ကောင်းကင်နတ်ဘုံကို ပြန်တည်ဆောက်ခြင်း
Vol. 63 Ch. 833
“လိုက်ဖမ်းမနေတော့နဲ့”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်သည် လိုက်ဖမ်းရန် ပြင်နေသော တာအိုရသေ့အိုကြီးများကို ပြန်ခေါ်လိုက်ပြီး ခေါင်းယမ်းကာ ပြော၏။ “အဲဒီသူခိုးက မြန်လွန်းတယ်... ရုပ်ပြောင်းရုပ်လွှဲလည်း တော်တယ်... သူ့ကို လိုက်ဖမ်းရင်တောင် မှတ်မိမှာမဟုတ်ဘူး... ဒီကိစ္စကို ဒီအတိုင်း ထားလိုက်တော့... စုံစမ်းစရာလည်း မလိုဘူး... လူသိစရာလည်း မလိုဘူး...
“ဘယ်သူ ညီလေးဖေးဟယ်ကို သွားရှာမလဲ... အဲဒီသူခိုးအိုကြီးက ညီလေးဖေးဟယ် အယောင်ဆောင်ခဲ့တာဆိုတော့ ဖေးဟယ် တစ်နေရာရာမှာ တွဲလောင်းချခံထားရလောက်ပြီ.. ဘယ်ဥစ္စာနဲ့ သူ့ပါးစပ်ကို စို့ထားဦးမလဲ မသိဘူး”
တာအိုရသေ့တစ်ယောက်က ဖေးဟယ်ကို ရှာရန် ခပ်သုတ်သုတ် ထွက်သွားပြီး အခြားသူများက ချင်းယွင်ဂိုဏ်းခေါင်းဆောင်ဆီသို့ အလျင်အမြန် ရောက်လာကာ မေးကြ၏။ “စောစောက နက္ခတ်တာရာတွေက ကောင်းကင်နယ်စားမင်းအသွင် ဖွဲ့တည်ပြီး ဝင်္ကပါတွေကို အသက်သွင်းခဲ့တယ်... အဲဒါ ဘာတွေဖြစ်သွားတာလဲ ဂိုဏ်းခေါင်းဆောင်”
“အဲဒါ တာအိုဘိုးဘေးကြီး လုပ်လိုက်တာပဲ”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်က ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာနဲ့ ကောင်းကင်နတ်ဘုံရဲ့ သံတမန်တွေက တစ်ယောက်ကိုတစ်ယောက် ရှင်းပစ်ချင်တာနဲ့ တာအိုဘိုးဘေးကြီး ရွေးချယ်စရာမရှိအောင် ချောင်ပိတ်ဖို့ ကြံစည်ထားကြတယ်.. ဒါပေမဲ့ တာအိုဘိုးဘေးကြီးက ဘယ်သူမလို့လဲ... သူက သူ့ကံကြမ္မာကို အခြားသူတွေ လက်ထဲ ထည့်ပေးမယ့်သူလား... ပါးနပ်တဲ့လူတစ်ယောက်ဟာ ဘယ်တော့မှ အဲဒီလိုမလုပ်ဘူး”
အားလုံး ရင်ထဲတွင် တုန်လှုပ်သွားကြ၏။ “ဂိုဏ်းခေါင်းဆောင် ဆိုလိုတာက”
“တာအိုဘိုးဘေးကြီးက သူတို့ကို ကောင်းကင်နတ်ဘုံဆီ ခေါ်ပြီး သူ့ဘာသာသူ ဆုံးဖြတ်လိမ့်မယ်... ငါတို့ ချင်းယွင်ကောင်းကင်ဘုံရဲ့ အနာဂတ်အတွက် စိတ်ပူစရာမလိုတော့ဘူး... တာအိုဘိုးဘေးကြီး ကြည့်လုပ်ပေးလိမ့်မယ်”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်က ပြောသည်။ “နောက်ဆက်တွဲတွေကို ဘယ်လိုကိုင်တွယ်ရမလဲပဲ တွေးဖို့လိုတာ”
ရသေ့တစ်ယောက်သည် အလျင်အမြန် ပြောလိုက်၏။ “ယွီချိန်ကျစ်က အခြေအနေနှစ်ခုလုံးအတွက် အသင့်ဖြစ်အောင် ပြင်ဆင်ခိုင်းထားပြီးပါပြီ ဂိုဏ်းခေါင်းဆောင်”
ချင်းယွင်ဂိုဏ်းခေါင်ဆောင်မှာ အကြောင်းစုံနားထောင်ပြီးနောက် တလေးတစား ချီးကျူးမိတော့သည်။ “ချိန်ကျစ်က တော်သားပဲ... ကောင်းကင်နတ်ဘုံမှာ ထူးချွန်တဲ့လူတွေ ရှိသလို၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာလို နိုင်ငံငယ်လေးမှာလည်း ထူးချွန်တဲ့လူတွေ အများကြီး ရှိတယ်... ငါတို့ချင်းယွင်ကောင်းကင်ဘုံမှာလည်း သူတို့နဲ့ ယှဉ်နိုင်တဲ့ အငယ်မျိုးဆက်တစ်ယောက် ရှိနေတာ ကံကောင်းတာပဲ... သိပ်ပြီး နောက်ကျမကျန်ခဲ့တော့ဘူးပေါ့”
ချင်းယွင်ကောင်းကင်ဘုံ၏ အပြင်တွင်
တာအိုရသေ့ ‘ဖေးဟယ်’ သည် တာအိုရသေ့လေးကို ခေါ်၍ အလျင်အမြန် ပြေးနေ၏။ များစွာမကြာလိုက်ဘဲ နှစ်ယောက်သား ချင်းယွင်ကောင်းကင်ဘုံဆီမှ မိုင်ပေါင်းထောင်ချီ ဝေးကွာသွားချေပြီ။ ရသေ့ကြီး၏ ပုံပန်းသွင်ပြင်က တစ်ချက်တစ်ချက် ယောက်ျား ဖြစ်သွားတတ်သည်၊ တစ်ချက်တစ်ချက် မိန်းမဖြစ်သွားတတ်သည်၊ တစ်ချက်တစ်ချက် အိုမင်းသွားပြီး တစ်ချက်တစ်ချက် ငယ်ရွယ်နေတတ်၏။ သူကား နတ်ဘုရားတစ်ပိုင်းအသွင်ပင် ပြောင်းနိုင်သည့်အပြင် အဝတ်အစားမျိုးစုံ လဲနေသဖြင့် တာအိုရသေ့လေးမှာ မျက်စိနောက်နေတော့သည်။
ဤအဘိုးကြီးသည် ရုပ်ပြောင်းရုပ်လွှဲ ကျွမ်းကျင်ရုံသာမက ဖန်ဆင်းပညာလည်း တတ်မြောက်ထားသေး၏။
“ကဲ အခုလောက်ဆို အန္တရာယ်ကင်းပြီ... ကောင်းကင်နတ်ဘုံက တာအိုရသေ့တွေ ငါတို့နောက် လိုက်မမှီနိုင်တော့ဘူး”
အဘိုးကြီးက မူလရုပ်သွင်သို့ ပြန်ပြောင်းလိုက်ပြီး ကျောနောက် လက်ပစ်လျက် ကောင်းကင်နတ်အရှင်ယွီကို ပတ်လျှောက်နေသည်။ သူ့မျက်နှာထက်တွင် ရိုးသားသော အမူအရာရှိပြီး ချင်မူ ထင်ထားသည့်အတိုး ထော့ကျိုးအပြင် တခြားမဟုတ်ပေ။
ကောင်းကင်နတ်အရှင်ယွီ မနေတတ်၊ မထိုင်တတ် ဖြစ်လာသည်။
“ကောင်းလိုက်တဲ့ အပင်ပေါက်လေးပဲ”
ထော့ကျိုူးက ချီးကျူးသည်။ “မင်းက သင်မြန်၊ တတ်မြန်တယ်... ဟိုခွေးကောင်လေး ချင်မူထက်တောင် မြန်သေးတယ်... ငါတို့နှစ်ယောက် တစ်လောကလုံး ပတ်ခိုးရအောင်”
ကောင်းကင်နတ်အရှင်ယွီမှာ ကပျာကယာ ခေါင်းယမ်းလိုက်သည်။ “အစ်ကိုကြီးကို ရှာချင်တယ်...”
“ဘာလို့ သူ့ကို ရှာချင်တာလဲ”
ထော့ကျိုးက ခေါင်းခါပြီး ဘဝင်မကျသော အမူအရာ ရှိနေ၏။ “အဲဒီခွေးကောင်လေးက ငယ်ငယ်တုန်းကတော့ စိတ်ဝင်စားစရာကောင်းတယ်... ကြီးလည်း ကြီးလာရော ပျော်စရာမကောင်းတော့ဘူး... ငါ သူ့ကို ကောင်းကင်ခိုးယူနေမင်းလဲလှယ် လက်သိုင်း သင်ပေးခဲ့တဲ့ အကြောင်းရင်းက သူနဲ့အတူ တစ်နေ့ တစ်လောကလုံး ပတ်ခိုးနိုင်ဖို့ပဲ.... သူခိုးမြေးအဘိုးနှစ်ယောက် ဖြစ်လာဖို့ပေါ့.... အခု သူ့ကို ကြည့်ပါလား၊ နေ့တိုင်း လျှောက်သွားပြီး ငါ့ကိုကျ ခေါ်မယ်မရှိဘူး.... လာ သွားစို့၊ မင်းကို ငါ့ရတနာတိုက် ပြမယ်... ငါ ဒီနှစ်တွေထဲ ချမ်းသာလာပြီ သိလား... ဧကရာဇ်ယန်ဖုန်းတောင် ငါ့ကို သူကြွယ်ကြီးသူခိုး ခေါ်ရလိမ့်မယ်... ဟော့ဒီမှာ ကြည့်၊ လေကို ဒီလိုနင်း....”
...
ချင်မူမှာ အလင်းတန်းထဲတွင် တည်ရှိနေပြီး အနည်းငယ် မှင်သက်နေသည်။ ‘ဒါက ... နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းလား... ဆရာသစ်ခုတ်သမားရဲ့ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းထက် ပိုပြီး ရှုပ်ထွေးသလိုပဲ... ဟင်းလင်းပြင်ခုန်ကူးတာမျိုးနဲ့ ဆင်မယ်ထင်တယ်... တာအိုဂိုဏ်းနဲ့ ခိုင်ဧကရာဇ်ကြားမှာ ပတ်သက်မှုတစ်ခုခုများ ရှိနေမလား’
နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းသည် တန်ခိုးရှင်သစ်ခုတ်သမားမှ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသို့ အမွေပေးခဲ့သော ကောင်းကင်နတ်သိုင်းဖြစ်၏။ ချင်မူတို့ကို သယ်ဆောင်နေသော အလင်းတန်းက ဟင်းလင်းပြင်ထဲတွင် ခုန်ကူးနေခြင်းဖြစ်သည်။ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းထက် ပိုမိုရှုပ်ထွေးသလို၊ သင်္ချာသဘောတရားကလည်း ပိုမိုအဆင့်မြင့်သည်။
ကောင်းကင်နတ်သိုင်းနှစ်မျိုးစလုံးတွင် တူညီသည့်အချက်များ ရှိနေသဖြင့် တာအိုဂိုဏ်း၏ ဟင်းလင်းပြင်ခုန်ကူးခြင်းအား တန်ခိုးရှင်သစ်ခုတ်သမား မြင်ခဲ့ဖူးသည်လားဟု ချင်မူ သံသယရှိလာမိသည်။
ချင်မူမှာ စစချင်းတွင် အံ့အားသင့်နေခဲ့သော်လည်း တဖြည်းဖြည်း စိတ်တည်ငြိမ်သွားသည်။ သူက အတွေးများကို အလျင်အမြန် အစီအစဉ်ချကာ သူ့ဘာသာသူ တွေးနေသည်။ ‘ကောင်းကင်ဆရာသခင် တံငါသည် ပြောဖူးတယ်... အကြီးပိုင်းမျိုးဆက်အားလုံး ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်... အဟမ်း အမြော်အမြင်ကြီးပြီး စဉ်းစားတတ်ကြတယ်တဲ့... အဲဒီအတိုင်း ဟုတ်နေတယ် ထင်တယ်.... ဒီဟင်းလင်းပြင်ခုန်ကူး ကောင်းကင်နတ်သိုင်းက နက္ခတ်သဘာဝစွမ်းအားကို ငှားရင်း တာအိုရသေ့ကြီး ဖန်တီးခဲ့တဲ့ သိုင်းကွက်ပဲ ဖြစ်ရမယ်... သူက တာအိုဂိုဏ်းရဲ့ ရပ်တည်ချက်ကို ငါနဲ့ ရှောင်ချွင်းဖုန်း ဆုံးဖြတ်မှာ မလိုလားလို့ သူကိုယ်တိုင် ဆုံးဖြတ်ဖို့ ငါတို့ကို ဖမ်းခေါ်လိုက်တာပဲ’
အလင်းရောင် မှေးမှိန်သွားသည့်အခါ ရှောင်ချွင်းဖုန်း၊ အနီရောင်ဝတ်ရုံနှင့် မိန်းကလေး၊ တာအိုသခင်လင်းရွှမ်တို့လည်း ပေါ်လာကြောင်း ချင်မူ မြင်လိုက်ရသည်။ အနီရောင်ဝတ်ရုံနှင့် မိန်းကလေးသည် ထိတ်လန့်နေဟန် ရှိပြီး သတိအနေအထား ပြင်ထား၏။
ရှောင်ချွင်းဖုန်းက ချောင်းဟန့်ကာ ပြောသည်။ “ယွီဟုန်ရှို့၊ စိတ်ပူစရာမလိုဘူး... ငါတို့ကို ဆင့်ခေါ်လိုက်တဲ့လူက တာအိုဘိုးဘေးကြီးပဲ”
တာအိုသခင်လင်းရွှမ်ဆီမှ ချီးကျူးနေသော စကားသံ ထွက်လာ၏။ “တာအိုဘိုးဘေးကြီး ကြယ်တာရာတွေနဲ့ ကောင်းကင်နယ်စားမင်းအသွင် ဖွဲ့တည်လိုက်တုန်းက သုံးသွားတဲ့ သင်္ချာသဘောတရားက အင်မတန် ပြိုင်ဘက်ကင်းတယ်”
ချင်မူ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည့်အခါ ကျောက်စိမ်းသားဖြင့် တည်ဆောက်ထားသော အဆောက်အအုံအကျယ်ကြီးထဲသို့ ရောက်နေကြောင်း သဘောပေါက်သွားသည်။ ဤအဆောက်အအုံ၏ အမိုးများသည် ကျောက်စိမ်းအုတ်ခဲများဖြင့် ဆောက်ထားခြင်းဖြစ်ကာ အမိုးထုတ်တန်းများမှာ အတိုင်းထက်အလွန် တုတ်ခိုင်လှ၏။ အပေါ်သို့ မော့ကြည့်လိုက်လျှင် ထောင့်ခြောက်ထောင့် မြင်တွေ့ရရာ ဆဋ္ဌဂံအဆောက်အအုံ ဖြစ်လောက်မည်။
အပြင်သို့ ကြည့်ပါက အရောင်အဝါ တဖျတ်ဖျတ် တောက်ပနေသည့် နန်းတော်များ၊ ခန်းမများကို ခပ်ရေးရေးမျှ မြင်ရလိမ့်မည်။
“အပြင်က ပြင်ပကောင်းကင်နတ်ဘုံလား”
ချင်မူ့ရင်ထဲတွင် လှုပ်ခတ်သွားသည်။ နဂါးဟန်ကောင်းကင်နတ်ဘုံသည် ယခင်ကအတိုင်း ရှိသေးသည်လား ကြည့်ရန် အပြင်ထွက်ကြည့်ချင်ပါသော်လည်း သူ့စိတ်သူ ချုပ်တည်းထားလိုက်၏။
သူက ဤအဆောက်အအုံကိုသာ ဆက်လေ့လာသည်။ အဆောက်အအုံ၏ အလယ်တည့်တည့်တွင် လူဆယ်ယောက်ကျော် ဝိုင်းဖက်နိုင်သော တိုင်ကြီးတစ်တိုင် ရှိသည်။ လှေထားထစ်များက ဤတိုင်ကို ကြောင်လိမ်လှေကားကဲ့သို့ ရစ်ပတ်ထားပြီး အပေါ်သို့ မော့ကြည့်လိုက်လျှင် အဆောက်အအုံထဲ၌ အထပ်မည်မျှရှိကြောင်း မမြင်ရပေ။
အထပ်တစ်ထပ်စီတိုင်း၏ နံရံခြောက်ဖက်စလုံးတွင် စာအုပ်စင်များ အတန်းလိုက် တည်ရှိနေပြီး ကျောက်စိမ်းသားမှ ထွင်းထားခြင်း ဖြစ်လေသည်။ အထပ်တစ်ထပ်စီနှင့် ကျောက်စိမ်းတိုင်အကြားတွင် ကျောက်စိမ်းတံတားများ ရှိနေပြီး စာအုပ်များကို ဖတ်လိုပါက တံတားကို ဖြတ်ကာ နံရံခြောက်ဖက်ဆီသို့ လျှောက်သွားနိုင်သည်။
သို့သော် ထူးဆန်းသည်က ဤစာကြည့်တိုက်တွင် လူသူကင်းမဲ့နေ၏။ သူတို့ ဤနေရာသို့ ရောက်လာသည့်အချိန်တွင် မည်သူမျှ လာရောက်မမေးမြန်းကြပေ။
ပတ်ဝန်းကျင်တွင်လည်း မည်သူမှ မရှိ၊ တိတ်ဆိတ်ခြောက်ကပ်နေ၏။
“ဒါက... ကောင်းကင်နတ်ဘုံရဲ့ အစောင့်ရှောက်အဆောင်ပဲ”
ရှောင်ချွင်းဖုန်း၏ အကြည့် လှုပ်ခတ်သွားပြီး တိုးညှင်းစွာ ရေရွတ်နေသည်။ “အစောင့်ရှောက်အဆောင်၊ ကောင်းကင်နတ်ဘုံ စာအုပ်တွေ သိမ်းဆည်းထားတဲ့ အထွတ်အမြတ်မြေ၊ ဒီမှာ စောင့်ရှောက်ထားတဲ့ စာအုပ်အားလုံး ကောင်းကင်နတ်ဘုံရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေချည်းပဲ... ထူးဆန်းတယ်... ဘာကြောင့် တာအိုဘိုးဘေးကြီးက ငါတို့ကို ဒီနေရာဆီ ဆင့်ခေါ်လိုက်တာလဲ... အောက်ဘုံက သူပုန်တွေကိုလည်း ဒီနေရာကို ဆင့်ခေါ်လိုက်တဲ့အကြောင်း ကောင်းကင်နတ်ဘုံ သိသွားမှာ မကြောက်ဘူးလား”
ယွီဟုန်ရှို့မှာ စိတ်ကို တည်ငြိမ်အောင် ထိန်း၍ နာကျင်မှုကို တောင့်ခံထားသည်။ “တာအိုဘိုးဘေးကြီးက ငါတို့ကို ဆင့်ခေါ်ခဲ့တာဆိုရင် ဘာလို့ လူလုံးထွက်မပြတာလဲ”
ချင်မူက စိုးရိမ်စိတ်ဖြင့် မေးလိုက်၏။ “မမကြီးဟုန်ရှို့၊ ဒဏ်ရာတွေ သက်သာရဲ့လား... ကျွန်တော်က ဆေးကုတတ်တယ်... ကျွန်တော်ဆီက ကုသမှု ခံယူလိုက်ရင် မမကြီး ခုန်ပေါက်ပြီးတောင် သွားနိုင်လိမ့်မယ်”
ယွီဟုန်ရှို့က နှာခေါင်းရှုံ့၍ သူ့ဆီမှ ဝေးဝေးသို့ ထွက်သွားကာ ရှောင်ချွင်းဖုန်းအနား ကပ်နေ၏။
တာအိုသခင်လင်းရွှမ်က ရှေ့သို့လျှောက်လာပြီး စေတနာဖြင့် ပြောလေသည်။ “အစ်မတော်ယွီ၊ ဂိုဏ်းသခင်ချင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ နတ်ဆေးသမားတော်အဖြစ် ထင်ရှားတယ်... ဆေးစကုတုန်းကဆို ပိန်းကြာရွက်ပေါ် ရေမတင်သလို အရှင်းပျောက်စေမယ့် လက်တစ်စုံလို့တောင် အသိများတယ်... သူ့ဂုဏ်သတင်းက အခြားကမ္ဘာတွေမှာပါ ကျော်ကြားပါတယ်”
ယွီဟုန်ရှို့က အံကြိတ်၍ သရော်သလို ပြောသည်။ “နင်တို့နှစ်ယောက်လုံး ယုံမရဘူး”
ချင်မူ ပခုံးတွန့်လိုက်သည်။ သူက ကျောက်လှေကားထစ်များအတိုင်း တက်၍ အစောင့်ရှောက်အဆောင်၏ ဒုတိယအထပ်ရှိ စာအုပ်စင်များဆီ သွားလိုက်၏။ ထို့နောက် ကြုံရာစာအုပ်တစ်အုပ် ဆွဲထုတ်လိုက်သည်။
စာအုပ်ဟုဆိုသော်လည်း အမှန်တွင် ဝါးစာလိပ်နှင့် တူသည်။ ဖြန့်ချလိုက်လျှင် ရွှေရောင်ကြိုးဖြင့် ပူးချည်ထားသော ကျောက်စိမ်းချပ်များ ပြေကျလာ၏။ ရေးထားသည်မှာ စာသားများမဟုတ်ဘဲ သင်္ကေတအမှတ်အသားများ ဖြစ်လေသည်။
လင်းရွှမ်၊ ရှောင်ချွင်းဖုန်း၊ ယွီဟုန်ရှို့တို့လည်း ရှေ့လျှောက်သွားကြသည်။ ရှောင်ချွင်းဖုန်းနှင့် ယွီဟုန်ရှို့မှာ သူတို့ဆီမှ ခပ်လှမ်းလှမ်းတွင် နေကြပြီး ကျောက်စိမ်းစာလိပ်တစ်ခု ထုတ်ကာ ကြည့်နေကြသည်။
“ဒီသင်္ကေတတွေက ထူးဆန်းလိုက်တာ”
ယွီဟုန်ရှို့က ခေါင်းယမ်းလိုက်ရင်း သင်္ကေတအမှတ်အသားများကို မသိသောကြောင့် စာလိပ်ကို ပြန်ထည့်လိုက်၏။
“ဒါတွေက သင်္ချာနဲ့ တည်ဆောက်ထားတဲ့ မဟာတာအို အခြေခံသင်္ကေတအမှတ်အသားတွေပဲ... ကောင်းကင်သံသရာကြယ်ရဲ့ ကောင်းကင်ဝိညာဉ်သင်္ကေတတွေနဲ့ သက်ဆိုင်တယ်... ငါ့စာလိပ်ထဲက သင်္ကေတတွေကတော့ ခေါင်းဆောင်ကြယ်နဲ့ ဆိုင်တယ်”
ရှောင်ချွင်းဖုန်းက ပြောသည်။ “ကျန်တဲ့စာလိပ်တွေကလည်း ကောင်းကင်ဝိညာဉ်နတ်ဘုရားတွေရဲ့ မဟာတာအိုသင်္ကေတအမှတ်အသားတွေများလား”
“မဟုတ်ဘူး”
ချင်မူ ခေါင်းခါလိုက်၏။ “ငါ့စာလိပ်ကလည်း ခေါင်းဆောင်ကြယ်ရဲ့ သင်္ကေတအမှတ်အသားတွေပဲ”
“ငါ့ဟာရောပဲ” လင်းရွှမ်က လက်ထဲရှိ စာလိပ်ကို ချလိုက်သည်။
ရှောင်ချွင်းဖုန်း အလျင်အမြန် လှုပ်ရှားပြီး ကျန်စာလိပ်များကိုလည်း ဖွင့်ကြည့်သည်။ စာလိပ်များအပေါ်ရှိ သင်္ကေတအမှတ်အသားအားလုံး ခေါင်းဆောင်ကြယ်၏ သင်္ကေတအမှတ်အသားများ ဖြစ်လေသည်။ ခေါင်းဆောင်ကြယ်အရှင်သခင်သည် ကြယ်နတ်ဘုရားတစ်ပါး ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုမှ မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရားတစ်ပါးလည်း ဖြစ်၏။
အခြေခံသင်္ကေတအမှတ်အသား တစ်ရာခန့်သာ ရှိသင့်သော်လည်း ဤကျောက်စိမ်းစာလိပ်များအပေါ်တွင် မှတ်တမ်းတင်ထားသော သင်္ကေတအရေအတွက်မှာ များလွန်းလေသည်။ ဤအခြင်းအရာက ရှောင်ချွင်းဖုန်းကို မှင်သက်သွားစေသည်။ “ကျောက်စိမ်းစာလိပ်ပေါ်မှာ မှတ်တမ်းတင်ထားတာတွေက ခေါင်းဆောင်ကြယ်အရှင်သခင်ရဲ့ ကောင်းကင်နတ်သိုင်းတွေလား... မများလွန်းဘူးလား”
ချင်မူ ရင်ထဲတွင် လှုပ်ရှာသွားပြီး ရုတ်တရက် လက်ဝှေ့ယမ်းလိုက်သည်။ သူ၏ချီစွမ်းအင် ပျံထွက်လာသည့်အခါ စာအုပ်စင်များအပေါ်ရှိ ကျောက်စိမ်းစာလိပ်အားလုံး မြောက်တက်လာ၏။ စာလိပ်များက ကျောက်စိမ်းတိုင်ကို လှည့်ပတ်နေရင်း ပွင့်သွားကြကာ စာလိပ်များအပေါ်ရှိ သင်္ကေတအမှတ်အသားတို့သည် ကြည်လင်နေသော ကျောက်စိမ်းတိုင်ဆီ မျက်နှာမူနေကြ၏။
ကျောက်စိမ်းတိုင်အပေါ်တွင် သင်္ကေတအမှတ်အသားများ ထင်ဟပ်လာသည်။ သင်္ကေတအမှတ်အသားများက တဖြည်းဖြည်း လင်းလာပြီး ကျောက်စိမ်းတိုင်အတွင်းထဲ၌ အနီရောင်နဂါးနတ်ဘုရားတစ်ပါး ပေါ်လွင်လာသည်။ ထိုနတ်ဘုရားသည် ခက်ထန်ကြမ်းကြုတ်သော အသွင်ဖြင့် လွန်စွာ အသက်ဝင်နေ၏။
“ဒီလိုကိုး”
ချင်မူ အင်္ကျီလက်အိုးကို ခါလိုက်သည့်အခါ ကျောက်စိမ်းစာလိပ်အားလုံး စာအုပ်စင်များအပေါ် ပြန်ရောက်သွားကြသည်။
သူက တတိယအထပ်သို့ တက်၍ စောစောကအတိုင်း လုပ်သည်။ ကျောက်စိမ်းစာလိပ်တစ်လိပ်ချင်းစီ၏ သင်္ကေတအမှတ်အသားများက ကျောက်စိမ်းကို မျက်နှာမူလိုက်ကြပြီး ခွန်အားကြယ်အရှင်သခင်၏ ရုပ်သွင် ဖွဲ့တည်လာသည်။
စတုတ္ထအထပ်ရှိ သင်္ကေတအမှတ်အသားများက အသိအမြင်ကြယ်နှင့် သက်ဆိုင်ပြီး ပဉ္စမအထပ်သည် ဆိတ်ငြိမ်ကြယ်နှင့် ဆိုင်၏။ ချင်မူ လျင်မြန်စွာ တက်သွားရင်း သုံးရာခြောက်ဆယ်မြောက် အထပ်သို့ ရောက်လာသည်။ သူက ဤနေရာရှိ ကျောက်စိမ်းစာလိပ်များကိုလည်း ကျောက်စိမ်းတိုင်ထံ မျက်နှာမူစေလိုက်သည်။
ရှောင်ချွင်းဖုန်းမှာ တိုင်အတွင်း၌ ပေါ်လွင်လာသည့် ရှေးဟောင်းနတ်ဘုရား၏ ရုပ်သွင်ကို ကြည့်ကာ ပြင်းပြင်းထန်ထန် တုန်ရီသွား၏။ ထိုနတ်ဘုရားက သူ့မယ်တော်၊ မဟာနေဧကရီဖြစ်လေသည်။
သူ့ရင်ထဲတွင် ကြောင့်ကြစိတ်များ ဖြစ်ပေါ်လာသည်။ ‘ဒီကျောက်စိမ်းစာလိပ်တွေအပေါ်က သင်္ကေတအမှတ်အသားတွေနဲ့တင် ကြယ်အရှင်သခင်တစ်ပါးကို တည်ဆောက်ပြနိုင်နေပြီ... တာအိုဘိုးဘေးကြီးက ဒီသင်္ကေတအမှတ်အသားတွေနဲ့ ကြယ်နတ်ဘုရားတွေကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေတာလား”
ချင်မူက အပေါ်ဆက်တက်သွားပြီး ၃၆၁ ထပ်မြောက်မှာမူ မဟာနေဧကရာဇ်၏ သင်္ကေတအမှတ်အသားများ ဖြစ်၏။
ချင်မူ တိုင်လုံးထဲရှိ မဟာနေဧကရာဇ်ကို ကြည့်၍ တဟားဟား ထရယ်သည်။ “မဟာနေဧကရာဇ် စောစောစီးစီး သေသွားတာလည်း အံ့ဩစရာမရှိဘူး... ကြည့်ရတာ သူ့ကို အသေးစိတ် လေ့လာထားတဲ့ပုံပဲ.... အဲဒီလိုလုပ်မှ သူ သူ သေသွားတဲ့နောက်ပိုင်း မဟာနေဧကရာဇ်နောက်တစ်ယောက် ဖန်တီးနိုင်မှာမဟုတ်လား”
တာအိုသခင်လင်းရွှမ်၊ ရှောင်ချွင်းဖုန်းနှင့် ယွီဟုန်ရှို့တို့မှာ သူ့အနောက်မှ ကပျာကယာ လိုက်လာနေကြစဉ် ချင်မူ့စကားကို ကြားလိုက်ရသည့်အခါ တုန်လှုပ်သွားကြသည်။ ရှောင်ချွင်းဖုန်းက ရယ်လိုက်ပြီး ပြော၏။ “လောသခင်ခန္ဓာချင်၊ မင်း ဘယ်လိုပေါက်ကရတွေ လျှောက်ပြောနေတာလဲ.... ကောင်းကင်နတ်ဘုံရဲ့ မဟာနေဧကရာဇ်က ဘယ်တုန်းက သေလို့လဲ... အရှင်လတ်လတ်ကြီး ရှိသေးတယ်လေ”
ချင်မူက သူ့ကို တစ်ချက်ကြည့်ပြီး မည်သို့မျှမပြောပေ။
အစောင့်ရှောက်အဆောင်၏ အပေါ်သို့ တက်လေလေ၊ သူတို့ အံ့အားသင့်ရလေလေ ဖြစ်သည်။ ၃၆၁ ထပ်နောက်ပိုင်းတွင် အဆင့်မြင့်သော ရှေးဟောင်းနတ်ဘုရားများ၏ ကျောက်စိမ်းစာလိပ်များ ရှိကြ၏။ ဥပမာ ခရမ်းကြယ်နတ်ဘုရား၊ ကောင်းကင်ဧကရာဇ်နတ်ဘုရားတို့ပင်။
ယွီဟုန်ရှို့ဆီမှ ခပ်စူးစူး အော်သံထွက်လာသည်။ ကျောက်စိမ်းစာလိပ်များဆီမှ သင်္ကေတအမှတ်အသားများ ကျောက်စိမ်းတိုင်ထဲတွင် ဖွဲ့တည်ထားသော အသွင်သဏ္ဍာန်မှာ သူမ၏ဆရာမ၊ တောင်နတ်မင်းကျူချွဲ ဖြစ်၏။
ချင်မူ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “တောင်နတ်မင်း တစ်ယောက်တည်း မဟုတ်ဘူး... ကျန်တဲ့နတ်မင်းသုံးပါးကိုလည်း စီစဉ်ထားလောက်တယ်”
အားလုံး ဆက်တက်သွားကြပြီး ထင်ထားသည့်အတိုင်း မြောက်နတ်မင်း၊ အရှေ့နတ်မင်းနှင့် အနောက်နတ်မင်းတို့၏ ကျောက်စိမ်းစာလိပ်များအား မြင်ကြရသည်။
“အခု နတ်မင်းလေးပါးစလုံး ပြီးပြီဆိုတော့ အပေါ်မှာ ဘာရှိနေမလဲ” ရှောင်ချွင်းဖုန်း ကြောက်လာပြီး ဒူးများပင် တုန်ရီလာတော့သည်။ သူက ဆက်မတက်ရဲတော့သဖြင့် ရပ်လိုက်သည်။
ချင်မူက သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းယမ်းသည်။ “ကောင်းကင်နတ်ဘုံရဲ့ အမှိုက်”
ရှောင်ချွင်းဖုန်း စိတ်တိုသွား၏။ “ကောင်းကင်နတ်ဘုံကို အထင်မသေးနဲ့” ထိုသို့ပြောပြီးနောက် သူက အံတင်းတင်းကြိတ်၍ လိုက်လာသည်။
“ကောင်းကင်ယင်နတ်ဘုရားပဲ”
“ကောင်းကင်နတ်ဧကရီပါလား.. ငါ သူ့အလောင်းကို မြင်ဖူးတယ်.... အမ် မဟုတ်သေးဘူး.. ဒါက ကောင်းကင်နတ်ဧကရီရဲ့ ညီမ”
“ဒါကမှ ကောင်းကင်နတ်ဧကရီ”
နောက်ဆုံးတော့ အမိကမ္ဘာမြေ၏ အထပ်သို့ သူတို့ ရောက်လာကြသည်။ ချင်မူက ကျောက်စိမ်းတိုင်ထဲရှိ အမိကမ္ဘာမြေကို ကြည့်၍ သက်ပြင်းချသည်။ “အမိကမ္ဘာမြေ ယွမ်တုမှ သေခဲ့ရတာ အံ့ဩစရာမရှိဘူးပဲ.... ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေအားလုံး အခုလိုပေါ်နေမှတော့ ခင်ဗျား ပုန်းနေလည်း မထူးတော့ဘူး”
ရှောင်ချွင်းဖုန်းနှင့် ယွီဟုန်ရှို့မှာ ကြောက်လန့်နေကြသည်။ ကျောက်စိမ်းတိုင်ထဲရှိ အမိကမ္ဘာမြေကို ကြည့်ရင်း နောက်ကွယ်ရှိ ဇာတ်လမ်းကို မတွေးရဲတော့ပေ။
ချင်မူက ခေါင်းတယမ်းယမ်းဖြင့် ဆက်တက်သွား၏။
ဤအထပ်၌ ကောင်းကင်နယ်စားမင်းကို မြင်တွေ့ရသည်။
ဤအထပ်၏ ကျောက်စိမ်းစာလိပ်များမှာ လိုအပ်နေသေးဟန်တူသည်။ ကောင်းကင်နယ်စားမင်း၏ ရုပ်သွင်မှာ အပြည့်အဝ မပေါ်လွင်သေးပေ။ သို့သော် နီးကပ်နေပြီဖြစ်သည်။
“ကောင်းကင်နယ်စားမင်း သေရဖို့ မဝေးတော့ဘူး” ချင်မူ ရုတ်တရက် ပြောလိုက်သည်။
ရှောင်ချွင်းဖုန်းနှင့် ယွီဟုန်ရှို့တို့၏မျက်ဝန်းများတွင် ကြောက်စိတ်တို့ ပြည့်နေသည်။ သူတို့မှာ လှည့်ပြေးချင်သော်လည်း အစောင့်ရှောက်အဆောင်၏အပေါ်တွင် အထပ်များ ရှိနေသေး၏။ ထိုအထပ်များက သူတို့ကို ဆွဲဆောင်နေသောကြောင့် တက်ကြည့်ချင်စိတ်များ ဖြစ်ပေါ်နေကြသည်။
ချင်မူက နောက်တစ်ထပ်သို့ တက်သွားသည့်အခါ မြေအောက်ဘုံအရှင်သခင်နှင့် ဆိုင်သော သင်္ကေတအမှတ်အသားများအား မြင်တွေ့ရသည်။ သို့သော် သင်္ကေတအများစု လိုအပ်နေ၍ မြေအောက်ဘုံအရှင်သခင်၏ရုပ်သွင်မှာ မပြည့်စုံသေးပေ။ ကောင်းကင်နယ်စားမင်းနှင့် ယှဉ်လျှင် လိုသေးသည့် နေရာများ ရှိနေသည်။
“ဆက်တက်သွားရင် ကောင်းကင်နတ်ဧကရာဇ် ဖြစ်တော့မယ် ထင်တယ်နော်” ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ရှောင်ချွင်းဖုန်းနှင့် ယွီဟုန်ရှို့တို့ မိုက်ခနဲ မေ့လုနီးပါး ဖြစ်သွားကြသည်။ တာအိုသခင်လင်းရွှမ်၏အသံမှာ အက်ကွဲနေပြီး သူက ဟက်ခနဲ ရယ်ကာ ပြောလေသည်။ “ဂိုဏ်းသခင်ကတော့ နောက်ပြီ.... ကောင်းကင်နတ်ဧကရာဇ်က ဘယ်လိုလုပ်ပြီး တာအိုဘိုးဘေးကြီးကို ခွင့်ပြုမှာလဲ... ကောင်းကင်နတ်ဧကရာဇ်ကို အစားထိုးဖို့ လုပ်နေရင် သူ့ကိုယ်သူ သတ်သေနေတာနဲ့ မတူဘူးလား”
ချင်မူက ညစ်ကျယ်ကျယ်အပြုံးဖြင့် ပြန်ဖြေသည်။ “ပြောရခက်တယ်”
တခဏကြာသော် သုံးယောက်သား ကောင်းကင်နတ်ဧကရာဇ်ကို ကြည့်ကာ အတန်ကြာသည်အထိ ဆွံ့အနေကြသည်။
နောက်ဆုံးတော့ ယွီဟုန်ရှို့မှာ ညည်းတွားပြီး မေ့လဲသွား၏။ ရှောင်ချွင်းဖုန်း၏ မျက်နှာမှာ အသေကောင်လို ဖြူဆုပ်နေကာ တစ်ကိုယ်လုံး တုန်ရီနေသည်။ သူ့မှာ စကားတစ်ခွန်းမျှ မပြောရဲပေ။
ချင်မူ အပေါ်သို့ မော့ကြည့်လိုက်သည်။ အစောင့်ရှောက်အဆောင်တွင် အထပ်နောက်တစ်ထပ် ကျန်သေး၏။ “ရှေးဟောင်းနတ်ဘုရားအားလုံး ပြည့်သွားပါပြီ... အပေါ်က အထပ်က ဘာအတွက်လဲ”
သူ၏သိချင်စိတ်မှာ မချုပ်တည်းနိုင်တော့ပေ။ ကျန်ရှိသူများ မတက်ရဲတော့သော်လည်း ချင်မူက စိတ်လှုပ်ရှားစွာဖြင့် ဆက်တက်သွားသည်။
တခဏကြာသော် ချင်မူ၏မျက်ဝန်းထောင့်စွန်းများ တွန့်သွားပြီး တိုင်ထဲရှိ လူငယ်ကို ငေးကြည့်နေ၏။
“တာအိုဘိုးဘေးကြီး၊ ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာတုန်း” ချင်မူ တိုးညင်းစွာ ရေရွတ်မိလိုက်လေသည်။