အကြံအစည် ကိုယ်စီနှင့်။
Vol. 81 Ch. 1122
လင်းယွန် စကားကြောင့် ခရမ်းငယ် ခမျာ ကောင်းကင် လမ်း၌ သွေးလွှမ်းသော မြင်ကွင်း မျိုး၊ ပြန်၍ မြင်ယောင် လာသည်။
သဲဝါ လွင်ပြင်၌၊ စစ်မက် နယ်မြေ၏ ကျေးကျွန် များကို သတ်လိုက် ပြီးနောက် မိစ္ဆာ ဓားသမား အဖြစ် သမုတ်ခဲ့ ကြသည်။
သို့သော် တိမ်လွှာ ဂိုဏ်းသို့ ရောက်ရှိ ချိန်တွင်၊ ထိုအမည်မှာ ပန်းသင်္ချိုင်း နှင့်အတူ၊ ပျောက်ကွယ် သွားခဲ့သည်။
သည်နေ့ မှာတော့ ထိုမိစ္ဆာကို ပြန်၍ အသက်သွင်း ရ တော့မည် ဖြစ်သည်။ အတွေ့ အကြုံနှင့် သတ်ဖြတ် ခဲ့သော အသက်များ အရ၊ သူ့ သတ်ဖြတ်မှု ရောင်ဝါမှာ၊ လူတိုင်း နားလည် ထား သည်ထက်၊ ပို၍ ကြောက်စရာ ကောင်း လေသည်။
“ လင်းယွန်၊ သူတို့ အားလုံးက အထွတ် အထိပ် ကြယ်စင်စုမှာ ရှိနေ ကြတယ်၊ ပလွေကို ဓား အဖြစ် ထုတ်သုံး ရင်တောင် မလွယ်ဘူး။ ”
ခရမ်းရောင်က လင်းယွန်ကို သတိပေး လိုက်သည်။ ယန်ထန့် တစ်ဦးတည်း ဆိုပါက ပြဿနာ မရှိချေ။
ယန်ထန့်နှင့် အဆင့်တူ၊ နောက်ထပ် နှစ်ယောက် ကိုပါ၊ တပြိုင် နက်တည်း ရင်ဆိုင် ရန်မှာ၊ အန္တရာယ်များ ပေသည်။
“ ငါ့ကို ... စိတ်မြန်တဲ့ လူလို့၊ ပြောချင် နေတာလား။ ”
လင်းယွန်က မေးသည်။
“ မ ဟုတ် ဖူး လား။ ”
မေးခွန်းကို မေးခွန်းဖြင့်၊ ခရမ်းငယ်မှ ပြန်ဖြေသည်။ လင်းယွန်က နဂါးလေးအား ညင်သာစွာ ပွတ်သပ် လိုက်ပြီး၊
“ ငါသာ ဦးနှောက် မရှိရင်၊ နဂါးလေးကို မရိုက် နိုင်ခင် ထဲက၊ ယန်ထန့် သေနေပြီ၊ ဒါက တိမ်လွှာ ဂိုဏ်းကို ခက်ခဲစေ လိမ့်မယ်၊ ...
... ပြီးတော့ ငါ ဘယ်သူ ဆိုတာ မထုတ်ဖော် ချင်သေးဘူး၊ မဟုတ်ရင် နတ်မိစ္ဆာ မိုးကြိုးဓားကို လွတ်သွား နိုင်တယ် ... ။ ”
သို့မှသာ ခရမ်းငယ် ခမျာ၊ စိတ်အေး သွားသည်။ သူမ အနေဖြင့် လွန်လွန် ကဲကဲ စိုးရိမ် နေမိကြောင်း၊ သတိ ဝင်လာ၏။
လင်းယွန်မှာ ဤယန်ထန့်တို့ အပြင် နတ်မိစ္ဆာ မိုးကြိုးဓား ကိုပါ သတ်ရန် ရည်ရွယ် နေမှန်း နားလည် လိုက်သည်။
“ ဒါဆို ... နင်က ဘာလို့ ... ၊ သူတို့ ရိုက်တာကို ခံယူရ တာတုန်း ... ။ ”
“ နဂါးလေး သေမှာကို ငါက ရပ်ကြည့် နေရ မှာလား။ ”
ခရမ်းငယ် ရင်ခွင် ထဲရှိ နဂါးလေးကို ကြင်နာစွာ လှမ်းကြည့်ပြီး လင်းယွန်က ဖြေ၏။ မျက်နှာမှာ ပြုံးနေ သော်လည်း၊ သူ့ သွေးများ ပွက်ပွက်ဆူ နေခဲ့သည်။
နဂါးလေးတွင် ရှိသော နဂါး သွေးမှာ သန့်စင်ပြီး၊ ရှေးဟောင်း နဂါး မျောက်ဝံ အသွင် ပြောင်းခြင်း၊ နည်းစနစ်ကို ကျင့်ကြံထား သည်မှာ ကံကောင်း ပေ၏။။
သူတော်စင် ဆေးလုံး အမြောက် အများကို စားသုံး ပြီးနောက်၊ ပြန်၍ ကောင်းမွန်ရန် အချိန် သိပ်မကြာ နိုင်ချေ။
“ ပလွေနဲ့ ဆိုရင် ... ၊ နင်ရဲ့ လက်ရှိ ခွန်အားက ဘယ်လို အခြေ အနေ ရှိလဲ။ ”
ခရမ်းငယ်က မေးသည်။ လင်းယွန်မှာ အချိန်တိုင်း လိုလို၊ တစ်ယောက်တည်း ကျင့်ကြံ လေ့ရှိပြီး၊ လောဟွာနှင့် ဝိုင်သွား သောက်သည့် အချိန် ၌လည်း၊ သူမ လိုက်သွားခြင်း မရှိချေ။
ထို့ကြောင့် ယန်ထန့် တို့ သုံးဦးနှင့် နတ်မိစ္ဆာ မိုးကြိုးဓားကို သတ်ရန်၊ အဘယ်ကြောင့် ဤမျှ ယုံကြည် ချက်ရှိနေ သည်ကို၊ သိချင် ၏။
“ နှစ်ရက် နေရင် ... ၊ မင်း သိပါ လိမ့်မယ်။ ”
ကောင်းကင်ပေါ် မော့ကြည့်လျက်၊ ကြယ်များကို ငေးကြည့် ပြီးနောက်၊ လင်းယွန်မှ ပြန်ဖြေ လိုက်သည်။
“ ဟမ့် ... ။ ”
လင်းယွန်၏ လျှို့ဝှက်သော အသွင်က၊ ခရမ်းငယ်ကို မကျေ မနပ် ဖြစ်စေကာ၊ နှုတ်ခမ်း ဆူ သွားသည်။
သည့်နောက် ငြိမ်းအေးခြင်း ဆေး တစ်လုံးကို၊ ထုတ်ယူလျက် သောက်ချ လိုက်၏။ ဒဏ်ရာ မည်မျှပင် ပြင်းထန်နေ ကာမူ၊ ချက်ချင်း ပျောက်ကင်း နိုင်ပေသည်။
ညရောက် ချိန်၌၊ ယန်ထန့်၊ လဲ့လန်နှင့် ရွှမ်ဖေးတို့မှာ၊ ရှေ့ဆက် ရမည့် လုပ်ငန်းစဉ် များကို၊ ဆွေးနွေး တိုင်ပင် နေကြသည်။
နတ်မိစ္ဆာ မိုးကြိုးဓား ဆိုသူမှာ၊ အမည် ဆိုးနှင့် ကျော်ကြား လှပြီး၊ လှုပ်ရှား သွားသည့် အခါတိုင်း၊ ပြောစမှတ် တွင်အောင် ပြုလုပ် ထား နိုင်သည်။ ထို့ကြောင့် သူ့အား မည်သူမျှ လျှော့ မတွက် ဝံ့ချေ။
“ အစ်ကို ယန် ... ၊ ဒီ နတ်မိစ္ဆာကို ကိုင်တွယ်ဖို့ ဆိုတာက မလွယ်ဘူး၊ မင်းမှာ နည်းလမ်း ရှိလား။ ”
ရွှမ်ဖေးက မေးမိသည်။ သူနှင့် လဲ့လန်မှာ ယန်ထန့် ကြောင့်၊ ဤနေရာသို့ ရောက် လာခြင်း ဖြစ်သည်။
ယန်ထန့်က လျှို့ဝှက် သော အပြုံးဖြင့်၊
“ မကြာခင် သိရ မှာပါ၊ ငါ့ရဲ့ စီနီယာ အစ်ကိုက၊ ဒီကို မလာခင် သူတော်စင် ပစ္စည်း တစ်ခု၊ ငါ့ကို ပေးခဲ့တယ်။ ”
သူတော်စင် ပစ္စည်း များသည် တာအို လက်ရာထက်၊ ကျော်လွန်သော အဆင့် ဖြစ်၏။ နဝမတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး မှသာ၊ ဖန်တီး နိုင်မည်။
ဝိညာဉ် ရေးရာ ဆရာ သခင် များကို နဝမ အဆင့်ထိ ခွဲခြား ထားပြီး၊ အဆင့် တစ်ခု စီအား၊ အောင်မြင်မှု ရယူရန် မလွယ်ကူ ချေ။
သတ္တမတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် တစ်ပါး ဖြစ်ရန်၊ သူတော်စင် ရူရ် ပေါင်း (၉၀၀) ကို၊ ဆုပ်ကိုင် နိုင်ရ ပေမည်။
သူတော်စင် လက်ရာ များတွင်၊ ရေးထွင်း ထားသော သူတော်စင် ရူရ်များ လေလေ၊ ပို၍ အားကောင်း လေလေ ဖြစ်၏။
အချို့သော သူတော်စင် လက်ရာ များမှာ၊ ထောင်ပေါင်း များစွာသော သူတော်စင် ရူရ်များ ပင်၊ ပါရှိ လေသည်။
အပြာရောင် စံအိမ်တွင်၊ သူတော်စင် ရူရ် (၁၀၀) ပါရှိသော လက်ရာ မျိုးမှာ၊ ရှားပါးစာရင်း ဝင်၏။
ထိုအဆင့် လက်ရာ များကို၊ အင်ပါ ရီယန် တစ်ပါး မဆိုနှင့်၊ ပင်မ နတ်ဘုရားများ သည်ပင်၊ ပိုင်ဆိုင်ရန် ခဲယဉ်း ပေမည်။
သာမာန် အမာခံ တပည့်များ အနေဖြင့်၊ သူတော်စင် အဆင့် ရတနာ များကို၊ ပိုင်ဆိုင်ရန် မဖြစ် နိုင် သော်လည်း၊ ယန်ထန့်၏ အစ်ကို ချူထျန်းဟောင်မှာ၊ ချွင်းချက် ဖြစ်သည်။
ထိုသူသည် နက္ခတ် နယ်ပယ်၌ ဖြစ်ပြီး၊ အင်ပါ ရီယန် အဆင့် ဇယားတွင်၊ ထိပ်ဆုံး (၂၀,၀၀၀) အတွင်း၊ ဝင်၏။
မျိုးဆက်သစ် လူငယ် များကြား၊ အသန်မာဆုံး ဖြစ်ကာ၊ အပြာရောင် စံအိမ် နယ်မြေ၌၊ ပြိုင်ဘက် ကင်းချေပြီ။
ထို့ကြောင့် လေလွင့် နန်းတော်မှ၊ ချူထျန်းဟောင်ကို သူတော်စင် လက်ရာ ပေး အပ်ကာ၊ ဤမြေမှ ထွက်ခွာစေ လိုသည်။
“ အပြာရောင် စံအိမ်က၊ မငြိမ် မသက် ဖြစ်နေပြီ၊ ယဲ့ဇီလင်က ကောင်းကင် ဓားကို ပိုမို ကျွမ်းကျင် လာတယ်လို့ ငါ ကြားတယ်၊ ပြီးတော့ ...
... ပန်းသင်္ချိုင်း ဆိုတဲ့၊ ဓားသမား တစ်ယောက်လည်း ရှိသေးတယ်၊ သူက လျှပ်စီး တိမ်လွှာ ဂိုဏ်းရဲ့၊ အမာခံ တပည့် ဖြစ်ဖို့ ...
... ရာခိုင်နှုန်း များတယ်၊ ကြည့်ရတာ တိမ်လွှာ ဂိုဏ်းရဲ့၊ ဂုဏ် သတင်းက ပြန်ပြီး၊ မြင့်တက် လာတော့မဲ့ ပုံပဲ။ ”
ယန်ထန့်က လေးနက်စွာ ဆိုသည်။ ရွှမ်ဖေးနှင့် လဲ့လန့် တို့မှာ၊ သူ့စကား ကြားသော အခါတွင်၊ ဖြစ်နိုင် ချေရှိ သဖြင့်၊ နှလုံး သားများ တုန်ခါသွား ကုန်၏။
“ ဒါပေမယ့် ... သူတို့ကြောင့် ငါတို့က လာတာ ဆိုရင်တော့ ... ၊ စိတ်စောရာ ရောက် မနေ ဖူးလား။ ”
ရွှမ်ဖေးက သတိ ထားပြီး မေးလိုက်သည်။ ယဲ့ဇီလင်နှင့် ပန်းသင်္ချိုင်းအား တပြိုင်နက်တည်း ယှဉ်ဆိုင်ရန် မဖြစ်နိုင် သေးချေ။ ယန်ထန့်မှာ ခေါင်းညိတ်လျက်၊
“ ငါ့ အစ်ကိုမှာ ... ၊ ရည်ရွယ်ချက် နှစ်ခု ရှိတယ်၊ ပထမ တစ်ခုက နတ်မိစ္ဆာ မိုးကြိုးဓား ကို၊ ယဲ့ဇီလင် ပြန်မလာခင် သတ်ဖို့ပဲ။ ”
လဲ့လန်နှင့် ရွှမ်ဖေးမှာ မျက်လုံးများ တောက်ပ လာပြီး၊ ခေါင်းညိတ် လိုက်ကြသည်။ အဓိပ္ပါယ်ကို သဘောပေါက် ပေ၏။
နတ်မိစ္ဆာ မိုးကြိုးဓား လင်အောင်းရန် ဆိုသူသည်၊ လျှပ်စီး တိမ်လွှာ ဂိုဏ်း၏ အမာခံ တပည့် များကို သတ်ကာ၊ ယဲ့ဇီလင် လက်မှ လွတ်မြောက် ခဲ့ဖူးသည်။
ယင်းက ယဲ့ဇီလင်အား ကြိုးထုံး တစ်ခု ဖြစ်လာ စေ၏။ ထို ကြိုးထုံးကို မဖြည် နိုင်သ၍၊ သူမ၏ ကောင်းကင် ဓားမှာ၊ ချို့ယွင်းချက် ရှိနေ ပေ လိမ့်မည်။
“ ဒုတိယ ရည်ရွယ်ချက် ကရော ... ။ ”
လဲ့လန်က မေး၏။
“ ပန်းသင်္ချိုင်း ... ”
ယန်ထန့်မှ ပြန်ဖြေသည်။ ထိုအမည်ကို ထုတ်ဖော် ချိန်၌ သူ့ မျက်နှာမှာ၊ ရုတ်ချည်း အေးစက် သွား၏။
“ ... သူလာ လိမ့်မယ်လို့ ... ၊ ငါ့ အစ်ကိုက ယူဆ ထားတယ်၊ လာခဲ့ရင် ... ၊ သူ့ ကို သတ်ပစ် ရမယ်။ ”
ထိုစကားကြောင့် လဲ့လန်နှင့်၊ ရွှမ်ဖေးမှာ အနည်းငယ် တုန်ယင် သွားသည်။ ယန်ထန့်၏ စီနီယာ အစ်ကို ချူထျန်းဟောင်မှာ၊ အမှန်ပင် ကြောက်စရာ ကောင်းပေသည်။
လေလွင့် ဘုရင် နည်းစနစ်ကို အမြင့်ဆုံး အထိ တက်လှမ်း နိုင်ရန်၊ တံခါးပိတ် ကျင့်ကြံ နေ သည်ဟု သတင်းကြား ထား၏။
သို့သော် ပြိုင်ဘက်များ အပေါ်၊ မျက်ချေ မပြတ် စောင့်ကြည့် နေပုံရ လေသည်။ ၎င်းနှင့် ယှဉ်ပါက သူတို့၏ စီနီယာ အစ်ကို များမှာ၊ များစွာ လိုအပ် နေသေးသည်။
“ ဒါပေမယ့် အစ်ကိုယန်၊ မင်းက အရမ်း အလျင် လို နေပုံပဲ။ ”
ရွှမ်ဖေးက နေ့ခင်း၌ ဖြစ်ပျက် ခဲ့သော အကြောင်း အရာ များကို ရည်ရွယ်ကာ၊ ဝေဖန် လိုက်ခြင်း ဖြစ်သည်။
ဘိုးဘေးချို ရှေ့တွင်၊ တိမ်လွှာ ဂိုဏ်း၏ အမာခံ တပည့် တစ်ဦးအား၊ ဒုက္ခိတ ဖြစ်အောင် ရိုက်လို သည်မှာ၊ ဆင်ခြင်တုံ တရား မဲ့ရာ ကျပေသည်။
လင်းယွန်မှာ လျှပ်စီး တိမ်လွှာ ဂိုဏ်း၏၊ အရေးပါ သူ တစ်ဦး ဖြစ်သော်၊ သေချာပေါက် လက်စားချေ လာပေ လိမ့်မည်။
“ လျှပ်စီး တိမ်လွှာ ဂိုဏ်းရဲ့၊ တပည့် တစ်ဦးက၊ ဓားသူတော်စင် တောင်ပေါ် ရောက် သွားပြီ ဆိုတာ၊ ကြားတယ် မဟုတ်လား။ ”
ဤဖြစ်ရပ်သည် အပြာရောင် စံအိမ်အား လှုပ်ခါ နိုင်သော အရာ ဖြစ်သဖြင့်၊ လဲ့လန်နှင့် ရွှမ်ဖေးက ခေါင်းညိတ် လိုက်၏။
ဓား သူတော်စင် တောင် ဟူသည် ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၌ ကျော်ကြား လှသော တောင်တန်းကြီး တစ်ခု ဖြစ်ပြီး၊ ဂိုဏ်း သုံးဂိုဏ်းမှ ၎င်းကို မျက်စိကျ နေသည်မှာ၊ အချိန် အတော် ကြာလေပြီ။
ထို့ကြောင့် သည် သတင်းအား၊ သူတို့ မသိ နိုင်စရာ အကြောင်း မရှိချေ။
“ အဲ့ဒါ သူပဲ ... ။ ”
ယန်ထန့်က သက်ပြင်း ချကာ၊ ပြော လာသည်။ လဲ့လန်နှင့် ရွှမ်ဖေးတို့ နှစ်ဦးမှာ အံ့ဩ တုန်လှုပ် သွား၏။ နှစ် (၁၀၀၀) ဒဏ္ဍာရီ ကို၊ သူတို့ ဖျောက်ဖျက်လု နီးပါး ပေပင်။
“ အနာဂတ်မှာ ... ၊ မြွေပွေး တစ်ကောင် ဖြစ်လာ လိမ့်မယ်၊ အခုလို ထွက်ပြေး သွားတာ နှမျော စရာပဲ။ ”
ယန်ထန့်က ပါးပြင် ပေါ်ရှိ၊ အမာရွတ်ထံ အေးစက်သော အမူ အရာဖြင့်၊ ပြန်၍ ထိကိုင် လိုက်သည်။
“ ဒါပေမယ့် ... အခုလည်း မဆိုး ပါဘူး၊ အားလုံး ပြီးသွားရင် ... ၊ လျှပ်စီး တိမ်လွှာ ဂိုဏ်း နဲ့ အဆုံးသတ် လို့ ရပါ သေးတယ်။ ”
“ မှန်တယ် ... ၊ သူကို့ လူသိ ရှင်ကြား နှိပ်စက် နေစရာ မလို ပါဘူး၊ ငါ တို့ကြောင့် သူ ဒဏ်ရာ အပြင်း အထန် ရသွားမှာ ...
... သေချာ ပါတယ်၊ ဒါကြောင့် အလင်းအိမ် ကျွန်းကနေ သုံးရက် အတွင်း ထွက်ခွာ နိုင်ဦးမှာ၊ မဟုတ် ပါဘူး။ ”
ရွှမ်ဖေးနှင့် လဲ့လန်က သတ်ဖြတ် လိုသော ဆန္ဒ များဖြင့်၊ ရေရွတ် လိုက်၏။ ၎င်းတို့ နှစ်ဦး မှာ၊ သူနှင့် အတွေး အမြင် တူသောကြောင့်၊ ယန်ထန့်က ပြုံးမိသည်။
“ နတ်မိစ္ဆာ မိုးကြိုးဓားကို ... ကိုင်တွယ် ပြီးရင်၊ ငါတို့ သူ့ကို ရှာမယ်၊ ဘယ်လောက်ပဲ အကောင် သေးသေး မြွေဟောက် ဆိုတာက၊ အဆိပ် ပြင်းတယ်။ ”
လင်းယွန်မှာ နတ်မိစ္ဆာ မိုးကြိုးဓားအား စောင့်ဆိုင်းနေ သကဲ့သို့၊ ယန်ထန့် သည်လည်း၊ စောင့်မျှော် နေခဲ့ လေပြီ။
***