သွေးစွန်းသော လ။
Vol. 81 Ch. 1132
လေလံ ပွဲသည် ကောင်းကင်ဘုံ ကြယ် ခန်းမ၏ ပိုင်နက် အတွင်း ရှိနေ သောကြောင့်၊ ပန်းသင်္ချိုင်း တစ်ယောက် ဤမျှ ကြီးစိုး ဟန်ဖြင့်၊ ဝင်ရောက် လာလိမ့် မည်ဟု၊ မည်သူမျှ မထင် ထားမိချေ။
ကြယ်ခန်းမ အနေနှင့်၊ သူတော်စင် ပစ္စည်းအား ခိုးယူခြင်း မခံရ စေရန် ဝိညာဉ် ရေးရာ အစီရင်များ ချမှတ်ထား လေသည်။
သို့သော် ပန်းသင်္ချိုင်းက ၎င်းတို့အား ချိုးဖြတ်ကာ၊ အမိုးကို ဖောက်၍ ဆင်းသက် လာသည်။
ယင်းက ကောင်းကင်ဘုံ ကြယ် ခန်းမရှိ ဝိညာဉ် ရေးရာ အခင်း အကျင်း များ အပေါ် သံသယ ဝင်လာ စေ၏။
လေလွင့် နန်းတော် ပင်လျှင် ဤပုံစံဖြင့်၊ ကြယ်ခန်းမ အတွင်း မဝင် ရဲချေ။ ကြယ် ခန်းမ၌ လူသတ်ရန် ကြံရွယ် ခြင်းသည် စိန်ခေါ်ရာ ရောက် ချေ၏။
မဟုတ်သော် လေလွင့် နန်းတော် အနေဖြင့်၊ သူတို့၏ သူတော်စင် ပစ္စည်းကို ပြန်၍ သိမ်းသွား မိပေ လိမ့်မည်။
ခန်းမ တစ်ခုလုံး တိတ်ဆိတ် သွားပြီး၊ လူတိုင်း၏ အကြည့် များက၊ လင်းယွန် ထံသို့ ကျရောက် လာသည်။
ဤပန်းသင်္ချိုင်း တစ်ယောက် ကြယ်ခန်းမ အတွင်း၊ အဘယ်ကြောင့် ဝင်လာရ သည်ကို တွေးဆ နေမိ၏။
“ ဒီလူ ဘယ်သူလဲ ... ။ ”
ယဲ့ဇီလင်က အံ့အား သင့်စွာဖြင့် မေးလိုက်သည်။ ကောင်းကင်ဘုံ ကြယ် ခန်းမ အတွင်းသို့၊ ခေါင်မိုးအား ဖောက်ကာ ဆင်းသက် လာခြင်း မျိုးသည်၊ သတ္တိ ရှိကြောင်း ပြသရာ ရောက်ပေ၏။
“ သူ့ နာမည်ကို ... ပန်းသင်္ချိုင်းလို့ ခေါ်ပါတယ်၊ အစ်မယဲ့ အပြာရောင် စံအိမ် ကနေ ထွက်သွားပြီး မကြာဖူး၊ ကျော်ကြား လာတဲ့ လူ တစ်ယောက်ပါ၊ ...
... တိမ်လွှာဓား ဂိုဏ်းနဲ့၊ ရန်ငြိုး ရှိတဲ့ မိစ္ဆာ ကျင့်ကြံ သူတိုင်းကို လိုက်လံ သတ်ဖြတ် နေတဲ့ လူ တစ်ယောက်ပါ၊ ...
... နတ်မိစ္ဆာ မိုးကြိုး ဓားတောင်၊ သူ့ လက် ကနေ သေလု မျောပါး ဒဏ်ရာနဲ့ ထွက်ပြေး ခဲ့ရ ဖူးတယ်၊ ဒါကြောင့် လူတိုင်းက ...
... သူ့ကို တိမ်လွှာဓား ဂိုဏ်းရဲ့ တပည့် တစ်ယောက် ဖြစ်တယ်လို့၊ ထင်ကြေး ပေးနေ ကြတယ်၊ ...
... သူ့နောက်မှာ ဓားသေတ္တာ တစ်လုံးကို ထမ်းထား ပေမယ့်၊ ပလွေ ကိုပဲ အသုံး ပြုတယ်၊ ဓားဆွဲ တာကို ဘယ်သူမှ မမြင် ဖူးဘူး၊ အရမ်း လျှို့ဝှက် ဆန်းကြယ်တဲ့ လူ တစ်ယောက်ပဲ။ ”
တိမ်လွှာဓား ဂိုဏ်း၏ အမာခံ တပည့် တစ်ဦးက၊ သူ ကြားသိ ထား သမျှကို၊ ပြန်၍ ဝေမျှ ပေးသည်။
ပန်းသင်္ချိုင်းမှာ သူတို့ ဂိုဏ်းနှင့် ပတ်သတ် နေသည် ဟူသော သတင်းက၊ သဘာဝ အတိုင်း စိတ်ဝင်စား စရာ ဖြစ်၏။
“ အိုး ... ။ ”
ယဲ့ဇီလင်မှာ မျက်မှောင်ကြုတ် လိုက်၏။ ဂိုဏ်းတွင် ထိုသို့သော လူ မရှိမှန်း၊ သူမ သေချာ သိသည်။
မည်သို့ပင် ဆိုစေ ကာမူ၊ ပန်းသင်္ချိုင်း ရောက်ရှိ လာသဖြင့်၊ သည်နေရာ၌ ကြီးကြီး မားမား တစ်စုံ တစ်ရာ ဖြစ်ပွား တော့ မည်မှာ၊ သေချာ၏။
ထိုအတွေးကြောင့် လင်အောင်းရန်ထံ သတ်ဖြတ်ရန် ရည်ရွယ် ချက်ဖြင့် မော့ကြည့် မိသည်။
“ ပန်းသင်္ချိုင်း ... ။ ”
ချူထျန်းဟောင်၏ မျက်လုံးများ တောက်ပ လာသည်။ ထင်ပေါ် လွန်းသော ပန်းသင်္ချိုင်းကို သူ ကြည့်မရချေ။
မိုးကြိုးဓား အတွက် လာခြင်း ဖြစ် သော်လည်း၊ အခွင့် အရေး ရပါက ၎င်းကို သတ်ရ ပေမည်။
ဤအခိုက်တွင် ယန်ထန့်အား သူတော်စင် လက်ရာကို ပေးအပ်ခဲ့ မိခြင်း အပေါ်၊ နောင်တရ သွားသည်။ မဟုတ် ပါက ပန်းသင်္ချိုင်းကို ယခုပင် သတ်ပစ် နိုင်ပေ၏။
ပလွေ သံကြောင့် လင်အောင်းရန်မှာ ထိတ်လန့် သွားသည်။ ထို့နောက် အခန်း ထဲမှ ထွက်ကာ ပန်းသင်္ချိုင်းကို ငုံ့ကြည့် လိုက်၏။
( အိုး ... ဒီနေရာက ကောင်းကင်ဘုံ ကြယ် ခန်းမပဲ၊ သူ့ကို ဘာလို့ ကြောက်နေရ မှာလဲ၊ သူ သေတာကို ငါ ကြည့်ခွင့် ရပြီ။ )
လူလတ်ပိုင်း အရွယ် အမျိုးသားက လင်းယွန်ကို စိုက်ကြည့် နေ၏။ မရေ မတွက် နိုင်သော အစောင့် များက၊ ခန်းမထဲ ပြေးဝင် လာပြီး၊ လင်းယွန်အား ဝိုင်းရံ လေသည်။
“ ကောင်းကင်ဘုံ ကြယ် ခန်းမက ... ၊ အရောင်း အဝယ် ပြုလုပ်တဲ့ နေရာပါ၊ မင်း နေရာ မှားလာ တာလား။ ”
ကြယ်ခန်းမ သခင် အမျိုးသားက အေးစက်စွာ မေးသည်။ တစ်ဖက် လူ၏ သဘော ထားကို မသိရ သေး သဖြင့်၊ အလျင် မလို သေးချေ။
“ တိုက်ဆိုင် လိုက်တာ ... ၊ ငါလည်း ဝယ်စရာ တစ်ခုရှိ နေတယ်။ ”
လင်းယွန်က ပေါ့ပေါ့ ပါးပါးပင် ပြန် ဖြေ၏။
“ ဟား ဟား ဟား ... ၊ မင်းက ဘာများ ဝယ်ချင် လို့လဲ။ ”
ကောင်းကင်ဘုံ ကြယ်ခန်းမ သခင်က လင်းယွန်၏ မထီမဲ့မြင် အမူ အရာကို လျစ်လျူရှု လျက်၊ ပြုံးကာ မေးလိုက်သည်။
“ နတ်မိစ္ဆာ မိုးကြိုးဓားရဲ့ ခေါင်း။ ”
လင်းယွန် ထံမှ ထွက်လာသော စကား ကြောင့်၊ လေလံ ခန်းမ တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်ကုန်၏။ သူတို့ နားကိုပင်၊ သူတို့ မယုံနိုင် ကြချေ။
“ ကောင်းကင်ဘုံ ကြယ် ခန်းမက ... လက်မခံ ဝံ့တဲ့၊ အရောင်း အဝယ် ဆိုတာ မရှိဘူး၊ ဒါပေမယ့် သူ့ခေါင်း ကိုတော့၊ မင်း မဝယ် နိုင်တာ စိတ်မကောင်း စရာပါ။ ”
လင်းယွန်ကို စိုက်ကြည့်ပြီး၊ ကြယ် ခန်းမ သခင်က ပြန်ဖြေသည်။ ထိုအပြုံးတွင် သူ မည်မျှ ဒေါသ ထွက်နေမှန်း၊ လူတိုင်း မြင်နိုင်၏။
“ ဟုတ်လား ... ၊ မင်းမှာ ရွေးချယ် စရာ မရှိမှာ၊ ငါ ကြောက်မိတယ်။ ”
လင်းယွန်က ပလွေကို နှုတ်ခမ်းပေါ် တင်လျက်မှ ပြောလိုက်၏။
“ သူ့ ကို သတ် ... ။ ”
ကြယ် ခန်းမ သခင်က သူတော်စင် ရှေးဟောင်း ပစ္စည်း ရှိရာသို့ ဆုတ်ခွာ လျက်မှ၊ အမိန့်ပေး လိုက်သည်။
“ ခရစ် ... ။ ”
ထိုအချိန်တွင် ပလွေသံမှာ ထွက်ပေါ် လာနေပြီ ဖြစ်ပြီး၊ ခန်းမ နံရံ၌ မြှုပ်နှံ ထားသော ညလင်း ပုလဲများ ကွဲအက် ကုန်၏။
ဤနေရာသို့ မလာမီ ကပင်၊ ကြယ် ခန်းမရှိ ဝိညာဉ် ရေးရာ အစီရင် များကို စစ်ဆေး ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် အစီရင် အားနည်း ချက်အား တွေ့ရှိကာ၊ ခေါင်မိုးမှ ဖောက်ဝင် ရဲခြင်း ဖြစ်၏။ ညလင်း ပုလဲများ ကွဲကုန် သဖြင့်၊ အခန်း တစ်ခုလုံး မှောင်ကျ သွားသည်။
ခေါင်မိုးမှ တဆင့် လရောင်များ ဖြာကျ နေပြီး၊ အလင်း ဖျော့ဖျော့ သည်သာ လင်းနေ ပေ၏။
“ သနား စရာ ကောင်းတဲ့ ... လှည့်ကွက် လေးတွေ။
ကြယ်ခန်းမ သခင်က လှောင်ပြောင် လိုက်သည်။ ကောင်းကင် ဝိညာဉ် နယ်ပယ် ရောက် သည်နှင့်၊ ကျင့်ကြံ သူတိုင်းမှာ၊ အမှောင် ထဲတွင် မြင်နိုင်သည်။ ညသည် နေ့နှင့် မခြား တော့ချေ။
ရုတ်တရက် မှောင်ကျ သွား ခြင်းက လူတိုင်းကို ထိတ်လန့်စေ သော်လည်း၊ အတွေ့ အကြုံ အရ၊ အစောင့် များမှာ ချက်ချင်း တည်ငြိမ် သွားသည်။
“ ခရစ် ... ။ ”
ထို့စဉ် သူတော်စင် လက်ရာကို၊ ကာကွယ် ထားသည့် ဝိညာဉ် ရေးရာ အစီရင်မှာ အက်ကွဲ သွားပြီး၊ ရောင်ဝါများ ပွင့်ထွက် လာပြန်၏။
အစီရင် ပြိုပျက်သွား သည်နှင့်၊ ဧကရာဇ် ချိတ်မှ ငွေရောင် အလင်းများ ဖြာလျက်၊ ထွက် ပြေးရန် ပြင်လေသည်။
“ ဝှစ် ... ။ ”
ထို့ကြောင့် အစောင့် တိုင်းက၊ လိုက်လံ ဖမ်းဆီး နေရ သဖြင့်၊ ခန်းမထဲ ကမောက် ကမ ဖြစ်ပွား လာ ကုန်၏။
တစ်ချိန်လုံး ငြိမ်သက် နေသော ချူထျန်းဟောင်က သူ့လူ များကို၊ ‘သွား’ - ဟု အမိန့်ပေး လိုက်သည်။
သူတော်စင် လက်ရာကို လုယူရန် အခွင့် အရေး ရှိပါက၊ စျေးကြီး ပေးကာ ဖြုန်းတီးရန် ဆန္ဒ မရှိချေ။
ခန်းမ အတွင်း၊ ဝရုန်း သုန်းကား အခြေ အနေ များကြောင့်၊ ကြယ် ခန်းမ သခင်မှာ စိုးရိမ် လာသည်။
သူတော်စင် ပစ္စည်း အနေဖြင့်၊ အဘယ် ကြောင့် အစီရင်မှ လွတ်မြောက် သွားရ သည်ကို သူ နားမလည် နိုင်တော့ပေ။
“ သူတော်စင် ရှေးဟောင်း ပစ္စည်းကို၊ ပိတ်ဆို့ထား ... ၊ အနားကပ် လာတဲ့ လူတိုင်းကို သတ် ... ”
ကြယ်ခန်းမ သခင်က ဟစ်အော်လျက် သူတော်စင် ရှေးဟောင်း ပစ္စည်းကို ဖမ်းယူရန်၊ ကြိုးစား တော့သည်။
သို့သော် သူ ရွေ့သည့် အခိုက်တွင်၊ အမှောင်မှ တစ်စုံ တစ်ယောက်က ဟန့်တား လာ ချေ၏။
“ ဟိတ် ... ။ ”
ဤသို့ဖြင့် လင်းယွန်ထံ အားယူ နေသော အစောင့် များသည်၊ လမ်းကြောင်း ပြောင်းကာ သူတော်စင် လက်ရာထံ၊ ဦးတည် ကုန်သည်။
ခန်းမ အတွင်း၌ ကြယ် စွမ်းအင်များ ပျံ့လွင့် လာပြီး၊ ဓား ရောင်ခြည်နှင့် မီးပွားများ ပြည့်နှက် နေပေ၏။
အချို့သော လူများမှာ သူတော်စင် ရှေးဟောင်း ပစ္စည်းကို သိမ်းယူရန် ဝိညာဉ်တော် များကိုပင်၊ အသုံးပြု လာကြသည်။
ဤနည်းဖြင့် ကောင်းကင်ဘုံ ကြယ်ခန်းမရှိ ဝိညာဉ် ရေးရာ အခင်း အကျင်း အလွှာ များမှာ၊ ကန့်သတ် ချက်သို့ ရောက်ရှိ သွား တော့၏။
“ ငါ့ကို ဘယ်သူ တိုက်တာလဲ။ ”
“ မင်း သေချင် နေတာလား။ ”
“ မင်း လူယုတ်မာ သေစမ်း။ ”
ဤနေရာရှိ လူအများ စုမှာ၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံ သူများ ဖြစ်သောကြောင့်၊ သဘာဝ အရ ကြမ်းကြုတ်သော အတွေးများ ရှိပေသည်။
ထိုအချိန်တွင် လင်းယွန်၏ ပလွေသံ ပြောင်းလဲ သွားသည်ကို၊ လူတိုင်း မေ့လျော့ သွား ကုန်သည်။
ကြယ်ခန်းမ သခင် သာလျှင် သတိထား မိလာပြီး၊ လင်းယွန်ကို တစ်ချက် လှည့်ကြည့် လိုက်၏။
သို့သော် သူတော်စင် ပစ္စည်းကို ဦးစွာ ကာကွယ် ရမည် ဖြစ်သော ကြောင့်၊ ဒေါသ ထွက်ရုံမှ တပါး အခြား မရှိ တော့ချေ။
“ အားလုံး ဒီမှာပဲ နေကြ ... ၊ ငါ ပြန်လာ ခဲ့မယ်။ ”
ယဲ့ဇီလင်က လှုပ်ရှားရန် ဆုံးဖြတ် လိုက်သည်။ သူမ မျက်လုံး များ၌ သတ်ဖြတ် လိုသော ဆန္ဒများ ပေါက်ဖွား လာ၏။
ပစ်မှတ်မှာ နတ်မိစ္ဆာ မိုးကြိုးဓား ဖြစ်သည်။ သူမ နည်းတူ ၎င်းကို သတ်ရန် ကြိုးစားလာ သူ များစွာ လည်း ရှိသည်။
သို့သော် နတ်မိစ္ဆာ မိုးကြိုးဓား ရှိနေသည့် အခန်း ထဲတွင်၊ ဓား ရည်ရွယ် ချက်များ ရစ်သိုင်း နေသည်ကို မြင်ချိန်၌၊ လူတိုင်း တုန့်ဆိုင်း ကုန်၏။
“ အား ... ။ ”
ထို့ကြောင့် အခန်း အတွင်းရှိ၊ လင်အောင်းရန်၏ သနား စရာ ကောင်းသော အော်သံကို၊ သည်အတိုင်း နားထောင် နေရသည်။ ထိုအသံ အရ၊ မည်မျှ နာကျင် နေမည်ကို၊ စိတ်ကူး ကြည့်နိုင်၏။
နားထောင် နေဆဲတွင်၊ ဓား ရည်ရွယ် ချက်မှာ၊ ပို၍ အရှိန်မြင့် လာပြီး၊ မျက်စိ တစ်မှိတ် အတွင်း၊ ကောင်းကင်ဓား အဆင့်သို့ ရောက်ရှိ သွားသည်။
ယင်းက အဆုံး မဟုတ် သေးချေ။ ပြီးပြည့် စုံသော ကျွမ်းကျင်မှု တိုင်အောင်၊ ဆက်လက်၍ မြင့်တက် နေသည်။
လင်အောင်းရန်ကို၊ သတ်ရန် ပစ်မှတ် ထားသည့် လူအုပ်က၊ ယင်းအား ခံစား မိပြီး၊ ကြောက်ရွံ့ ကုန်ကြသည်။
နောက်ဆုံးတွင်၊ ကောင်းကင်ဓား ရည်ရွယ် ချက်ကို ဤအဆင့် အထိ ဆုပ်ကိုင် ထားသော လူမျိုး၊ အပြာရောင် စံအိမ်၌ တစ်ဦးမှ မရှိချေ။
ပင်မ နတ်ဘုရား နယ်ပယ်ရှိ အကြီး အကဲ များပင်၊ ဤမျှ ပြင်းထန်သော ဓား ရည်ရွယ်ချက် မျိုး၊ မရှိချေ။
ပြီးပြည့် စုံသော ကောင်းကင် ဓားကို သတိပြု မိလိုက်သည့်၊ ယဲ့ဇီလင်၏ နှလုံးသား ခမျာ၊ တဆက်ဆက် ခုန် လာသည်။
သူ အနေဖြင့်၊ ကောင်းကင် ဓားကို ပို၍ ကျွမ်းကျင်လာ သော်လည်း၊ ဤဓားအား မယှဉ် နိုင်ချေ။
“ သူလား ... ။ ”
ပရမ်းပတာ အခြေ အနေများ အတွင်း၊ တည်ငြိမ်စွာ ပလွေမှုတ် နေသော ငွေရောင် လူသားထံ၊ ပြန်လှည့် ကြည့် မိသည်။
ပလွေ သံမှာ သာယာ ညိမ့်ညောင်းပြီး၊ ဤပတ်ဝန်း ကျင်ရှိ ရက်စက် ကြမ်းကြုတ်မှုနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။
သို့သော် ပြီးပြည့် စုံသော ကောင်းကင် ဓားမှာ၊ ထိုပလွေရှင် ထံမှ လာနေကြောင်း၊ ပြော နိုင်သည်။
ဓား ရည်ရွယ်ချက်အား၊ ပလွေ သံစဉ်နှင့် ပေါင်းစပ်ပြီး၊ နတ်မိစ္ဆာ မိုးကြိုးဓားကို တိုက်ခိုက် နေခြင်း ဖြစ်ချေ၏။
“ အ လင်း ရောင် ... ။ ”
ကြယ်ခန်းမ သခင်၏ ငေါက်သံ နှင့်အတူ၊ ခန်းမအတွင်း အလင်း ရောင်များ တောက်ပလာ သဖြင့်၊ အားလုံးက သူတို့ လုပ်လက်စ အခြေ အနေ များကို၊ ရပ်လိုက် ကြသည်။
အလင်းရောင် အောက်ရှိ ရှုပ်ပွ နေသော ခန်းမကို ကြည့်ပြီး၊ ကြယ်ခန်းမ သခင် မျက်နှာ မှာ၊ မည်းမှောင် သွားသည်။
လေလံ တင်မည့် ပစ္စည်း အများ အပြား ခိုးယူခံ ရပြီး၊ ခန်းမ တစ်ခုလုံး ဝရုန်း သုန်းကား ဖြစ်နေ၏။
“ ဒီနေ့ ... ဒီနေရာ ကနေ၊ ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး၊ မနာ ခံတဲ့ ဘယ်သူ့ကို မဆို သတ် ... ”
သို့သော် စကားသံ မဆုံးခင် မှာပင်၊ အပေါ်ဆုံး အခန်း ထံမှ ခေါင်းပြတ် တစ်လုံး လွင့်ကျ လာသည်။
“ ဝှစ် ... ။ ”
“ ငါ့ တေးသွားကို၊ ဒီခေါင်း အတွက် တန်ကြေး အဖြစ် သတ်မှတ်ပါ၊ နောက်ဆုံးတော့ ကောင်းကင်ဘုံ ကြယ် ခန်းမက၊ တကယ့်ကို စီးပွားရေး လုပ်လို့ ကောင်းတဲ့ နေရာ ပါပဲ။ ”
လင်းယွန်က ပြုံးလိုက်ပြီး၊ ဦးခေါင်းပြတ် ကြီးထံ လှမ်းကြည့်၏။ သည့်နောက် သွေးများ စီးကျ နေသော၊ နတ်မိစ္ဆာ မိုးကြိုး ဓား၏ ခေါင်းကို ဖမ်းယူ လိုက်သည်။
“ ဝှစ် ... ။ ”
တစ်ဖက်တွင် ခေါင်းပြတ်ကို ကိုင်လျက်၊ တစ်ဖက်တွင် ပလွေအား ဆုပ်ထားကာ၊ လာရာ လမ်း အတိုင်း၊ ပျံတက် သွား၏။
ထိုမြင်ကွင်းက လူ အုပ်ကို၊ မှင်တက် သွားစေသည်။ ကောင်းကင်ဘုံ ကြယ် ခန်းမမှ ကာကွယ် ပေးလိုသော လူကို၊ အမှန် တကယ် သတ်ဖြတ် သွား ချေ၏။ မယုံ နိုင်စရာ ပေပင်။
***