ငါက မိန်းမ ဖြစ်နေ ရင်ရော ... ။
Vol. 88 Ch. 1226
ယဲ့ဇီလင်နှင့် ချူထျန်းဟောင် တို့မှာ၊ တစ်ယောက် အားနည်း ချက်ကို၊ တစ်ယောက် ရှာဖွေ နေကြသည်။
တစ်ဖက်တွင် လျူချင်းယန်၊ ဖုန်ကျန်းနှင့်၊ ကျန်းလိချန် တို့မှာ တိုက်ပွဲ၌ အသာစီးရ နေ၏။ သူတို့ သုံးဦး၏ ဓား ရောင်ဝါက၊ ပြိုင်ဘက် ရောင်ဝါကို လုံးလုံး လျားလျား ချိုးနှိမ် ထားသည်။
ပြိုင်ဘက် တိုင်းမှာ ၎င်းတို့ ခွန်အား၏ (၇၀%) ကိုသာ ထုတ်ဖော် နိုင်သည်။ ယင်းက သူ စိတ်ကူး ထားသလို မဟုတ် သောကြောင့်၊ ဖန်ခွိုက် ခမျာ ကြက်သေ သေသွား၏။
“ ဘာဖြစ် ကုန်တာလဲ။ ”
“ ဘုရင် ရောင်ဝါက အားကောင်းတယ် မဟုတ် ဖူးလား၊ ဘယ်လို ဖြစ်လို့ ဓားရောင်ဝါ ကိုတောင်၊ မချိုးနှိမ် နိုင်ရ တာလဲ … ။ ”
“ ဒီလောက် ကြံ့ခိုင် လာရအောင်၊ မနေ့ ညက တိမ်လွှာဓား ဂိုဏ်း၊ ဘာတွေများ ကြုံတွေ့ ခဲ့လို့လဲ ... ။ ”
“ အို့ ... ၊ ဒါ ကောင်းကင်ဓား ... ၊ အဲဒီ လူရဲ့ ဓားက၊ တကယ့် ကောင်းကင်ဓား ရည်ရွယ်ချက် ပါလား။ ”
ဖုန်ကျန်းမှ ကောင်းကင်ဓားကို ထုတ်ပြ လိုက် သောကြောင့်၊ ပရိသတ် ခမျာ ထိတ်လန့် သွားသည်။
ပင်မ နတ်ဘုရား နယ်မြေ မရောက်မီ၊ ကောင်းကင်ဓား ရည်ရွယ် ချက်ကို ဆုပ်ကိုင် နိုင်သူ များမှာ၊ ဉာဏ်ကြီး ရှင်များ ဖြစ်၏။
“ ဒီကောင် ... ။ ”
ချင်ယု မျက်နှာ ပျက်ယွင်း သွားသည်။ လေလွင့် နန်းတော်၌ ဒုတိယ အကြီးဆုံး တပည့် ဖြစ် သောကြောင့်၊ သူ့ရာထူးမှာ ချူထျန်းဟောင် ထက်၊ တစ်ဆင့်သာ နိမ့်ပေသည်။
လူတိုင်းက ပြိုင်ဘက် ဂိုဏ်းမှ၊ ယဲ့ဇီလင် နီးပါး သန်မာ သည်ဟု၊ မှတ်ချက် ပေးထား၏။ ထို့ကြောင့် ယဲ့ဇီလင် မဟုတ်သော အခြားလူ တစ်ဦးမှ၊ ဤမျှ တွန်းပို့ နိုင်သည်ကို သဘာဝ အတိုင်း လက်မခံ နိုင်ပေ။
“ လေလွင့် ဘုရင် ဆင်းသက်ခြင်း။ ”
ချင်းယန်က အော်ငေါက်ပြီး ကောင်းကင်မှ ဆင်းသက် လာသည်။ ရုတ်တရက် ကောင်းကင် ကွဲအက် သွားကာ၊ သရဖူ ဆောင်းထားသော ပုံရိပ် တစ်ရိပ်၊ သူ့နောက်၌ ဖြစ်ပေါ် လာ၏။
ထိုစက္ကန့် အတွင်း ချင်းယန်၏ ဘုရင့် ရောင်ဝါမှာ၊ မယုံဖွယ် ကောင်း လောက်အောင် မြင့်တက် လာတော့သည်။
“ အို ...၊ စီနီယာ အစ်ကို ချင်းက ... ၊ ဧကာ ဒသမ အဆင့် ထိတောင် ... ၊ ဆုပ်ကိုင် ထားနိုင် တာလား၊ မယုံ နိုင်စရာပဲ။ ”
လေလွင့် နန်းတော်၏ တပည့် များက၊ ဤမြင်ကွင်းကို မြင်သော အခါ စိတ်လှုပ်ရှား လာသည်။
“ ကောင်လေး ... ၊ မင်း အချိန်ကုန် သွားပြီ။ ”
ဘုရင် ရောင်ဝါမှာ ကန့်သတ် ချက်ကို ကျော်ဖြတ်လျက် ကနဦး ပင်မ နတ်ဘုရား အဆင့်သို့၊ တက်ရောက် သွားသည်။
သို့သော် ဖုန်ကျန်းမှာ ဂရု စိုက်ပုံ မပြချေ။ နဂါး ဓားရောင်ဝါနှင့်ယှဉ်ပါက ဤဘုရင်သည် အိမ်ယာမဲ့ ဘုရင် အဆင့် ၌သာ ရှိပေမည်။
ဓားသူတော်စင် တောင်နှင့် လင်းယွန်၏ အထင် သေးမှုကို ကြုံပြီးနောက်၊ ပြင်းပျသော ဆန္ဒများ တဖွားဖွား ပေါက်ဖွား လာသည်။
“ မင်းက ငါ မျက်စိ ထဲမှာတော့ ... ၊ ဘာကောင်မှ မဟုတ် ပါဘူး။ ”
သူ့ဓားက လေဟာ နယ်ကို ခွဲလျက်၊ ချင်းယန်၏ လှံကို ထိပ်တိုင် ရင်ဆိုင် သည်။ ပတ်ဝန်းကျင် အနှံ့ တုန်လှုပ် ချောက်ချား စေသော၊ စွမ်းအင် လှိုင်းများပျံ့နှံ့ သွား၏။
သည့်နောက် ဖုန်ကျန်းမှာ ဓားကို ပြန်သိမ်း လိုက်ပြီး ပြိုင်ဘက်အား လှည့် မကြည့် တော့ဘဲ၊ စင်ပေါ်မှ ခုန်ဆင်း သွားသည်။
ဓားအလင်းသည် ချင်းယန် ရင်ဘတ်အား ကန့်လန့်ဖြတ် ခွဲထုတ် သွားသည်။ နံရိုးနှင့် အင်္ဂါ များ ဒဏ်ရာ ရသွားပြီး၊ သေွးအန်လျက် ချင်းယန် ခမျာ လဲကျ သွားသည်။
“ တိမ်လွှာဓား ဂိုဏ်းမှ ဖုန်ကျန်း အနိုင် ရတယ်။ ”
ဒိုင်အဖိုးအိုက ရလဒ်ကို ကြေညာ ချိန်တွင်၊ ဖုန်ကျန်းမှာ ထိုင်ခုံသို့ ပြန်လည် ရောက်ရှိ နေပြီ ဖြစ်သည်။ များမကြာခင် နောက်ထပ် တိုက်ပွဲ နှစ်ခု ပြီးဆုံး သွား၏။
လျူချင်းယန်နှင့် ကျန်းလိချန် သည်လည်း၊ အောင်ပွဲ ရပေ၏။ သူတို့၏ ပြိုင်ဘက် များမှာ၊ ချင်းယန်ထက် များစွာ အားနည်း သည်။
“ တိမ်လွှာဓား ဂိုဏ်း နိုင်ပွဲ။ ”
“ တိမ်လွှာဓား ဂိုဏ်း နိုင်ပွဲ။ ”
ဒိုင်အဖိုး နှစ်ဦး၏ အသံက ဆက်တိုက် ဆိုသလို ထွက်ပေါ် လာသည်။ သုံးပွဲ နိုင်ပြီ ဖြစ် သဖြင့်၊ ကျန်နှစ်ပွဲမှာ အရေး မပါ တော့ချေ။
“ အနိုင် ရသူ လင်းယွန် ။ ”
ဤရလာဒ်သည် လူအုပ်ကို ကောင်းစွာ တုန်လှုပ် စေခဲ့သည်။ အထူး သဖြင့် တိမ်လွှာဓား ဂိုဏ်း အပေါ် အထင် မကြီးသော၊ လေလွင့် နန်းတော် အတွက်၊ သွေးပျက် စရာ ပေပင်။
“ ဒါက ဘယ်လို ဖြစ်တာလဲ … ။ ”
ယဲ့ဇီလင်နှင့် တိုက်ခိုက် နေသော ချူထျန်းဟောင်မှာ၊ မတည်ငြိမ် နိုင်တော့ချေ။ ပြိုင်ဘက်၏ အားနည်း ချက်ကို မြင်ထားပြီး ဖြစ် သဖြင့်၊ အနိုင် ရရှိ မည်ဟု၊ ယုံကြည်သည်။
ထို့ကြောင့် ရှုံးပွဲများ ထွက်ပေါ် လာသည် အထိ၊ ယဲ့ဇီလင်ကို အချိန်ဆွဲ နေခြင်း ဖြစ်သည်။ ကူကယ်ရာ မဲ့နေသော တစ်ဖက် လူ၏ မျက်နှာကို မြင်လို ခဲ့၏။
သို့သော် ယင်းအစား သူ သာလျှင် ရွာလည် သွားသည်။
“ ဘာလို့ ... ၊ ဒီလောက် ချွေးပြန် နေရ တာလဲ၊ အရမ်းပူ လို့လား။ ”
ယဲ့ဇီလင်မှ လှောင်ပြုံးဖြင့် မေးမြန်း လိုက်၏။
“ ဒီလောက် ပျော် မနေနဲ့ ... ၊ မပြီး သေးဘူး၊ ငရဲလမ်း ရှိသေးတယ်။ ”
“ အိုး ... ငရဲလမ်းကို လျှောက်ချင် လို့လား၊ ဒါဆို ငါ့ကို အရင် အနိုင် ယူပါ။ ”
“ တောင်းပန် ပါတယ် ... ၊ နင့်လို မိန်းမ တစ်ယောက်ကို ငါ့ မျက်လုံး ထဲမှာ၊ ဘယ်တုန်း ကမှ မထား ခဲ့ဘူး။ ”
ချူထျန်းဟောင်မှ အပြုံးဖြင့် ပြန်ပြော လိုက်သည်။ ဤစကားမှာ မှားသည်ဟု မဆိုသာ ချေ။
အများ အမြင်၌ တိမ်လွှာဓား ဂိုဏ်းကို ကာကွယ်ချင် နေသော မိန်းမကြီး တစ်ယောက် နှင့် တူနေ၏။
“ မိန်းမ တစ်ယောက် ... ။ ”
ထိုအသုံး အနှုန်းတွင်၊ လွန်စွာ နိမ့်ချ ချင်သော၊ ချူထျန်းဟောင်၏ သဘောထား သေးသိမ် မှုကို၊ ဖော်ညွှန်းထား ချေသည်။
ရုတ်တရက် ကြောက်မက်ဖွယ် အအေး လှိုင်းများ လေထု အတွင်း ဖြစ်ပေါ် လာတော့ သည်။ ထိုမြင်ကွင်းကို လင်းယွန် အပါ အဝင် လူတိုင်းက ကြည့် နေ၏။
တိမ်လွှာဓား ဂိုဏ်း၏ တပည့် များသည်၊ ယဲ့ဇီလင် အပေါ် လေးနက်သော ခံစားချက်များ ရှိသည်။
ထို့ကြောင့် နောက်တစ်ဆင့် တက်ရန် သေချာပြီ ဖြစ်သော်လည်း၊ ယဲ့ဇီလင်းအား အနိုင်ရ စေချင်မြဲ ဖြစ်၏။
“ အစ်မ ယဲ့ ... ၊ နိုင်ပါ့ မလား။ ”
အားလုံးက စိုးရိမ် စွာဖြင့်၊ လင်းယွန်အား လှည့်မေး လိုက်သည်။
“ ချူထျန်းဟောင် ဆိုးဆိုး ရွားရွား ရှုံးလိမ့်မယ် ... ။ ”
လင်းယွန်မှ ပြန်ဖြေသည်။ မျှော်လင့်ခြင်း နှင်းသူတော်စင် မျိုးဆက် သွေး၏ စွမ်းအားကို၊ အသုံး ပြု တော့မည် ဖြစ်သဖြင့်၊ ချူထျန်းဟောင် ၌၊ အခွင့် အရေး လုံးလုံး မရှိနိုင် တော့ချေ။
“ ဘာလဲ မယုံ ဖူးလား ... ၊ ဆယ်ကြိမ် အတွင်း၊ မင်းကို အနိုင် ယူပြီး၊ ငရဲ လမ်းကို စိန်ခေါ် ပြမယ်။ ”
ချူထျန်းဟောင်မှ ပြုံးလျက်၊ ပြော လိုက်သည်။ ငရဲ လမ်းကို လျှောက်ရန်၊ စိတ်ပိုင်း ဖြတ်ထား သောကြောင့်၊ ဤတိုက်ပွဲအား အမြန် အပြီးသတ် ရပေမည်။
“ မင်းကို စိတ်ပျက် မိစေမှာ ... ၊ ငါ ကြောက်တယ် ... ။ ”
ယဲ့ဇီလင် ခန္ဓာ ကိုယ်မှ၊ ငှက်ပြာ လေးများ စတင် ထွက်ပေါ် လာ၏။ သို့သော် ၎င်းငှက်များ သည်၊ လင်းယွန် ငှက်များနှင့် မတူချေ။
အပြာရောင် အစား၊ ခရမ်းရောင် သလင်းကျောက် များကဲ့သို့၊ ကြည်လင် နေပေ သည်။
အသေ အချာ ကြည့်ပါက၊ ထိုခရမ်း ရောင်များ အတွင်း၊ လျှပ်စီး စွမ်းအင်ကို သတိပြု မိမည် ဖြစ်၏။
သည့်နောက် ခရမ်းရောင် ဝတ်ရုံ၌၊ လျှပ်စီးများ တဖျပ်ဖျပ် လက်လာ သဖြင့်၊ အပြစ် ဆိုဖွယ် မရှိသော နတ်သမီး တစ်ပါး ကဲ့သို့၊ လှပေ နေပေသည်။
တစ်ချိန်တည်း မှာပင် သူမ မျက်ဝန်းများ ထဲရှိ၊ ခရမ်းရောင် မီးတောက် များက၊ ပန်းပွင့် အဖြစ်သို့၊ ပေါင်းစပ် သွားခဲ့သည်။
ထိုပန်း ပွင့်လာသော အခါတွင်၊ ချူထျန်းဟောင် ခမျာ၊ ကျောရိုး အနှံ့ အေးစက် လာတော့၏။
အန္တရာယ် အငွေ့ အသက်ကြောင့်၊ သူ့ကို ကြောက်ရွံ့ မှုများ ဖြစ်ပေါ်လာ စေကာ၊ မျက်နှာ ပျက်ယွင်း သွားသည်။
" ငါက မိန်းမ တစ်ယောက် ဖြစ်နေ တော့ရော ဘာဖြစ် သေးလဲ၊ ငါ ... ယဲ့ဇီလင်က နင်လို ယောကျ်ားမျိုး ကိုလည်း၊ ဘယ်တုန်း ကမှ မျက်စိထဲ မထားဘူး။ ”
-ဟု အေးစက်စွာ ပြောလိုက်သည်။
သူမ မျက်ဝန်း ထဲ၌၊ တောက်ပသော နှင်းပန်းများ ပွင့်လာကာ၊ ကြောက်မက်ဖွယ် အလင်းများ တိုးထွက် လာတော့သည်။
***