← Chapters

ကောင်းကင် ကွဲအက် လာခြင်း- (၁)။

Vol. 84 Ch. 1165

ကောင်းကင် ကွဲအက် လာခြင်း- (၁)။

Vol. 84 Ch. 1165

အမာခံ တပည့် အားလုံးသည် ရေကန် ပေါ်တွင် ထိုင်လျက်၊ ကြယ် စွမ်းအင် များကို စုပ်ယူ နေကြ၏။

ထိုအချိန်တွင် လင်းယွန်က အလျင် စလို မရှိသေးချေ။ နက္ခတ် လေးလုံးနှင့် ကြယ်ဝိညာဉ် တောင်တန်းကြား၊ ဆက်စပ်မှုကို စူးစမ်း နေမိ သည်။

ယဲ့ဇီလင်နှင့် ကျန်းလိချန် တို့မှာ လင်းယွန် ကဲ့သို့၊ စိတ်ပူခြင်း မရှိချေ။ ကြယ်ဝိညာဉ် တောင် အကြောင်း သိပြီး ဖြစ်လေသည်။

၎င်းကို စုပ်ယူ နိုင်သည့် ပမာဏသည်၊ လူတစ်ဦး၏ ကျင့်ကြံမှု နည်းစနစ်နှင့်၊ ကိုယ်လုံး ကိုယ်ပေါက် အပေါ်၊ မူတည်၏။

တစ်နည်း အားဖြင့် ဆိုရသော် လူတိုင်း အတွက် လုံလောက်သော စွမ်းအင် ရှိသည်ဟု အဓိပ္ပါယ် ရသည်။

ခဏ အကြာတွင် လင်းယွန်မှ အဖြေကို ဖျတ်ခနဲ တွေ့လိုက် ရသည်။ ဤကြယ် ဝိညာဉ် တောင်မှာ၊ ကြယ်စွမ်းအင်ကို ဆွဲခေါ် နိုင်သော သံလိုက် တုံးကြီး ပေပင်။

၎င်းအား ကြယ်စွမ်းအင် ဆိုသည်ထက် ‘ကြယ်ရောင် ဝိညာဉ်’ များဟု ခေါ်ဆို ခြင်းမှာ၊ ပို၍ သင့်လျော် လေသည်။

( ကြယ်ရောင် ဝိညာဉ် ဆိုသည်မှာ၊ အတိ အကျ ပြန်ဆို ရပါမူ၊ ‘လျှပ်စစ် သံလိုက် စွမ်းအင်’ အဖြစ်၊ အဓိပ္ပါယ် ရပေမည်။

ထိုကြယ် အလင်း များ၌၊ လျှပ်စစ် သံလိုက် စွမ်းအင်များ ပါရှိနေ သည်ဟု၊ ပညာရှင် များက ရှာဖွေ တွေ့ရှိ ထားသည်။ )၎င်းသည် ကြယ်များမှ အင်ပါ ရီယန်များ စုပ်ယူ နိုင်သော၊ ကြယ် စွမ်းအင်ထက် များစွာ သန့်စင် ချေ၏။

ကြယ် ဝိညာဉ် တောင်နှင့်၊ ကြယ်ရောင် ဝိညာဉ်များ အကြား၊ ခန္ဓာ ကိုယ်ကို လိုက်လျော ညီထွေ ဖြစ်အောင်၊ ကျင့်ယူ ရမည် ဖြစ်သည်။

( ဆိုလို သည်မှာ လျှပ်စစ် သံလိုက် စွမ်းအင်များကို၊ ခန္ဓာကိုယ် အတွင်းမှ ဖြတ်သန်း စေလျက်၊ တောင်အတွင်း ဝင်ရောက် စေခြင်း ဖြစ်၏။

ဤနည်းဖြင့် ရေစီးကြောင်း အတွင်း၊ ဆေးကြော နေသော အရာ ဝတ္ထု တစ်ခု ကဲ့သို့၊ ခန္ဓကိုယ် သန့်စင် လာမည် ဖြစ်သည်။ )

ယင်းက အင်အား သုံးကာ၊ ဝါးမြို ခြင်းမျိုး မဟုတ်ချေ။ ရည်ရွယ် ချက်အား နားလည်လာ ပြီးနောက်၊ ပြုံးလျက် ထိုင်ချ လိုက်သည်။

‘အကြောင်း’ကို စဉ်းစား တွေးခေါ် နိုင်စွမ်း ရှိသော၊ အရည် အချင်း မြင့်မားသည့် အမာခံ တပည့် များမှာ၊ အလားတူ နားလည် နိုင်ကြ ပေသည်။

အထူး သဖြင့် ၎င်းကို ကြိုတင် သိရှိ ထားသော ကျန်းလိချန်က၊ လင်းယွန်ထံ ကြည့်ပြီး၊ ပြုံးမိသည်။

အဆုံးတွင် ကြယ်ဝိညာဉ် တောင်တန်း ကြီးအား ဖွင့်လှစ်ရန်၊ ဂိုဏ်းချုပ်ကို စည်းရုံး ခဲ့သော လူမှာ၊ သူ ဖြစ်၏။

“ ငါ ... ၊ မင်းကို အရှက်ခွဲ ပြမယ်။ ”

သူ ဟူသည် တိမ်လွှာဓား ဂိုဏ်း၏ တပည့်ကြီး ဖြစ်သဖြင့်၊ ကျော်ကြားမှု များကို လုယူ သွားသော လင်းယွန် အပေါ်၊ မကျေနပ် နိုင်ချေ။

လင်းယွန်က ကြယ်ဝိညာဉ် တောင်တန်း ထံမှ အကြည့် လွှဲကာ၊ ယဲ့ဇီလင်ပေါ် ကျရောက် သွားသည်။

သူတို့ နှစ်ဦးကြား ဆက်ဆံ ရေးမှာ၊ အကောင်းကြီး မဟုတ် သော်လည်း၊ တစ်ဦးပေါ် တစ်ဦး သဘောကျ ချေသည်။

ထို့ကြောင့် သူ့ အကြည့်ကို အာရုံ မိပြီး၊ ယဲ့ဇီလင်မှ ပြန်ကြည့်ကာ၊ ခေါင်းညိတ်လျက် အသိ အမှတ် ပြုလာ၏။

“ ကြယ်ဝိညာဉ် တောင်တန်း ကြီးက တကယ့်ကို မှော်ဆန်တယ်၊ ဒါက ကောင်းကင် (၄) လွှာပဲ ရှိသေးတယ်၊ (၃၆) လွှာ ကိုသာ ခွဲနိုင် ခဲ့ရင် ဘာဖြစ် မလဲ။ ”

ကောင်းကင် သုံးလွှာ ခွဲခြင်း ဟူသည် တစ်နည်း အားဖြင့်၊ ပထမ ကောင်းကင်ဘုံကို ခွဲခြင်း ဖြစ်ပြီး၊ ယခု မြင်နေ ရသည်မှာ၊ ဒုတိယ ကောင်းကင်ဘုံ ဖြစ်၏။

ဤအခွင့် အရေးမှာ၊ သူ ထင်ထား သည်ထက် များစွာ ကောင်းမွန် သောကြောင့်၊ လင်းယွန်မှာ လေးနက် လာ မိသည်။

ကောင်းကင် ဝိညာဉ် နယ်ပယ် ကန့်သတ်ချက်သို့ ရောက်ရန်၊ သူ့ အတွက် အကောင်းဆုံး အရင်း အမြစ်များ ဖြစ်၏။

၎င်းသည် နတ်ဘုရား အသွေးတော် အရွက်ကို အသုံး ပြုခြင်းမျိုး ထက်ပင်၊ ပို၍ ကောင်းမွန် နိုင်မည်။

အချိန် မဖြုန်း တော့ဘဲ၊ အိုင်းရစ် ဓားသုတ္တန်ကို၊ ဖြန့်ချီ လိုက်ရာ၊ ခရမ်းရောင် ပန်း တစ်ပွင့် သူ့အောက်၌ ပွင့် လာ၏။

၎င်းပန်းက အမှောင် ထဲတွင် လင်းလက် နေသော ကြယ်များ ကဲ့သို့၊ ငွေရောင် တောက်ပ လာသည်။

ယင်းက ပတ်ဝန်း ကျင်ရှိ ကြယ်ရောင် များကို၊ စတင် ဝါးမျို တော့၏။ ခန္ဓာ ကိုယ်မှ စမ်းချောင်းငယ် တစ်စင်း ကဲ့သို့၊ မြည်သံ ထွက်လာသည်။

သို့သော် ခန္ဓာ ကိုယ်မှာ၊ သမုဒ္ဒရာကြီး တစ်စင်းနှင့် တူသဖြင့်၊ အပြောင်း အလဲ မရှိဘဲ၊ ငြိမ်သက် နေသည်။

အဘယ့်ကြောင့် ဆိုသော်၊ စမ်းချောင်း ကလေး မျှသာ ရှိသော ကြယ်ရောင် များက၊ သမုဒ္ဒရာအား လှိုင်းထအောင် မလုပ် နိုင်ခြင်း ဖြစ်၏။

သူတော်စင် နဂါး ခန္ဓာ ကိုယ်၏ အခြေခံ အုတ်မြစ် အရ၊ ဒုတိယ ကောင်းကင် ဘုံသည် လုံလောက်ပုံ မရချေ။

ထို့ကြောင့် သူ့အား ပြိုင်ချင် နေသော ကျန်းလိချန်မှာ၊ လူမိုက် တစ်ဦးသာ ဖြစ်ချေပြီ။ ယဲ့ဇီလင် ကိုပင် မယှဉ် နိုင်ဘဲ၊ လင်းယွန် အပေါ် ပြိုင်ဘက် အဖြစ်၊ ရွေးချယ် လိုက်ခြင်းသည်၊ သူ့ ကံကြမ္မာ ဖြစ်၏။

သို့သော် ကျန်းလိချန် ခမျာ၊ ယင်းကို မသိသဖြင့်၊ ကျေနပ် နေမိသည်။ လင်းယွန်က ကြည့်ကောင်း နေသော်မှ၊ အသုံးဝင် နိုင်မည် မဟုတ်ချေ။ ယောက်ျား ပီသ သူများ ကိုသာ၊ လူတိုင်းက လေးစားကြ ပေလိမ့်မည်။

အတွေး ပေါင်းစုံနှင့်၊ လင်းယွန်ထံ ခိုးကြည့် မိသည်။ တစ်ဖက်လူ ထံ၌၊ လှိုင်း ထန်ခြင်း မရှိ သည်ကို မြင်သော အခါ၊ ကျေနပ် သွား၏။

အချိန်ကြာလာ သည်နှင့် အမျှ ရေကန်ကြီး တစ်ခုလုံး တိတ်ဆိတ် သွားတော့သည်။

“ ထူးဆန်းတယ် … လင်းယွန်မှာ အစွမ်း ထက်တဲ့၊ စွမ်းအင် ကျင့်ကြံမှု နည်းစနစ် တစ်ခု ရှိပါတယ်၊ ဒါပေမယ့် ကြယ်အလင်း တွေကို စုပ်ယူတဲ့ အခါ၊ ဒါက အသုံး ဝင်ပုံ မရဘူး။ ”

စည်းကမ်း ထိန်းသိမ်းရေး အကြီး အကဲ တစ်ဦးက သံသယဖြင့် ပြောလိုက်သည်။ သူ့ကဲ့ သို့ပင်၊ အခြားသော အကြီး အကဲများ မှလည်း၊ ယင်းကို သတိထား မိလာ၏။

ကြယ် အလင်း များ စုပ်ယူ ရာတွင်၊ လင်းယွန်၏ စွမ်းဆောင်ရည်မှာ၊ အမာခံ တပည့် များ ထက်ပင်၊ နိမ့်ကျ နေသည်။

အမာခံ တပည့် တိုင်း၌၊ ချွေးပေါက် များမှ ပြန်၍ စိမ့်ထွက် နေသော ကြယ်ရောင် ကြောင့်၊ မြူများ ဖုံးလွှမ်း နေပေ၏။

လင်းယွန် ၌မူ ထိုဖြစ်စဉ်မျိုး မရှိချေ။ ခရမ်းရောင် ပန်း လင်းလက် နေ သလောက်၊ စွန့်ထုတ် ထားသော ကြယ်အလင်း များမှာ၊ အလွန် မှိန်ဖျော့ လွန်းချေပြီ။

တစ်ဖက်တွင် ဖုန်ကျန်းနှင့် လျူချင်းယန်မှ၊ စွန့်ထုတ်သော အလင်းရောင် များမှာ၊ လင်းယွန် ထက်ပင် ပို၍ တောက်ပ လှ၏။

ကြည့်ရ သည်မှာ လင်းယွန် သည်သာ၊ ကြယ်အလင်း များကို၊ မစုပ်ယူ နိုင်သည့် တစ်ဦး တည်းသော လူ ဖြစ်ပုံ ရသည်။

သို့သော် ဂိုဏ်းချုပ်မှာ လင်းယွန်ကို ကြည့်နေဆဲ ဖြစ်သည်။ သူ့သမီး ယဲ့ဇီလင်ပင်၊ ခေါင်းထဲ၌ မရှိကြောင်း သိသာ၏။

လေးနာရီကြာ ပြီးနောက်၊ အမာခံ တပည့် များမှာ၊ ကြယ်ဝိညာဉ် တောင်ထံမှ အသိ အမှတ် ပြုသံများ၊ ကိုယ်စီထွက် လာကြသည်။

၎င်းအသံ ထွက်ပေါ် လာပါက၊ ကြယ် အလင်း များကို၊ ထပ်မံ၍ စုပ်ယူ နိုင်တော့မည် မဟုတ် ချေ။

ဆိုလို သည်မှာ ၎င်းတို့၏ ရုပ်ခန္ဓာ စွမ်းရည်သည်၊ ကန့်သတ် ချက်သို့ ရောက်ရှိ သွားခြင်း ဖြစ်သည်။

“ အိုး ... ၊ ဖုန်ကျန်း ဒီကောင် အောင်မြင် သွားပြီ။ ”

စည်းကမ်း ထိန်းသိမ်းရေး အကြီး အကဲ တစ်ဦးက၊ သူ့ မုတ်ဆိတ်မွေး များကို ဟန်ပါပါ ရိုက်လျက်၊ ပြုံးလိုက် တော့သည်။

“ ..... ။ ”

ဖုန်ကျန်း ခန္ဓာ ကိုယ်အား ကြယ်ရောင် များဖြင့် ဖုံးအုပ် ထားသည်။ သိပ်သည်း ဆသည်၊ ကန့်သတ် ချက်သို့ ရောက်ရှိ လာသော အခါ တွင်၊ မိုးပြာ နဂါး နက္ခတ် ထံမှ၊ ပဲ့တင်သံ ထွက်လာ တော့၏။

ကြယ်စုံ ကောင်းကင် ကြီးမှ၊ ဆင်းသက် လာသော အလင်းတန်း နှစ်စင်းကို ကြည့်ပြီး နောက်၊

“ သတ္တု ဂုဏ်ရည်နှင့် သစ်သား ဂုဏ်ရည်၊ ဒီကောင် မဆိုးဘူး။ ”

-ဟု အဆိုပါ အကြီး အကဲမှ ဆိုလိုက်သည်။

ရှုပ်ထွေး သည်ဟု ထင်ရ သော်လည်း၊ ရိုးရှင်းလှ ချေ၏။ ဥပမာ အားဖြင့် မိုးပြာ နဂါး နက္ခတ်တွင်၊ နဂါး ဦးခေါင်း၊ နဂါး ကိုယ်ထည်၊ နဂါး အမြီးနှင့် နဂါး ခြေလက် လေးဘက်ကို ကိုယ်စား ပြုသည့် ကြယ်စင်စု (၇)စု ပါဝင်သည်။

ထိုကြယ်စင်စု တစ်စု စီတွင်၊ သတ္ထု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး၊ နေနှင့်၊ လ ဟူသော ကြယ် (၇)လုံး ပါရှိ လေသည်။

ယင်းကြောင့် သတ္ထု နှင့်၊ သစ်သား ဂုဏ်ရည်မျိုး ရှိသော၊ ကြယ် (၂) ပွင့်ကို ဆွဲယူ နိုင်သည့် ဖုန်ကျန်းမှာ၊ ထူးချွန် သည်ဟု သတ်မှတ် နိုင်ပေ၏။

***

All Chapters