လမင်းနှင့် အပြိုင်။
Vol. 88 Ch. 1230
ပြိုင်ဘက်မှာ မယုံနိုင် လောက်အောင် မြန်ဆန် နေသဖြင့်၊ တစ်စုံ တစ်ရာ မှားယွင်း နေမှန်း၊ သိသော်လည်း၊ များစွာ မစဉ်းစား နိုင်သေးချေ။
အစွမ်း ထက်သော ဓား ရည်ရွယ်ချက် ကြောင့်သာ မဟုတ်သော်၊ ရှဟိုကြွယ် လွတ်သွား နိုင်၏။
မဆိုင်း မတွဘဲ၊ ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုးကို ထုတ်ဖော်လျက် သားရဲ တစ်ကောင် ကဲ့သို့၊ ရှေ့ ခုန်တက် လိုက်သည်။
မမြင်နိုင် လောက်အောင် လျင်မြန်စွာ ရွေ့လျား နေသဖြင့်၊ နောက်ကွယ်ရှိ ပုံရိပ်များ ကိုသာ၊ လူတိုင်း မြင်ခွင့် ရသည်။
“ ဝုန်း ... ။ ”
သွေးလမင်း၏ လရောင် အောက်၌၊ အရိပ်များ အချင်းချင်း တိုက်မိ သွား၏။ မျက်စိ တစ်မှိတ် အတွင်း လှုပ်ရှားမှု ဆယ်ကြိမ်ခန့် ဖလှယ်ပြီး ဖြစ်လာသည်။
ကျန်းလိချန်နှင့် အဖွဲ့မှာ၊ အဟုန်ကြောင့်၊ ထိတ်လန့် သွားသည်။ တိုက်ပွဲ အပေါ်၊ ရှင်းရှင်း လင်းလင်း မမြင်ရ သေးချေ။ ပုံရိပ်ယောင် များကိုသာ ဖမ်းမိ ခဲ့သည်။
လင်းယွန် ခန္ဓာကိုယ်မှ ခရမ်း ရွှေရောင် အလင်းများ ဖြာထွက် လာစဉ်၊ ရှဟိုကြွယ်မှာ ခြေလှမ်း များစွာ နောက်ပြန် ဆုတ်သွားသည်။
“ သူတော်စင် နဂါး ခန္ဓာ ကိုယ်လား။ ”
ရှဟိုကြွယ်က ရူရ်များကို ကြည့်ကာ၊
“ မင်း ... ၊ တကယ့်ကို ကောင်းကောင်း ဝှက်ထားနိုင် တာပဲ၊ ဒါပေမယ့် ငါ့ရဲ့ အဆိပ် နဂါး လက်သည်း ရှေ့မှာ၊ ဒါက အလုပ် မဖြစ် ပါဘူး။ ”
-ဟု ဆိုပြီး၊ ပြေးဝင် တိုက်ခိုက် သည်။
နောက်ကျော၌ ကြက်သွေးရောင် နဂါး လက်သည်းကြီး တစ်ဖက်၊ ဖြစ်ပေါ် လာသည်။ ယင်း၌ အဆိပ်၏ တိုက်စား နိုင်သော စွမ်းအင် များ ပါဝင်သည်။
ထို့ကြောင့် ချွေးပေါက် များကို၊ လင်းယွန်မှ ချက်ချင်း ပိတ်လိုက် ရသည်။
“ မဆိုးဘူး ... ၊ တကယ် သတိ ရှိတယ်၊ ဒါပေမယ့် ... မင်း ရှုံးဦးမှာ ပါပဲ။ ”
ရှဟိုကြွယ်က ပြုံးလိုက်၏။ ထို့စဉ် ရှဟိုကြွယ်၏ ရောင်ဝါမှာ၊ ရုတ်တရက် ပေါက်ကွဲ လာပြီး၊ အမည်ခံ ပင်မ နတ်ဘုရား အဆင့်သို့၊ ရောက်ရှိ သွားသည်။
လင်းယွန်မှ ခြေတစ်လှမ်း နောက်ကျ သွားသော ကြောင့်၊ ရှဟိုကြွယ်၏ ရောင်ဝါဖြင့် ကန့်သတ်ခြင်း ခံလိုက် ရသည်။
“ ဟား ဟား ဟား ... ။ ”
တိုက်ပွဲ စပြီး မကြာခင်၊ ပြိုင်ဘက်၏ အားနည်းချက် များကို ရှဟိုကြွယ် မြင်သည်။ ရယ်မော သံနှင့် အတူ၊ နဂါး လက်သည်း ထံသို့၊ စွမ်းအားများ ထောက်ပံ့ ပေး လိုက်၏။
သည့်နောက် လင်းယွန် ခေါင်းကို လှမ်း၍ ဆုပ်ကိုင် လိုက်သည်။ အနည်းငယ် ဖမ်းမိ သွားရုံ နှင့်၊ ဦးခေါင်း တစ်ခုလုံး ပျက်စီး သွားမည် ဖြစ်၏။
လင်းယွန်၏ မျက်ဝန်းများ မှေးစင်း သွားသည်။ ဤ လက်သည်းသည် ပုံရိပ်ယောင် မျှသာ ဖြစ်သည်ဟု၊ သူ့ဓားက သတင်း ပို့၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် လက်သည်း ရိပ်များကို လျစ်လျူရှုကာ၊ စစ်မှန်သော တိုက်ခိုက်မှု ဝင်လာမှ သာလျှင်၊ ရှောင်တိမ်း လိုက်သည်။
“ ဗြိ ... ။ ”
သို့သော် နောက်ထပ် လက်သည်း တစ်ဖက်က၊ ရှောင်တိမ်း လိုက်သော ပခုံးသို့၊ လိုက်ပါ လာပြီး၊ ဝတ်ရုံစကို ကုပ်ဖြဲ သွားသည်။
ယင်းက ချက်ချင်းပင် သူ့ပခုံး ပေါ်၌၊ လက်သည်းရာ တစ်ခု ဖြစ်ပေါ် လာစေကာ၊ သွေးများ စီးထွက် တော့၏။
သည့်စဉ် ရှဟိုကြွယ်၏ အမည်ခံ ပင်မ နတ်ဘုရား ရောင်ဝါမှာ၊ ပို၍ တိုးပွား လာတော့ သည်။
“ ငါ ... ဘာလို့၊ ယုံကြည်ချက် ... ရှိနေ ရလဲဆိုတာ၊ မင်း နားလည် ပြီလား၊ ကနဦး ပင်မ နတ်ဘုရား တွေတောင်၊ ငါ့ကို ဘာမှ မလုပ် နိုင်ဘူး၊ မင်းက ကိုယ်မင်း ဘယ်သူ ထင်နေလဲ။ ”
ရှဟိုကြွယ်က လက် နှစ်ဖက်ကို ဘေးဆန့် ထုတ်ကာ၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။ ထို့နောက် မြှား တစ်စင်း ကဲ့သို့၊ လင်းယွန်ထံ တဟုန်ထိုး ပြေးဆင်း လိုက်၏။
“ ဝုန်း ... ။ ”
အကြည့် များက နတ်ဆိုး တစ်ကောင် အလား၊ နီရဲ စူးရှ နေသည်။ နှစ်ယောက်သား တိုက်မိ သွားသော အခါ၊ လူတိုင်း အသက် အောင့်လိုက် မိ၏။
“ အမည်ခံ ပင်မ နတ်ဘုရား တစ်ပါးက ဒီလောက်တောင်၊ အစွမ်းထက် နေတာလား။ ”
“ လင်းယွန်ရဲ့ ကောင်းကင်ဓားက ခုခံ နိုင်ပုံ မရဘူး။ ”
“ ဒီရှဟိုကြွယ်က ... ၊ သူ့ကိုယ်သူ နက်နက် နဲနဲ ဖုံးကွယ်ထား တာပဲ၊ သူ့ ခွန်အားက ထိပ်ဆုံး (၁၀၀၀)၊ အတွင်းတောင် ဝင်နိုင်မယ်။ ”
ထိုမြင်ကွင်းကို ကြည့်ပြီး၊ တိမ်လွှာဓား ဂိုဏ်းမှ၊ လူတိုင်း မျက်နှာ ပြောင်းလဲ သွားသည်။ အထူး သဖြင့် ဓားရောင်ဝါ၊ ကန့်သတ်ခံ လိုက်ရ သောကြောင့် ဖြစ်သည်။
ယင်းက လင်းယွန် တစ်ယောက်၊ ဓားရည်ရွယ်ချက်ကို ထုတ်သုံး၍ မရ တော့မှန်း၊ ဝန်ခံရာ ရောက် ပေသည်။
“ မကောင်း တော့ဘူး၊ အစ်ကိုလင်း အဆိပ် မိနေပြီ … ။ ”
ဖုန်ကျန်းမှ အော်ဟစ် လိုက်သည်။ လင်းယွန်၏ နှုတ်ခမ်းများ နီညိုရောင် ပြောင်း သွား သည်ကို မြင်၏။
“ ဒါက ... အစောပိုင်း တိုက်ခိုက်မှု ကြောင့်လား။ ”
ပခုံးကို ကုပ်မိ စဉ်က၊ အဆိပ် မိ သွားခြင်း ဖြစ်မည်ဟု၊ ယဲ့ဇီလင် ထင်၏။
“ မဟုတ်ဖူး ... ၊ အဆိပ်က သွေးလမင်း ဆီက လာတာ၊ ဒီပညာ ရပ်က ... တကယ့်ကို ထူးဆန်းတယ်။ ”
လောဟွာ စကားကြောင့်၊ လူတိုင်း၏ မျက်နှာများ ချက်ချင်း ပြောင်းလဲ သွားသည်။
“ အိုး ... ၊ စီနီယာ အစ်ကို ရှဟိုက ပြိုင်ဘက်ကို အချိန် တိုတိုနဲ့၊ အုပ်စီးမိ သွားပြီ၊ တကယ် အထင်ကြီး စရာ ပါပဲ။ ”
မရဏ သွေးလမင်း၏ တပည့် များမှာ၊ ဤမြင်ကွင်းကို မြင်သော အခါတွင်၊ ပြုံးရယ် လာကြ တော့သည်။
“ လင်းယွန်ကို အထင် မသေး နဲ့ဦး၊ သူ့ရဲ့ ကိုယ်လုံး ကိုယ်ပေါက်က အရမ်း သန်မာတယ်၊ အဆိပ်က သူ့အပေါ်၊ အနည်းဆုံး လေးနာရီ လောက် တိုက်စား ရလိမ့်မယ်။ ”
အကြီး အကဲ တစ်ဦးမှ သတိ လှမ်းပေး လာသည်။
“ ဒီလောက် တွေးစရာ မလို ပါဘူး၊ ကန့်သတ် ချက်ကို မချိုးဖြတ် နိုင်သ၍၊ သူ့ဓား ရည်ရွယ် ချက်က၊ အလုပ် မလုပ် နိုင်ဘူး၊ နောက်ဆုံး သူ သေရ လိမ့်မယ်။ ”
မဟာ အကြီးအကဲ ချမ်းမူက ဝင်ပြော လာသည်။ သူ့မျက်နှာ ပေါ်ရှိ အရိပ် အယောင် များကို အခြေ ခံ၍၊ လင်းယွန်အား မျက်လုံးထဲ မထား ခဲ့ကြောင်း၊ သိသာ နေ၏။
“ ဒါတော့ အမှန်ပဲ ... ၊ ငါတို့ရဲ့ လျှို့ဝှက် ချက်ကို၊ ဘယ်သူ လွယ်လွယ် ဖြေရှင်း နိုင်မှာလဲ၊ ဖြေရှင်း နိုင်ခဲ့ ရင်တောင်၊ ရှဟိုကြွယ်မှာ ဝှက်ဖဲတွေ ရှိပါ သေးတယ်။ ”
အခြား အကြီး အကဲ တစ်ဦးမှ ဝင်ရောက် မှတ်ချက် ပြုလာ၏။
“ လင်းယွန် ... ဘယ်လို နေလဲ။ ”
ရှဟိုကြွယ်မှ ပြုံးကာ မေးလိုက်သည်။ ထိုအပြုံးက မြင်သူ တိုင်းကို၊ ကျောချမ်းသွား စေ၏။
“ မဆိုး ပါဘူး။ ”
လင်းယွန်က ပခုံးကို တွန့်ပြပြီး၊ ပြန်ဖြေ လိုက်သည်။ သူ့မျက်လုံးများ အတွင်း၊ ထက်ရှ သော ဓားတစ်လက်မှာ၊ တောက်ပ နေမြဲ ဖြစ်၏။
“ ဟား ... ဟား ... ဟား ... ဟန်ဆောင် မနေနဲ့၊ မင်းမှာ အဖြေရှိ တယ်လို့ ... ငါ မယုံဘူး၊ မင်းရဲ့ ဓားရည်ရွယ်ချက် အားကောင်း လေလေ၊ တိုက်စား နိုင်စွမ်းက ပိုပြင်း လေလေပဲ၊ ...
... ဒီစွမ်းအားက ... ၊ မင်းကို တိုက်စား နေလိမ့်မယ်၊ အထူး သဖြင့် သိုင်း ရည်ရွယ်ချက် တွေကို၊ သူက ပိုနှစ်သက် တယ်။ ”
ရှဟိုကြွယ်မှ ပြုံးလျက် လျှို့ဝှက် ချက်အား ထုတ်ပြော ပြလာသည်။ ပြီးနောက်၊
“ မင်းမှာ ... ၊ ဓား ရည်ရွယ်ချက် အပြင်၊ နောက်ထပ် ဘာတွေ ရှိဦး မလဲ၊ ငါ သိချင်သား။ ”
“ ဒါဆို ... လာ စမ်းကြည့်လို့ ရတယ်။ ”
“ ငါ ... တကယ် မဝံ့ဖူး ထင်လို့လား၊ ဟား ဟား ဟား ... ၊ မင်းက ခုန်နေတဲ့ ငါးသေးသေး လေး တစ်ကောင် ပါပဲ၊ ဒီထက် မပို ပါဘူး။ ”
စကားဆုံး သည်နှင့်၊ ရှေ့သို့ ပြေးတက် လာသည်။ မောက်မာ လွန်း သည်ဟု၊ ယူဆနိုင် သော်လည်း၊ သတိ ကြီးကြီးနှင့် လှုပ်ရှား လာခြင်း ဖြစ်၏။
“ သူတော်စင် သွေးနဂါး ... ။ ”
လင်းယွန် အနား ရောက်ချိန်၌၊ သူ့ ခန္ဓာ ကိုယ်မှ ကြက်သွေးရောင် အလင်းများ ဖြာထွက် လာပြီး၊ ရုတ်တရက် ဖောင်းကား လာတော့၏။
အဝတ် အစားများ နေရာတွင်၊ အကြေးခွံ များက ချပ်ဝတ် တစ်ထည် အသွင်၊ အစားထိုး လာသည်။
သည့်နောက် လက်သီးကို ဆုပ်လိုက်ရာ၊ ကောင်းကင်ရှိ သွေး လမင်းက၊ အလင်းများ ပို၍ ထုတ်လွှတ် တော့၏။
“ စီနီယာ အစ်ကိုက လေးစား စရာ ပါပဲ၊ တိုက်ပွဲကို အုပ်စီးမိ နေ တာတောင်၊ သူတော်စင် သွေးနဂါးကို၊ ထုတ်ဖော် ထားတယ်။ ”
ဤမြင်ကွင်းကြောင့် မရဏ သွေးလမင်း၏ တပည့် များက၊ ခေါင်း တဆက်ဆက် ညိတ်ကာ၊ ချီးကျူး လိုက် ကြသည်။
“ မင်းမှာ တခြား ဝှက်ဖဲတွေ ရှိလား ကြည့်ရအောင်၊ မဟုတ်ရင် ... မင်း အခု သေရ လိမ့်မယ်။ ”
ရှဟိုကြွယ် မရောက်မီ လေပြင်း များက၊ လင်းယွန် မျက်နှာ ပေါ်သို့၊ ဖြတ်ပြေး သွားသည်။ ထိုဖိအား ဖြင့်ပင် ဤလက်သီး မည်မျှ ပြင်း မည်ကို၊ ပြောနိုင်၏။
“ ကျီး ... ။ ”
ယင်းကြောင့် သက်ပြင်း ချကာ၊ ရွှေကျီးကန်း နှင့် ငွေဖီးနစ်အား ဆင့်ခေါ် လိုက်ရ တော့သည်။ ရွှေနှင့် ငွေအလင်း များက၊ ပတ်ဝန်းကျင် အနှံ့၊ ပြန့်ကျဲ သွား၏။
“ ဟိတ် ... ။ ”
လက်သီး ဆုပ်လျက်၊ လေထဲ ခုန်တက် လိုက်ပြီး၊
“ ကောင်းကင်နှင့် မြေကြီး တစ်သားတည်း။ ”
-ဟု ဟစ်အော် တော့၏။
ငွေအလင်း များက၊ ရေအိုင် သဖွယ် ကြမ်းပြင်၌ ဖွဲ့တည် နေစဉ်၊ ၎င်းဧရိယာ အတွင်း ပျံသန်း နေသော လင်းယွန်အား၊ ရွှေ အလင်းက နတ်ဘုရား တစ်ပါး ကဲ့သို့၊ အုပ်မိုးပေး လေသည်။
“ ဝှစ် ... ၊ ဝှစ် ... ။ ”
သည့်နောက် ကောင်းကင်မှ ခုန်ဆင်း လာသော ရှဟိုကြွယ် လက်သီး ထံသို့၊ လက်သီး နှစ်လုံးနှင့်၊ ပြန်လည် ထိုးနှက် လိုက်တော့သည်။
***