← Chapters

အင်ပါယာ မျိုးနွယ်နှင့် တွေ့ဆုံခြင်း

Vol. 67 Ch. 937

အင်ပါယာ မျိုးနွယ်နှင့် တွေ့ဆုံခြင်း

Vol. 67 Ch. 937

မူလဂြိုဟ်၏ ပျက်စီးမှုနှင့် နောက်ဆက်တွဲ ပြန်လည် မွေးဖွားလာမှုတို့မှာ မရေမတွက်နိုင်သည့် ဂြိုဟ်သူ၊ ဂြိုဟ်သားများ အကြားတွင် ရှုပ်ထွေးသည့် စိတ်ခံစားချက်များစွာကို ဖြစ်ပေါ်လာစေခဲ့သည်။ နာရီပိုင်း အတွင်းမှာပင် ဂြိုဟ်တစ်ခုလုံးက လုံးဝ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်ကာ တောင်တန်း အသစ်များ၊ ရေချိုကန်များ၊ မီးတောင်များက ဆန်းကြယ်စွာ ပေါ်လာခဲ့သည်။

အချို့သော နေရာများတွင်တော့ ရှေးဟောင်း လူအဖွဲ့အစည်း ဖြစ်တည်ခဲ့သည့် အကြွင်းအကျန် လက္ခဏာရပ်များ အဖြစ် မဟာ မြို့ပျက်ကြီးများ ကျန်ရှိနေသေးဆဲ ဖြစ်သည်။ အကယ်၍ နောက်ပိုင်း ခေတ်များတွင် ရှေးဟောင်း သုတေသန ပညာရှင်များမှာ ထိုနေရာများကို လေ့လာကြပါက ရှေးဟောင်း ယဉ်ကျေးမှု တစ်ခုမှာ အလွန် ကြီးကျယ်သည့် ဖျက်ဆီးခြင်း စွမ်းအား တစ်ခုကြောင့် ရုတ်ချည်း အဆုံးသတ် သွားကြောင်း လေ့လာ တွေ့ရှိရလိမ့်မည် ဖြစ်သည်။

လက်ရှိ၌... ကျန်းကျိရီမှာ အမှောင် ဟင်းလင်းပြင် အတွင်းရှိ ဂြိုဟ်သူ၊ ဂြိုဟ်သားများကို ပြန်လည် နေရာ ချထားရာ၌ ဦးဆောင်ကာ လှုပ်ရှား နေခဲ့၏။ သို့သော်လည်း သူမ၏ စိတ်ကတော့ အခြားတစ်နေရာကို ရောက်ရှိ နေခဲ့သည်။

ဟန်ယုဟိုင်က မူလဂြိုဟ်ကို အာရုဏ်ဦးမူလဂြိုဟ် အဖြစ် နာမည် ပြောင်းလဲခဲ့ကြောင်း သူမကို ပြောပြခဲ့ပြီး ဖြစ်သည်။ မူယင်း နာမည် ပျောက်ဆုံး သွားခြင်း အတွက် အနည်းငယ် စိတ်မကောင်း ဖြစ်မိသည့်တိုင်အောင် ထိုနာမည်အသစ်ကြောင့် ရရှိလာနိုင်သည့် အကျိုးအမြတ်များကို သူမ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ ထိုမျှသာ တုံးအပါက သူမ မြေကြီး ရှန့်ထို အဆင့်ကိုပင် တက်လှမ်းနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။

ထို့အပြင် ဝေ့ဝူယင်မှာ အိုးအိမ် စည်းစိမ် ဆုံးရှုံးသွားခဲ့သည့် တစ်ယောက်ချင်းစီတိုင်း အတွက်လည်း လျော်ကြေးများ ပေးဦးမည်ဟု သိရသည်။ အကယ်၍ သာမန် သေမျိုးတစ်ယောက်ထံမှ ထိုကဲ့သို့ ကတိစကားမျိုး ကြားရပါက သူမ ကျိန်းသေပင် ရယ်မောမိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ယခုက ဝေ့ဝူယင် ဖြစ်လေရာ သူမ ရင်တဒိတ်ဒိတ် တုန်သည် အထိ စိတ်လှုပ်ရှား နေခဲ့မိ၏။

လူများအား နေရာချထားနေသည့် အတောအတွင်းမှာပင် ဂြိုဟ်ထက်ရှိ ကျင့်ကြံခြင်း ကုန်းမြေ များစွာကို သူမ သတိထားမိ ခဲ့သည်။ မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့်ပင် သူမမှာ မတုန်လှုပ်ပဲ မနေနိုင်အောင် ဖြစ်ရ၏။ အထွတ်အထိပ် အဆင့် ဒြပ်စင် အမတေများက နေရာ အနှံ့ပြန့်ကျဲနေကာ သာမန်ရိုးရိုး စီးဆင်းနေသည့် စမ်းချောင်းများ ပင်လျှင် မူလဒြပ်စင် အမတေ အရည်များ ဖြစ်နေခဲ့သည်။

ဝေ့ဝူယင် ပေးအပ်မည် ဆိုသည့် လျော်ကြေးများကို ထည့်မတွက်လျှင်ပင် မူလဂြိုဟ်မှာ ယခင်ကထက် အဆပေါင်း များစွာ ပိုမို တန်ကြေးရှိ နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ နေကြယ်ထံမှ လျှို့ဝှက် အမတေများကိုပါ ထပ်မံ စုဆောင်းနိုင်ပါက နောင်နှစ်များ အတွင်း မူလဂြိုဟ်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ထိပ်တန်း အဆင့် ကျင့်ကြံခြင်း ကုန်းမြေတစ်ခု ဖြစ်လာမှာ ကျိန်းသေပေသည်။

အာရုဏ်ဦး မူလဂြိုဟ် ပြန်လည် ဖွဲ့စည်းပြီး၍ နာရီပိုင်းမျှ အတွင်းမှာပင် မှီတင်း နေထိုင်သူများမှာ မြို့တော်ကြီးများ၊ နန်းတော်များ၊ လမ်းမများကို လျှင်မြန်စွာ ထွင်းထု နေခဲ့ကြပြီ ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်များ၏ ကြီးကြပ် ကွပ်ကဲမှု အောက်တွင် လူမှု အဖွဲ့အစည်းနှင့် အဆောက်အအုံများက တမုဟုတ်ချင်း ကြီးထွား နေခဲ့၏။ ထိုအရာကပင် လူသားများ၏ လှပမှု ဖြစ်သည်။ မည်မျှပင် ကပ်ဘေးဆိုးများ၊ စစ်ပွဲများနှင့် ကြုံစေကာမူ လူသားများမှာ ပြန်လည် ထူထောင်နိုင်စမြဲ ဖြစ်သည်။

ထိုအရာအားလုံးဖြစ်ပွား နေစဉ်တွင် ဝေ့ဝူယင်မှာ ပိုင်လင်၏ ‌ကျောထက်၌ ရှိနေခဲ့လေသည်။ သူက တင်ပျဉ်ချိတ်၍ မျက်လုံးများကို မှိတ်ကာ တရားထိုင် နေခဲ့ခြင်းဖြစ်၏။ သူ၏ နံဘေး မလှမ်းမကမ်းတွင်တော့ ဝမ်မင်ယာနှင့် စီတတို့ ရှိနေခဲ့၏။ အောက်ရှိ ပိုင်လင်ကတော့ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျနေခြင်း ဖြစ်လေသည်။

“အဂ္ဂိရတ် အာဏာရှင်ဝေ့...”

ဟန်ယုဟိုင်မှာ ဝေ့ဝူယင်တို့နှင့် မလှမ်းမကမ်း တစ်နေရာတွင် ပေါ်လာခဲ့၏။ သူက ပိုင်လင်၏ ကျောထက်ကို တိုက်ရိုက် ခြေချရဲခြင်း မရှိပါချေ။ သူ့အတွက် ပိုင်လင်က သာမန် သားရဲ တစ်ကောင် မဟုတ်ချေ။ ပြောရလျှင် ဝေ့ဝူယင်၏ တိုက်ရိုက် နောက်လိုက်နောက်ပါ တစ်ယောက် အနေဖြင့် ပိုင်လင်၏ အလားအလာက သူ့ထက်ပင် အဆများစွာ ပိမို မြင့်မားပေသည်။

ဝေ့ဝူယင်က မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။

“အင်ပါယာ မျိုးနွယ်က တွေ့ခွင့်တောင်းနေတယ်... ဘယ်လိုလုပ်လိုက်ရမလဲ...”

ဟန်ယုဟိုင်က ကွေ့ဝိုက် မနေတော့ပဲ လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်၏။ ဤသည်က ဝေ့ဝူယင် အနားယူနေသည့် အချိန် ဖြစ်ကြောင်း သူ သိပေသည်။ ဖြစ်နိုင်လျှင်... သူ အနှောက်အယှက်ပင် မပေးလိုချေ။

“အင်ပါယာ မျိုးနွယ်...”

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ အတန်ကြာ စဉ်းစားပြီး နောက်မှ သူက ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ကောင်းပြီလေ...”

အင်ပါယာ မျိုးနွယ်ကို ဝေ့ဝူယင် ဘယ်တုန်းကမှ ပေါ့ပေါ့တန်တန် သဘောထားရဲခြင်း မရှိပါချေ။ အထူးသဖြင့် ဝူယု ဘေးနား မရှိသည့် ယခုလို အချိန်အခါမျိုးတွင် ဖြစ်သည်။ အချက်အလက်များ အရ အင်ပါယာ မျိုးနွယ်မှာ တိုက်ခိုက်ရန် ရုတ်ချည်း ပြန်မလာလောက်ဟု ယူဆ၍ ရသည့်တိုင် တရားဝင် သူ့ကို ကာကွယ်ပေးထားသည့် လျှို့ဝှက် ကျိန်စာ မရှိပါချေ။

ကံကောင်းထောက်မတာ တစ်ခုက သူ စစ်အဆောင်ကို အောင်မြင်စွာ သန့်စင်နိုင်လိုက်ခြင်း ဖြစ်သည်။ ထိုအဆောင်ဖြင့် ဆိုပါက သူ လုံခြုံပေလိမ့်မည်။

“ပိုင်လင်...”

ဝေ့ဝူယင် ခေါ်လိုက်၏။ ပိုင်လင်မှာ အိပ်ချင်မူးတူးဖြင့် နိုးထလာကာ အော်ဟစ်သံ တစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူမ အိပ်မက်ကောင်းတစ်ခု မက်နေခြင်း ဖြစ်သည်။ အိပ်မက်ထဲ၌ သူမက ဖီးနစ်ပေါင်း တစ်သောင်း ပါဝင်သည့် မဟာ စစ်တပ်ကြီး တစ်ခုကို တစ်ယောက်တည်း ရင်ဆိုင်နေခြင်း ဖြစ်သည်။ နောက်ဆုံး၌ သူမက အားလုံးကို အနိုင်ယူကာ ဖီးနစ် ဧကရီ ဖြစ်လာခဲ့သည်။

ဝှစ်... ဝှစ်...

သူတို့ ငါးယောက်မှာ မူလဂြိုဟ်မှ ထွက်ခွာခဲ့ပြီ ဖြစ်သည်။ စီတမှာ လောကနယ်မြေကို ထုတ်လွှတ်၍ အားလုံးကို လွှမ်းခြုံထားကာ ဟန်ယုဟိုင်ကတော့ ပိုင်လင်၏ နံဘေးမှ ပျံသန်း လိုက်ပါလာခဲ့သည်။ လူအိုကြီးက ဝေ့ဝူယင်ကို တစ်ချက်တစ်ချက် လှမ်းကြည့်နေခဲ့၏။ လက်ရှိ၌ ဝေ့ဝူယင် နံဘေးတွင် ဝူယု မရှိလေရာ သူ့ အရေးပါမှုကို ပြသရန် အခွင့်အရေးကောင်း ဖြစ်သည်။ သူသာ ကောင်းကောင်းလုပ်နိုင်ပါက နောင်တစ်ချိန်တွင် ဝူယု နေရာကိုပါ အစားထိုး နိုင်လိမ့်မည် ဖြစ်သည်။

ဤသည်က အခွင့်အရေး ဖြစ်သလို ပိုမို ကြီးကျယ် ခမ်းနားသည့် အဆင့်များကို တက်လှမ်းနိုင်ရန် လမ်းကြောင်းလည်း ဖြစ်ပေသည်။

ထျန်းမူယန်၊ ထျန်းလင်းယု၊ ယန်ချောင်ယွီနှင့် အသစ်ရောက်ရှိလာသည့် ကောင်းကင် ဧကရာဇ်များ အားလုံးမှာ ဒြပ်စင် နယ်မြေ၏ နယ်စပ် တစ်နေရာတွင် ရပ်နေခဲ့ကြ၏။ အပြင်ပန်း အမူအရာများက တည်ငြိမ်နေသည့်တိုင် သူတို့၏ အတွင်းစိတ်များကတော့ များစွာသော အတွေးများနှင့် ရှုပ်ထွေး နေခဲ့သည်။ သို့သော်လည်း... ခပ်ဝေးဝေးမှ အလင်းစက် နှစ်ခု ပျံသန်းလာသည်ကို တွေ့လိုက်ရသော အခိုက်၌ သူတို့ အားလုံး ညီတူညာတူပင် စိတ်လှုပ်ရှား လာခဲ့ကြသည်။

အကယ်၍... မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်တန်း ကျင့်ကြံသူများက သေမျိုး တစ်ယောက်နှင့် တွေ့ဆုံခွင့် ရရှိရန် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည် ဆိုသည့် သတင်းသာ ပျံ့နှံ့သွားပါက အားလုံး အံ့အားသင့် သွားကြလိမ့်မည် ဖြစ်သည်။

ထိုနေရာ၌ ရောက်နေကြသည်က အင်ပါယာ ကလန် တစ်ခုတည်းဟု မဟုတ်ပါချေ။ သူတို့၏ လှုပ်ရှားမှုများကို အကဲခတ်မိသည့် အခြား အင်အားစုများမှာလည်း ခပ်လှမ်းလှမ်းမှ လိုက်ပါလာကာ အခြေအနေကို စောင့်ကြည့် လေ့လာ နေကြသည်။ အင်ပါယာ မျိုးနွယ်က အဘယ်ကြောင့် ဒြပ်စင် နယ်မြေကို နောက်တစ်ကြိမ် ပြန်လာရသနည်း။ ကောင်းကင် ဖျက်ဆီးသူများ ပါမလာခြင်းကို ထောက်ချင့်ရပါက စစ်ပွဲ တစ်ခုတော့ မဖြစ်နိုင်လောက်ချေ။ မည်သည့် ကိစ္စက သူတို့ အတွက် အရေးကြီးနေသနည်း။

ဒြပ်စင် နယ်မြေမှာ ချိပ်ပိတ်ထားသည့် အပြင် အင်ပါယာ မျိုးနွယ်မှာလည်း မာ့ကျန်းနှင့် ဝေ့ဝူယင်တို့ အကြောင်း အချက်အလက်များကို လျှို့ဝှက်ထားလေရာ လက်ရှိ အချိန်အထိ မည်သူမှ အသေးစိတ် အချက်အလက်များကို တိတိကျကျ သိထားခြင်း မရှိပါချေ။

ဂီး...

ထိုအခိုက်တွင်ပင် ပိုင်လင်၏ အော်ဟစ်သံက ပေါ်လာကာ လျှို့ဝှက် အာဏာရှင် အဆင့်များ၏ အာရုံကို ဆွဲဆောင် သွား၏။

မီးဖီးနစ်...

အားလုံး၏ အမူအရာများက ထိတ်လန့် တုန်လှုပ်မှုများနှင့် ပြည့်နှက် သွား၏။ ထျန်းမူယန်တို့ တစ်သိုက်၏ မျက်လုံးများကတော့ စိတ်လှုပ်ရှားမှုများနှင့် တောက်ပသွားကြသည်။

ဟူး... ဟူး...

ပိုင်လင်က ဒြပ်စင်နယ်မြေ၏ စည်းအတွင်းပိုင်းတွင် ရပ်လိုက်သည်။ ထျန်းမူချူးက ဖြည်းညင်းစွာပင် အနားသို့ ပျံသန်းလာကာ လောက စွမ်းအင် အငွေ့အသက် အချို့ ထုတ်လွှတ်နေသည့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။

“အဆင့်တက်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ပြုပါတယ်... ဝေ့ဝူယင်...”

သူက ပြုံးရင်း ပြောလိုက်၏။

“ဂုဏ်ယူပါတယ်... သေမျိုး အာဏာရှင်ဝေ့...”

“မဟာ ကောင်းကင် ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့တဲ့ အတွက် အရမ်း ဂုဏ်ယူ ဝမ်းမြောက် မိပါတယ်... အာဏာရှင် အင်ပါယာဝေ့...”

ယန်ချောင်ယွီနှင့် အခြား ကောင်းကင် အင်ပါယာများလည်း ရှေ့သို့ တိုးလာကာ ဂုဏ်ပြုစကားများ ပြောဆို လိုက်ကြသည်။

ထျန်းလင်းယုက ယန်ချောင်ယွီကို မကျေမနပ် တစ်ချက် လှည့်ကြည့်၏။ အားလုံးက ဝေ့ဝူယင်ကို သေမျိုး အာဏာရှင်ဝေ့၊ အဂ္ဂိရတ် အာဏာရှင်ဝေ့ အဖြစ် သုံးနှုန်း နေကြချိန်တွင် ထိုမိန်းမကတော့ အရှက်မဲ့စွာဖြင့် ဖားယား၍ အာဏာရှင် အင်ပါယာ ဟု သုံးနှုန်းခဲ့သည်။ ထို့အပြင် ‘မဟာ’ ဟူသည့် စကားကိုပင် ထည့်သွင်း သုံးခဲ့သေး၏။

ထိုမျှလောက် အရှက်မရှိနေလျှင် တစ်ခါတည်းသာ တန်း၍ ဒူးထောက်လိုက်သင့်သည်။ သို့သော်လည်း ဤသည်က ထိုမိန်းမနှင့် စကားနိုင်လုရမည့် အချိန် မဟုတ်မှန်း ထျန်းလင်းယု သိပေသည်။ သူမက ဝေ့ဝူယင် ဘက်ကို လှည့်ကာ ယဉ်ကျေးစွာပင် ပြောလိုက်၏။

“လျှို့ဝှက်တာအိုနဲ့ ခြေတစ်လှမ်း နီးကပ်သွားတဲ့ အတွက် ဂုဏ်ယူပါတယ်... ဝေ့ဝူယင်”

ဝေ့ဝူယင်မှာ အားလုံး၏ တုန့်ပြန်မှုများကို ကြည်ကာ ရယ်ချင်သွားခဲ့၏။ မာ့ကျန်း မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းစဉ်ကပင် သူတို့၏ အမူအရာများက ထိုမျှလောက် မပြင်းထန်ချေ။

ဝေ့ဝူယင်မှာ သူတို့ အဘယ်ကြောင့် လာရသည်ကို မေးချင်နေခဲ့သော်လည်း မကောင်းတတ်လေရာ ထိန်းထားခဲ့ရ၏။ ယန်ချောင်ယွီ တစ်ယောက်ကိုတော့ သူ မျက်စိကျ နေခဲ့သည်။ ပထမ တစ်ကြိမ်ကနှင့် ခြားနားစွာပင် မိန်းကလေးမှာ ခပ်ကြပ်ကြပ် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ရင်သပ် ရှုမောဖွယ် ကောင်းသည့် ခန္ဓာကိုယ် ကောက်ကြောင်းများကို လှစ်ဟာ ပြသထားခဲ့သည်။ ထိုမြင်ကွင်းက အလွန်တရာ ဆွဲဆောင်မှု ရှိကာ မည်သည့် ယောက်ျားသားမဆို ရုန်းထွက်ရန် ခက်ခဲသည့် ရှုခင်း တစ်ခုလည်း ဖြစ်ပေသည်။

ယန်ချောင်ယွီမှာ ထိပ်တန်း အဆင့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားကြောင်း ဝေ့ဝူယင် အစောကြီးတည်းက သတိထားမိပေသည်။ သို့သော်လည်း ယခုမူကား...

ထျန်းမူယန်မှာ ဝေ့ဝူယင်၏ အကြည့်များကို အကဲခတ်ရင်း ယန်ချောင်ယွီ၏ နည်းလမ်းက အလုပ်ဖြစ်ကြောင်း တွေးလိုက်မိ၏။ ထို့ကြောင့် သူက ခပ်မြန်မြန်ပင် ရှေ့ကို တိုးလိုက်ရင်း...

“ဝေ့ဝူယင်... အနန္တ ဧကရာဇ် ကျမ်းစာက...”

စကားမဆုံးခင်မှာပင် ဝေ့ဝူယင် လက်ကာပြလိုက်၏။ ထို့နောက် သူက အနည်းငယ် ပြုံးလိုက်ရင်း မြေကြီး ရှန့်ထို အားလုံးကို ဝှေ့ကြည့်လိုက်သည်။

“ခင်ဗျားတို့လာကာ အနန္တ ဧကရာဇ် ကျမ်းစာကြောင့် မဟုတ်ဘူး မလား... ကျုပ်ကို အားမနာပါနဲ့... လာရင်း ကိစ္စကို တန်းပြီး ပြောလို့ ရပါတယ်”

“...”

ထျန်းမူယန် အပါအဝင် လူတိုင်းမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိ၏။ ဝေ့ဝူယင် ထိုကဲ့သို့ ပွင့်လင်းတာ ကောင်းပေသည်။ သူတို့ ဝေ့ဝိုက် ပြောနေစရာ မလိုတော့ပါချေ။

“သူတို့ ဘာကြောင့် ဒီကို လာရတယ် ဆိုတာတော့ ကျုပ် မသိပါဘူး...”

ထျန်းမူယန်က စကားဦး သမ်းကာ သူ့ကိုယ်သူနှင့် အခြားလူများကို ခွဲထုတ်လိုက်၏။ လူအချို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကာ သစ္စာဖောက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ထျန်းမူယန်က သူ တစ်ယောက်တည်း အတွက် ကိုယ်ပိုင် လမ်းကြောင်း ဖောက်နေတာ ထင်ရှားပေသည်။

“ဒါပေမဲ့ ကျုပ်ကတော့ အဆိုပြုချက် တစ်ခု ရှိလို့ လာခဲ့တာပါ...”

ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားကာ ခေါင်းတစ်ချက် ညိတ်လိုက်လေသည်။

“ကျုပ် နားထောင်နေပါတယ်လေ”

***

All Chapters