← Chapters

မတွေ့ရတာ ကြာပြီ

Vol. 63 Ch. 835

မတွေ့ရတာ ကြာပြီ

Vol. 63 Ch. 835

အစောင့်ရှောက်အဆောင်တွင် အထပ်ပေါင်း ရာနှင့်ချီပြီး အထပ်တစ်ထပ်စီတိုင်းတွင် မရေမတွက်နိုင်သော ကျောက်စိမ်းစာလိပ်များ ရှိကြ၏။ စာလိပ်တစ်လိပ်စီတိုင်းတွင်လည်း အလွန်မှတ်ရခက်သည့် သင်္ကေတအမှတ်အသားမျိုးစုံ မှတ်တမ်းတင်ထားသည်။

‘အလုပ်တွင်ဖို့အတွက် အကောင်းဆုံး ကိရိယာတွေ လိုအပ်တယ်တဲ့... ငါတို့ တစ်ခုချင်းစီ ကျက်နေရင် ဘယ်လောက်တောင် ကြာသွားမလဲ’

ချင်မူက လှေကားထစ်အပေါ်တွင် ထိုင်၍ ဟိုဟိုသည်သည် ပြေးလွှားရင်း ကျောက်စိမ်းစာလိပ်များအပေါ်ရှိ သင်္ကေတအမှတ်အသားများအား ဖတ်ရှုနေကြသော လင်းရွှမ်၊ ရှောင်ချွင်းဖုန်းနှင့် ယွီဟုန်ရှို့တို့ကို စိုက်ကြည့်နေ၏။ ယွီဟုန်ရှို့မှာ သတိပြန်လည်လာသော်လည်း ပုံမှန်စိတ်အခြေအနေသို့ ပြန်ရောက်ရန် ‌နေ့ဝက်ခန့် အနားယူရန် လိုသေးလေသည်။

သူမလည်း တာအိုဘိုးဘေးကြီး၏ ရည်ရွယ်ချက်ကို သဘောပေါက်သွား၍ ဤကျောက်စိမ်းအဆောင်အပြင် ရောက်လျှင် သေသွားပြီဟု သတင်းလွှင့်ရန် ကြံစည်ထား၏။ ထို့ကြောင့် လင်းရွှမ်တို့နှင့်အတူ သင်္ကေတအမှတ်အသားများ လိုက်ကျက်နေသည်။

အထပ်တစ်ထပ်၏ သင်္ကေတအမှတ်အသားများနှင့်တင် အလွတ်ကျက်ရန် ကြောက်စရာကောင်းသော ပမာဏဖြစ်နေချေပြီ။ ဤသင်္ကေတအမှတ်အသားများ၏ အစီအစဉ်ချထားမှုက ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ မဟာတာအိုဖွဲ့စည်းပုံကို တည်ဆောက်ပေးနိုင်သလို၊ မည်မျှရှုပ်ထွေးမည်ကိုလည်း ကောင်းကောင်းစိတ်ကူးကြည့်နိုင်သည်။ အလွတ်မှတ်မိရန်မှာ အလွန်ခက်ခဲ၏။

သူတို့သည် ဉာဏ်ကောင်းသောလူငယ်များပင် ဖြစ်လင့်ကစား အထပ်တစ်ထပ်အား အလွတ်ကျက်ရန် ဆယ်ရက်မှ လဝက်အထိ ကြာနိုင်သေး၏။ အောက်အထပ်များရှိ ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအို သင်္ကေတအမှတ်အသားများသည် ရိုးရှင်းသော်လည်း နတ်မင်းလေးပါးအထပ်သို့ ရောက်လာပါက အလွတ်ကျက်ရမည့် ပမာဏသည် အဆဆယ်ဆမှ တစ်ရာအထိ များသွားလိမ့်မည်။

ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ အမိကမ္ဘာမြေနှင့် ကောင်းကင်နတ်ဧကရာဇ်တို့နှင့် ပတ်သက်လာပါက အလွတ်ကျက်ရမည့် ပမာဏကား ပို၍ပင် ဆထက်တိုးသွားလိမ့်မည်။

အမှားမပါအောင် အတိအကျ ကျက်မှတ်ရန်အတွက် ဤအဆောင်ထဲတွင် အနည်းဆုံး နှစ်တစ်ရာ၊ သို့မဟုတ် နှစ်တစ်ထောင် နေရလောက်သည်။ ချင်မူ ထိုမျှကြာကြာ မနေနိုင်ပေ။

အရေးအကြီးဆုံးအချက်သည် အစောင့်ရှောက်‌အဆောင်က ကောင်းကင်နတ်ဘုံထဲရှိ အဆောင်တစ်ဆောင် ဖြစ်သည့်အတွက် ကောင်းကင်နတ်ဘုံမှ မည်သူမဆို အချိန်မရွေး ရောက်လာနိုင်၏။ တာအိုဘိုးဘေးကြီးက သူတို့ကို ကြာကြာနေခွင့်ပေးမည်မဟုတ်ပေ။

အချိန်ကြာလေလေ၊ အန္တရာယ်များလေလေ ဖြစ်မည်။

ဆိုလိုသည်က ရက်ပိုင်းလေးအတွင်း ဤသင်္ကေတအမှတ်အသားအားလုံး အလွတ်ကျက်၍ ထွက်သွားရမည်။

ချင်မူမှာ မေး‌ထောက်ရင်း အတွေးထဲ နစ်မျောနေသည်။

တာအိုသခင်လင်းရွှမ်၊ ရှောင်ချွင်းဖုန်းနှင့် ယွီဟုန်ရှိုတို့မှာ သွေးရူးသွေးတန်းဖြင့် ကျောက်စိမ်းစာလိပ်များကို အသည်းအသန် ဖတ်ရှုနေကြသည်။ သုံးယောက်စလုံး ချင်မူ့ဆီသို့ တစ်ချက်တစ်ချက် လှမ်းကြည့်တတ်သော်လည်း ချင်မူသည် စိုးရိမ်ထိတ်လန့်မှု မရှိဘဲ ထိုင်မြဲသာ ထိုင်နေ၏။

သုံးယောက်သား နားမလည်နိုင်တော့ပေ။

များစွာမကြာလိုက်ဘဲ ရှောင်ချွင်းဖုန်း သတိဝင်သွားသည်။ ‘အချိန်တိုတိုလေးနဲ့ ဒီအစောင့်ရှောက်အဆောင်ထဲက သင်္ကေတအမှတ်အသားအားလုံး အလွတ်ကျက်ဖို့ မဖြစ်နိုင်ဘူး... ငါက အဲဒီလောက် ဉာဏ်မကောင်းသလို၊ ငါ့ဦးနှောက်ကလည်း လက်ခံနိုင်မှာမဟုတ်ဘူး.. ဒါကြောင့် အကောင်းဆုံးတစ်ခုကို ‌ရွေးရမယ်.. အဲဒါက ကောင်းကင်နတ်ဧကရာဇ်ရဲ့ မဟာတာအိုသင်္ကေတအမှတ်အသားတွေပဲ... ငါ့အတွက် အကောင်းဆုံးအဖြေက ကောင်းကင်နတ်ဧကရာဇ်ရဲ့ မဟာတာအိုသင်္ကေတအမှတ်အသားတွေကို အလွတ်ကျက်ဖို့”

သူက သဘောပေါက်သွားသည်နှင့် အပေါ်သို့ ကပျာကယာ တက်သွားသည်။

တစ်ချိန်တည်းမှာပင် တာအိုသခင်လင်းရွှမ်လည်း စိတ်နှင့်ကိုယ်ပြန်ကပ်သွားသည်။ ‘အထပ်အများကြီး ကျက်နေလို့မရဘူး... ဒီရှေးဟောင်းနတ်ဘုရားတွေရဲ့ အခြေခံသင်္ကေတအမှတ်အသားတွေကို ထုတ်နုတ်ပြီး နံပါတ်စဉ် တစ်၊ နှစ်၊ သုံး၊ လေး အဲဒီလိုတပ်ရမယ် ... ဒါဆို သင်္ကေတအမှတ်အသား ရာဂဏန်းလောက်ပဲ ကျက်ပြီး နံပါတ်စဉ်အတိုင်း အစဉ်လိုက်အတိုင်း မှတ်ထားရုံပဲ... ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ မဟာတာအို သင်္ကေတစနစ်ကိုလည်း အမြန်ဆုံး ကျက်နိုင်သွားလိမ့်မယ်’

သူက စိတ်လှုပ်ရှားလာပြီး သင်္ကေတအမှတ်အသားများအား နံပါတ်စဉ် စတပ်တော့သည်။

ယွီဟုန်ရှို့မှာ မျက်လုံးများ ဝေဝါးနေရာမှ ရုတ်တရက် သဘောပေါက်သွား၏။ ‘ငါက တောင်နတ်မင်းဆီက ပညာသင်ယူနေတဲ့ မီးငှက် နတ်ဘုရားတစ်ပိုင်းလေ... တခြားရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအို သင်္ကေတအမှတ်အသားတွေကို ကျက်နေလို့ ဘာထူးမှာလဲ.... သဘောတရားတွေ မတူမှတော့ သူတို့သင်္ကေတအမှတ်အသားတွေကို ကျင့်ကြံနေလည်း ငါ့အတွက် အကျိုးမရှိဘူး’

သူမက တောင်နတ်မင်းကျူချွဲ၏ အထပ်ဆီသို့ ကမန်းကတန်း တက်သွား၏။

သုံးယောက်စလုံး အလုပ်များနေကြသည့်အချိန် ချင်မူက ပထမအထပ်တွင် ထိုင်ရင်း အတွေးထဲ နစ်မျောနေဆဲပင်။

လင်းရွှမ်တို့မှာ သူ့ကို သတိပေးနေရန် အချိန်မရှိသောကြောင့် ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေကြသည်။ အနားယူသည့်အချိန်တွင် ချင်မူ့ဆီသို့ ကြည့်လိုက်သည့်အခါ ချင်မူ ထရပ်နေပြီဖြစ်ကြောင်း မြင်လိုက်ရ၏။ သူက အတွက်အချက်ကိရိယာများ၊ မင်၊ စုတ်တံနှင့် စာရွက်များ ထုတ်ကာ စာရေးလိုက်၊ ပန်းချီဆွဲလိုက်၊ တွက်ချက်လိုက် လုပ်နေသည်။

လင်းရွှမ်၊ ရှောင်ချွင်းဖုန်းနှင့် ယွီဟုန်ရှို့တို့က အနားယူပြီးနောက် မဟာတာအို သင်္ကေတအမှတ်အသားများအား ဆက်လက်ကျက်မှတ်ကြ၏။ ဦးနှောက်များ လက်မခံနိုင်တော့လျှင် အနားယူကြပြန်သည်။

ယခုတွင် ချင်မူက ပန်းပုထုရာ စားပွဲတစ်ခုံ ‌ဆောက်ထားပြီး နတ်သတ္ထုတစ်တုံး ထုတ်ထားသည်။ မီးဖိုထဲတွင် မီးမွှေးပြီးသည့်အခါ ‌ကောင်းကင်မီးလျှံသလင်းကျောက်တစ်ခုအား မီးဖိုထဲသို့ ထည့်၍ နတ်သတ္ထုကို ထုရိုက်သည်။

သုံးယောက်စလုံး ဇဝေဇဝါ ဖြစ်နေကြသော်လည်း ချင်မူ့ကို ဂရုစိုက်နေရန် အချိန်မရှိပေ။ တခဏ နားပြီးနောက် လုပ်စရာရှိသည်ကို ဆက်လုပ်နေကြ၏။

ဒေါင် ဒေါင် ဒေါင် ဒင် ဒင်

သံထုသံက အောက်အထပ်မှ ထွက်လာပြီး လင်းရွှမ်တို့မှာ ပိုပို၍ နားမလည်နိုင် ဖြစ်လာတော့သည်။ သူတို့ ချောင်းကြည့်လိုက်ရာတွင် ချင်မူက လက်ရှစ်ဖက် မိစ္ဆာနတ်ဘုရားတစ်ပါး၏ နတ်ဘုရားရုပ်တုအား ထုလုပ်နေကြောင်း မြင်လိုက်ရ၏။ သူက ထိုနတ်ဘုရားရုပ်တုထဲသို့ ဝိညာဉ်သွင်းကာ အသက်ဝင်လာစေသည်။ နတ်ဘုရားရုပ်တုသည် တူကြီးရှစ်လက်ကို ဆွဲကိုင်၍ နတ်သတ္ထုတစ်တုံးအား စတင်ထုရိုက်၏။

ထိုအချိန်တွင် ချင်မူက မိစ္ဆာမီးလျှံကောင်းကင်နတ်သိုင်း၊ နတ်မီးလျှံကောင်းကင်နတ်သိုင်းနှင့် ယင်ဓာတ် ရေကောင်းကင်နတ်သိုင်းတို့ကို အဆက်မပြတ် ထုတ်လွှတ်လျက် ထိုသတ္ထုအား အပူပေးနေသည်။

သုံးယောက်သား တိတ်ဆိတ်စွာဖြင့် အသည်းအသန် ဆက်ကျက်နေကြသည်။

အချိန်တချို့ကြာသော် ချင်မူက ဆက်လက် ထုရိုက်နေသေး၍ ဆူညံနေသော သံထုသံကြောင့် သူတို့သုံးယောက် အာရုံမစိုက်နိုင်တော့ပေ။

ယွီဟုန်ရှို့မှာ သည်းမခံနိုင်တော့သဖြင့် အပေါ်ထပ်သို့ လှမ်းအော်သည်။ “အစ်ကိုကြီးရှောင်၊ ချင်မျိုးရိုးက ရူးနေပြီ.... သူက မကျက်နိုင်တော့လို့ ကျွန်မတို့လည်း မကျက်နိုင်အောင် လုပ်နေတာ... သူ့ကို ရှင်းပစ်ကြရအောင်

ရှောင်ချွင်းဖုန်းမှာလည်း ဆူညံသံကြောင့် စိတ်တိုနေသည်။ သူက တခဏ စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်၏။ “မဖြစ်ဘူး.... မင်းက လင်းရွှမ်ကို မယှဉ်နိုင်ဘူး.... ငါက သူ့အောက် အားမနည်းပေမယ့် လင်းရွှမ်နဲ့ သူ အတူပေါင်းလိုက်ရင် ငါလည်း သေရလိမ့်မယ်”

အချိန်အနည်းငယ်ကြာသော် လင်းရွှမ်မှာ ဆူညံသံကြောင့် ခေါင်းကိုက်လာ၍ အောက်သို့ လှမ်းအော်လိုက်သည်။ “ဂိုဏ်းသခင်ချင်၊ နည်းနည်းလောက် ထိန်းပါဦး... ဆူလွန်းတယ်”

ရှောင်ချွင်းဖုန်းက အပေါ်ထပ်မှ ခေါင်းထွက်လာပြီး လှမ်းအော်၏။ “တာအိုမိတ်ဆွေလင်း၊ ငါတို့နှစ်ယောက်လုံးက တာအိုဂိုဏ်းသားဆိုတော့ ညီအစ်ကိုတွေပဲ မဟုတ်လား... ဒီအရူးချင်ကို အတူရှင်းပစ်ကြရင် မကောင်းဘူးလား... သူ့ကို ရှင်းပစ်မှ ငါတို့ ပိုမြန်မြန်ကျက်နိုင်မှာ”

ယွီဟုန်ရှို့ကလည်း ခေါင်းပြူထွက်လာကာ ခေါင်းညိတ်ပြနေသည်။ “ဒီလူက ဘာမှအားမထုတ်ဘူး... ကျွန်မတို့လည်း အနှောင့်အယှက်ပေးသေးတယ်.... သူ့ကို အရင်ဆုံး ရှင်းပစ်ပြီး အေးအေးဆေးဆေး အလွတ်ကျက်ကြရအောင်”

တာအိုသခင်လင်းရွှမ်သည် ခေါင်းယမ်းလိုက်၏။ “ပေါက်ကရတွေ မပြောနဲ့... ဂိုဏ်းသခင်ချင်က ဘယ်တော့မှ အကြောင်းမဲ့သက်သက် မလုပ်ဘူး... သူ အခုလို လုပ်နေရတဲ့ အကြောင်းရင်း ရှိတယ်.... ငါက သူ တိုးတိုးလုပ်ဖို့ပဲ သတိပေးနေတာ”

ချင်မူကား ထုရိုက်နေဆဲပင်။ နောက်ဆုံးတွင် လက်ရှစ်ဖက် မိစ္ဆာနတ်ဘုရားမှာ အသက်ပြန်နုတ်ခံလိုက်ရပြီး သူ့ထောင်ကျယ်အိတ်ထဲ ရောက်သွား၏။ ယခုတွင် ချင်မူက ကိုယ်တိုင်ထုရိုက်နေပြီး သူ့အမြန်နှုန်းကလည်း မနှေးပေ။

လင်းရွှမ် အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ချင်မူ ထုလုပ်နေသည်မှာ မှန်တစ်ချပ်ဖြစ်ကြောင်း မြင်ရသည်။ ချင်မူက ဖန်ဆင်းသင်္ကေတအမှတ်အသားများကို မှန်ထဲသို့ ရိုက်သွင်းရင်း မှန်၏အတွင်းဟင်းလင်းပြင်အား ကျယ်သထက် ကျယ်လာနေစေသည်။

“သူ ဘာတွေလုပ်နေတာလဲ” တာအိုသခင်လင်းရွှမ် တစ်ချက်ကြည့်လိုက်သော်လည်း နားမလည်သဖြင့် သင်္ကေတအမှတ်အသားများအား ဆက်ကျက်နေလိုက်သည်။

တစ်ရက်နှစ်ရက်ခန့် ကြာသော် သုံးယောက်စလုံး သံထုသံနှင့် အသားကျသွား၍ အသံဆူနေသော်လည်း သူတို့အပေါ် သက်ရောက်မှုမရှိတော့ပေ။

ရုတ်တရက် သံထုသံ ရပ်သွား၍ သုံးယောက်သား မနေနိုင်မထိုင်နိုင် ဖြစ်သွားကြသည်။ သူတို့က အ‌ပေါ်မှ အောက်သို့ ငုံ့ကြည့်လိုက်ကြပြီး ယွီဟုန်ရှို့၏ မျက်လုံးများက ဝိုင်းစက်ပြူးကျယ်နေသည်။ သူမ တစ်ခုခု ပြောတော့မည့်အချိန် တာအိုသခင်လင်းရွှမ်က ဒေါသတကြီး လှမ်းအော်လိုက်သည်။ “ခွေးသူတောင်းစားချင်၊ မင်း ဘာလို့ သံမထုတော့တာတုန်း... မင်းရဲ့ သံထုသံမှ မကြားရရင် ငါတို့ စိတ်မတည်ငြိမ်တော့ဘူး”

ယွီဟုန်ရှို့မှာ တခစ်ခစ် မရယ်မိဘဲ မနေတာ့ပေ။ “ဒီတာအိုသခင်လင်းက အမြဲရင့်ကျက်ပြီး သဘောထားကြီးတဲ့ပုံပေါ်ပေမယ့် ငါ့ထက်ပိုပြီး စိတ်တိုတတ်မှန်း အခုမှပဲ သိတော့တယ်”

လော‌လောဆယ်တွင် ချင်မူက အမှိုက်များ လှဲကျင်းပြီး သန့်ရှင်းရေးလုပ်နေသည်။ သူက ခေါင်းမော့ကာ ပြောလေသည်။ “သံက ထုပြီးပြီကွ... ခဏစောင့်.... ငါ သန့်ရှင်းရေးလုပ်ပြီးရင် အပေါ်တက်လာခဲ့မယ်”

တခဏကြာသော် သူက ချီစွမ်းအင်ဖြင့် မှန်ကို ပင့်မြှောက်ကာ ဒုတိယအထပ်သို့ တက်လာသည်။ သုံးယောက်သား သူ့ကို ကြည့်နေကြစဉ် ချင်မူသည် ချီစွမ်းအင်ကို သုံး၍ ကျောက်စိမ်းစာလိပ်များအား ဖွင့်လိုက်၏။ ကျောက်စိမ်းစာလိပ်များက မှန်ဆီသို့ မျက်နှာမူကာ အလင်းရောင်ဖြန့်ကျက်လိုက်ကြသည်။

နောက်တခဏတွင် ချင်မူက ကျောက်စိမ်းစာလိပ်များကို သူ့နေရာသူ ပြန်ထား၍ တတိယအထပ်သို့ တက်လာသည်။

ထို့နောက် စောစောအတိုင်း လုပ်လိုက်ပြီး များစွာမကြာလိုက်ဘဲ လင်းရွှမ်၏ အထပ်သို့ ရောက်လာသည်။

တာအိုသခင်လင်းရွှမ်မှာ မှန်ကို မြင်သည့်အခါ အံ့အားသင့်သွား၏။ မှန်ထဲတွင် ပွင့်နေသော ကျောက်စိမ်းစာလိပ်များ ရှိနေပြီး စာလိပ်များအပေါ်ရှိ မဟာတာအိုသင်္ကေတအမှတ်အသားတို့အား ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။

ဤကျောက်စိမ်းစာလိပ်များသည် စာအုပ်စင်များအပေါ်၌ သပ်သပ်ရပ်ရပ် စီတင်ခံထားရပြီး ကျောက်စိမ်းစာလိပ်များအပေါ်ရှိ သင်္ကေတအမှတ်အသားများကို အချိန်မရွေး ကြည့်ရှုနိုင်၏။

“ကျက်မနေနဲ့တော့”

ချင်မူက စာအုပ်စင်မှ ကျောက်စိမ်းစာလိပ်များကို မှန်ဆီသို့ မျက်နှာမူစေလိုက်ရင်း အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ငါ မင်းကို နှစ်တစ်ရာအချိန်ပေးရင်တောင် အထပ်တိုင်းစေ့ ကျက်နိုင်မှာမဟုတ်ဘူး... ဒါ့အပြင် အမှတ်မှားသွားရင်လည်း ဘယ်နေရာမှာ မှားနေမှန်း မသိနိုင်ဘူး”

တာအိုသခင်လင်းရွှမ် မှန်ထဲသို့ ကြည့်လိုက်ပြီး ကျောက်စိမ်းစာလိပ်အတန်း နောက်တစ်တန်း တိုးလာကြောင်း မြင်လိုက်ရသည်။ ဤအထပ်၏ သင်္ကေတအမှတ်အသားများနှင့် တစ်ထပ်တည်းတူသော သင်္ကေတအမှတ်အသားများအား တွေ့နေရ၏။ အမှားတစ်ခုမှ မပါပေ။

မတူသည့်အရာဆို၍ မှန်ထဲရှိ ကျောက်စိမ်းစာလိပ်များက ပြောင်းပြန်ဖြစ်နေခြင်းသာ ရှိသည်။

“ငါ တာအိုဂိုဏ်းဆီမှာ ပညာသွားသင်ရင် မင်းကို တစ်ချပ်ပွားပေးခဲ့မယ်”

ချင်မူက ရှေ့ဆက်လျှောက်သွားရင် မှင်သက်နေသော လင်းရွှမ်ကို ထားရစ်ခဲ့သည်။ “မင်းက ထိုက်ဝေသင်္ချာကျမ်းနဲ့ ဒါကို ပြန်တွက်ကြည့်... ပြီးရင် ငါ့ကို ပြန်ပွားပေး”

လင်းရွှမ် စိတ်နှင့်ကိုယ် ပြန်ကပ်သွားကာ သူ့နောက်မှ လိုက်သွားသည်။ သူက ညှိုးငယ်သောအမူအရာဖြင့် ချင်မူ စာအုပ်စင်များမှ ကျောက်စိမ်းစာလိပ်များအား မှန်အပေါ်သို့ ခတ်နှိပ်နေသည်ကို ကြည့်နေ၏။

“ဒီမှန်က ပန်းချီနတ်ဘုရားရဲ့ ပန်းချီထဲကကမ္ဘာ စွမ်းရည်ကို သုံးထားတာလား” သူ မချုပ်တည်းနိုင်တော့ဘဲ မေးလိုက်မိသည်။

ချင်မူက ခေါင်းပင် လှည့်မလာဘဲ ပြန်ဖြေသည်။ “ဘိုးဘိုးရွှေအရဲ့ ပန်းပဲစွမ်းရည်နဲ့ ချိမင်ဧကရာဇ်၊ မင်ဧကရာဇ်တို့ရဲ့ ဖန်ဆင်းပညာလည်း ပါတယ်... အဘွားစစ်ဆီက သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းနဲ့တောင် ဒီမှန်ထဲမှာ ဟင်းလင်းပြင်တစ်စိတ်တစ်ပိုင်း ထပ်နေအောင်လည်း လုပ်ထားသေးတယ်”

တာအိုသခင်လင်းရွှမ် အသက်မဲ့နေသည့် မျက်ဝန်းများဖြင့် တစ်ယောက်တည်း ရေရွတ်နေ၏။ “အံ့ဖွယ်ပဲ...တ တကယ့်အံ့ဖွယ်ပဲ...”

“ဟုတ်တယ်” ချင်မူက နောက်လှည့်၍ နူးညံ့ကြင်နာစွာ ပြုံးပြသည်။

လင်းရွှမ်မှာ ချင်မူ့အပြုံးက အမြင်ကပ်စရာကောင်းလှသည်ဟု ခံစားရ၍ ဆွဲထိုးချင်စိတ်ပင် ပေါ်လာသည်။

မကြာမီ ချင်မူသည် ယွီဟုန်ရှို့ ရှိနေသည့်အထပ်သို့ ရောက်သွားပြီး အနီရောင်ဂါဝန်နှင့် ထိုမိန်းကလေး၏ ရှေ့မှောက်မှာတင် တောင်နတ်မင်းကျူခွဲ၏ သင်္ကေတအမှတ်အသားများအား ခတ်နှိပ်ပြီး‌နောက် နောက်တစ်ထပ်သို့ ဆက်တက်သွား၏။

ယွီဟုန်ရှို့မှာ ငေးငိုင်နေသော အမူအရာဖြင့် တာအိုသခင်လင်းရွှမ်နောက်မှ လိုက်လာသည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ‌လောကသခင်ခန္ဓာက အမြဲအဲဒီအတိုင်း ထူးခြားတာပဲလား” သူမမှာ မနေနိုင်တော့၍ လင်းရွှမ်အား မေးလိုက်မိသည်။

လင်းရွှမ်လည်း ကူကယ်ရာမဲ့စွာ ပြန်ဖြေသည်။ “အမြဲအဲဒီအတိုင်းပဲ... သူ့ဦးနှောက်တည်ဆောက်ပုံက ငါတို့နဲ့ မတူဘူး...”

သူက ခေါင်းယမ်းကာ ခါးသီးစွာ ပြုံးလိုက်၏။ “ငါလည်း သူ့ဦးနှောက် ဘယ်လိုရှိလဲ မသိဘူး... လောကသခင်ခန္ဓာရဲ့ ဦးနှောက် တည်ဆောက်ပုံက ထူးခြားတယ်ထင်ပါရဲ့”

နောက်ဆုံးတော့ ချင်မူတို့ ရှောင်ချွင်းဖုန်း၏အထပ်သို့ ရောက်သွားသည်။ ချင်မူ ကျောက်စိမ်းစာလိပ်များဆီမှ သင်္ကေတအမှတ်အသားတစ်ခုမကျန် မှန်ထဲသို့ ခတ်နှိပ်နေကြောင်း မြင်လျှင် ရှောင်ချွင်းဖုန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

ဘုန်း

ရှောင်ချွင်းဖုန်းမှာ ဖင်ထိုင်ရက် ကျသွားပြီး ခြေလက်များတွင် အားမရှိတော့သလို ခံစားနေရသည်။ သူက စိတ်ပျက်အားလျော့စွာဖြင့် ခေါင်းငိုက်စိုက်ကျသွား၏။

တာအိုသခင်လင်းရွှမ်က သူ့ကို ထူရန် လက်ကမ်းပေးရင်း နွေးထွေးစွာ ပြုံးပြသည်။ “နောက်ကျ အသားကျသွားပါလိမ့်မယ်”

ချင်မူ ခါးဆန့်၍ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “နောက်ဆုံး‌တော့ ပြီးသွားပြီ... အပေါ်ဆုံးအထပ်က သင်္ကေတအမှတ်အသားတွေတော့ မလိုတော့ဘူး ထင်တာပဲ... ဒီသင်္ကေတတွေကို ခတ်နှိပ်ပြီးပြီဆိုတော့ တာအိုဘိုးဘေးကြီး ငါတို့ကို ချင်းယွင်ကောင်းကင်ဘုံဆီ ပြန်ပို့ပေးတော့မှာပါ....”

သူ့စကား ဤနေရာအရောက်တွင် အပြင်မှ လူစကားသံများ ထွက်လာပြီး တစတစ နီးကပ်လာနေသည်။ ကျယ်လောင်ပြတ်သားသော အသံတစ်သံက စကားပြောနေ၏။ “အစောင့်ရှောက်အဆောင် ဒီရက်တွေထဲ အေးအေးချမ်းချမ်း ရှိသေးရဲ့လား”

“အစောင့်ရှောက်အဆောင်က တားမြစ်မြေထဲက တားမြစ်မြေတစ်ခုပါ... ဘယ်သူက ဒီနေရာကို ခိုးဝင်လာရဲမှာလဲ” အသက်ကြီးကြီးအသံတစ်သံက လှောင်သလို ပြောနေသည်။

“အေး ဟုတ်တာပဲ”

ကျယ်လောင်ပြတ်သားသော အသံက ပြောသည်။ “အခု ဖန်ဆင်းကောင်းကင်လက်နက်ကို တည်ဆောက်ပြီးပြီဆို‌တော့ အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်က ဒီသင်္ကေတအမှတ်အသားတွေကို အရင်ဆုံး ထုတ်နုတ်ပြီး အဲဒီခန္ဓာ တည်ဆောက်ဖို့ပဲ”

အသက်ကြီးကြီးအသံက သံသယများဖြင့် ပြော၏။ “မစောလွန်းဘူးလား... အခုထိ မပြည့်စုံသေးတဲ့ သင်္ကေတအမှတ်အသားတွေ အများကြီး ကျန်သေးတယ်... ကောင်းကင်နန်းဆောင်သုံးဆယ့်ခြောက်ဆောင်ကို မတွေ့သေးဘူးလေ....”

အောက်ဆုံးအထပ်မှ တံခါးဖွင့်သံ ထွက်လာပြီး ခပ်ရှည်ရှည်အရိပ်နှစ်ခု ပေါ်လာ၏။ ချင်မူက တိုးတိုးနေရန် သတိပေး၍ နောက်ဆုတ်ရန် လက်ဟန်ပြလိုက်သည်။ လေးယောက်သား ကျောက်စိမ်းအဆောက်အအုံ၏ ထောင့်တစ်နေရာသို့ ကပျာကယာ သွားပုန်းလိုက်ကြသည်။

ချင်မူက အရိပ်နှစ်ခုကို တိတ်တိတ်ကလေး ကြည့်နေ၏။ အရိပ်တစ်ခုက အလွန်လှပလေသည်။ ‌ခေါင်းအနောက်တွင် မီးတောက်သဏ္ဍာန် ကွန်ယက်များ အထပ်ထပ် ရှိနေသည်။

“အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်က အဲဒါကို အရင်ဆုံး ထုတ်လုပ်ပြီး တဖြည်းဖြည်း ပြည့်စုံအောင် မွမ်းမံဖို့ပဲ”

မီးတောက်သဏ္ဍာန်ကွက်ယက်များနှင့် အရိပ်က အဆောက်အအုံထဲ ဝင်လာကာ အာကျယ်အာကျယ် ပြောနေသည်။ “ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်က လက်ပေါက်ကပ်တယ်.. ခေါင်းမာလွန်းပြီး မာနကြီးလွန်းတယ်”

ချင်မူ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး နဖူးမှ ချွေးများကျလာသည်။ ‘ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ဟွေ့ပဲ’

ရှောင်ချွင်းဖုန်း၊ လင်းရွှမ်နှင့် ယွီဟုန်ရှို့တို့ မျှော်လင့်ချက်မဲ့သွားသော အမူအရာများ ဖြစ်နေကြသည်။ ယခုတွင် အဆောက်အအုံထဲသို့ ဧည့်သည်များ ရောက်လာပြီဖြစ်ကာ မကြာခင် အပေါ်သို့ တက်လာတော့မည်။

ထိုအချိန်သို့ ရောက်လာပါက သူတို့လေးယောက်အတွက် ထွက်ပြေးစရာမြေ၊ ပုန်းစရာနေရာ ရှိတော့မည်မဟုတ်ပေ။

“တာအိုဘိုးဘေးကြီးက ငါတို့ကို ဘာလို့ ပြန်မပို့သေးတာလဲ” ရှောင်ချွင်းဖုန်းမှာ လက်သီးတင်းတင်းဆုပ်၍ တစ်ကိုယ်လုံး တုန်ရီနေသည်။

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကျန်တစ်ယောက်က လှေကားထစ်များအတိုင်း တက်လာပြီဖြစ်၍ တာအိုဘိုးဘေးကြီးအတွက် သူတို့ကို ပြန်ပို့ပေးရန် အချိန်မရှိတော့ပေ။

တာအိုဘိုးဘေးကြီးသာ ကောင်းကင်နတ်သိုင်း ထုတ်လွှတ်လိုက်ပါက ကောင်းကင်နတ်အရှင်ဟွေ့ သိသွားလိမ့်မည်။

ကောင်းကင်နတ်အရှင်ဟွေ့သည် ကောင်းကင်နတ်အရှင်ကိုးပါးထဲက တစ်ပါး၊ ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာ၏ တည်ထောင်သူ မဟုတ်ပါ၏လော။ သူက တာအိုဘိုးဘေးကြီးထက် များစွာ အသက်ကြီးလေသည်။ အစွမ်းအစများကလည်း တာအိုဘိုးဘေးကြီးထက် မြင့်မားလောက်သည်။

ချင်မူ အံတင်းတင်းကြိတ်၍ ချာခနဲ လှည့်လိုက်သည်။ မည်းနက်နေသော ကောင်းကင်အလိုတော်မုခ်ဝက တိတ်ဆိတ်စွာ ဖွဲ့တည်လာပြီး ချီစွမ်းအင်အငွေ့အသက်များလည်း ထွက်မလာပေ။

ချင်မူက အကြည့်ဖြင့် လင်းရွှမ်ကို အချက်ပြလိုက်သည်။

လင်းရွှမ် ရှေ့လျှောက်လာသည့်အခါ ချင်မူက လက်နှစ်ဖက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူ၏လက်ဟန်နည်းစနစ်မျိုးစုံတွင် အပြောင်းအလဲအသင်္ချေ ကိန်းဝပ်နေ၏။

ချင်မူသည် လက်ညှိုးနှင့် လက်ခလယ်ကို လင်းရွှမ်၏ နဖူးအပေါ် ထိ၍ လင်းရွှမ်၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ချုပ်ကာ တွန်းထုတ်လိုက်သည်။

လင်းရွှမ်၏ ခန္ဓာကိုယ်မှာ ကောင်းကင်အလိုတော်မုခ်ဝထဲ ရောက်သွားပြီး ယိုတုထဲ ကျသွားတော့သည်။

ချင်မူက ရှောင်ချွင်းဖုန်းဆီသို့ ကြည့်လိုက်၍ ရှောင်ချွင်းဖုန်းက အလျင်အမြန် ရှေ့တက်လာကြသည်။ သူက စောစောအတိုင်း လုပ်ပြီး ရှောင်ချွင်းဖုန်းကိုလည်း ယိုတုသို့ ပို့ပေးလိုက်၏။

ယွီဟုန်ရှို့လည်း ကပျာကယာ ရှေ့တက်လာပြီး ချင်မူက မှော်အစီအရင် နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်သည်။ ဤအချိန်တွင် အောက်မှ အသံကို ထပ်ကြားလိုက်ရ၏။ “အဲဒီရှေးဟောင်းနတ်ဘုရားနှစ်ပါးက ရှေးကျပေမယ့် ရှေးတုန်းက ပညာတွေကို သေသေချာချာ နားမလည်ကြဘူး... အလိုက်သင့်လည်း မနေတတ်ဘူး”

အသံနှစ်သံက ဖြေးဖြေးမှန်မှန် နီးကပ်လာသည်။ “နှစ်ယောက်စလုံးက သူ့အတွေးနဲ့သူ... ကောင်းကင်နယ်စားမင်းက အဆင်ပြေသေးပေမယ့် မြေအောက်ဘုံအရှင်သခင်ကတော့ နည်းနည်း ဉာဏ်များတယ်... ကံကောင်းလို့ မြေအောက်ဘုံအရှင်သခင်ရဲ့ သမီး ငါတို့လက်ထဲမှာ ရှိနေသေးလို့ပေါ့.... ယိုတုသားတော်လည်း မွေးလာတယ်လေ... သူတို့က မြေအောက်ဘုံအရှင်သခင်ကို ဖယ်ရှားဖို့ အဓိကလူတွေပဲ...”

ချင်မူ ရင်ထဲ ထိတ်လန့်သွား၍ ချီစွမ်းအင် ကမောက်ကမ ဖြစ်သွားသည်။ ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ရာ လှိုင်းဂယက်များက‌ အောက်အထပ်မှ ဖြာထွက်ကာ အစောင့်ရှောက်‌ဆောင်တစ်ဆောင်လုံးတွင် ပြည့်နှက်သွား၏။

“အပြင်လူ ကျူးကျော်ထားတယ်” ကောင်းကင်နတ်အရှင်ဟွေ့၏ အသံ ထွက်လာသည်။

ချင်မူ့အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ယွီဟုန်ရှို့၏ မျက်ခုံးနှစ်ဖက်ကြားသို့ လျင်မြန်စွာ ဖိ၍ ယိုတုထဲသို့ တွန်းပို့လိုက်သည်။

ဤအချိန်တွင် ကောင်းကင်နတ်အရှင်ဟွေ့က အ‌ပေါ်ဆုံးအထပ်တွင် ပေါ်လာကာ သရော်‌တော်တော် ပြောသည်။ “အစောင့်ရှောက်အဆောင်ကို ကျူးကျော်ရဲတဲ့အထိ တော်တော် သတ္တိကောင်းနေတယ်ပေါ့... မင်း ငါ့လက်က မလွတ်စေရဘူး”

ချင်မူ သက်ပြင်းဖွဖွချပြီး လှည့်လိုက်၏။ သူက တောက်ပစွာ ပြုံးလိုက်ကာ နှုတ်ဆက်လိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ မတွေ့ရတာကြာပြီ”

All Chapters