ထျန်းမူယန်
Vol. 67 Ch. 938
အဆိုပြုချက် ဆိုသည့် ထျန်းမူယန်၏ စကားကို ဝေ့ဝူယင် ချက်ချင်းပင် စိတ်ဝင်စား သွားမိ၏။ ထိုအင်ပါယာ ဧကရာဇ်ကြီးက ဘာကို လိုချင်နေသနည်း။ အင်ပါယာ မျိုးနွယ်ဝင်များမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် အချမ်းသာဆုံး၊ ရင်းမြစ် အပေါကြွယ်ဝဆုံး၊ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။ သူတို့က အမွေအနှစ်၊ သြဇာအာဏာနှင့် ပစ္စည်း ဥစ္စာတို့ကို အဆုံးစွန်ထိ ပိုင်ဆိုင်ထားကြသည်။
အနည်းငယ် စိတ်လှုပ်ရှား နေမိသည့်တိုင် ဝေ့ဝူယင် တည်ငြိမ်သည့် အမူအရာကို ဆက်လက် ထိန်းထားခဲ့၏။ လက်ရှိ ကြယ်တာရာ နယ်မြေ၏ အမြင်၌ သူက အင်အားကြီး နောက်ခံ တစ်ခုကို ပိုင်ဆိုင်ထားကာ အဆုံးမဲ့ အလားအလာများနှင့် လူငယ် တစ်ယောက် ဖြစ်သည်။ ထိုပုံရိပ်ကပင် သူ့ကို ကာကွယ်ထားခြင်း ဖြစ်သည်။ အမှန်တကယ် အားဖြင့် သူ့ထံတွင် ဘာနောက်ခံမှ မရှိချေ။ သူ အားအကိုးဆုံး ဖြစ်သည့် အာဏာရှင် အဖွဲ့မှာလည်း ယခုမှ တိုးတက်ဆဲ အခြေအနေတွင်သာ ရှိနေသေးဆဲ ဖြစ်သည်။
ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းပြီဟု မယူဆပါချေ။ အစစ်အမှန် မွေးဖွားခြင်းက ဘယ်အချိန် ပေါ်လာမည်မှန်း မသိရသေးသလို ထာဝရ အစည်းအရုံးကလည်း သူ့ အပေါ် ဘယ်လို သဘောထားနေသည်ကို စဉ်းစား မရချေ။ အမှားလေး တစ်ခုတည်းကပင်လျှင် သူ့ အသက်နှင့် ကံကြမ္မာကို အချိန်မရွေး နှုတ်ယူသွားနိုင်စွမ်း ရှိကြောင်း သူ နှလုံးသွင်းထားပြီး ဖြစ်သည်။
ထျန်းမူယန်ကလည်း ဝေ့ဝူယင် ကဲ့သို့ပင် တည်ငြိမ်မှုကို ထိန်းသိမ်းထားခဲ့၏။ သူက အဆိုပြုချက် ဆိုသည့် အရာကို ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ကာ ဝေ့ဝူယင်ထံ ပြောပြလိုက်သည်။ အားလုံး၏ အမူအရာများမှာ ပိုမို၍ ပြောင်းလဲ သွားခဲ့ကြ၏။ ထျန်းလင်းယု ပင်လျှင် ထျန်းမူယန်၏ ချဉ်းကပ်မှု အပေါ် အံ့အားသင့် သွားခဲ့သည်။ သူတို့ အားလုံးမှာ တူညီသည့် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ဤနေရာကို လာခဲ့ကြခြင်း ဖြစ်သည်။ ထိုမျှ လျှို့ဝှက်စရာ လိုသလော။
ပထမ၌ ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်၏။ ထို့နောက် သူ့ မျက်လုံးများက အံ့အားသင့်မှုနှင့် အတူ ပြူးကျယ် သွားခဲ့သည်။ သူက ထျန်းမူယန်ကို လေးနက်စွာဖြင့် ကြည့်လိုက်၏။ ထျန်းမူယန်က တောက်ပကာ သက်တောင့်သက်သာ ရှိသည့် အပြုံးတစ်ခုဖြင့် တုန့်ပြန်လိုက်သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း မြေကြီး ရှန့်ထိုများမှာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။
ဝေ့ဝူယင်က သက်ပြင်း ခပ်ဖျော့ဖျော့ တစ်ချက် ချလိုက်၏။ သူက မျက်လုံးများကို မှိတ်ကာ အသက်ကို ပေါ့ပေါ့ပါးပါး ရှူလိုက်သည်။ ဂရုတစိုက် ထိန်းသိမ်းထားသည့် မာနကြီးမားသည့် သူ့ အသွင်အပြင်က ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
အဘယ်ကြောင့်နည်း။ ရိုးရှင်းစွာပင် ဆက်လက် ပြုလုပ်ရန် မလိုတော့သောကြောင့် ဖြစ်သည်။ အကယ်၍ သူက မဟုတ်ပါဟု ပြောလျှင်ပင် ထျန်းမူယန်မှာ သူ့ထံတွင် အင်အားကြီး နောက်ခံ တစ်ခု ရှိနေပြီဟု အခိုင်အမာ ယုံကြည် နေခဲ့ပြီ ဖြစ်သည်။
ထျန်းမူယန်၏ အဆိုပြုချက်က ရိုးရှင်းပေသည်။ ဝေ့ဝူယင်မှာ မည်သည့် နေရာမှလာသည် ဖြစ်စေ... မြေကြီး ရှန့်ထိုများတွင် တန်ဖိုး ရှိပေသည်။ ထျန်းမူယန်က သူ့ သက်တမ်း အနှစ် ၅၀၀၀ ကို အဂ္ဂိရတ် သူရဲကောင်း တစ်ယောက် အနေဖြင့် ဝေ့ဝူယင်ထံ ကမ်းလှမ်းခဲ့သည်။ အပြန်အလှန် အနေဖြင့် ဝေ့ဝူယင်က သူ ချဉ်နှောင်ခံထားရသည့် လျှို့ဝှက် ကျိန်စာကို ဖယ်ရှားပေးရမည် ဖြစ်သည်။
ထာဝရ ဧကရာဇ် ဖန်တီးခဲ့သည့် လောကအံ့ဖွယ် ခုနစ်ပါးတွင် လျှို့ဝှက် ကျိန်စာများကို ဖယ်ရှားပေးနိုင်သည့် လျှို့ဝှက်လောက အဆင့် ဆေးရည် တစ်မျိုး ပါရှိပေသည်။
သို့သော်လည်း ထိုအရာက ထျန်းမူယန်၏ အဓိက ရည်ရွယ်ချက် မဟုတ်ကြောင်း ဝေ့ဝူယင် သိပေသည်။ သူက အဂ္ဂိရတ် သူရဲကောင်း ဟူသည့် အမည်နှင့် အတူ ဝေ့ဝူယင်ထံမှ ပြုစုပျိုးထောင်မှုကို လိုချင်ခြင်း ဖြစ်သည်။ ဝေ့ဝူယင်ထံတွင် အင်ပါယာ ကောင်းကင်ချီ နည်းလမ်းထက်ပင် ကျော်လွန်နေသည့် ကျင့်စဉ်များ၊ နည်းလမ်းများ၊ အစီအရင်များ ရှိလိမ့်မည်ဟု သူ ယုံကြည်သည်။ တစ်နည်းအားဖြင့် ဆိုရပါက ထျန်းမူယန်မှာ သူ့ကိုယ်သူ အနှစ်ငါးထောင် ဝေ့ဝူယင်ထံတွင် ရင်းနှီးမြှုပ်နှံလိုက်ခြင်း ဖြစ်သည်။ ထိုနှစ်ငါးထောင်ပြည့်ပြီးပါကလည်း သူ့အနေဖြင့် ဆက်လက် နေထိုင်နိုင်သလို ရေကြည်ရာ မြက်နုရာကို ရှာဖွေမည်ဆိုပါကလည်း အဆင်ပြေပေသည်။
ထို့အပြင်... ထျန်းမူယန်မှာ ဝေ့ဝူယင်ထံ၌ ထာဝရ ဧကရာဇ် ကဲ့သို့ပင် ဤနေရာမှ ထွက်သွားနိုင်သည့် နည်းလမ်း တစ်ခု ရှိလိမ့်မည်ဟုပင် ယုံကြည်သည်။
သို့တိုင်အောင်... လျှို့ဝှက် ကျိန်စာမှ ပယ်ရှားခြင်း ဆိုသည့် အချက်ကိုလည်း ပေါ့ပေါ့ဆဆ မယူသင့်ပါချေ။ ထျန်းမူယန် အင်ပါယာ မျိုးနွယ်ထံတွင် ထားရာနေ၊ စေရာသွား နေရခြင်းမှာ ထိုလျှို့ဝှက် ကျိန်စာကြောင့်ပင် ဖြစ်သည်။ ဒြပ်စင်နယ်မြေထဲကို မဝင်ရောက်နိုင်ခြင်းမှာလည်း ထိုကျိန်စာကြောင့်ပင်။
သို့သော်လည်း... ဝူယုကတော့ ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း တစ်ယောက် ဖြစ်နေသည်မှ တစ်ပါး ကြိုက်သည့် နေရာကို သွားနိုင်သည်။ ကြိုက်တာကို လုပ်နိုင်သည်။ သူ့အား တားဆီး ပိတ်ပင်နိုင်သည့် အရာ မရှိပါချေ။
ထျန်းမူယန် မျက်လုံးများ မှိတ်ထားသည့် ဝေ့ဝူယင်ကို စိတ်ရှည်စွာပင် စောင့်နေခဲ့၏။ ထိုအရာက သူ့ဘဝ တစ်ခုလုံးကို ပြောင်းလဲ ပစ်နိုင်သည့် အခွင့်အရေး ဖြစ်သည်။ သူ မည်ကဲ့သို့ မစောင့်ပဲ နေနိုင်မည်နည်း။
အတန်ကြာပြီး နောက်မှ ဝေ့ဝူယင်က မျက်လုံးများ ပြန်ပွင့်လာကာ ထျန်းမူယန်ကို ကြည့်လိုက်၏။ ထို့နောက် သူက ဝိညာဥ်အာရုံဖြင့်ပင် ပြန်လည် ဆက်သွယ်လိုက်သည်။
“ခင်ဗျားရဲ့ ကျင့်ကြံခြင်း အခြေခံကို ပြောစမ်းပါ... လျှို့ဝှက် အာဏာရှင် အဆင့်ကို မရောက်ခင် ဝိညာဥ်ဆင်းတု ကွင်း ဘယ်နှင်ကွင်း၊ အာကာသ ပဲ့တင်သံလှိုင်း ဘယ်နှစ်ခုက အစ ရည်ရွယ်ချက် ဘယ်နှစ်ခုကို နားလည်ထားတယ်... ဘယ်လို လျှို့ဝှက် အာဏာရှင် အဆင့်မျိုး ဖြစ်တယ် ဆိုတဲ့ အထိ”
ထျန်းမူယန်၏ အမူအရာက ချက်ချင်းပင် ဝင်းလက်သွား၏။ ဝေ့ဝူယင် မေးလိုက်သည့် အဓိပ္ပာယ်ကို သူ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။
မဟာစက်ဝန်း ကြယ်ကွင်းပြင်၌ မြေကြီး ရှန့်ထို အဆင့်တိုင်းက တန်ဖိုးရှိသည့်တိုင် ဝေ့ဝူယင်၏ အမြင်တွင်တော့ အများစုက နိမ့်ကျကောင်း နိမ့်ကျနေနိုင်ပေသည်။ ဝေ့ဝူယင်၏ အမည်မသိ နောက်ခံကို တွေးလိုက်မိသော အခိုက်၌ ထိုအရာက အဓိပ္ပာယ်ရှိသည်ဟု သူ ခံစားလိုက်ရ၏။ ဝေ့ဝူယင်က သူ အရည်အချင်း မှီ၊ မမှီ အင်တာဗျူး နေသည့် အလား ထျန်းမူယန် စိတ်များ လှုပ်ရှား လာမိသည်။
ထျန်းမူယန် ခပ်မြန်မြန်ပင် စိတ်အာရုံကို ပြန်လည် စုစည်းကာ သူ့ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ပြောပြလိုက်၏။ ထျန်းမူယန်မှာ ထျန်းမျိုးနွယ် အင်ပါယာ မဖြစ်ခင်တည်းက လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းခဲ့ရာ သူက ကြယ်တာရာ အမြုတေ အဆင့်တွင် များပြားသည့် အထောက်အပံ့များ မရခဲ့ဟု ဆိုသည်။
သို့သော်လည်း အမှန်တကယ် နားထောင်သော အခိုက်၌ ဝေ့ဝူယင် ပင်လျှင် အံ့အားသင့် သွားခဲ့ရသည်။ ထျန်းမူယန်မှာ အထွတ်အထိပ် အဆင့် ရည်ရွယ်ချက် တစ်ခုဖြစ်သည့် မဟူရာ လျှပ်စီး ရည်ရွယ်ချက်ကို နားလည်ထားရုံမျှသာ မက ဝိညာဥ်ကွင်းကိုလည်း ကိုးကွင်း အထိ ရရှိခဲ့သည်။ အာကာသ ပဲ့တင်သံလှိုင်းကတော့ ကိုးခု ဖြစ်ကာ မူလ အလင်းက ခရမ်းရောင် ဖြစ်သည်။
လျှို့ဝှက် အာဏာရှင် အဆင့်ကိုတော့ ထျန်းမူယန်မှာ လျှို့ဝှက် သင်္ကေတ မျိုးစေ့ လေးဆယ့် ခြောက်ခုနှင့် အတူ တက်လှမ်းခဲ့သည်။
သူက သင်္ကေလေးခု သို့တည်းမဟုတ် လမ်းစဉ်လေးခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်ကာ မန်နာ၊ ဝိညာဥ်၊ ဆက်သွယ်ခြင်းနှင့် ပြောင်းလဲခြင်း ဆိုသည့် လျှို့ဝှက်လမ်းစဉ် လေးခုကို နားလည်ထားသည်။ သို့သော်လည်း... မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းခဲ့ပြီး နောက်တွင်တော့ အာကာသနှင့် အလင်း လမ်းစဉ် နှစ်ခုကိုပါ ထပ်တိုး၍ နားလည်လာခဲ့ကာ လမ်းစဉ် ခြောက်ခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာခဲ့သည်။
ထိုအရာက သူ၏ လက်ရှိ အကန့်အသတ် ဖြစ်ပေသည်။
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်မိ၏။ ထျန်းမူယန်မှာ အားမနည်းလှချေ။ သူက ဟန်ယုဟိုင်ထက် ပိုမို၍ အစွမ်းထက်သည့် အပြင် အင်ပါယာ ကောင်းကင်ချီနှင့် ဆင်တူသည့် နည်းလမ်း တစ်ခုကိုလည်း ကျင့်ကြံထားသေးသည်။ သို့သော်လည်း... ဝူယု၊ မာ့ကျန်းတို့နှင့် နှိုင်းယှဉ်လျှင်တော့ သူက အလွန် အားနည်း နေပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ခြုံငုံ ကောက်ချက် ချရလျှင် ဟန်ယုဟိုင်မှာ အသုံးဝင်ပေသည်။ ဝေ့ဝူယင် ဟန်ယုဟိုင်ကို ကြည့်လိုက်၏။
“လက်ရှိတော့ ကျုပ်ဆီမှာ ကျိန်စာဖျက် ဆေးရည် မရှိသေးဘူး... ကျုပ်ကိုယ်တိုင်လည်း မဖန်တီးနိုင်သေးဘူး”
ထျန်းမူယန် စိတ်ပျက်လက်ပျက် ဖြစ်သွားမိ၏။ သို့သော်လည်း တွေးကြည့်လိုက်တော့ ထိုအရာက အဓိပ္ပာယ် ရှိသည်။ ဝေ့ဝူယင်မှာ ယခုမှ သေမျိုးအဆင့်တွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ သူက အဘယ်ကြောင့် မြေကြီး ရှန့်ထိုများ အတွက် ကျိန်စာဖျက် ဆေးရည်ကို သယ်ဆောင်ထားရမည်နည်း။ ထို့အပြင်... ယင်းကဲ့သို့ ဆေးရည် တစ်ခု ဆောင်ထားခြင်းက သူ့အတွက်လည်း အန္တရာယ် များပေသည်။ ထျန်းမူယန်၏ မျက်လုံးများက အနည်းငယ် မှေးမှိန်သွားခဲ့၏။
သို့သော်လည်း ဝေ့ဝူယင်က စကားမဆုံးပါသေးချေ။
“ဒါပေမဲ့ နောက်ထပ် ရာစုနှစ် နှစ်ခု သုံးခုလောက် အတွင်း ကျုပ်ဆီမှာ ရှိလာလိမ့်မယ်... ခင်ဗျား စောင့်နိုင်ရင်ပေါ့လေ”
“ရာစုနှစ် နှစ်ခု သုံးခု...”
မှေးမှိန်သွားသည့် ထျန်းမူယန်၏ မျက်လုံးများက ချက်ချင်းပင် တဖျပ်ဖျပ် ပြန်လည် တောက်ပသွားသည်။ နှစ်သောင်းနှင့်ချီ နေထိုင်ခဲ့သူ တစ်ယောက် အတွက် ရာစုနှစ် နှစ်ခု သုံးခုက တဒင်္ဂစာသာ ဖြစ်ပေသည်။ ဝေ့ဝူယင်က ထိုအချိန်တိုလေး အတွင်း လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို တက်လှမ်းနိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်လား။
“ခင်ဗျား ဘယ်လို သဘောရလဲ...”
ဝေ့ဝူယင်က အနည်းငယ် ပြုံးရင်း မေးလိုက်၏။
“ကျုပ် ဆေးရည်ကို ရတဲ့ အချိန်ကျ ခင်ဗျား ကျုပ်ရဲ့ အဂ္ဂိရတ် သူရဲကောင်း လာလုပ်ပေါ့... ဘယ်လိုပဲ ဖြစ်ဖြစ် ခင်ဗျားက အရည်အချင်း ပြည့်မှီရုံလောက်တော့ ရှိပါတယ်... အဲဒီ မတိုင်ခင် အတွင်းတော့ ခင်ဗျား အင်ပါယာ မျိုးနွယ်မှာပဲ ဆက်နေပေါ့လေ... ဒါပေမဲ့ ရိုးရှင်းတဲ့ ကိစ္စလေးတွေ ပေါ်လာရင်တော့ ကျုပ်ကို ကူညီပေးပေါ့... ဟုတ်တယ်မလား”
တစ်ခဏမျှ စဉ်းစားပြီးနောက် ထျန်းမူယန် ခေါင်းညိတ်လိုက်၏။ လက်ရှိ၌ သူက အင်ပါယာ မျိုးနွယ်၏ ထိန်းချုပ်မှုကို ဆက်လက် ခံထားရဆဲ ဖြစ်သည်။ ဝေ့ဝူယင် ပြောသည့် ရိုးရှင်းသည့် ကိစ္စလေးများမှာ လျှို့ဝှက် ကျိန်စာကို ချိုးဖောက်သည့် ကိစ္စများ မဟုတ်သေးသရွေ့ သူ ကူညီနိုင်ပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သူ လိုချင်သည့် အခွင့်အရေး ရခဲ့ပြီ မဟုတ်ပါလား။
သို့သော်လည်း... ဝေ့ဝူယင်က “အရည်အချင်း ပြည့်မှီရုံ”ဟု ပြောသည်ကိုတော့ သူ အနည်းငယ် ခံပြင်း နေမိသည်။ သူ့လိုလူက အရည်အချင်း မပြည့်မှီလျှင် မည်သူက ပြည့်မှီသနည်း။
ထျန်းမူယန် ဆက်လက် ထိန်းချုပ်နိုင်စွမ်း မရှိလေရာ မေးလိုက်၏။
“စိတ်မရှိရင် ကျုပ် တစ်ခုလောက် မေးချင်ပါတယ်... ဝေ့ဝူယင်ရဲ့ အဂ္ဂိရတ် သူရဲကောင်း ဝူယုက ဘယ်အဆင့် မြေကြီး ရှန့်ထိုလဲ မသိဘူး”
ဝေ့ဝူယင်က ပြုံးလိုက်ရင်း အခြားလူများကိုပါ ဝှေ့ကြည့်လိုက်သည်။
“ကျုပ်ရဲ့ အဂ္ဂိရတ် သူရဲကောင်းက ဘယ်အဆင့် မြေကြီး ရှန့်ထိုလဲ ဆိုတာ ခင်ဗျားတို့ သိချင်ကြလား”
အားလုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြကာ ဝေ့ဝူယင်တို့ဘက်ကို လှည့်ကြည့် လိုက်ကြ၏။ ဤသည်က မိနစ် အနည်းငယ် ကြာပြီးနောက် ဝေ့ဝူယင် ပထမဆုံး အကြိမ် ပွင့်လင်း မြင်သာစွာ ပြန်လည် စကားပြောလာခြင်း ဖြစ်သည်။
“သိချင်ပါတယ်... အာဏာရှင် အင်ပါယာဝေ့”
ချိုက်လျှို့ယန်က အားလုံးထက် အလျင်ဦးအောင် ဖြေလိုက်၏။ ဝေ့ဝူယင်က သူမကို လှည့်ကြည့်ကာ လက်ခုနစ်ချောင်း ထောင်ပြလိုက်သည်။
“သူ သင်္ကေတ ခုနစ်ခု အဆင့်မှာ ရှိတယ်”
လင်းထျန်းယုမှ တစ်ပါး အားလုံးမှာ ထိတ်လန့် အံ့သြသွားကြ၏။ မိန်းကလေးမှာ အစောကြီးတည်းကပင် သင်္ကေတ ခုနစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်သည်။ ထျန်းမူယန်နှင့် ခြားနားစွာပင် သူမမှာ ထျန်းမျိုးနွယ် အင်ပါယာ ဖြစ်လာပြီးနောက်မှ မွေးဖွားလာခဲ့သူ ဖြစ်သည်။ ငယ်ရွယ်စဉ် အချိန်ကတည်းက သူမမှာ ရင်းမြစ်၊ ထုတ်ကုန်၊ နည်းလမ်းနှင့် လမ်းညွှန်မှုတို့ကို အလျှံပယ် ရရှိခဲ့သည်။
သို့သော်လည်း ဝေ့ဝူယင်က နောက်ထပ် လက်တစ်ချောင်းကို ထပ်မံ ထောင်လိုက်လေ၏။
“ဒါပေမဲ့ နည်းနည်းလောက် ကူညီလိုက်တာနဲ့ သူက သင်္ကေတ ရှစ်ခု အဆင့်ကို မြင့်တက် သွားခဲ့တယ်”
“...”
ယခုတစ်ကြိမ်တွင်တော့ အားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားကြ၏။ မြေကြီး ရှန့်ထို အဆင့်များ အနေဖြင့် သင်္ကေတ အသစ် တစ်ခုကို ပိုင်ဆိုင်ရန် မည်မျှ ခက်ခဲကြောင်း သူတို့ နားလည်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ အနည်းငယ် ကူညီလိုက်ရုံဖြင့် နောက်တစ်ဆင့်ကို မြင့်တက်သွားခဲ့သည်ဟု ဆိုသည်။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
***