← Chapters

တာအိုဘိုးဘေးကြီး၏ ကောင်းကင်နတ်ဘုံ

Vol. 63 Ch. 834

တာအိုဘိုးဘေးကြီး၏ ကောင်းကင်နတ်ဘုံ

Vol. 63 Ch. 834

ချင်မူက ကျောက်စိမ်းစာလိပ်များကို ကျောက်စိမ်းတိုင်ကို လှည့်ပတ်၍ ပျံသန်းနေစေသည်။ ကျောက်စိမ်းစာလိပ်များအပေါ်ရှိ သင်္ကေတအမှတ်အသားများသည် ကျောက်စိမ်းတိုင်အပေါ်၌ ထင်ဟပ်ကာ ကျောက်စိမ်းအတွင်းထဲတွင် လူငယ်တစ်ယောက်၏ ပုံသဏ္ဍာန်အား ဖွဲ့တည်ထား၏။ ကျောက်စိမ်းစာလိပ်များ လှည့်ပတ်နေစဉ် ကျောက်စိမ်းတိုင်အတွင်းရှိ လူငယ်လည်း ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ လှည့်နေသည်။

ဤလူငယ်၏ ဦးနှောက်တည်ဆောက်ပုံနှင့် အတွင်းကလီစာတည်ဆောက်ပုံများကို ရှင်းလင်းပြတ်သားစွာ မြင်ရလေသည်။

ချင်မူ ကျောက်စိမ်းစာလိပ်များ၏ တည်နေရာကို ပြောင်းလဲကြည့်သည့်အခါ လူငယ်၏ ကိုယ်တွင်းကလီစာများကိုပင် ချဲ့ကြည့်နိုင်ပြီး ပို၍သေးမျှင်သော တည်ဆောက်ပုံများအား မြင်ရ၏။

ဤလူငယ်ကား... ကောင်းကင်နတ်အရှင်ယွီ ဖြစ်၏။

ချင်မူက ကျောက်စိမ်းတိုင်၏အရှေ့တွင် ရပ်၍ ကျောက်စိမ်းတိုင်အတွင်းရှိ ကောင်းကင်နတ်အရှင်ယွီကို ဂရုတစိုက် အကဲခတ်နေသည်။ ဤကျောက်စိမ်းစာလိပ်များမှ ပြသနေသော ကောင်းကင်နတ်အရှင်ယွီက သူ့ရင်ထဲတွင် ထူးဆန်းသောခံစားချက်တစ်ခု ပေါက်ဖွားလာစေသည်။

ကောင်းကင်နတ်အရှင်ယွီ၏ ပုံရိပ်အသွင်သည် အခြားသော ရှေးဟောင်းနတ်ဘုရားများနှင့် မတူပေ။ ရှေးဟောင်းနတ်ဘုရားတို့နှင့်ပတ်သက်လျှင် အက္ခရာသင်္ချာသည် မဟာတာအို သင်္ကေတအမှတ်အသားများကို ဦးစွာတည်ဆောက်ခြင်းမှတစ်ဆင့် ရုပ်သွင်ပုံသဏ္ဍာန် ဖွဲ့တည်ထားခြင်း ဖြစ်၏။ အခြားတစ်ဖက်တွင် အက္ခရာသင်္ချာက ကောင်းကင်နတ်အရှင်ယွီ၏ ရုပ်ခန္ဓာကို တိုက်ရိုက်တည်ဆောက်ထားခြင်း ဖြစ်နေသည်။

ဤကျောက်စိမ်းစာလိပ်များက ကောင်းကင်နတ်အရှင်ယွီ နောက်တစ်ယောက် ဖန်တီးရန်အတွက် မဟုတ်ဘဲ ... ကောင်းကင်နတ်အရှင်ယွီ၏ ရုပ်ခန္ဓာနောက်တစ်ခု တည်ဆောက်ရန်အတွက်သာ အသုံးပြုခံထားရ၏။

ချင်မူ ကျောက်စိမ်းစာလိပ်များ၏အပေါ်ရှိ သင်္ကေတအမှတ်အသားများကို အသေအချာ ကြည့်လိုက်သည့်အခါ သူ ထင်ထားသည့်အတိုင်း ဤသင်္ကေတအမှတ်အသားများသည် မဟာတာအို သင်္ကေတအမှတ်အသားများ မဟုတ်ဘဲ၊ ဖန်ဆင်းသင်္ကေတအမှတ်အသားများ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဤကျောက်စိမ်းအဆောင်၏ အောက်အထပ်တို့တွင် ကျောက်စိမ်းစာလိပ်များအပေါ်ရှိ သင်္ကေတအမှတ်အသားအားလုံးက မဟာတာအို သင်္ကေတအမှတ်အသားများ ဖြစ်ခဲ့ကြသည်။ တာအိုဘိုးဘေးကြီး အက္ခရာသင်္ချာသုံး၍ ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုကို ခွဲခြမ်းစိတ်ဖြာခဲ့စဉ်အခါတွင် တွက်ထုတ်နိုင်ခဲ့သော သင်္ကေတအမှတ်အသားများ ဖြစ်ပေသည်။

သင်္ချာဖြင့် တွက်ထုတ်ထားသည့် မဟာတာအိုသင်္ကေတအမှတ်အသားများက ဖန်ဆင်းသင်္ကေတအမှတ်အသားများနှင့် မတူပေ။ ဖန်ဆင်းခြင်းမဟာတာအိုသည် ကမ္ဘာလောက၏ ဖြစ်တည်မှုအစနောက်ပိုင်းမှ သက်ရှိမျိုးနွယ်များ တီထွင်ခဲ့သော မဟာတာအိုတစ်ခု ဖြစ်၏။

ချင်မူက ဖန်ဆင်းပညာတွင် ကျွမ်းကျင်သည့်အတွက် ဤကျောက်စိမ်းစာလိပ်များအပေါ်ရှိ သင်္ကေတအမှတ်အသားများမှာ သူ့အတွက် ပြဿနာမဟုတ်ပေ။

‘တာအိုဘိုး‌ဘေးကြီးက ဖန်ဆင်းသင်္ကေတအမှတ်အသားတွေနဲ့ ဘာကြောင့် ကောင်းကင်နတ်အရှင်ယွီရဲ့ ရုပ်ခန္ဓာကို တည်ဆောက်ခဲ့တာလဲ’

ချင်မူ အတွေးထဲ နစ်မျောသွားသည်။ ဤဖန်ဆင်းသင်္ကေတအမှတ်အသားတို့သည် ကျန်အထပ်များမှ မဟာတာအို သင်္ကေတအမှတ်အသားများလောက် အဆင့်မမြင့်ပေ။ ကောင်းကင်နတ်အရှင်ယွီ သေဆုံးခဲ့စဉ်တုန်းက သူ၏သိုင်းအဆင့်မှာ ကောင်းကင်နန်းဆောင်အဆင့်သာ ရောက်သေးပြီး နတ်ဘုရားတစ်ပါး ဖြစ်လာရုံသာ ရှိသေးသည်။

သို့တိုင်အောင် တာအိုဘိုးဘေးကြီးသည် ဖန်ဆင်းသင်္ကေတအမှတ်အသားများကို အမြင့်ဆုံးအထပ်၌ ထားရှိပြီး ကောင်းကင်နတ်အရှင်ယွီကို ကောင်းကင်နတ်ဧကရာဇ်ထက်ပင် မြင့်မားစေခဲ့၏။ ဤသဘောက အဘယ်အရာကို ဆိုလိုသနည်း။

ချင်မူ ငုံ့ကြည့်လိုက်သည့်အခါ ဤကျောက်စိမ်းတိုင်က အောက်ဆုံးအထပ်အထိ ဖြောင့်တန်းနေကြောင်း မြင်လိုက်ရသည်။ ကျောက်စိမ်းလှေကားထစ်များ ကျောက်စိမ်းတိုင်ကို ကြောင်လိမ်ရစ်ပတ်ထားပြီး နံရံခြောက်ဖက်တွင် ကျောက်စိမ်းစာလိပ်များ သပ်သပ်ရပ်ရပ် စီထားသော စာအုပ်စင်တို့ အထပ်လိုက် ရှိနေကြသည်။

ချင်မူ တစ်ယောက်တည်း ရေရွတ်နေစဉ် တာအိုသခင်လင်းရွှမ်နှင့် ရှောင်ချွင်းဖုန်းက အပေါ်သို့ တက်လာနေသည်။ ယွီဟုန်ရှို့မှာတော့ သတိပြန်မလည်သေးပေ။

ရုတ်တရက် ချင်မူမှာ ရင်ထဲ လှုပ်ခတ်သွားပြီး ချီစွမ်းအင်ကို ထုတ်လွှတ်ရင်း ကျောက်စိမ်းလှေကားထစ်အတိုင်း ဖြာဆင်းသွားစေသည်။

ရှောင်ချွင်းဖုန်းမှာ ချင်မူ သူ့ကို အသေသတ်တော့မည်ဟု ထင်မှတ်ကာ ကြောက်လန့်သွားသော်လည်း ချင်မူ၏ ချီစွမ်းအင်က အထပ်တိုင်းသို့ ပျံ့နှံ့သွားကြောင်း မြင်လိုက်ရ၏။ ချင်မူက စာအုပ်စင်များအပေါ်ရှိ ကျောက်စိမ်းစာလိပ်မှန်သမျှ ဆွဲယူကာ ဖြေချလိုက်သည်။ မရေမတွက်နိုင်သော ကျောက်စိမ်းစာလိပ်များ ပွင့်ကျလာကာ ကျောက်စိမ်းတိုင်ဆီသို့ မျက်နှာမူလိုက်ကြသည်။

ဤအထပ်ရာကျော်တွင် ကျောက်စိမ်းစာလိပ် အလွန်များ၏။ များလွန်းသဖြင့် ရေတွက်၍ပင် မရပေ။ ယခုတွင် အားလုံး ပွင့်ကျလာချေပြီ။

ဤမျှများပြားသည့် ကျောက်စိမ်းစာလိပ်များကို ထိန်းချုပ်ရသည့်အခါ ထိပ်တန်းကောင်းကင်နတ်သိုင်းပညာရှင် ချင်မူပင် အားအင်မကုန်ခမ်းဘဲ မနေပေ။

ဤအချိန်တွင် ကျောက်စိမ်းစာလိပ်များ၏ တောက်ပနေသော သင်္ကေတအမှတ်အသားများသည် ကျောက်စိမ်းတိုင်အပေါ်သို့ ဖြာကျသွားပြီး ကျောက်စိမ်းတိုင်၏အတွင်းထဲ၌ ရှေးဟောင်းနတ်ဘုရားတို့၏ ပုံရိပ်အသွင်များ တမုဟုတ်ချင်း ဖွဲ့တည်လာကြသည်။

ထို့နောက် အလင်းရောင်များက တစ်ရောင်အပေါ် တစ်ရောင် ဖြာကျသွားပြီး ကျောက်စိမ်းတိုင်၏အတွင်းထဲမှ အလင်းတန်းကြီးတစ်တန်း ထိုးတက်သွားသည်။

ဝှမ်

အလင်းရောင်အားလုံး ထိပ်ဆုံးအထပ်ရှိ ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ကို ထိမှန်သွားကြပြီး တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် တောက်ပနေသည့် အလင်းရောင်ကား ကျောက်စိမ်းတိုင်လုံးဆီမှ ဖြာထွက်လာတော့၏။

ချင်မူ မျက်လုံးရှေ့အား ကာလိုက်ရသည်။ ‌နောက်တခဏတွင် စူးရှသော အလင်းရောင်နှင့် အသားကျသွား၍ ကျောက်စိမ်းတိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။

ကျောက်စိမ်းတိုင်၏ ဆန်းကြယ်သော အတွင်းပိုင်းဖွဲ့စည်းပုံကြောင့် နတ်ဘုရားတို့၏ ပုံရိပ်အသွင်များသည် အလင်းစက်များအသွင် ပြောင်းကာ ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြ၏။ အလင်းစက်များက စုဆုံသွားပြီး ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာအဖြစ် ဖွဲ့တည်သွားသည်။

ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ဖွဲ့တည်ပြီးနောက် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာ ဖြစ်ပေါ်လာသည်။ ဓာတ်ငါးပါးကြယ်တစ်စင်းစီ၏ အပေါ်တွင် ရှေးဟောင်းနတ်ဘုရားများ၏ ပုံရိပ်အသွင်တစ်ခုစီ ရပ်တည်နေသည်။

ထို့နောက် ဖွဲ့တည်လာသည်ကား အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာဖြစ်သည်။ အမိကမ္ဘာမြေနှင့် ကမ္ဘာဦးသစ်ပင်သည် အလင်းရောင်ထဲ၌ ပေါ်လွင်လာကြ၏။ နဂါးသွေးကြောများ၊ ဇာမဏီအသိုက်များ၊ တောင်နတ်ဘုရားများ၊ မြစ်နတ်ဘုရားများအစရှိသဖြင့် ရှေးဟောင်းနတ်ဘုရား အသွင်သဏ္ဍာန်မျိုးစုံ၊ အရွယ်အစားမျိုးစုံ ဖွဲ့တည်နေကြသည်။

ထို့နောက် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာနှင့်အတူ နေ၊ လနှင့် ကြယ်များ ထွက်ပေါ်လာသည်။ မဟာနေဧကရာဇ်နှင့် မဟာလဧကရီက နေနှင့် လအ‌ပေါ်တွင် ပေါ်လာပြီး သုံးရာ့ခြောက်ဆယ်သော ကြယ်အရှင်သခင်များလည်း နဂါးငွေ့တန်းအတွင်းရှိ ကြယ်များ၊ ကြယ်စုများအပေါ်တွင် ရပ်နေကြ၏။

အဆိုပါ ကြယ်များ၊ ကြယ်စုများနှင့် နဂါးငွေ့တန်းမှ ပေါင်းစုထားသော ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာက ကောင်းကင်နတ်အသွင်ကောင်းကင်ရတနာ ဖြစ်လာသည်။

ချင်မူ ဆက်ကြည့်လိုက်သည့်အခါ အောက်တွင် သေခြင်းရှင်ခြင်းကောင်းကင်ရတနာ ရှိနေ၏။ ယိုတု ဖြစ်ပေါ်လာပြီး မြေအောက်ဘုံအရှင်သခင်က ယွမ်တု၏အောက်ရှိ အမှောင်ထုထဲ၌ ရပ်နေသည်။

နောက်တခဏတွင် ကောင်းကင်တံတားတစ်စင်းက ကောင်းကင်နန်းဆောင်ဆီသို့ ဆန့်တန်းသွားကာ ကောင်းကင်တံတားကောင်းကင်ရတနာ ဖြစ်‌ပေါ်လာသည်။

ချင်မူမှာ ဤအခြင်းအရာများကို ကြည့်ရင်း ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်နေ၏။ အလင်းစက်များက ‌ကောင်းကင်နတ်အရှင်ယွီ၏ မျက်ခုံးနှစ်ဖက်ကြားတွင် မနှိုင်းသာအောင် ကျယ်ဝန်းလှသော ကောင်းကင်နန်းဆောင်တစ်ခု ဖွဲ့တည်ပေးလိုက်သည်။

ကောင်းကင်နန်းဆောင်တစ်ခုတည်း မဟုတ်၊ သုံးဆယ့်ခြောက်ဆောင်သော ကောင်းကင်နန်းဆောင်များ ဖြစ်သည်။

ထို့အပြင် ကောင်းကင်နန်းဆောင် သုံးဆယ့်ခြောက်ဆောင်တင် မဟုတ်၊ ပလ္လင်ခန်းမ ခုနစ်ဆယ့်နှစ်ခုလည်း ရှိနေသည်။

ဤသည်ကား ပြည့်စုံသော ကောင်းကင်နတ်ဘုံတစ်ဘုံပင် မဟုတ်ပါ၏လော။

သို့သော် ဤကောင်းကင်နတ်ဘုံမှာ သူပင် တွေးမကြည့်နိုင်လောက်အောင် ရှုပ်ထွေးနေသည်။ ဤကောင်းကင်နတ်ဘုံကား ရှေးဟောင်းနတ်ဘုရားတိုင်း၏ မဟာတာအိုသင်္ကေတအမှတ်အသားများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး ကောင်းကင်နတ်ဧကရာဇ်သည်ပင် နတ်ကောင်းကင်ခန်းမ၏ ပလ္လင်ထက်တွင် ထိုင်နေသော ရှေးဟောင်းနတ်ဘုရားတစ်ပါးအဆင့်သာ ရှိနေသည်။

ကောင်းကင်နတ်ဘုံ အသာထား၊ ကောင်းကင်ရတနာခုနစ်ခုမှာလည်း ကမ္ဘာပေါ်ရှိ ကောင်းကင်နတ်သိုင်းပညာရှင်များ၏ ကောင်းကင်ရတနာများနှင့် မတူပေ။

ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်အထဲရှိ ကောင်းကင်ရတနာများတွင် ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် အမိကမ္ဘာမြေကဲ့သို့ ရှေးဟောင်းနတ်ဘုရားများဆီမှ သင်္ကေတအမှတ်အသားမျိုးစုံ ကိန်းဝပ်နေကြသည်။ သို့ဖြစ်၍ ရှုပ်ထွေးမှုက ကျန်ကောင်းကင်နတ်သိုင်းပညာရှင်များထက် များစွာအဆင့်မြင့်၏။

ကောင်းကင်ရတနာများပင် ထိုမျှ ရှုပ်ထွေးနေပြီဆိုလျှင် ကောင်းကင်နတ်ဘုံကား ဆိုဖွယ်မရှိချေပြီ။

ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထဲ၌ တာအိုဘိုးဘေးကြီး တည်ဆောက်ထားသော ကောင်းကင်နတ်ဘုံက မည်မျှရှုပ်ထွေးနေမှန်း ကောင်း‌ကောင်းစိတ်ကူးကြည့်နိုင်သည်။

ဤကျင့်စဉ်မျိုးသာ ဖြန့်ဝေပေးလိုက်လျှင် လက်ရှိကမ္ဘာလောက၏ ကျင့်စဉ်စနစ်ကို အကြီးအကျယ် ပြည့်စုံသွားစေလိမ့်မည်။

‘တာအိုဘိုးဘေးကြီး အစောင့်ရှောက်အဆောင်ထဲမှာ ဒါတွေ တွက်ချက်နေတာက ကောင်းကင်နတ်ဘုံရဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေ သုံးဖို့အတွက်လား”

ချင်မူ မှင်သက်သွားသည်။

အစောင့်ရှောက်အဆောင်ထဲရှိ ဤမြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ်ရာ ကောင်းပါသော်လည်း ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များကို ပြီးပြည့်စုံအောင် မွမ်းမံခြင်းမှာ ထိုမျှမရိုးရှင်းပေ။

ဤရှေးဟောင်းနတ်ဘုရားတို့ အမိန့်မနာခံလျှင် နောင်တစ်ချိန်တွင် အစားထိုးခံရလိမ့်မည်။

ကောင်းကင်နယ်စားမင်း၊ ‌မြေအောက်ဘုံအရှင်သခင်တို့လည်း ခြွင်းချက်မဟုတ်ပေ။

သို့သော် ချင်မူ နားမလည်နိုင် ဖြစ်ရသည်မှာ... အဘယ်ကြောင့် ကောင်းကင်နတ်အရှင်ယွီနည်း။

‘အမြင့်ဆုံးအထပ်က သင်္ကေတအမှတ်အသားတွေကို ဘယ်သူ့အသွင်ဖြစ်ဖြစ် ပြောင်းလို့ရတာပဲ... ဘာကြောင့် ကောင်းကင်နတ်အရှင်ယွီလဲ’

သူ မရှင်းပေ။

ထို့အပြင် ကောင်းကင်နတ်အရှင်ယွီ၏ ဝိညာဉ်မှာ မပြည့်စုံသလို၊ တစ်စိတ်တစ်ပိုင်းက ဤပြင်ပကောင်းကင်နတ်ဘုံထဲ၌ ဝှက်ခံထားရသည်။ တာအိုဘိုးဘေးကြီး၏ ဤလုပ်ရပ်ကို ချင်မူ နားမလည်နိုင်တော့ပေ။

‘ကောင်းကင်နတ်အရှင်ယွီရဲ့ ဝိညာဉ်က မှတ်ဉာဏ်ပျောက်ဆုံးနေတာမလို့ တာအိုဘိုးဘေးကြီးက ကောင်းကင်နတ်အရှင်ယွီ နောက်တစ်ယောက် ဖန်ဆင်းပြီး ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်ကို ဒီခန္ဓာကိုယ်အသစ်ထဲ လုပ်မလို့များလား... ဒါပေမဲ့ ကောင်းကင်နတ်ဘုံထဲက ကောင်းကင်နတ်ဧကရာဇ်က ခွင့်ပြုပါ့မလား’

‘ဒါမှမဟုတ် ကောင်းကင်နတ်အရှင်ယွီရဲ့ ရုပ်ခန္ဓာက အပြီးပြည့်စုံဆုံးမလို့ ကောင်းကင်နတ်ဧကရာဇ်က ဒီရုပ်ခန္ဓာအဖြစ် ပြန်မွေးဖွားလာဖို့ ကြံစည်နေတာလား’

‘ကောင်းကင်နတ်ဘုံရဲ့ ဒီကျင့်စဉ်စနစ်က မပြည့်စုံသေးတော့ ကောင်းကင်နတ်ဧကရာဇ်အနေနဲ့ ကောင်းကင်နတ်အရှင်ယွီရဲ့ မှတ်ဉာဏ်နဲ့ အသိအမြင်တွေကို လိုအပ်နေတာလည်း ဖြစ်နိုင်တာပဲ’

‘ဒါက တာအိုဘိုးဘေးကြီးရဲ့ အကြံလား... ကောင်းကင်နတ်ဧကရာဇ်ရဲ့ အကြံလား’

ချင်မူ တဖြည်းဖြည်း ခေါင်းကိုက်လာသည်။ တာအိုဘိုးဘေးကြီး၏ သဘောထားက ပဟေဠိဆန်လွန်း၏။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ တပည့် ၊ ယန်ချီလင်းနှင့် တွေ့ဆုံခဲ့စဉ်တုန်းက တာအိုဘိုးဘေးကြီးသည် ကောင်းကင်နတ်ဧကရာဇ်ကို ကူညီနေသည့်အကြောင်း ပြောပြခဲ့ဖူး၏။ ထိုရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်မှာ ပြင်ပကောင်းကင်နတ်ဘုံ၌ လက်ရှိအုပ်စိုးနေသော ကောင်းကင်နတ်ဧကရာဇ် မဟုတ်ပေ။ သူတို့နှစ်ယောက်က တစ်ယောက်မဟုတ်တစ်ယောက် မသေမချင်း နောက်မဆုတ်မည့် ရန်သူများ ဖြစ်သည်။

သို့သော် တာအိုဘိုးဘေးကြီးက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ဘက်၌ ရပ်တည်သည် ဆိုသော်ငြား ပြင်ပကောင်းကင်နတ်ဘုံ၏ အစောင့်ရှောက်အဆောင်တွင်လည်း အဆောင်မှူး ဖြစ်နေသေးသည်။ ယခုလို ကြီးကျယ်ခမ်းနားသည့် စာကြည့်တိုက်တစ်ခု တည်ဆောက်နိုင်အောင် ပြင်ပကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်ဧကရာဇ်ကို ကူညီပေးနေခဲ့၏။

ယခုတွင်လည်း တာအိုဘိုးဘေးကြီးသည် ချင်မူတို့ကို အစောင့်ရှောက်အဆောင်ထဲသို့ ဆင့်ခေါ်ကာ ပြင်ပကောင်းကင်နတ်ဘုံမှ ကောင်းကင်နတ်ဧကရာဇ်၏ အစီအစဉ်ကို ထုတ်ပြပြန်၏။

‘တာအိုဘိုးဘေးကြီးက လူကောင်းလား... လူဆိုးလား.... ကြားနေလား... မဟုတ်မှ...’

ချင်မူ့မျက်နှာတွင် ထူးဆန်းသောအမူအရာ ရှိနေသည်။ ‘သာကူးလား’

တာအိုသခင်လင်းရွှမ်နှင့် ရှောင်ချွင်းဖုန်းက သူ့ဘေးသို့ ရောက်လာကြကာ ကျောက်စိမ်းတိုင်၏အတွင်းထဲသို့ ကြည့်လိုက်ကြသည်။ နှစ်ယောက်စလုံး အံ့အားသင့်သွားကြပြီး ကျောက်ရုပ်သဖွယ် တောင့်တင်းကုန်ကြသည်။ စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။

“နောင်တော်ရှောင်”

ချင်မူက ပြုံး၍ မေးလိုက်သည်။ “အစောင့်ရှောက်အဆောင်ထဲက ဒီကောင်းကင်ရတနာ ကျင့်စဉ်စနစ်နဲ့ ကောင်းကင်နန်းဆောင် ကျင့်စဉ်စနစ်ကို မြင်ခဲ့ဖူးလား”

ရှောင်ချွင်းဖုန်းက အူကြောင်ကြောင်ဖြင့် ခေါင်းယမ်းပြ၏။

“ဒါဖြင့် ကြားဖူးလား” ချင်မူ ဆက်မေးမိသည်။

ရှောင်ချွင်းဖုန်းက ခေါင်းယမ်းပြပြန်သည်။

“ကြားလည်း မကြားဖူး၊ မြင်လည်း မမြင်ဖူးဘူးပေါ့... ဒါဆို ကောင်းကင်နတ်ဘုံမှာ ဒီလိုကျင့်စဉ်စနစ်မျိုး ကျင့်ကြံထားတဲ့သူ ရှိလား”

ချင်မူက သူလိုချင်သော အဖြေရအောင် ရှောင်ချွန်းဖုန်းအား လမ်းကြောင်းဖော်ပေးနေသည်။ “ဒီလိုကျင့်စဉ်စနစ်မျိုး ကျင့်ကြံထားတဲ့ လူက သေချာပေါက် သန်မာအားကောင်းပြီး ပြိုင်ဘက်ကင်းလိမ့်မယ်... သူက သေချာ‌‌ပေါက် ငါ့လို ဖြစ်လိမ့်မယ်.... သူ့ရှေ့မှာ ချင်မူ နောက်တစ်ယောက်ကို တွေ့ရသလို, လောကသခင်နောက်တစ်ယောက် တွေ့ရသလို၊ မင်း လက်လှမ်းမှီဖို့ မျှော်လင့်ရင်း မော့ကြည့်နေရမယ့် လူတစ်ယောက်လို ခံစားရလိမ့်မယ်... အဲဒီလိုလူမျိုးနဲ့ တွေ့ဖူးလား”

ရှောင်ချွင်းဖုန်း သတိပြန်ဝင်သွားပြီး ထူးဆန်းသောအမူအရာဖြင့် သူ့ကို ကြည့်သည်။

တာအိုသခင်လင်းရွှမ်လည်း ချင်မူက အတော်လေး အရှက်မရှိဟု ခံစားနေရသည်။ မည်သူက သူ့ကိုယ်သူ ထိုကဲ့သို့ ချီးကျူးသနည်း။

သို့သော် ချင်မူ့စကားကလည်း မမှားပေ။ ထိုကဲ့သို့ကျင့်စဉ်စနစ်မျိုးဖြင့် ကျင့်ကြံထားသူသည် အဆင့်တူတွင် မည်သူမျှ လက်လှမ်းမမှီနိုင်‌အောင် ပြိုင်ဘက်ကင်းလိမ့်မည်။

ကောင်းကင်နတ်ဘုံအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သူများ ရှိလျှင် ထိုသူတို့သည် အတိတ်နှင့် ပစ္စုပ္ပုန်တွင် ပထမဆုံး ဖြစ်ကြလိမ့်မည်။ ရှေးဟောင်းနတ်ဘုရားများထက်ပင် တန်ခိုးအင်အားကြီးမားကြလိမ့်မည်။

နှမြောစရာကောင်းသည်မှာ ဤနေရာတွင် ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်တို့၏ ဖွဲ့စည်းတည်ဆောက်ပုံသာ ရှိပြီး ကျင့်စဉ်ပညာရပ် ကင်းမဲ့နေခြင်း ဖြစ်၏။

အစောင့်ရှောက်အဆောင်ထဲတွင် ကျောက်စိမ်းစာလိပ်များနှင့် မဟာတာအိုသင်္ကေတအမှတ်အသားများ မရေမတွက်နိုင်အောင် ရှိသည်။ ထိုသင်္ကေတအမှတ်အသားအားလုံးကို အစီအစဉ်ချ၍ ကျင့်စဉ်တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်းမှာ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားသော လုပ်ငန်းစဉ်ကြီးတစ်ခု ဖြစ်၏။

ထိုကဲ့သို့ ဧရာမစနစ်အား လက်ခံပေးနိုင်သော ကျင့်စဉ်တစ်ခု ရှိပါရဲ့လားဟုပင် လင်းရွှမ် သံသယဝင်မိသည်။

‘ဒါ့အပြင် ဒီစနစ်က မပြည့်စုံသေးဘူး’

သူက ချင်မူ့ဆီသို့ ကြည့်လိုက်သည်။ ရှောင်ချွင်းဖုန်းအနေဖြင့် ဤစနစ်အထဲရှိ မပြည့်စုံမှုကို မသိနိုင်သော်လည်း ချင်မူကတော့ မုချ သိ၏။

ဤစနစ်တွင် ပထမအားနည်းချက်က ကောင်းကင်တံတား ကောင်းကင်ရတနာ ရှိနေသေးသော အချက်ပင်။

ကောင်းကင်တံတား ကောင်းကင်ရတနာသည် ချင်မူ တီထွင်ခဲ့သည့် ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာဖြင့် အစားထိုးခံလိုက်ရပြီ မဟုတ်ပါ၏လော။ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာက ပို၍ကောင်းမွန်သည်။

ဒုတိယအားနည်းချက်က ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ပတ်သက်သည်။ ဤကောင်းကင်ရတနာခုနစ်ခုသည် တစ်ခုနှင့်တစ်ခု ကွဲပြားနေကာ ကောင်းကင်ရတနာတစ်ခုတည်းအဖြစ် မစုစည်းသေးပေ။ မူလဝိညာဉ်ကလည်း အရပ်ခြောက်မျက်နှာမြေပြင်၌သာ အမြစ်ကုပ်တွယ်ထားပြီး ကောင်းကင်တံတားနှင့် ဆက်မနေချေ။

ချင်မူ၏ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာက ဤအားနည်းချက်များကို ဖြေရှင်းပေးနိုင်၏။

တတိယအားနည်းချက်က ရှေးဟောင်းနတ်ဘုရားများကို တည်ဆောက်ရန် တာအိုဘိုးဘေးကြီး အသုံးပြုခဲ့သော သင်္ချာသဘောတရားအထဲ၌ ကိန်းအောင်းနေသည်။

တာအိုဘိုးဘေးကြီးသည် ထိုက်ရွှမ်သင်္ချာကျမ်းနှင့် ရွှမ်းနီသင်္ချာကျမ်းကဲ့သော အနုစိတ်အက္ခရာသင်္ချာကို သုံးထားဖြစ်၏။ ချင်မူ ဖန်တီးခဲ့သည့် ထိုက်ဝေသင်္ချာကျမ်း၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်း မွမ်းမံပြုစုခဲ့သော ထိုက်ဝေသင်္ချာကျမ်းကဲ့သို့ အသေးငယ်ဆုံး မော်လီကျူးအထိ ခွဲဖြာနိုင်သည့် အနုမြူသင်္ချာ လိုအပ်နေသေးသည်။

ထိုက်ဝေသင်္ချာကျမ်းမပါလျှင် တာအိုဘိုးဘေးကြီး ခွဲခြမ်းစိတ်ဖြာခဲ့သော ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုမှာ မတိကျ၊ မပြည့်စုံပေ။

ဤအချက်သုံးချက်ကြောင့် တာအိုဘိုးဘေးကြီး တည်ဆောက်ခဲ့သည့် ဤကျင့်စဉ်စနစ်တွင် ဟာကွက်ရှိနေ၏။

အဆိုပါအားနည်းချက်များမှာ တာအိုသခင်လင်းရွှမ် လောလောလတ်လတ် တွေးမိသည့် အချက်များသာ ရှိသေးသည်။ ထို့ထက်ပင် ပိုနိုင်သေး၏။

“တာအိုဘိုးဘေးကြီး ငါတို့ ဆင့်ခေါ်ခဲ့တဲ့ ရည်ရွယ်ချက်ကို ငါ သိပြီ”

ရုတ်တရက် ရှောင်ချွင်းဖုန်းသည် သက်ပြင်းချ၍ စိတ်ပျက်နေ၏။ သူက ခနဲ့သလို ရယ်ကာ ပြောသည်။ “အစောင့်ရှောက်အဆောင်ရဲ့ လျှို့ဝှက်ချက်ကို ငါ သိလိုက်ရပြီဆိုတော့ ဒီကောင်းကင်နတ်ဘုံမှာ ဆက်နေလို့ မရတော့ဘူး... အသက်ရှင်ချင်ရင် ထွက်သွားရလိမ့်မယ်.... မဟုတ်လို့ကတော့ လျှို့ဝှက်ချက် ‌ပေါက်ကြားသွားတာနဲ့ သေရလိမ့်မယ်”

သူက ခါးသီးစွာ ပြုံးနေသည်။

ရှောင်ချွင်းဖုန်းမှာ ကောင်းကင်နတ်ဘုံအား သစ္စာစောင့်သိခဲ့သော်လည်း ယခုတွင် ကောင်းကင်နတ်ဘုံအပေါ် သစ္စာဖောက်ရုံအပြင် ရွေးချယ်စရာမရှိတော့ပေ။

လျှို့ဝှက်ချက်များများ သိလေလေ၊ အန္တရာယ်များလေလေသာ ဖြစ်၏။

အစောင့်ရှောက်အဆောင်၏ လျှို့ဝှက်ချက်ကို သူ သိထားသည့်အကြောင်း တာအိုဘိုးဘေးကြီးက ကောင်းကင်နတ်ဧကရာဇ်ဆီသို့ လျှောက်တင်လိုက်လျှင် သူ့အနေဖြင့် စကားတစ်ခွန်းပင် မဟနိုင်ဘဲ မုချ သေရလိမ့်မည်။

ချင်မူနှင့် လင်းရွှမ်အတွက်လည်း အလားတူပင်။

သူတို့ ဤလျှို့ဝှက်ချက်ကို စောင့်ထိန်းကြရလိမ့်မည်။ မဟုတ်လျှင် တာအိုဘိုးဘေးကြီးကိုယ်တိုင် သူတို့ကို သတ်စရာမလို၊ အခြားတစ်ယောက်က လာသတ်လိမ့်မည်။

တာအိုဘိုးဘေးကြီးသည် သူတို့ကို ဤနေရာသို့ ဆင့်ခေါ်ခဲ့ခြင်းဖြင့် တစ်ယောက်ယောက်၏ ဘက်မှ ရပ်တည်ပေးရမည့် ပြဿနာကို ပါးနပ်စွာ ဖြေရှင်းနိုင်ခဲ့ချေပြီ။

သူကား ချင်မူ့ဘက်တွင် ရပ်တည်မည်မဟုတ်သလို၊ ရှောင်ချွင်းဖုန်းဘက်မှလည်း ရပ်တည်ပေးမည်မဟုတ်။ သူတို့နှစ်ယောက်စလုံးအား ဆင့်ခေါ်လိုက်ရုံသာ လိုအပ်သည်။ နှစ်ယောက်သား လိမ်လိမ်မာမာ ရပ်နေရုံအပြင် မည်သို့မျှ မတတ်နိုင်တော့ပေ။

‘ရွာလူကြီးပြောပြောနေတဲ့ အသက်ကြီးပြီး အတွေ့အကြုံများတယ်ဆိုတာ ဒါပဲ’ ချင်မူ သက်ပြင်းချမိသည်။

ရှောင်ချွင်းဖုန်းကို ဖယ်ရှား၍ တာအိုဘိုး‌ဘေးကြီး သူ့ဘက်တွင် ရပ်တည်စေရန် ကြံစည်ခဲ့ခြင်းမှာ မည်မျှကလေးဆန်ခဲ့ကြောင်း ယခုမှ ချင်မူ နားလည်သွားသည်။

ဤကဲ့သို့ အသက်ကြီးပြီး အတွေ့အကြုံများသော အဘိုးကြီးကား သူတို့၏ ကလေးကလား အကြံအစည်များအား လွယ်ကူစွာ ဖျက်စီးခဲ့ချေပြီ။

“‌နောင်တော်ရှောင်၊ ပြန်သွားရင် ဘာလုပ်မယ် တွေးထားလဲ” ချင်မူက မျက်မှောင်ကြုတ်နေသော ရှောင်ချွင်းဖုန်းကို ကြည့်၍ အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

“ချင်းယွင်ကောင်းကင်ဘုံဆီ ပြန်မယ် ... အလောင်းတွေ ဖျောက်ပစ်ပြီး အမိကမ္ဘာမြေအပေါ် အပြစ်ပုံချဖို့ တွေးထားတယ်... ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက် ဒီကိစ္စလေးက မပြောပလောက်ဘူးလေ”

ရှောင်ချွင်းဖုန်းက သက်ပြင်းချပြန်သည်။ “ပြီးရင် ငါလည်း သေသွားပြီလို့ သတင်းလွှင့်ပြီး ကောင်းကင်နတ်ဘုံကနေ ထွက်လာမယ်... မယ်တော့်ကိုလည်း မဆက်သွယ်ဘဲ ဝေးဝေးသွားပုန်းရမယ်... တာအိုဘိုးဘေးကြီး ဒီလိုလုပ်တာတော့ ရက်စက်လွန်းပါတယ်ကွာ”

ချင်မူ ပြုံးလိုက်သည်။ “ဒီကျင့်စဉ်စနစ်ကို လေ့လာဖို့ မတွေးဘူးလား... နောင်ကျ ဦးပြန် မမော့ချင်ဘူးလား”

ရှောင်ချွင်းဖုန်းသည် မှင်သေသေ ပြော၏။ “ငါ့သိုင်းအဆင့်၊ အစွမ်းအစ၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အသိအမြင်တွေက မင်းအောက် မနိမ့်ကျဘူး... ငါ့မှာ အဲဒီလိုအတွေးမျိုး မရှိဘဲ နေမလား... အခု တာအိုဘိုးဘေးကြီးက ငါတို့ကို ပြန်မပို့သေးတော့ ဒီကျောက်စိမ်းစာလိပ်ထဲက သင်္ကေတအမှတ်အသားအားလုံး ငါ အလွတ်ကျက်လိုက်ဦးမယ်... နှုတ်ဆက်ခဲ့ပါတယ်”

သူက အောက်ဆင်းသွားသည်။

တာအိုသခင်လင်းရွှမ်က သူ ဆင်းသွားသည်ကို ကြည့်ပြီးမှ ပြော၏။ “ဂိုဏ်းသခင်ချင်၊ ဒီကျောက်တိုင်ထဲက တစ်ယောက်က မင်းရဲ့ ညီတော်ယွီမလား”

ချင်မူ ခေါင်းညိတ်လိုက်သည်။ “ရှင်းပြဖို့ ခက်တယ်... ဒီအကြောင်း နောက်မှ ပြောတာပေါ့... အရင်ဆုံး ပြန်ဆင်းပြီး သင်္ကေတအမှတ်အသားတွေကို အလွတ်ကျက်ကြစို့”

လင်းရွှမ်လည်း သက်ပြင်းချကာ ပြောလေသည်။ “မင်း ပြောပြရင်တောင် ငါ နားမထောင်ရဲပါဘူးကွာ... ဒီအဆောင်ထဲက ဟာတွေနဲ့တင် ကြောက်စရာကောင်းနေပြီ”

သူက ချင်မူနှင့်အတူ အောက်သို့ ဆင်းလာရင်း ခပ်တိုးတိုး ပြော၏။ “ဒီရှောင်ချွင်းဖုန်းက မင်း သူနဲ့ တိုက်ခိုက်ခဲ့တုန်းက မူလဝိညာဉ်မသုံးခဲ့တာ မသိသေးဘူးနော်”

ချင်မူ သူ့ကို တစ်ချက်ကြည့်လိုက်သည်။

တာအိုသခင်လင်းရွှမ်က ပြုံးနေသည်။ “ငါ့ကို ဒီလိုမကြည့်ပါနဲ့... မင်းရဲ့ တကယ့်အစွမ်းအစတွေကို ငါ သိပါတယ်... မင်းက ငါ့ထက် မျဉ်းတစ်ကြောင်းပဲ သာတယ်လို့ အမြဲပြောပေမယ့် မင်းပြောတဲ့မျဉ်းက မျဉ်းဖြောင့်ပဲ... ပြီးတော့ ဒေါင်လိုက်မျဉ်းဖြောင့်ပဲ ဖြစ်လောက်တယ်”

ချင်မူမှာ နှိမ့်ချချင်နေသော်လည်း လင်းရွှမ်သည် ဆက်ပြော၏။ “တခြားလူတွေက မင်း ကြွားနေတယ်ပဲ ထင်ကြပေမယ့် မင်း တကယ် နှိမ့်ချလွန်းတတ်တာ မသိကြဘူး... နတ်ဘုရားလမ်းစဉ် ကောင်းကင်ရတနာနဲ့ မိစ္ဆာလမ်းစဉ်ကောင်းကင်ရတနာ အပြင် .... ကောင်းကင်နတ်မြစ်က အဲဒီကောင်းကင်ရတနာ ၁၄ ခုစလုံးကို ဖြတ်စီးဆင်းရင်း တစ်သားတည်း ပေါင်းစည်းပေးထားတယ်... မင်းရဲ့အစွမ်းအစတွေက လူမဟုတ်တော့ဘူး... မင်း လက်ဗလာနဲ့ မိစ္ဆာနတ်ဘုရားတစ်ပါးကို သေအောင် ရိုက်သတ်နိုင်‌တောင် ငါ မအံ့ဩတော့ဘူး”

ချင်မူက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ “တာအိုသခင်လင်းက ငါ့ကို ကောင်းကောင်းသိတာပဲ... ငါ နှိမ့်ချတတ်တာက ဧကရာဇ်အတိုင်ပင်ခံဆီက သင်ထားတာပါ... သူက မျဉ်းဖြောင့်တစ်ကြောင်း ဖြစ်တဲ့အကြောင်း အမြဲပြောတတ်တယ်လေ... အဲဒါကြောင့် ငါကလည်း လောကသခင်ခန္ဓာဆိုတော့ ငါနဲ့ရွယ်တူတွေထက် မျဉ်းတစ်ကြောင်း ပိုမြင့်ရမှာပေါ့”

လင်းရွှမ်မှာ တခဏ တိတ်ဆိတ်သွားပြီးနောက် ရွဲ့တဲ့တဲ့ ပြော၏။ “ဒီတိုင်း ဆက်ပြော၊ မင်း သေအောင် ရိုက်သတ်ခံရလိမ့်မယ်”

All Chapters