ကောင်းကင်နတ်အရှင်ဟွေ့
Vol. 63 Ch. 836
ချင်မူ တစ်ဖက်သို့ လှည့်လိုက်သည့်အခါ သူ၏မျက်နှာသည် မူချင်းမျက်နှာအဖြစ် ပြောင်းလဲနေချေပြီ။
“မင်းကိုး”
ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ ချင်မူက သူ အံ့အားသင့်သွားသည့်အချိန်ကို အခွင့်ကောင်းယူ၍ သူ့အနောက်ရှိ ကောင်းကင်အလိုတော်မုခ်ဝဆီသို့ နောက်ပြန်ခုန်လိုက်သည်။ သူ့ခန္ဓာကိုယ်ကား အမှောင်ထုထဲ ဆင်းသက်ပေတော့မည်။
ထိုစဉ် ကောင်းကင်နတ်အရှင်ဟွေ့က လက်ငါးချောင်း ဖြန့်လျက် မှော်စွမ်းအင် ထုတ်လွှတ်လိုက်သည်။ ချင်မူ ယိုတုထဲ ကျလုဆဲဆဲ၌ အဆုံးမဲ့သော မှော်စွမ်းအင်သည် သူ့ကို ချုပ်နှောင်လိုက်ကြောင်း ခံစားလိုက်ရ၏။
ချင်မူ လှမ်းကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ဟွေ့ကား ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါးအသွင်ဖြင့် ရပ်နေသည်။ သူ၏အရပ်က မြင့်မားနေပြီး သူ့ပတ်ပတ်လည်ရှိ မီးတောက်မီးလျှံများက နေရာဟင်းလင်းပြင်ကို ပုံပျက်တွန့်လိမ်နေစေသည်။
“ကောင်းကင်နတ်အရှင်မူ၊ မတွေ့ရတာ တကယ် ကြာပြီ”
ကောင်းကင်နတ်အရှင်ဟွေ့၏ အသံသည် အခြားကမ္ဘာမှ ပျံလွင့်လာနေသယောင် ထင်ရပြီး မှော်စွမ်းအင်မှာလည်း မှန်းဆမကြည့်နိုင်လောက်အောင် သိပ်သည်းနေ၏။ တစ်ကမ္ဘာ ခြားနေစေကာမူ သူက ချင်မူ၏ သေခြင်းရှင်ခြင်းကို အလွယ်တကူ ထိန်းချုပ်နိုင်သေးသည်။
“ကျောက်စိမ်းရေကန်တွေ့ဆုံပွဲကို မှတ်မိလား”
ကောင်းကင်နတ်အရှင်ဟွေ့က အေးအေးလူလူ မေးသည်။ “နှစ်တစ်သန်း ကြာပြီမလား... နှစ်တစ်သန်းကြာတာတောင် ငါ စိတ်ဝင်စားမိတာက မင်းကြည့်ရတာ နည်းနည်းလေးမှ တိုးတက်မလာသေးတဲ့ပုံပဲ.... အတိတ်တုန်းကလို အားနည်းနေသေးတယ်”
ချင်မူနှင့် သူ့ကြားရှိ အကွာအဝေးက လျင်မြန်စွာ နီးကပ်လာသည်။ သူသည် ချင်မူ့ကို ခေါ်၍ ကောင်းကင်နတ်ဘုံသို့ ပြန်ရန် ပြင်နေ၏။
သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟွေ့၏ မြင်ကွင်းထဲ၌ စက္ကူလှေတစ်စင်း ပေါ်လာသည်။ လှေလေး၏ ထိပ်ဦးတွင် အဘိုးအိုတစ်ယောက်က မီးအိမ်ကို ဆွဲလျက် ရပ်နေသည်။
ကောင်းကင်နတ်အရှင်ဟွေ့မှာ ရုတ်ခြည်းဆိုသလို သူ၏မှော်စွမ်းအင် ဖြတ်တောက်ခံလိုက်ကြောင်း ခံစားလိုက်ရ၍ တမုဟုတ်ချင်း ရပ်လိုက်ကာ စက္ကူလှေ၏အပေါ်ရှိ အဘိုးအိုဆီသို့ လှမ်းကြည့်လိုက်သည်။
တစ်ယောက်က လင်းထိန်နေသော အစောင့်ရှောက်အဆောင်၏ ထိပ်ဆုံးအထပ်တွင် ရပ်နေသည်။ တစ်ယောက်က မှောင်မိုက်နေသော ယိုတုထဲ၌ ရပ်နေသည်။
“ကောင်းကင်နတ်အရှင်ရုံ” ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး သူက တိုးညှင်းစွာ ခေါ်လိုက်၏။
အမှောင်ထုထဲရှိ အဘိုးအိုက တည်ငြိမ်စွာ ပြောသည်။ “ကောင်းကင်နတ်အရှင်ဟွေ့”
ကောင်းကင်နတ်အရှင်ဟွေ့တွင် တွေဝေရှုပ်ထွေးနေသည့် မျက်ဝန်းများ ရှိသည်။ သူက လေသံ ခပ်ပျော့ပျော့ဖြင့် ပြော၏။ “ဟိုတုန်းက ငါတို့တတွေ ကောင်းကင်နတ်အရှင်တွေ ဖြစ်ခဲ့ကြတုန်းက တစ်ယောက်နဲ့တစ်ယောက် သိပ်ရင်းနှီးခဲ့ကြတယ်... ဘာလို့ အခု ဆန့်ကျင်ဘက်မှာ ရပ်နေကြရတာလဲ.... ကောင်းကင်နတ်အရှင်ရုံ၊ ကောင်းကင်နတ်အရှင်ယွီ သေသွားကတည်းက မင်း ပျက်စီးသွားခဲ့တယ်... မင်း ယိုတုဆီ မသွားခဲ့သင့်ဘူး... ယိုတုထဲ ရောက်ပြီးနောက်ပိုင်း မင်းရဲ့ အကျင့်စရိုက်က ပိုပြီးသီးသန့်ဆန်လာတယ်.... နောက်ဆုံးတော့ မိစ္ဆာလမ်းစဉ်ကို မင်း ရွေးသွားခဲ့တယ်... ငါ မှတ်မိပါသေးတယ်၊ ကောင်းကင်နတ်အရှင်ယွီ သေတုန်းက မင်း မိစ္ဆာမျက်နှာဖုံး ဝတ်ထားရင်း ရှိုက်ကြီးတငင် ငိုခဲ့တာလေ... အဲဒီတုန်းက မင်းဟာ ခံစားချက်ပြင်းထန်ပြီး အကြောက်အလန့် ကြီးခဲ့တယ်... ငါ မင်းရဲ့ အပြုအမူတွေကြောင့် ဒေါသထွက်ဖူးပေမယ့် မင်းကို မမုန်းခဲ့ပါဘူး”
“ကောင်းကင်နတ်အရှင်ယွီ သေတုန်းက မင်းလည်း ငိုခဲ့တာပဲ”
စက္ကူလှေအပေါ်ရှိ မရဏတမန်တော်သည် ခံစားချက်မရှိသကဲ့သို့ မှင်သေသေ ဆက်ပြော၏။ “ဒါပေမဲ့ မင်းက ပျက်စီးသွားပြီး လမ်းမှားကို လျှောက်ခဲ့တယ်... အဲဒီတုန်းက ဖြောင့်မတ်မှန်ကန်တဲ့ ကောင်းကင်နတ်အရှင်ဟွေ့ဟာ ကေင်းကင်နတ်အရှင်ယွီနဲ့အတူ သေသွားခဲ့ပြီ... အခု အမှောင်ထုထဲ ရောက်နေတဲ့ မင်းကို ငါ မမှတ်မိတော့ဘူး”
ကောင်းကင်နတ်အရှင်ဟွေ့၏ သူငယ်အိမ်များ ကျုံ့သွားသည်။
ဤအချိန်တွင် အနောက်မှ အသက်ကြီးကြီးအသံ ထွက်လာသည်။ အသံပိုင်ရှင်မှာ အပေါ်သို့ အပြေးအလွှား တက်လာနေပုံရ၏။ “အစောင့်ရှောက်အဆောင်ထဲ ရန်သူတွေ ကျူးကျော်လာတာလား... မဖြစ်နိုင်ဘူး၊ ဒါက ချိတ်ပိတ်ထားတဲ့ နေရာလေ... ကောင်းကင်နတ်ဘုံရဲ့ အလယ်မှာ တည်ရှိနေတဲ့.. တားမြစ်မြေထဲက တားမြစ်မြေပဲ”
အမှောင်ထုထဲတွင် မရဏတမန်တော်၏ လှေလေးသည် ချင်မူ့ကို ခေါ်လျက် ထွက်ခွာသွား၏။
ကောင်းကင်နတ်အရှင်ဟွေ့၏ အမူအရာ ပုံမှန်ပြန်ဖြစ်သွားပြီး သူက သူတို့နှစ်ယောက်အား လက်ပြနှုတ်ဆက်လိုက်သည်။ ထို့နောက် ချင်မူ၏ ကောင်းကင်အလိုတော်မုခ်ဝကို အစအနမကျန်အောင် ဖယ်ရှားလိုက်သည်။
သူ့အနောက်မှ ဆံဖြူတာအိုရသေ့တစ်ဦး တက်လာပြီး ဟိုကြည့်သည်ကြည့် ကြည့်နေသည်။ တစ်ယောက်မှ မမြင်ရသည့်အခါ သူ့အမူအရာက သံသယဝင်သွား၏။ “ကျူးကျော်လာသူ မရှိတာလား”
ကောင်းကင်နတ်အရှင်ဟွေ့ က ပြောသည်။ “ငါ အထင်မှားသွားတာပါ.... ဒီမှာ တစ်ယောက်မှ မရှိဘူး... တာအိုဘိုးဘေးကြီးက ဘယ်ရောက်နေတာလဲ”
တာအိုရသေ့အိုကြီးက ပြုံးလျက် ရှင်းပြသည်။ “တာအိုဘိုးဘေးကြီး ပြန်ရောက်မလာတာ နှစ်တစ်ရာလောက် ရှိပြီ... သူက ပေါ်လိုက် ပျောက်လိုက်ဆိုတော့ ဘယ်တော့ ပြန်လာမလဲလည်း မသိဘူး”
ကောင်းကင်နတ်အရှင်ဟွေ့သည် အသာအယာ ခေါင်းညိတ်လိုက်၏။ “တာအိုသခင်၊ အစောင့်ရှောက်အဆောင်ကို အသက်သွင်း၊ သင်္ကေတအမှတ်အသားတွေကို ခတ်နှိပ်ပြီး ကောင်းကင်လက်နက် ဖန်တီးမယ့် နေရာဆီ ပို့လိုက်ပါ... ငါ အရင်ပြန်လိုက်ဦးမယ်”
ထိုတာအိုသခင်ဆီမှ မှော်စွမ်းအင် ထွက်ပေါ်လာသည့်အခါ အစောင့်ရှောက်အဆောင်ထဲရှိ ကျောက်စိမ်းစာလိပ်အားလုံး မြောက်တက်လာပြီး ကျောက်စိမ်းတိုင်ကို ဗဟိုပြု၍ မျက်နှာမူလိုက်ကြသည်။ တိုင်ခြေမှစ၍ အလင်းတန်းတစ်တန်း တောက်ပလာကာ ထိပ်ဆုံးရှိ ကောင်းကင်နတ်အရှင်ယွီ၏ ပုံရိပ်အသွင်အထိ ဖြာတက်သွားသည်။
“အေးခဲလိုက်”
တာအိုသခင်က အော်ဟစ်ပြီး အလင်းရောင်ကို တန့်သွားစေသည်။ ထို့နောက် သူ့ဓားကို ဆွဲထုတ်၍ ကျောက်စိမ်းတိုင်ထဲမှ ကောင်းကင်နတ်အရှင်ယွီ၏ ပုံရိပ်အသွင်အား လှီးထုတ်လိုက်၏။
မြင်ကွင်းက ထူးဆန်းသော်လည်း ကျောက်ိစမ်းတိုင်မှာ အတုံးတစ်တုံး လှီးထုတ်ခံလိုက်ရပြီးနောက် ဖြည်းဖြည်းချင်း အသားပြန်ပြည့်သွားသည်။
ကျောက်စိမ်းတိုင်ထဲတွင် ကောင်းကင်နတ်အရှင်ယွီနှင့် သင်္ကေတအမှတ်အသားများ ရှိနေဆဲဖြစ်ကာ ရှင်းလင်းစွာ မြင်နေရသေးသည်။ ဤတာအိုသခင်သည် မှော်စွမ်းအင်သုံး၍ သင်္ကေတအမှတ်အသားများအား အသက်သွင်းကာ ကျောက်စိမ်းသားထဲ၌ ခတ်နှိပ်လိုက်ခြင်း ဖြစ်၏။
ချင်မူ၊ လင်းရွှမ်နှင့် ကျန်ရှိသူများသာ ဤနေရာတွင် ရှိနေသေးလျှင် မချင့်မရဲဖြစ်သွားပြီး ခြေဆောင့်နင်းမိကြလိမ့်မည်။
သူတို့မှာ မဟာတာအို သင်္ကေတအမှတ်အသားများကို ကျက်မှတ်ရန်သာ တွေးနိုင်ခဲ့လေသည်။ ချင်မူကလည်း အားသွန်ခွန်စိုက်၍ မှန်တစ်ချပ် သွန်းလုပ်ခဲ့ရင်း ဟင်းလင်းပြင်ကမ္ဘာတစ်ခု တည်ဆောက်ရန်အတွက်လည်း အချိန်ပေးခဲ့ရသေး၏။
သို့သော် သူတို့လို ဉာဏ်ကြီးရှင်များပင် ဤမဟာတာအို သင်္ကေတအမှတ်အသားများအား ယူနိုင်မည့် နည်းလမ်းက ထိပ်ဆုံးအထပ်တွင် ရှိနေလိမ့်မည်ဟု မတွေးမိခဲ့ပေ။
ထို့အပြင် နည်းလမ်းသည် ရှိးရှင်း၏။ ကျောက်စိမ်းသားကို လှီးထုတ်လိုက်ရုံဖြင့် ခြေရာလက်ရာမပျက်ဘဲ အစောင့်ရှောက်အဆောင်ထဲရှိ သင်္ကေတအမှတ်အသားအားလုံး ယူသွားနိုင်လေသည်။
ကောင်းကင်နတ်အရှင်ဟွေ့က လှေကားထစ်များအတိုင်း ဆင်းသွားရင်း အစောင့်ရှောက်အဆောင်ထဲမှ ထွက်သွားသည်။
သို့သော် သူက ချီတုံချတုံ ဖြစ်နေပြီး နတ်ကောင်းကင်ခန်းမဆီ မသွားဘဲ တစ်ယောက်တည်း တွေးနေ၏။ ‘ကောင်းကင်နတ်အရှင်မူ ထပ်ပေါ်လာပြီ.... ဒီတစ်ခေါက်က တကယ်ပဲ မင်းလား... အတိတ်တုန်းက မင်း မကြာခဏ ပေါ်လာတတ်ပေမယ့် မင်း မဟုတ်မှန်း ငါ သိတယ်’
သူက အဝေးရှိ နတ်ကောင်းကင်ခန်းမဆီသို့ ကြည့်လိုက်သည်။ ‘မင်း ငါ့ကို ရိုက်ခဲ့ဖူးပေမယ့် ငါ မင်းကို မမုန်းခဲ့ဘူး... မင်းက ကောင်ကင်နတ်အရှင်ယွီကို လုပ်ကြံခဲ့တဲ့ လူသတ်သမားကို ဖော်ထုတ်ပြီး ကလဲ့စားချေပေးခဲ့လို့ ငါ လေးစားမိတယ်... ဒါပေမဲ့ မင်း ဘာကြောင့် ဒီတစ်ခေါက် ပေါ်လာတာလဲ.... အခုချိန်က လွန်ခဲ့တဲ့နှစ်တစ်သန်း မဟုတ်တာ မင်း မသိဘူးလား... အခုမင်းက အားနည်းလွန်းတယ်...’
သူသည် အကြည့်လွှဲ၍ နတ်ကောင်းကင်ခန်းမနှင့် ဆန့်ကျင်ဘက်သို့ လျှောက်ထွက်သွား၏။
ယိုတုတွင်
ချင်မူက လှေလေးအပေါ်၌ ရပ်၍ လင်းရွှမ်၊ ရှောင်ချွင်းဖုန်းနှင့် ယွီဟုန်ရှို့တို့ကို ရှာနေသည်။ “ကျွန်တော် သူတို့ကို ယိုတုထဲ တွန်းထုတ်လိုက်တာ... ဒီနားပတ်ဝန်းကျင်ပဲ ကျသွားလောက်တယ်”
မရဏတမန်တော်က လှေဦး၌ မီးအိမ်ချိတ်၍ ပြောသည်။ “ယိုတုက ကျယ်တယ်... သူတို့က ယိုတုသတ္တဝါတွေလည်း မဟုတ်၊ ယိုတုသားတော်လည်း မဟုတ်၊ မင်တုကောင်းကင်နတ်မင်းလည်း မဟုတ်တော့ ဒီနေရာမှာ ကောင်းကင်နတ်သိုင်း သုံးပြီး ပျံနိုင်မှာမဟုတ်ဘူး... ဟိုတစ်ခါတုန်းက မင်း ဖြစ်ခဲ့ဖူးသလို အောက်ထဲ ဆက်တိုက်ကျနေမှာ... နတ်ဘုရားမဟုတ်ရင် နှစ်ရာဂဏန်းလောက်နေရင် အသက်ကြီးပြီး သေသွားလိမ့်မယ်... အသက်ရှူကြပ်ပြီးလည်း သေနိုင်တယ်... အမှောင်ထဲမှာ လေမှမရှိတာ၊ သူတို့ အသက်မရှူနိုင်ဘူး”
ချင်မူ သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်၏။ “ကျွန်တော့်ကိုတောင် ဖမ်းနိုင်သေးတာပဲ ခင်ဗျား သူတို့ကိုလည်း ဖမ်းနိုင်ပါတယ်”
မရဏတမန်တော်က အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောသည်။ “ငါ ကောင်းကင်နတ်အရှင်ယွီကို မင်းလက်ထဲ ထည့်ခဲ့တယ်နော် ... သူ အခု ဘယ်မှာလဲ”
ချင်မူ မလုံမလဲ ဖြစ်သွား၏။ “ကောင်းကောင်းမွန်မွန် ရှိပါတယ်ဗျာ... သူက အေးအေးဆေးဆေးပဲ ၊ ကျွန်တော့်ထက်တောင် အေးဆေးသေးတယ်... ကျွန်တော့်ကို ဆုံးမသွန်သင်ပေးခဲ့တဲ့ အဘိုးတစ်ယောက်နဲ့ လိုက်သွားတယ်... အဲ့အဘိုးက အကျင့်စာရိတ္တ သိပ်ကောင်းတာ၊ သိုင်းအဆင့်လည်း မြင့်တယ်... လမ်းမှာ ငွေအသပြာ ကောက်ရရင်တောင် မယူဘူး... သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကျောင်းသားတွေရဲ့ စံနမူနာဗျ... အင်ပါယာရဲ့ ကျောရိုးလို့လည်း ဆိုရမယ်”
မရဏတမန်တော်၏အမူအရာ အနည်းငယ် ပြောင်းလဲသွားကာ သူက နှာခေါင်းရှုံ့၏။ “မင်းကို ဒီလိုဖြစ်အောင် သင်ပေးခဲ့တဲ့လူတွေလေ... ကောင်းပါလိမ့်မယ် အားကြီးကြီး... မင်း အဲဒီလိုလူတွေထဲ ကောင်းကင်နတ်အရှင်ယွီကို ထည့်ပေးလိုက်တာ ငါတော့ စိတ်မအေးဘူး”
ချင်မူက ဒေါသတကြီး တုံ့ပြန်သည်။ “ကျွန်တော်က ဘာဖြစ်နေလို့တုန်း... တစ်လောကလုံးကို ဖိန့်ဖိန့်တုန်စေခဲ့တဲ့ ကောင်းကင်နတ်အရှင်နော် ဘာမှတ်.... ကျွန်တော့်ကို ပျိုးထောင်ပေးခဲ့တဲ့လူတွေက နယ်နယ်ရရ ဖြစ်မယ်ထင်လား”
မရဏတမန်တော်က မှင်သေသေ ပြော၏။ “ဒါဖြင့် သူတို့ဘယ်လောက် အံ့ဩစရာကောင်းလဲ ငါ လိုက်ကြည့်မယ်လေ”
ချင်မူ ကပျာကယာ ပြောလိုက်သည်။ “ခင်ဗျားရုပ်ကြီး မြင်ရင် သက်ရှိကမ္ဘာကလူတွေ လန့်ပြီး သေကုန်လိမ့်မယ်... မပူနဲ့ ကျွန်တော် ကောင်းကင်နတ်အရှင်ယွီကို ပစ်မထားပါဘူး... ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်... ကျွန်တော့်မိတ်ဆွေသုံးယောက် မြန်မြန်ခေါ်လာပေးပါဗျာ... အသက်ရှူကြပ်ပြီး သေကုန်ဦးမယ်”
သူ့အရှေ့တွင် စက္ကူလှေလေးသုံးစင်း မျောလွင့်လာပြီး လှေဦးတွင် မရဏတမန်တော်တစ်ယောက်စီ ရပ်နေကြသည်။ လှေထဲ၌ လင်းရွှမ်၊ ရှောင်ချွင်းဖုန်းနှင့် ယွီဟုန်ရှို့တို့ ရှိနေကြ၏။
ချင်မူ စိတ်အေးလက်အေး ဖြစ်သွားကာ ပြုံးလိုက်သည်။ “ခင်ဗျားက အမြဲအပေါက်ဆိုးပေမယ့် စိတ်ထားတော့ ကောင်းရှာသားပဲ... သူတို့ကို ကယ်ပေးထားမှန်း ကျွန်တော် သိနေပါတယ်... အခု ကျွန်တော်တို့ကို မာန်ဟုန်မြစ်ဘေးဆီ ခေါ်သွားပေးလို့ရပြီနော်....”
မရဏတမန်တော်က သရော်တော်တော် ပြော၏။ “မင်းပဲ ငါ့ကို စိတ်ထားကောင်းတယ်ထင်... ဒီလှေသုံးစင်းကို ကြည့်လေ၊ ငါ့ကို မြင်လိုက်ရလို့ မျက်နှာဖြူဆုပ်မသွားတဲ့သူ ဘယ်သူရှိလဲ”
ချင်မူ ထိုလှေသုံးစင်းကို ကြည့်လိုက်သည့်အခါ လင်းရွှမ်၊ ရှောင်ချွင်းဖုန်းနှင့် ယွီဟုန်ရှို့တို့အားလုံး မျက်နှာဖြူဆုပ်နေကြောင်း တွေ့လိုက်ရသည်။ သူတို့က ထောင့်တစ်ထောင့်တွင် ကပ်၍ ကြောက်လန့်နေကြပုံပေါ်၏။
“မင်း ဘယ်လိုကနေ ဘယ်လို ကောင်းကင်နတ်ဘုံဆီ ရောက်သွားတာလဲ”
မရဏတမန်တော်က လေသံကို လျှော့၍ မေးသည်။ “ကောင်းကင်နတ်ဘုံက မင်း သွားနိုင်တဲ့ နေရာလို့ ထင်လား... ငါသာ ကောင်းကင်အလိုတော်မုခ်ဝ ပွင့်လာတာ မခံစားခဲ့ရရင် မင်း သေနေလောက်ပြီ... ရှေ့နောက်စဉ်းစားမယ်မရှိဘူး တော်တော် သတ္တိကောင်းတယ်... မင်းလက်ထဲ ကောာင်းကင်နတ်အရှင်ယွီကို ထည့်ပေးခဲ့မိတာတောင် နောင်တရတယ်”
ချင်မူ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ဒါပေမဲ့ သိသိချင်း ကျွန်တော်တို့ကို လာရှာပြီး ကယ်ပေးခဲ့တယ်လေ.... ခင်ဗျား ကျွန်တော့်ကို သိပ်ဂရုစိုက်မှန်း ကျွန်တော် သိပါတယ်”
မရဏတမန်တော်က ခေါင်းယမ်းကာ ပြော၏။” ငါက မင်း ကောင်းကင်နတ်အရှင်ယွီကိုပါ ကောင်းကင်နတ်ဘုံဆီ ခေါ်သွားတယ်မှတ်လို့ စိတ်ပူသွားတာ... မင်းတစ်ယောက်တည်းမှန်း သိရင် မလာဘူး”
ချင်မူ့မျက်နှာ မည်းခြစ်သွားကာ ပြန်ခနဲ့လိုက်သည်။ “သွား ကောင်းကင်နတ်အရှင်ယွီကို ပြန်ခေါ်သွားတော့.... ခင်ဗျား သူ့ကို ဘယ်လိုသင်ပေးမလဲ ကြည့်ရသေးတာပေါ့”
မရဏတမန်တော်၏ မျက်နှာလည်း မည်းခြစ်သွားသည်။ တခဏကြာသော် သူက ပြောသည်။ “ငါမှ တခြားသူတွေနဲ့ မသိတာ... မင်း မသင်ပေးလို့ ဘယ်သူ သင်ပေးမလဲ... ဒါပေမဲ့ မင်းကိုယ်တိုင် သင်ပေးဖို့ လိုတယ်... မင်းကို ပျိုးထောင်ပေးခဲ့တဲ့သူတွေကို ငါ စိတ်မချဘူး... ကောင်းကင်နတ်အရှင်ဟွေ့က အင်မတန် အန္တရာယ်များတယ်... သူ့အနား မသွားနဲ့”
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွား၏။ “ကောင်းကင်နတ်အရှင်ယွီ သေသွားတုန်းက ခင်ဗျားနဲ့ ကောင်းကင်နတ်အရှင်ဟွေ့က ဝမ်းအနည်းဆုံးပဲ... သူက ခင်ဗျားလိုပဲ ကောင်းကင်နတ်အရှင်ယွီကို စိတ်ရင်းနဲ့ လေးစားမှန်း ကျွန်တော် မြင်ခဲ့ရတယ်... ကောင်းကင်နတ်အရှင်ဟွေ့ ဘာမှမသိထားတာလည်း ဖြစ်နိုင်တာပဲ... ကျွန်တော်တို့ဘက် ခေါ်လို့ရရင် ရ...”
မရဏတမန်တော် စကားဖြတ်ပြောသည်။ “လူတွေက ပြောင်းလဲတတ်တယ်”
ချင်မူ မှင်သက်သွားကာ မေးလိုက်သည်။ “ဘာလို့ ကောင်းကင်နတ်အရှင်ဟွေ့ ပြောင်းလဲသွားတာလဲ... သူ အဲဒီနှစ်တွေမှာ ဘာကြုံတွေ့ခဲ့ရလို့လဲ... ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်ယင်သားတော်နဲ့ ကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်အရှင်ယွီကို ဝိုင်းလုပ်ကြံခဲ့တာလေ... ကောင်းကင်နတ်အရှင်ဟွေ့အနေနဲ့ ဉာဏ်မကောင်းရင်တောင် ဒါတော့ မြင်နိုင်သင့်ပါတယ်... ဘာလို့ ကောင်းကင်နတ်ဘုံမှာ ဆက်နေ,နေတာလဲ”
“လူတွေက ပြောင်းလဲတတ်တယ်”
မရဏတမန်တော်သည် ဤစကားကို ထပ်ပြော၏။ “ကဲ သက်ရှိကမ္ဘာဆီ ရောက်ပြီ... မင်းတို့တွေ အခု ပြန်သင့်ပြီ... ကောင်းကင်နတ်ဘုံဆီ ထပ်မသွားနဲ့တော့ ... ကောင်းကင်နတ်အရှင်ဟွေ့ကိုလည်း မယုံနဲ့... မဟုတ်လို့ကတော့ မင်း သေရလိမ့်မယ်”
ချင်မူ သံသယများကို မြိုသိပ်၍ လှေပေါ်မှ ခုန်ဆင်းလိုက်သည်။ တာအိုသခင်လင်းရွှမ်နှင့် ကျန်ရှိသူများလည်း ပစ်ချခံလိုက်ရသည်။
လှေ၏အောက်ရှိ အမှောင်ထုသည် နောက်တခဏတွင် လင်းထိန်လာ၏။ လေးယောက်သား မြေအမာပေါ် ဆင်း၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ မာန်ဟုန်ပြင်းပြင်း စီးဆင်းနေသော မြစ်တစ်စင်းနှင့် မြင့်မားနေသော တောင်တန်းများအား မြင်တွေ့ရသည်။ သူတို့ ကြုံတွေ့ခဲ့ရသည်မှာ အိပ်မက်အလား ထင်ရပေသည်။
ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ မရဏတမန်တော်ကား ထွက်သွားခဲ့ချေပြီ။
‘ကောင်းကင်နတ်အရှင်ဟွေ့၊ ခင်ဗျား တကယ်ပဲ ပြောင်းလဲသွားပြီလား’ ချင်မူ ငေးငိုင်နေသည်။
“ဂိုဏ်းသခင်ချင်၊ ဂိုဏ်းသခင်ချင်”
တာအိုသခင်လင်းရွှမ်က သူ့ကို နှိုး၍ ပြောသည်။ “ငါတို့ ချင်းယွင်ကောင်းကင်ဘုံဆီ ပြန်ပြီး ဖြေရှင်းသင့်တာတွေ ဖြေရှင်းသင့်တယ်”
ချင်မူ သတိပြန်ဝင်သွားကာ ခေါင်းညိတ်လိုက်၏။ သူက ရှောင်ချွင်းဖုန်းနှင့် ယွီဟုန်ရှို့ဆီသို့ ကြည့်လိုက်သည်။ “မင်းတို့အစီအစဉ်က ဘာလဲ”
ရှောင်ချွင်းဖုန်းက တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် ပြောသည်။ “ငါက ကောင်းကင်နတ်ဘုံ တာအိုဂိုဏ်းကဆိုတော့ တာအိုသခင်လင်းရွှမ်နဲ့ နယ်ပယ်ချင်း တူတယ်... ဒီတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းဆီသွားပြီး နာမည်တစ်ခုနဲ့ ဦးပြန်မော့မယ်”
ယွီဟုန်ရှို့က စဉ်းစားရင်း ပြောသည်။ “ငါလည်း တာအိုဂိုဏ်းဆီ သွားချင်ပေမယ့် တာအိုရသေ့မတော့ မလုပ်ချင်ဘူး”
ချင်မူ့မျက်လုံးများ အရောင်တောက်သွားတော့သည်။ “မမကြီးဟုန်ရှို့၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ကြားဖူးလား... ငါ့ရဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကလည်း သမာသမတ်ဂိုဏ်းတစ်ဂိုဏ်းပဲ...”