← Chapters

ပုံရိပ်ယောင် ကိုးပါး နယ်မြေ။

Vol. 89 Ch. 1242

ပုံရိပ်ယောင် ကိုးပါး နယ်မြေ။

Vol. 89 Ch. 1242

စစ်ဗုံ ကိုးလုံး အစီရင် အပြင်ဘက် တိမ်ပင်လယ် ထဲတွင် လူနှစ်ယောက် အတူ ရပ် နေသည်။ နှစ်ယောက် စလုံးက၊ ယဇ်ပလ္လင် ပေါ်ရှိ၊ လင်းယွန် ကိုသာ စိုက်ကြည့် နေ၏။

ကျန့်ကျန်းရှန် အနားတွင် ရပ်နေသော ဖုန်းကျွယ်က ဖော်ရွေစွာ ပြုံးလိုက်ပြီး၊

“ မင်းရဲ့ အရိပ် ထဲမှာ၊ ရှိနေ တာက သူ့အတွက် အကောင်းဆုံး ဆိုတာ ငါသိတယ်၊ ခုကြည့်စမ်း နှစ်ဝက် အတွင်း၊ အမည်ခံ အရိယာ ကောင်းကင် ဓားကို ရနေပြီ၊ မကြာခင် ငါ့ကို မီတော့မယ်၊ ...

... ဓားညီလာခံမှာ၊ အစီရင် သုံးရပ်ကို ဖြတ်ကျော်ပြီး၊ အကြွင်းမဲ့ ကောင်းကင် မြို့တော် ကိုတောင် ပညာ ပေးသေးတယ် မဟုတ်လား၊ အဟိုး ... တကယ်ကို အံ့သြ စရာ ပါပဲ။ ”

ဖုန်းကျွယ် စကားကို ကျန့်ကျန်းရှန်မှ မတုန့် ပြန်ချေ။ လင်းယွန်မှ လွဲ၍ မည်သူ့ ကိုမျှ မပြုံးပြ တော့ သည်မှာ၊ သူ့ သဘာဝ ပေပင်။

“ မင်း ... ၊ ဘာလို့ ဒီကို လာ တာလဲ။ ”

ကျန့်ကျန်းရှန်မှ မေး၏။

“ သွေ့ရော် မဟာ သူတော်စင်ရဲ့ ကျွန်းမှာ၊ ပြောင်းလဲမှု အချို့ ဖြစ်နေပြီ၊ ဒါက ရှေးဟောင်း ပျက်သုဉ်း နယ်မြေမှာ ရှိတဲ့၊ အင်အားကြီး ဂိုဏ်းတွေ အားလုံးကို ...

... လှုပ်ခတ် လာစေတယ်၊ ဓားဂိုဏ်း ကလည်း သဘာဝ အတိုင်း၊ တစ်စုံ တစ်ယောက် ကို စေလွှတ် မှာမို့၊ ငါ ဒီကို ရောက်လာ ရတာပဲ။ ”

ဖုန်းကျွယ်မှ ပြန်ဖြေသည်။ ထို့ကြောင့် ကျန့်ကျန်းရှန်က လှည့်ကြည့် လာပြီး၊

“ ဟမ့် ... မင်းက လောက နိယာမ နယ်ပယ်ကို ရောက်သွား ပြီကိုး ... ၊ ဒါကြောင့် နည်းနည်း ရဲတင်း လာတာ၊ အံ့သြ စရာတော့ မဟုတ် ပါဘူး။ ”

“ မဟုတ်တာ ... မင်း ရှေ့မှာ ငါ ဘယ်လိုလုပ် မောက်မာ ဝံ့မှာလဲ။ ”

ဖုန်းကျွယ်က ပြုံးလျက် ငြင်းဆန် လိုက်သော်လည်း၊ အပြည့် အဝ မဟုတ်ကြောင်း သူသာ သိလေသည်။

အဘယ်ကြောင့် ဆိုသော် ကျန့်ကျန်းရှန်သည် နဂါး သွေးလွှတ်ကြော နယ်ပယ်၌ အချိန် အတော်ကြာ ပိတ်မိ နေဦးမည် ဖြစ်၏။

သို့သော် ကျန့်ကျန်းရှန်မှာ သူ့အား ထိုထက် ပို၍ ဂရု မစိုက် တော့ချေ။

“ ဒါနဲ့ မင်းက ငါတို့ရဲ့ ညီလေးကို အရမ်း ရက်စက် ပြနေတာ မဟုတ်လား၊ သူ ... ခွန်လွန် ရောက်တာ နှစ်ဝက်ပဲ ရှိပါ သေးတယ်၊ အင်ပါ ရီယန် (၁၀၀)ကို၊ ဘယ်လို ပြိုင်နိုင် မှာလဲ။ ”

ဖုန်းကျွယ်က စိတ် မချမ်းသာ စွာဖြင့် ပြောလိုက်သည်။ နောက်ဆုံးတွင် လင်းယွန်၏ ယုံကြည်ချက် ပျက်စီး သွားမည်ကို စိုးရိမ် ပေ၏။

လက်ရှိ အောင်မြင်မှု များမှာ၊ နဝမမြောက် ကောင်းကင်လမ်း၊ ချန်ပီယံ ဟူသော ဘွဲ့ထူးနှင့်၊ အံကိုက် ဖြစ်သည်။ အချိန် အလုံ အလောက်သာ ရှိသော်၊ သူတော်စင် ဖြစ်လာ မည်မှာ၊ ဧကန် ပေပင်။

“ ဒါ ... မင်း ကိစ္စ မဟုတ်ဘူး။ ”

ကျန့်ကျန်းရှန်၏ တုန့်ပြန် စကားကြောင့်၊ ဖုန်းကျွယ် တစ်ယောက် တိတ်ဆိတ် သွားပြီး၊ တစ်ချက် ပြန်ကြည့် သည်။ သို့မှသာ တစ်ဖက် လူတွင် အပြောင်း အလဲ အနည်းငယ် ရှိနေ သည်ကို၊ သတိပြု မိလာ၏။

“ မင်း ပြောင်းလဲ လာသလိုပဲ။ ”

နယ်ပယ် သုံးပါး ချန်ပီယံ ပြန်လာ တော့ မည်လား ဟုပင်၊ အတွေး ဝင်လာ၏။ ယင်းသာ ဆိုပါက ဓားဂိုဏ်း အတွက် ကောင်းပေမည်။ ထိုအတွေးက ဖုန်းကျွယ်အား စိတ်လှုပ်ရှား လာစေ၏။

ဖုန်းကျွယ်၏ သုံးသပ် ချက်ကြောင့်၊ ကျန့်ကျန်းရှန် သည်လည်း အံ့သြ သွားမိသည်။ သူ့နှလုံးသား အသက်ဝင် လာသည် လော ဟုပင်၊ သံသယ ဝင်လာ တော့၏။

“ မင်း ... အများကြီး ပြောနေ တာပဲ။ ”

သည့်နောက် အေးစက်သော အသွင်နှင့်၊ ပြောလိုက်သည်။ ဖုန်းကျွယ်က ထိုအကြောင်း အရာထံ၊ ဆက် မပြော တော့ဘဲ၊ ပြုံးပြီး၊

“ အကိုကြီး ... ၊ မင်းမှာ တခြား သူတွေကို လမ်းပြ နိုင်တဲ့ အရည်အချင်း ရှိတယ်၊ ဒါပေမယ့် လိမ်တာတော့ မကောင်းဖူး မဟုတ်လား၊ စစ်ဗုံ ကိုးလုံး အစီရင်မှာ၊ သူ မသေ နိုင်ပါဘူး၊ ဟုတ်တယ် မဟုတ်လား။ ”

-ဟု မေးလိုက် တော့သည်။

“ ငါ မလိမ်ဘူး၊ ဒါက တကယ် အသက် ဆုံးရှုံး နိုင်တယ်။ ”

“ မင်း ... မိစ္ဆာ ကောင် ... ။ ”

ဖုန်းကျွယ် ခမျာ၊ အနည်းငယ် မှင်တက် သွားပြီးနောက်၊ ကျိန်ဆဲ တော့၏။ တစ်စက္ကန့် မျှပင်၊ တုန့်ဆိုင်းခြင်း မရှိ ခဲ့ဘဲ၊ တိမ်ပေါ်မှ ခုန်ဆင်း လိုက်သည်။

လင်းယွန် တစ်ယောက်၊ အခြား သူများ လက်၌ သေဆုံး သွားသော်၊ ပြဿနာ မရှိချေ။ တိမ်လွှာဓား ဂိုဏ်းတွင် သေဆုံး သွား ပါက၊ ဒုက္ခ ပင်လယ် ဝေရ ပေ လိမ့်မည်။

သို့သော် သူ လှုပ်ရှား တော့မည့် အခိုက်တွင် လက်တစ်ဖက်က ပခုံးအား ဆုပ်ကိုင်ကာ၊ ဖိနှိပ် လာ၏။

ထို့ကြောင့် လောက နိယာမ နယ်ပယ် ရောင်ဝါကို ထုတ်လွှတ်လျက်၊ ၎င်းဖိအား ထံမှ ရုန်းထွက် လိုက်သည်။

“ ကျန့်ကျန်းရှန် လွှတ်စမ်း၊ မင်းက လူယုတ်မာပဲ၊ လင်းယွန် သေရင် မင်းမှာ တာဝန် ရှိတယ်။ ”

“ စကားပြော ဆင်ခြင်ပါ၊ ငါ့ကို ရန်စဖို့ မကြိုး စားနဲ့။ ”

ကျန့်ကျန်းရှန်က ဂရု မစိုက်ဘဲ အေးစက်စွာ တုန့်ပြန်သည်။ နဂါး သွေးလွှတ်ကြော နယ်ပယ် ၌သာ ရှိသော်လည်း၊ သူ့ ရောင်ဝါက ဖုန်းကျွယ် ကို ကောင်းစွာ ဖိနှိမ် ထားနိုင်သည်။

ယင်းက ဖုန်းကျွယ်အား မျက်နှာ ပျက်ယွင်း သွား စေ၏။

“ လွှတ်စမ်း ... ၊ မင်း ငါ့ကိုတောင် တကယ် ရက်စက်တဲ့ ကောင်ပဲ။ ”

တစ်ချက် လှုပ်ရုံဖြင့် ရှုံးနိမ့် သွားပြီ၊ ဖြစ်သည်။ ရောင်ဝါကို ပြန်ရုတ်ပြီး၊ ထပ်မံ ထုတ်ဖော် ဝံ့ခြင်း မရှိ တော့ချေ။

အဘယ့်ကြောင့် စီနီယာ အစ်ကို ဖြစ်နေ ရသည်ကို၊ ကျန့်ကျန်းရှန်မှ ခွန်အားဖြင့်၊ ပြသ လာသည်။ လောက နိယာမ နယ်ပယ် ရောက်ရှိ ခဲ့သော် ငြားလည်း၊ မယှဉ်နိုင် သေးချေ။

ကျန့်ကျန်းရှန်မှာ သူ နည်းနည်း လွန်သွား သလို ခံစား လိုက်ရပြီး၊

“ ဒီလောက် လွယ်လွယ်နဲ့ ... ၊ သေမှာ မဟုတ် ပါဘူး၊ နောက်ပြီး ငါ သူ့ကို စောင့်ကြည့် နေမှာပါ။ ”

-ဟု ဖြည့်စွက် ပြောမိ၏။ သို့မှသာ ဖုန်းကျွယ်က သက်ပြင်းချ လိုက်ပြီး၊

“ ဒါကမှ နားဝင် ချိုတယ်။ ”

-ဟု ပြောလာ တော့သည်။

“ ဒါပေမယ့် ... သူ အသက် အန္တရာယ် ကြုံခဲ့မယ် ဆိုရင်တော့ ... ၊ ငါ အချိန်မီ မကယ် နိုင်ဘူး။ ”

ကျန့်ကျန်းရှန်က အချိန် အနည်းငယ် စဉ်းစား ပြီးနောက်၊ သူ့ စကားကို ဆက်ပြော လာသည်။

“ ငါရဲ့ အမြင်က၊ မင်းပေါ် မရှိ ခဲ့ဖူး လို့ပဲ၊ သတ်မှတ် ရအောင်။ ”

ထိုအချိန်တွင် ယဇ်ပလ္လင် ပေါ်ရှိ လင်းယွန်မှာ၊ နတ်ကြယ် ပုလဲ (၁၀၀၀) ထုတ်ယူပြီး၊ တွင်းနက် ထဲသို့၊ ပစ်ချ လိုက်၏။

ထင်းများ မီးစွဲလောင် လာ သကဲ့သို့၊ အရိုးအက်ကွဲ သံများ ထွက်ပေါ် လာသည်။ ခဏ အကြာတွင် ယဇ် ပလ္လင် အောက်ခြေမှ မီးလျှံ များ၊ စတင် တောက်လောင် လာ၏။

“ သွေး ... ။ ”

လင်းယွန်က အသက် ပြင်းပြင်း ရှူလျက်၊ ဓားမြှောင် တစ်လက် ထုတ်ကာ၊ လက်ဖဝါး ပြင်ကို၊ ညင်သာစွာ ပွတ်ဆွဲ လိုက်သည်။

သွေးစက်များ ယဇ်ပလ္လင်ပေါ် ချက်ချင်း ကျဆင်း လာပြီး၊ ‘တွင်း’ အောက်ခြေမှ ကွဲအက် သံများ ရုတ်တရက် တိတ်ဆိတ် သွား၏။

“ တုံ့ပြန်မှု မရှိ ဖူးလား။ ”

“ တုံ ... တုံ ... တုံ ... ။ ”

လင်းယွန် တစ်ယောက် အံ့ဩ နေစဉ်၊ ဗုံသံများ ဆူညံစွာ ထွက်ပေါ် လာပြီး၊ ယဇ်ပလ္လင် ပေါ်၌ မီးလျှံများ တောက်လောင် လာတော့၏။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

တောင်များ ပေါ်ရှိ စစ်ဗုံ များထံ လှမ်းကြည့်ကာ၊ ခုန်ထွက် လုမတက် နှလုံး သားကို ထိန်းချုပ် နေရသည်။

“ တုံ တုံ တုံ တုံ တုံ ... ။ ”

ဗုံသံနှင့် နှလုံး ခုန်နှုန်း တထပ်တည်း ကျလာပြီး၊ အသိစိတ် လွတ်ထွက် သွားလေ သည်။

သတိ ပြန်ကပ် ချိန်၌၊ မြင်ကွင်းများ ပြောင်းလဲ သွား၏။ အဆုံး အစ မဲ့သော စစ် တလင်းတွင် ရပ်လျက်၊ အနက်ဝတ် လူအုပ် ကြီးထံ၊ မျက်နှာမူ ထားသည်။

သူ့ဘေး၌ အဖြူဝတ် လူ အချို့အား ရပ်နေသဖြင့်၊ ကိုယ့်ကိုယ်ကို ငုံ့ကြည့် လိုက်ရာ၊ အဖြူရောင် ဝတ်ရုံ ဆင်မြန်း ထားကြောင်း ထပ်မံ သိရှိ လိုက်ရသည်။

ထို့ပြင် သူ့ ဖြစ်တည် မှုမှာ၊ ဤစစ် မြေပြင်၌ အရေး မပါသော တပ်သားငယ် တစ်ဦး မျှသာ ဖြစ် နေ၏။

ပတ်ဝန်းကျင်မှ သတ်ဖြတ်ခြင်း ရည်ရွယ် ချက်များ ပါဝင် နေသည့်၊ လေပြင်း အချို့ ကပင် မျက်နှာပေါ် ဖြတ်တိုက် သွားသည်။

ဓားပိုးအိမ်နှင့် ခန္ဓာကိုယ် အတွင်းရှိ ကြယ်စွမ်းအင် များကို ခံစားနိုင် သော်လည်း၊ ပန်းသင်္ချိုင်း ဓားအား လက်ထဲ၌ မတွေ့ ရချေ။

ယင်းအစား အခြားသော ဓား တစ်လက်၊ ဆုပ်ကိုင် ထားသည် ကိုသာ၊ သတိထား လာမိ သည်။

သူ့ဘေးတွင် ရပ်နေသော တပ်သား ငယ်သည် လေးနက်သော အမူ အရာနှင့် သူ့ ရောင်ဝါကို ထုတ်ဖော် ထားသည်။ သို့သော် ထိုသူ၏ ကျင့်ကြံ မှုမှာ မမြင့် မားဘဲ ကောင်းကင် ဝိညာဉ် ၌သာ ရှိလေ၏။

“ ဒီနေရာက သိပ်လည်း အန္တရာယ် ရှိပုံ မပေါ် ပါဘူး။ ”

ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ် လိုက်မိသည်။ လူတိုင်း ကောင်းကင် ဝိညာဉ် ၌သာ ရှိသဖြင့်၊ ဓား ရည်ရွယ် ချက် ထုတ်ကာ၊ ဟန့်တား လိုက်ရုံ သာ ပေပင်။

“ တုံ ... တုံ ... တုံ ... တုံ ... တုံ ... ။ ”

ထို့ကြောင့် တိုက်ပွဲအား စောင့်ကြည့်ရန် ဆုံးဖြတ် လိုက်တော့သည်။ ရုတ်တရက် မြေပြင် တုန်ဟည်း စေသော စစ်ချီ တေးသံကို၊ နှစ်ဖက် စလုံးမှ အပြိုင် တီးခတ် လာကြ၏။

“ သတ် ... ။ ”

လူတိုင်း ထံမှ သတ်ဖြတ် လိုခြင်း အငွေ့ အသက်များ ပေါက်ကွဲ ထွက်လာ သဖြင့်၊ မုန်တိုင်း ကြားက ဖောင်ငယ် တစ်စင်း ကဲ့သို့၊ လင်းယွန် ခမျာ ယိမ်းထိုး သွားသည်။

ကြယ်စွမ်းအင်ကို ဖြန့်ကျက်ကာ၊ ဓား ရည်ရွယ် ချက်အား ထုတ်လွှတ် လိုက်သော် လည်း၊ သတ်ဖြတ် လိုခြင်း ရည်ရွယ် ချက်များ အကြား၊ နစ်မြှပ် သွားခဲ့သည်။

“ တိုက် ... ။ ”

သည့်အပြင် ပတ်ဝန်းကျင် ဆူညံသံ များကြောင့်၊ အာရုံ စူးစိုက်ရန် ခက်ခဲ သွားခဲ့ သည်။ ဆိုလို သည်မှာ သူ့ ခွန်အား (၉၀%) ကို ထုတ်ဖော်ခွင့် မရ တော့ချေ။

အဖြူ အမည်း လူအုပ်ကြီး ရောထွေး သွားကာ၊ လင်းယွန် ခမျာ ပိတ်မိ လာလေသည်။ မတော် တဆ မှုများ မဖြစ် စေရန် လူအုပ်နှင့် ဝေးရာသို့၊ ထွက်ပြေး လိုသော်လည်း၊ မအောင်မြင် ချေ။

လူများ မြေပြင်ပေါ်သို့၊ တရိပ်ရိပ် လဲကျ နေပြီး၊ သွေးထွက် သံယို မြင်ကွင်းက စိတ်ထဲ စွဲနေအောင် ထင်ရစ် လာသည်။

စစ်ပွဲ ဟူသည် ဤသို့ ရက်စက် ကြမ်းကြုတ်ခြင်း မည်၏။ ထိုအသိက သူ့အား တုန်လှုပ်လာ စေသည်။ စစ်သူရဲ တိုင်းက၊ မူလ စွမ်းအင်များ ကုန်ဆုံးသည် အထိ၊ သတ်ဖြတ် ကြ၏။

မူလ စွမ်းအင် ကုန်ဆုံး ပြီးနောက်တွင်၊ လက်ချည် သက်သက်ဖြင့်၊ ကုပ်ခြစ် လာကြပြီး၊ အဆုံးတွင် သွားများနှင့် ကိုက်ကုန် တော့သည်။

“ သတိ ထား ... ။ ”

သူ့ဘေးရှိ စစ်သား တစ်ဦးကို အငိုက်ဖမ်း တိုက်ခိုက် လာသော ရန်သူအား သတိထား မိ သဖြင့်၊ အော်ဟစ် သတိ ပေးကာ၊ အကူ အညီ ပေးလိုက် မိသည်။

“ ကျေးဇူး တင်ပါတယ်။ ”

ထိုတပ်သားက သူ့နှုတ်ခမ်း ပေါ်ရှိ သွေးစ များကို သုတ်ပြီး သူ့အား လှည့်ကာ ကျေးဇူးတင် စကား ဆို လိုက်စဉ်၊ ခေါင်းပြတ် ထွက်သွား တော့သည်။

သွေးများက မျက်နှာပေါ် ထိမှန် လာ သောကြောင့်၊ အလုပ်ရှုပ် သွား၏။ မျက်နှာတွင် အမာရွတ် ပါရှိသော အနက်ရောင် ၀တ် ရန်သူ တစ်ဦးက၊ သွေးများ စီးကျနေသည့် ဓားကို ကိုင်လျက်၊ စိုက်ကြည့် လာ သည်အား၊ သတိ ထားမိ လိုက်၏။

၎င်း၏ သတ်ဖြတ် လိုသော ရည်ရွယ်ချက် များက၊ သူ့ထံ ဦးတည် လာသဖြင့်၊ လက်ထဲရှိ ဓားကို မြှောက်ရန် ကြံရွယ် လိုက်သည်။

သို့သော် အနည်းငယ် နောက်ကျ သွား၏။ လည်ပင်း၌ ပူခနဲ ခံစား လိုက်ရပြီး၊ သွေးများ ပန်းထွက် လာတော့သည်။

အသိ စိတ်များ တဖြည်းဖြည်း မှုန်ဝါး လာကာ၊ အမှန် တကယ် သေခြင်း တရား၏ ဝေဒနာကို စတင် ခံစား လာရသည်။

“ တုံ ... ၊ တုံ ... ၊ တုံ ... ။ ”

တစ်ချိန် တည်းမှာပင် ဗုံသံများ၊ ပို၍ ကျယ်လောင် လာပြီး၊ သူ့ ခန္ဓာကိုယ် ပေါ်ရှိ ခရမ်း- ရွှေရောင် နဂါး ရူရ်များ၊ အက်ကွဲ သွားတော့၏။

“ ဝေါ့ ... ။ ”

လင်းယွန် လန့်နိုး လာပြီး၊ ဒူးတစ်ဖက် ထောက်ကာ၊ ပါးစပ် အပြည့် သွေးအန် လိုက်ရ သည်။

မျက်နှာ တပြင်လုံး သွေး မရှိတော့ သကဲ့သို့၊ ကြောက်စရာ ကောင်း လောက်အောင် ဖြူဖျော့ နေ၏။

သည့်စဉ် ကျန့်ကျင်းရှန်နှင့် ဖုန်းကျွယ်မှာ၊ ယဇ်ပလ္လင် ပေါ်သို့ ကောင်းကင်မှ ဆင်းသက် လာကြသည်။

“ ညီလေး အဆင် ပြေ ရဲ့လား။ ”

ကျန့်ကျန်းရှန်က မည်သည့် စကားမျှ မဆိုခဲ့သော်လည်း၊ ဖုန်းကျွယ်မှာ သူ့အား ကူညီ ရန်၊ အနား အမြန် ရောက်ရှိ လာသည်။

“ နာ လိုက် တာ။ ”

လင်းယွန်က သူ့ရင်ဘတ်ကို အုပ်ကိုင်လျက် ပြန်ဖြေ၏။

“ ပြ စမ်း ... ။ ”

လင်းယွန် အဖြေကြောင့် လန့်ကာ၊ ခန္ဓာကိုယ် အနှံ့ စစ်ဆေး လိုက် သော်လည်း၊ မည်သည့် ဒဏ်ရာ ကိုမျှ မတွေ့ရ သဖြင့်၊ ဖုန်းကျွယ် တစ်ယောက် စိတ်ရှုပ် သွား၏။

“ ဟုတ်တယ် ... ၊ နတ်ကြယ် ပုလဲ တစ်ထောင် ရေထဲ မျောသွားပြီ။ ”

သက်ပြင်း ချကာ လင်းယွန်မှ ဆက်ပြော လာသဖြင့်၊ ဖုန်းကျွယ်က ပြုံးရယ် လိုက်ပြီး၊

“ ငါက မင်းရဲ့ အုတ်မြစ်ကို ထိသွားပြီ လားလို့ စိုးရိမ် နေတာ၊ နတ်ကြယ် ပုလဲလေး တစ်ထောင် အတွက် များကွာ။ ”

-ဟု ပြုံးလျက်၊ သက်တောင့် သက်သာ ဖြစ်သွား တော့သည်။

ထိုစကားကြောင့် လင်းယွန်၏ မျက်လုံးများ တောက်ပ လာပြီး၊

“ အစ်ကို ဖုန်း ... ဒီနေရာကို ဘာလာ လုပ်တာလဲ၊ နေဦး ... ၊ ဘာပဲ ဖြစ်ဖြစ် အချိန်မီ တယ် ... ၊ နတ်ကြယ် ပုလဲ နည်းနည်း လောက် ချေးပါလား။ ”

“ ပြော ဘယ်လောက် လိုလဲ။ ”

“ နှစ်သိန်း ... ။ ”

“ အမ် ... ။ ”

လင်းယွန် တောင်းဆို မှုကြောင့် ဖုန်းကျွယ်၏ အပြုံးများ၊ အေးခဲ သွားသည်။

“ ညီလေး ... ၊ ငါ လောက နိယာမ နယ်ပယ်ကို ရောက်နေပြီ၊ ဒီအတွက် နတ်ကြယ် ပုလဲတွေ သုံးခဲ့ ရတယ်၊ သိပ် မကျန် တော့ဘူး။ ”

“ လင်းယွန် ... ၊ မင်းမှာ ဒီလောက် မွဲတဲ့ စီနီယာ အစ်ကို ရှိတာလား။ ”

ကျန့်ကျန်းရှန်က အထင် အမြင် သေးစွာဖြင့်၊ ဝင်မေး လာသည်။

“ အစ်ကို ဖုန်း ... ၊ ဒီလောက်လည်း အရမ်းကြီး စိတ်မကောင်း ဖြစ်မနေ ပါနဲ့၊ အဲဒီ အတွက် တောင်းပန် ပါတယ်။ ”

လင်းယွန်မှ နားလည်မှု ရှိသည့် ဟန်ဖြင့်၊ ခေါင်းညိတ်ပြ လိုက်၏။ ထိုအမြင်က ဖုန်းကျွယ် နှလုံးသားကို ချက်ချင်း နာကျင် သွားစေသည်။

“ ဒီအဖိုးကြီး စကားကို နား မယောင်နဲ့ ...၊ အခု ပါလာ တာကိုပဲ၊ မင်း အရင် သုံးထား လိုက်၊ ငါ့ကို အရေး တကြီး ပြန်ပေး စရာ မလိုဘူး။ ”

ဖုန်းကျွယ်က အပြုံး တစ်ပွင့်ကို ညှစ်ထုတ် လိုက်ပြီး၊ တုန်တုန် ယင်ယင်နှင့်၊ သိုလှောင်အိတ် တစ်လုံးအား လင်းယွန်ထံ ကမ်းပေး လာ၏။

“ ကျေးဇူး တင်ပါတယ် အစ်ကိုကြီး။ ”

လင်းယွန်က ဝမ်းသာ အားရဖြင့် အိတ်ကို ယူလိုက်သည်။

“ တကယ့် ဦးကပ်စေး ပဲ။ ”

ကျန့်ကျန်းရှန်မှ ဝင်ရောက် မှတ်ချက် ပြုလာသည်။ သူရောက် လာသည့် အကြိမ်တိုင်း၊ တစ်စုံ တစ်ခု ဆုံးရှုံး သွားရ သဖြင့်၊ တိမ်လွှာဓား ဂိုဏ်းသည် မလာ သင့်သော အရပ်ဟု၊ ဖုန်းကျွယ် မှလည်း မြင်လာ ခဲ့သည်။

“ ဒါက မင်းအတွက် လုံလောက် ပါပြီ၊ ပုံရိပ်ယောင် ကိုးပါး နယ်မြေက၊ အဆင့် ကိုးဆင့် ရှိတယ်၊ အခု မင်းက ပထမ အဆင့် ကိုတောင် မအောင် မြင်ဘူး၊ ဘယ်လောက် တောင် အံ့သြ စရာ ကောင်းလိုက်လဲ။ ”

ကျန့်ကျန်းရှန်က လင်းယွန်ကို စိုက်ကြည့်ကာ ပြောသည်။ ထိုစကားကြောင့် ဖုန်းကျွယ် မျက်နှာ ပျက်ယွင်း သွား၏။

ယဇ်ပလ္လင်သည် နတ်ကြယ် ပုလဲ လိုသဖြင့် နတ်ကြယ် ပုလဲ ရှိသော သူက အသုံးဝင် နေပုံ ရသည်။

“ သွား ရ အောင်၊ မင်းညီက ကျင့်ကြံ ရဦးမယ်၊ ငါတို့ သူ့ကို မနှောင့်ယှက် သင့်ဘူး။ ”

-ဟု ဆိုလျက်၊ ဖုန်းကျွယ် တစ်ယောက် သည့်ထက် ပို၍၊ မစဉ်းစား နိုင်ခင် ဆွဲခေါ်ခြင်း ခံလိုက် ရ တော့သည်။

“ ပုံရိပ်ယောင် ကိုးပါး နယ်မြေ။ ”

လင်းယွန်က တိုးဖွဖွ ရေရွတ် လိုက်၏။ ၎င်းနယ်မြေ အတွင်း၊ သူ့အသွင်မှာ အားနည်း လှ သဖြင့်၊ စိတ်ဓာတ် ကျစရာ ပေပင်။

သို့သော် သို့လှောင်အိတ်ကို ပြန်ကြည့် လိုက်စဉ်၊ နတ်ကြယ် ပုလဲ (၂) သိန်းအား မြင်ရ သဖြင့်၊ ချက်ချင်း ပြုံးလာမိ လေသည်။

***

All Chapters