချိန်တွင် အသက်နှင့်ကိုယ် အိုးစားကွဲကာ လောကကြီးက ပျောက်ကွယ်သွားမည့် အဖြစ်မျိုး သူ မလိုလားပါချေ။ ထိုကဲ့သို့ ဆိုလျှင် မည်မျှ ဝမ်းနည်းစရာ ကောင်းလိုက်မည်နည်း။

“သိပ်မများပါဘူး...”

ဧဒင်က တည်ငြိမ်စွာ အဖြေပေးလိုက်၏။ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ပမာဏ အတိအကျကို မပြောသည့်တိုင် သူတို့၏ အစီအစဉ်များ ဆောင်ရွက်ရန် လုံလောက်ကြောင်း ဧဒင်က အတည်ပြုခဲ့ပေသည်။ ဝေ့ဝူယင် ကျေနပ်စွာ ပြုံးလိုက်ရင်း မူလဂြိုဟ် အသစ်ထံ ပြန်လည် အာရုံစိုက်လိုက်ကာ သူ၏ ကြီးကျယ် ခမ်းနားသည့် ဖန်တီးမှုများကို ကြည့်လိုက်၏။

တစ်ချိန်တည်း၌... ဝေ့ဝူယင်မှာ ခန္ဓာကိုယ် အတွင်း စီးဆင်းနေသည့် အသစ်အသစ်သော စွမ်းအင်များကို ခံစား၍ ရနေခဲ့၏။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်က သူကိုယ်တိုင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည် ဆိုပါက တစ်ချက်တည်းဖြင့် အနိုင်ယူရန် ၁၁၀ ရာခိုင်နှုန်း သေချာနေသလိုပင် သူ ခံစားရနေခဲ့သည်။

စွမ်းအင် ပြောင်းလဲမှုကို ရိုးရှင်းသည့် စကားလုံးများဖြင့် ဖော်ပြရလျှင် ယခင်က သူ၏ အကန့်အသတ်မှာ ပေါင်တစ်ရာ ဖြစ်သည် ဆိုလျှင် ယခုတွင် ပေါင်သုံးထောင် ဖြစ်သွားပြီဟု ဆိုနိုင်ပေလိမ့်မည်။

သို့သော်လည်း... ယခင်ကထက် အဆသုံးဆယ် ပိုမို အစွမ်းထက်သွားသည်ဟု တိတိကျကျ ပြောရန်တော့ ခက်ခဲလှသည်။ အဘယ်ကြောင့် ဆိုသော်လည်း ၎င်းက ကြယ်တာရာ အင်အားကိုသာ ထည့်တွက် ထားသောကြောင့် ဖြစ်သည်။ လောကနယ်မြေ တစ်ခု နားလည်သွားသည့် အကျိုးကျေးဇူးများ အပါအဝင် အခြား တိုးတက်သွားသည့် ကဏ္ဍများစွာ ကျန်ရှိနေပေသေးသည်။ ထို့အပြင်... ကျင့်ကြံခြင်း အခြေခံ မြင့်မားလာခြင်းနှင့် အတူ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာလည်း ပိုမို အစွမ်းထက် လာခဲ့ပေသည်။

“၃၃၃ ကီလိုမီတာ...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ အာရုဏ်ဦး နယ်မြေ မျိုးစေ့ကို စုပ်ယူမှုကြောင့် သူ၏ လောကနယ်မြေက စဦး အဆင့်တွင်ပင် ထိုမျှ ကျယ်ပြန်သွားကြောင်း ဝေ့ဝူယင် နားလည်ပေသည်။ သို့တိုင်အောင် ထိုအရာက အိုရီ၏ လောကနယ်မြေ တစ်ခုတည်းသာ ဖြစ်သည်။ သူ့ထံတွင် အခြား လောကနယ်မြေ သုံးခု ကျန်ရှိပေသေးသည်။

ဝေ့ဝူယင် ကြယ်တာရာ အသိုက် အတွင်း တွေ့ဆုံခဲ့သည့် မျက်နှာဖုံးတပ် ကျင့်ကြံသူကို ပြန်လည် အမှတ်ရလိုက်မိ၏။ ထိုလူငယ်သည်လည်း သူ့လောက် မဟုတ်လျှင်ပင် သူ့လောက် နီးပါး သိပ်သည်းသည့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားတာ သေချာသည်။ ထို့အပြင်... လူငယ်၏ နည်းလမ်းများက သူ့ထက် ပိုမို စုံလင်ကာ အစွမ်းထက်သည်။ အကယ်၍ ကြယ်တာရာ အသိုက် အပြင်ဘက်တွင်သာ ထိုလူငယ်နှင့် ယှဉ်ပြိုင်ရမည် ဆိုပါက မည်ကဲ့သို့ ရလဒ်ထွက်မည်ကို ဝေ့ဝူယင် ကိုယ်တိုင်ပင်လျှင် သေချာခြင်း မရှိပါချေ။

ဝှစ်...

ထိုအခိုက်တွင်ပင် ဟန်ယုဟိုင်မှာ ဝေ့ဝူယင်နှင့် မနီးမဝေး တစ်နေရာတွင် ပေါ်လာခဲ့၏။ လောကဖိအား အငွေ့အသက် အချို့ အရ လူငယ်မှာ ‌လောကသခင် တစ်ယောက် ဖြစ်သွားပြီ ဖြစ်ကြောင်း သူ အတည်ပြုလိုက်နိုင်သည်။

“ကောင်းကင်ကပ်ဘေးကို အောင်မြင်ခဲ့တဲ့ အတွက် ဂုဏ်ပြုပါတယ်...”

ဟန်ယုဟိုင်က ရိုးသားစွာပင် ဂုဏ်ပြုလိုက်၏။ လောကသခင် အဆင့်မှာ ကြယ်တာရာ အမြုတေ အဆင့်ခုနစ် ဖြစ်သည့်တိုင် မြေဆွဲအား လွတ်‌မြောက်ခြင်း အဆင့်နှင့် အလွှာကြီး တစ်ခု ခြားနားသလို ကွာခြားပေသည်။ လောကသခင် တစ်ပါး ဖြစ်လာသည်နှင့် ကျင့်ကြံသူများမှာ လောကနယ်မြေများ၊ လျှို့ဝှက် နယ်မြေများကို ဖန်တီး လာနိုင်သည်။ ကမ္ဘာပြားများ၊ လများ၊ ဂြိုဟ်များကို တည်ဆောက်လာနိုင်သည်။ ကိုယ်ပိုင် စွမ်းအင်နှင့် အတူ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ သွားလာ လာနိုင်ကြသည်။

တစ်နည်းအားဖြင့် သူတို့မှာ လောကကြီး၏ ကန့်သတ်မှုကို လွန်မြောက်ကာ အရှင်သခင်များ ဖြစ်လာသည်ဟုပင် ဆိုနိုင်လိမ့်မည် ဖြစ်သည်။

“ကျေးဇူးပါပဲ...”

ဝေ့ဝူယင် ကျေနပ်စွာ ပြုံးရင်း ပြန်ပြောလိုက်၏။ “ယုကလေး” ဆိုသည့် အသုံးအနှုန်းကို သုံးလုနီးပါး ဖြစ်သွားပြီးမှ သူ အချိန်မှီ ပြန်လည် ရုတ်သိမ်းလိုက်နိုင်သည်။ သူက ဟန်ယုဟိုင်ကို လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်၏။

“မူလဂြိုဟ် ခုလို ဖြစ်သွားရတဲ့ အတွက် ကျုပ် တောင်းပန်ပါတယ်... ကျုပ် တတ်နိုင်သလောက် ပြန်ပြင်ထားပေမဲ့ ခင်ဗျားတို့ရဲ့ ဆုံးရှုံးမှုကို မကာမိဘူး ဆိုတာ သိပါတယ်”

“...”

ဟန်ယုဟိုင်က တည်ငြိမ်စွာပင် နားထောင် နေလိုက်၏။ သို့သော်လည်း သူ၏ နှလုံးသားကတော့ ခပ်မြန်မြန် လှုပ်ရှား နေခဲ့ပြီ ဖြစ်သည်။ သူ ခန့်မှန်းထားခဲ့သည့် အတိုင်းပင် ဝေ့ဝူယင်မှာ တာဝန်မဲ့သူ တစ်ယောက် မဟုတ်ချေ။

သို့စေကာမူ... မူလဂြိုဟ် တစ်လျှောက် ပျံ့နှံ့နေသည့် အလွန် အမင်း ထူထပ်သော ဒြပ်စင် စွမ်းအင်များကို သူ သတိထားမိနေပေသည်။ ၎င်းတို့က အလွန် သန်မာသည့် အနှစ်သာရများဖြင့် ပြည့်နှက်နေကာ ထူးခြားသည့် ဆန္ဒ တစ်မျိုး ပါဝင်နေပေသည်။ လောက၏ နေရာအနှံ့တွင် စိမ့်ဝင်နေသည့် အထွတ်အထိပ် ဒြပ်စင် ရည်ရွယ်ချက်များကိုပင် သူ သတိပြုမိ၏။

တောင်ကုန်း၊ တောင်တန်းများမှာ မဟာ မြေကြီး အော်ရာများကို ထုတ်လွှတ်နေကာ မရေမတွက်နိုင်သော သစ်တောများကတော့ အသက်မြက် ကိုးပါး အော်ရာများကို သယ်ဆောင် ထား၏။ ရေကန်များက ပေါကြွယ်ဝလှသည့် အဆင့်မြင့် ရေစွမ်းအင်များဖြင့် ပြည့်နှက်နေကာ မီးတောင်များမှာ ချော်ရည် အမတေများကို ထုတ်လွှတ်နေ၏။

အပြောင်းအလဲများက မျက်လှည့်ပင် ဆန်လွန်းလှသည်။ ယခုဆိုလျှင် မူလဂြိုဟ်၏ နေရာ များစွာမှာ ကျင့်ကြံခြင်း အထွတ်အမြတ် ကုန်းမြေများ သဖွယ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်က မည်ကဲ့သို့ ရတနာမျိုးကို အသုံးပြုခဲ့ကြောင်း မသိသည့်တိုင် သူကတော့ ထိုက်တန်လွန်းလှသည်ဟုပင် ခံစားနေရသည်။

ဟန်ယုဟိုင် စိတ်လှုပ်ရှားစွာဖြင့် နားစွင့်နေချိန်တွင် ဝေ့ဝူယင်က ဆက်ပြောလိုက်လေ၏။

“နေအိမ် ပျက်စီးသွားတဲ့ လူတွေ အတွက် ကျုပ် လျော်ကြေး ပေးပါ့မယ်... ရွှေရောင် အသက်နန်းတော်နဲ့ အခြား အဖွဲ့အစည်းတွေက မြို့တော်ကြီးတွေ၊ အဆောက်အဦး အသစ်တွေ၊ လမ်းတံတား ပြန်ဆောက်ဖို့ ကူညီပါလိမ့်မယ်... ကုန်ကျစရိတ် အတွက် ဘာမှ စိတ်မပူနဲ့...”

နေစရာအိမ် ဆုံးရှုံးဖူးသည့် ခံစားချက်ကို ဝေ့ဝူယင် တစ်ကြိမ် မက ခံစားဖူးခဲ့သည်။ ထို့ကြောင့်ပင် သူ အားလုံး အတွက် ပြန်လည် တည်ဆောက်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... ကုန်ကျစရိတ်က သူ၏ ချမ်းသာ ကြွယ်ဝမှုနှင့် ယှဉ်လျှင် မပြောပလောက်ပါချေ။

“ကောင်းပါပြီ...”

ဟန်ယုဟိုင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက အနည်းငယ် တုန့်ဆိုင်းဟန်ဖြင့် ဆက်လက် ပြောလိုက်လေသည်။

“ဒါပေမဲ့ ဂြိုဟ်ကတော့ အရင်ကနဲ့ မတူတော့ဘူးလို့ ကျုပ် ထင်တယ်... ပြန်ပြီး တည်ဆောက်ထားတယ် ဆိုပေမဲ့ ပထဝီဝင် အနေအထားနဲ့ မြေမျက်နှာ သွင်ပြင်ကလည်း လုံးဝ ပြောင်းလဲ သွားပြီ... တစ်နည်း ဆိုရရင် မူလဂြိုဟ်က ပျက်စီးသွားပြီ လို့တောင် ဆိုနိုင်တယ်...”

ဝေ့ဝူယင် မျက်ခုံးပင့်ကာ ဟန်ယုဟိုင်ကို ကြည့်လိုက်၏။ ထိုလူအိုကြီးက ဘာကို ဆိုလိုချင်နေသနည်း။ သူက ပို၍ လိုချင်နေသလော။ သို့သော်လည်း... ဟန်ယုဟိုင် ဆက်ပြောလိုက်သည့် စကားက သူ့ကို အံ့သြသွားစေခဲ့လေသည်။

“ဒီတော့ကာ သင့်တော်တဲ့ နာမည် အသစ် တစ်ခု ထပ်ပေးသင့်တယ် လို့ ကျုပ် တွေးမိတယ်... အဂ္ဂိရတ် အာဏာရှင်ဝေ့က ပြန်ပြီး တည်ဆောက်ဖို့ ကူညီခဲ့တာ ဆိုတော့ အာရုဏ်ဦး မူလဂြိုဟ်လို့ နာမည်ပေးမယ် ဆိုရင် ဘယ်လို သဘောရလဲ... မငြင်းဖို့တော့ ကျုပ်ဘက်က ကြိုပြီး တောင်းပန်ထားချင်တယ်”

“ဟား... ဟား...”

ဝေ့ဝူယင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိ၏။ ဟန်ယုဟိုင် လိုချင်သည့် အရာကို သူ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ ထိုလူအိုကြီးမှာ မြေခွေးအိုကြီးပီသလှပေသည်။

အာရုဏ်ဦး မူလဆိုသည့် နာမည်ကို ပေးလိုက်သည်နှင့် သူနှင့် မူလဂြိုဟ် အကြားတွင် ဆက်စပ်မှု ရှိသွားလိမ့်မည် ဖြစ်သည်။ မူလဂြိုဟ်၏ သမိုင်း‌ကြောင်းကို ပြောတိုင်း အာရုဏ်ဦး ဧကရာဇ် ဆိုသည့် သူ့နာမည်က တွဲလျက် ကပ်ပါလာလိမ့်မည် ဖြစ်ကာ လူသိရှင်ကြား ဆက်ဆံရေး တစ်ခုကို တည်ထောင်နိုင်လိမ့်မည် ဖြစ်သည်။ ထိုအရာက အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွက် သွယ်ဝိုက်သည့် အကျိုးကျေးဇူး များစွာကို ယူဆောင် လာနိုင်လိမ့်မည် ဖြစ်သည်။

နောင်တစ်ချိန်တွင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို ရန်ပြုဖို့ ကြိုးစားမည် ဆိုလျှင်ပင် ဝေ့ဝူယင်နှင့် ဆက်စပ်နေသည့် ဝူယု၊ မာ့ကျန်း၊ နယ်မြေခြား ရှန့်ထိုတို့ ကဲ့သို့ တည်ရှိမှုများကို ထည့်သွင်း စဉ်းစားဖို့ လိုအပ်လာလိမ့်မည် ဖြစ်သည်။

“ကောင်းပြီလေ... အဲဒီလိုပဲ သတ်မှတ်လိုက်တာပေါ့”

ဝေ့ဝူယင် ပြုံးလိုက်၏။

ဂီး...

ထိုအခိုက်တွင်ပင် သာယာသည့် အော်ဟစ်သံ ထွက်ပေါ်လာ၏။ ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်ရင်း သဘောကျစွာ ရယ်မောလိုက်လေသည်။

“အာရုဏ်ဦး မူလ... ဟဟ...”

***

All Chapters