လှည့်စားမှု ။
Vol. 89 Ch. 1243
ပုံရိပ်ယောင် ကိုးမျိုး နယ်မြေ ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက် လိုက်သော အခါ တွင်၊ စစ်မြေပြင် မြင်ကွင်းများ ပြန်လည် မြင်ယောင် လာ ပြန်သည်။
“ ဒီမှာ ... ။ ”
“ တုံ ... တုံ တုံ ။ ”
စစ်ဗုံ သံများ ပဲ့တင်ထပ် လာပြီး၊ တိုက်ပွဲ ပြန်လည် စတင် လာ၏။ စက္ကန့်တိုင်း လူထောင် ပေါင်းများစွာ အသက် ဆုံးရှုံး နေသည်။
အေးစက်သော အငွေ့ အသက် များက၊ လူတိုင်း၏ မျက်လုံး များတွင်၊ တောက်လောင် နေခဲ့သည်။
“ အား ... ။ ”
“ သတ် ... ။ ”
စစ်မြေပြင် အနှံ့ အော်ဟစ် သံများ ဖုံးလွှမ်းပြီး၊ မြေပြင် တစ်လျှောက် တုန်ခါလှိုင်း များ၊ ပြန့်ကျဲ လာသည်။
သတ်ပစ် လိုသော ရောင်ဝါ များက၊ သမုဒ္ဒရာ အလား များပြား နေသဖြင့်၊ သူ့ ဓားရောင်ဝါမှာ၊ ကောင်းစွာ မချိတ် ဆက် နိုင်ခဲ့ချေ။
ထို့ကြောင့် သူ့ တိုက်ပွဲဝင် စွမ်းအားကို (၁၀%) လောက်သာ ထုတ်ယူ နိုင်သည်။ ပထမ အဆင့် နှင့်ပင်၊ တုန်လှုပ် စရာ ဖြစ်၏။
မည်သို့ပင် ဆိုစေ ကာမူ၊ အသက်ရှင် သန်အောင် ကြိုးစား ရပေမည်။ အတွေ့ အကြုံ များ အရ၊ ရှင်သန်ရေး သည်သာ ပထမ ဖြစ်၏။
ထို့ကြောင့် ဓားရည်ရွယ် ချက်နှင့်၊ လင်းယွန် ဟူသော မာနကို မေ့ထား ရပေမည်။
“ သတ် ... ။ ”
မဆိုင်း မတွဘဲ၊ အနက်၀တ် လူတိုင်းကို သတ်ရန် ကြိုးစား မိတော့သည်။ အဖြူဝတ် သူ့ အဖော် များမှာ၊ အကျ အဆုံးများ လာသည်။
အချိန် အတော်ကြာ လာသည်နှင့် အမျှ၊ သူ့အဝတ်တွင်၊ သွေးများ စွန်းထင်း လာပေ၏။ သတ်လေလေ၊ ရန်သူ များမှာ ပို၍ အစွမ်းထက် လာလေလေ ပင်။ လက်ပန်းကျ နေပြီ ဖြစ် သော်လည်း၊ လုံးဝ အနား မယူ ဝံ့ချေ။
တစ်ချိန်လုံး အာရုံ စိုက်ထား ရသဖြင့်၊ စိတ်ဝိညာဉ် တစ်ခုလုံး ထုံကျင် နေ၏။ မြေပြင်၌ အလောင်းနှင့်၊ အမှိုက်များ ပြည့်နှက် လာသည်။
“ တွေ့ ပြီ ... ။ ”
ရုတ်တရက် အလံတိုင် နားတွင် လှံကိုင်ကာ၊ ရပ်နေသော အနက်ဝတ် ဗိုလ်ချုပ်ကို မြင်လိုက်ရ သဖြင့်၊ မျက်လုံးများ တောက်ပ လာသည်။
ထိုဗိုလ်ချုပ် မှလည်း၊ နတ်ဆိုး သားရဲ တစ်ကောင်ကို ပွတ်သပ်လျက်၊ လင်းယွန်ထံ ပြန်ကြည့် နေ၏။
သူ့ မျက်လုံးများ ထဲရှိ ပြင်းစွာသော သတ်ဖြတ် လိုစိတ်က၊ လင်းယွန်အား ကျောရိုး တစ်လျှောက်၊ အေးစက် လာစေသည်။
ဤလူသည် တစ်ချိန်လုံး သူ့ အပေါ်၊ ပစ်မှတ်ထား နေသည်ဟု၊ ခံစား လိုက်ရသည်။ ထိုစဉ် အလင်း ရောင်အား ဖြတ်ခနဲ မြင်လိုက် ရပြီး၊ လင်းယွန် လည်ချောင်းမှ သွေးများ ထွက်လာ တော့၏။
ထို့နောက် သူ၏ အမြင် အာရုံများ တဖြည်းဖြည်း မှုန်ဝါး လာစဉ်၊ မျက်နှာ အမာ ရွတ်နှင့် လူက၊ သူ့ရှေ့ ရောက်နေ သည်ကို၊ နောက်ဆုံး မြင်လိုက် ရပြန်သည်။
ယဇ်ပလ္လင်ပေါ် သွေးအန်လျက်၊ ပြန်လည် နှိုးထ လာ၏။ ဆေးလုံး တစ်လုံး ထုတ်သောက် နေစဉ်၊ ယဇ်ပလ္လင် ပေါ်ရှိ မီးတောက်မှာ၊ ငြိမ်း သွားပြီ ဖြစ်သည်။ ထို့နောက် မတ်တပ် ထရပ် လိုက်၏။
“ ပထမ အဆင့်ကို ကျော်ဖြတ် ချင်ရင်၊ ဗိုလ်ချုပ်ကို ငါ သတ်ရမယ်၊ ဗုံသံ တွေက ငါ့ရဲ့ အာရုံကို နှောက်ယှက် နိုင်တဲ့ အတွက်၊ ပလွေ သုံးတာ ပိုသင့် လျော်မယ်။ ”
အထက်ပါ အချင်း အရာ များမှာ၊ ဒုတိယ အကြိမ် ရှုံးနိမ့် ပြီးနောက်၊ နားလည် လိုက်သော အသိ ဖြစ်၏။ ထို့ကြောင့် တတိယ အကြိမ် မြောက် မဝင်မီ၊ အလျင် မလို ခဲ့ချေ။
ပထမ အဆင့် ၌ပင် သတ်ပစ် လိုသော အငွေ့အသက် များက၊ များစွာ သိပ်သည်း နေပြီ မို့၊ နောက်တစ်ဆင့်၌ မည်မျှ ကြောက်စရာ ကောင်း မည်ကို၊ တွေးကြည့် နေမိသည်။
ထိုရည်ရွယ်ချက်သည် အနည်းဆုံး သူ့ဓား ရည်ရွယ်ချက်ကို မီ၏။ ဤပလ္လင်သည် အမှန်ပင် ရတနာ ဖြစ်လေပြီ။
သည်နေရာ၌ ဓား ရည်ရွယ်ချက်ကို၊ ချိတ်ဆက် အသုံးချ နိုင်ပါက၊ အနာဂတ်တွင် နဂါး သွေးလွှတ်ကြော နယ်ပယ် ပညာ ရှင်ပင်၊ သူ့ဓား ရည်ရွယ် ချက်ကို၊ ဖြိုချနိုင် တော့မည် မဟုတ်ချေ။
ထိုအကြောင်းကို စဉ်းစား မိသည်နှင့်၊ သူ့မျက်လုံးများ တောက်ပ လာသည်။ သူ့တွင် နတ်ကြယ် ပုလဲများ အများ အပြား ရှိသော ကြောင့်၊ စိတ်ပူ နေစရာ မရှိချေ။
သည့်နောက် ယဇ်ပလ္လင် ပေါ်၌ မီးတောက်များ ထပ်မံ လောင်ကျွမ်း လာပြီး၊ လင်းယွန် တစ်ယောက် ပုံရိပ်ယောင် နယ်မြေ ထဲသို့၊ ဝင်ရောက် သွားတော့သည်။
ဤတစ်ကြိမ် သူ၏ သတ်ဖြတ်မှု ရောင်ဝါသည် စစ်တပ်နှင့် လုံးလုံး လျားလျား ပေါင်းစပ် သွား၏။ သမုဒ္ဒရာ ထဲတွင် ရှိသော ရေစက် တစ်စက်နှင့် တူလာသည်။ ထူးထူး ဆန်းဆန်း ခံစား ချက်မျိုး ဖြစ်ချေ၏။
“ ဝှစ် ... ။ ”
အလံ အောက်တွင် ရပ်နေသော ဗိုလ်ချုပ်ထံ၊ လှမ်းကြည့်ပြီး၊ ညာလက်ဖြင့် ဓား အလင်းအား ဖမ်းယူ လိုက်သည်။
ဓားသွားက သူ့ လက်ဖဝါးကို လှီးဖြတ် သွားသော်လည်း၊ နာကျင်မှုကို မပြဘဲ၊ မျက်နှာ အမာရွတ်နှင့် လူထံ၊ ပြန်လှည့် ကြည့်မိ၏။
“ ရွှပ် ... ။ ”
တစ်ဆက် တည်းမှာပင်၊ ဓားကို ဖမ်းခြင်း ခံလိုက်ရ သဖြင့်၊ အံ့ဩ သွားသော ထိုလူအား ခေါင်းဖြတ် ပစ်လိုက် တော့သည်။
“ သုံးခါ မရဘူး။ ”
ထို့နောက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲ အတွင်း၊ မျောပါသွား ရပြန်သည်။ သတိ မထား နိုင်ခင် နေဝင် သွား၏။
သူ့ ပတ်ပတ်လည်တွင် အဖြူဝတ် လူများ မရှိတော့ချေ။ ယင်းအစား အလောင်း များသာ မြင်လာ ရသည်။
အနက်ဝတ် ရန်သူများက မီတာ ထောင် ဂဏန်း အကွာတွင် ရပ်လျက်၊ သူ့ထံ စိုက်ကြည့် နေသည်။
“ သတ် ... ။ ”
နတ်ဆိုး သားရဲ များထက်၊ ပို၍ ကြောက်စရာ ကောင်းသော၊ လူသားများ အသွင်သို့၊ ပြောင်းလဲ သွားကာ၊ ညာသံ ပေးလိုက် ကြ၏။
“ တုံ တုံ တုံ ... ။ ”
ဗုံသံများ နောက်တစ်ကြိမ် ထွက်ပေါ် လာသည် နှင့်အမျှ၊ ကြွေးကြော် သံများ ပိုမို ကျယ်လောင် လာသည်။
ပြေးဝင် လာသော လူအုပ် ကြီးကြောင့်၊ သူ ထိတ်လန့် သွား၏။ တစ်ဦး တည်းနှင့် စစ်တပ် တစ်တပ် လုံးကို၊ ရင်ဆိုင်ရန် မဖြစ် နိုင်ချေ။
အကယ်၍ ဓားရောင်ဝါကို မဖော်ပြ နိုင်ခဲ့ ပါက၊ သူတို့ ဤတစ်ကြိမ် တွေ့ဆုံသည့် အချိန်၌၊ အသတ် ခံရ ပေ လိမ့်မည်။
ပန်းသင်္ချိုင်း ဓားမရှိ ခြင်းသည် တပန်းရှုံး စေ၏။ ထို့ကြောင့် လက်ထဲရှိ ဓားကို တင်းတင်း ကြပ်ကြပ်၊ ဆုပ်ကိုင် လိုက်မိသည်။
“ အခုတော့ ... မင်းက ငါ့ အဖော်ပဲ၊ ငါ့အသက်ကို မင်းလက်ထဲ အပ်လိုက်မယ်။ ”
ဓားကို ငုံ့ကြည့်ကာ ပြုံးလျက် ဆိုလိုက် တော့သည်။
“ တုံ ... တုံ ... တုံ ... ။ ”
“ သတ် ... ။ ”
ဗိုလ်ချုပ်က လှံဖြင့် ထိုးချိန်ကာ၊ အမိန့် ပေးလိုက်စဉ်၊ အနက်ဝတ် လူအုပ်မှာ လင်းယွန် အနား ရောက်ရှိ လာပြီ ဖြစ်သည်။
မြေပြင် အနှံ့ တုန်ခါ လာပြီး၊ အနက်ဝတ် လူများ၏ သတ်ဖြတ် လိုသော ရည်ရွယ်ချက် များက၊ ဓားရောင်ဝါအား ဝါးမြို တော့၏။
နဂါးဓား ရောင်ဝါက၊ လင်းယွန် နောက်၌ ပေါ်လာသည်။ ၎င်းမှာ သတ်ပစ် လိုသော ဆန္ဒ များ၏၊ သက်ရောက် မှုကို ခံယူသည်။
ထို့ကြောင့် သတ်ဖြတ် လိုသော ဆန္ဒ များဖြင့်၊ သိုင်းခြုံခြင်း ခံထားရ သော်လည်း၊ လင်းယွန် ခမျာ အဆင်ပြေ နေခဲ့သည်။
မျက်လုံး ပြန်ဖွင့် လိုက်သော အခါတွင် ထိုနဂါးဓား ရောင်ဝါမှာ၊ မိုးပြာ နဂါးကြီး အသွင် ဖြစ်တည် လာ၏။
နဂါးဓား ရောင်ဝါ ထွက်ပေါ် လာသော အခါတွင်၊ တဟုန်ထိုး ပြေးတက် လာနေသည့်၊ အနက်ဝတ် လူများမှာ၊ သံမဏိ နံရံနှင့် တိုက်မိ သွားသလိုမျိုး၊ ပျောက်ကွယ် ကုန်သည်။
အများ အပြားမှာ သွေးမြူများ အဖြစ် ပြောင်းလဲ ကုန်ပြီး၊ ကျန်လူ များမှာ အစိတ် အပိုင်း အသီးသီး ကွဲထွက် သွား၏။
“ သေ ကြ စမ်း ... ။ ”
ဓားရောင်ဝါနှင့် သူ့ကြား အောင်မြင်စွာ ချိတ်ဆက် နိုင်ပြီ ဖြစ်သဖြင့်၊ နောက်ဆုံးတွင် သူ့ကိုယ်သူ လွှတ်ပေး လိုက်တော့သည်။
ယခင်က သူ့ ခွန်အား (၉၀%) ကို ကန့်သတ်ထား သောကြောင့်၊ ပေါင်းပင် တစ်ပင် ကဲ့သို့၊ ရှင်သန်ရန် ရုန်းကန် ခဲ့ရသည်။
ဤနည်းဖြင့် စစ်တပ် တစ်တပ် လုံးကို၊ သတ်ဖြတ် နေခဲ့သည်။ အနက်ဝတ် ဗိုလ်ချုပ်က သူ့တပ်သား များကို အဆက် မပြတ် ဖြည့်တင်း ပေးခဲ့ သော်လည်း၊ နဂါးဓား ရောင်ဝါ အောက်တွင်၊ အလုပ် မဖြစ် တော့ချေ။
“ ဝှစ် ... ။ ”
ထို့ကြောင့် စစ်သူကြီးက လှံကို ဟန်ပါပါ လေထဲ လှည့််ကာ၊ သူ့ဘေးရှိ သားရဲ ကျောပေါ် ခုန်တက် လိုက်၏။ သည့်နောက် လင်းယွန်ထံ ထိုးချိန်လျက်၊ ပြေးဝင် လာတော့သည်။
စစ်ဗုံသံ များက ပို၍ ကျယ်လောင် မြန်ဆန် လာသဖြင့်၊ လင်းယွန်၏ နားစည်များ ပေါက်ကွဲ လုနီးပါး တုန်ခါ သွားသည်။
တစ်ဖက်တွင် အနက်ဝတ် ဗိုလ်ချုပ်၏ ရောင်ဝါနှင့်၊ သတ်ဖြတ်ခြင်း ရည်ရွယ် ချက်မှာ၊ ထိုဗုံသံ များကြောင့်၊ ကြောက်မက်ဖွယ် အမြင့်သို့၊ ရောက်ရှိ လာသည်။
“ ရွှပ် ... ။ ”
လှံဖျားက လင်းယွန်၏ နဂါးဓား ရောင်ဝါကို ထိုးခွဲကာ၊ သူ့ရင်ဘတ် ထံသို့၊ ဆက်ဝင် လာလေ သည်။
ထိုကြောင့် လှံကို လက် နှစ်ဖက်ဖြင့်၊ ဖန်းယူပြီး၊ ဟန့်တား လိုက်ရသည်။ သည့်စဉ် အနက်ဝတ် လူ၏ ခန္ဓာ ကိုယ်၌ ချပ်ဝတ် တစ်ထည် ဖြစ်ပေါ် လာ၏။
တစ်ကမ္ဘာ လုံးမှ သူ့အပေါ် ပစ်ပယ်ထား သကဲ့သို့၊ အထီးကျန် ခြင်းနှင့် တန်ဖိုးမဲ့ ခြင်းကို၊ လင်းယွန် ခံစား လာရသည်။
ဤအခြေ အနေ၌ ရှင်သန် လိုစိတ်နှင့်၊ သူရဲကောင်း ဝိညာဉ်မှာ ပျက်စီး သွားမည် ဖြစ်သည်။
သို့သော် လင်းယွန် မှာမူ ဂရု မစိုက်ချေ။ ဆန့်ကျင်ဘက် အနေနှင့်၊ သူ့ဓားကို လွှဲခုတ်ပစ် လိုက်သည်။
“ ထွက် သွား စမ်း ... ။ ”
အနား တိုးကပ် လာသော၊ ဗိုလ်ချုပ်၏ မျက်နှာ တွန့်လိမ် သွားသည်။ ထိုစဉ် ဓားပိုးအိမ် ထံမှ၊ နောက်ထပ် အက်ကွဲမှု တစ်ခု ဖြစ်ပေါ် လာ၏။
“ ထန် ... ။ ”
လှံနှင့်ဓား ရိုက်မိ သွားပြီး၊ နတ်ဘုရား ပုံရိပ်ယောင် ဓားကို အသုံး ပြုကာ၊ ဗိုလ်ချုပ် ခေါင်းအား ဖြတ်ပစ် လိုက်တော့သည်။
ဤနယ်မြေ ရောက် ပြီးနောက်၊ ဒုတိယမြောက် ဓားပိုးအိမ် ကွဲအက် လာခြင်း ဖြစ်သည်။ တိတိ ပပ ဆိုရ ပါမူ၊ (၅) ကြိမ် မြောက် ကွဲလာခြင်း ဖြစ်၏။
ပုံရိပ်ယောင် နယ်မြေ အပြင် ဘက်တွင်၊ လင်းယွန်၏ ခန္ဓာမှ ဓား အလင်းများ ပေါက်ကွဲ ထွက်လာပြီး၊ နဖူး ပေါ်ရှိ ခရမ်းရောင် အမှတ် အသား သည်လည်း၊ မှော်ဆန်သော အလင်းများ တောက်ပ လာသည်။
“ ပထမ အဆင့်ကို ကျော်ဖြတ်ဖို့ မင်း ဘယ်လောက် အချိန်ယူ ခဲ့ရလဲ။ ”
ထိုဖြစ်စဉ်ကို မြင်ချိန်၌၊ ဖုန်းကျွယ်က စိတ်လှုပ်ရှား စွာဖြင့်၊ ကျန့်ကျန်းရှန်အား မေး လိုက်၏။
“ ခုနစ်ရက် ဒါပေမယ့် .... ၊ ငါက ပင်မ နတ်ဘုရား နယ်ပယ်မှာ။ ”
“ မင်း ... မိစ္ဆာကောင်၊ မင်းတောင် ပင်မ နတ်ဘုရား နယ်မြေ ရောက်မှ၊ လာရဲတဲ့ နေရာ မျိုးကို၊ အင်ပါ ရီယန် မှာပဲ ရှိသေးတဲ့၊ လင်းယွန် ကို၊ ခေါ်လာ ဝံ့တယ်ပေါ့၊ ဟမ့် ...
... မင်းရော ပုံရိပ်ယောင် ကိုးမျိုးရဲ့ အဆင့် ကိုးဆင့် လုံးကို ဖြတ်ကျော် ပြီးပြီလား ဆိုတာ ငါ သိချင်တယ်။ ”
ဖုန်းကျွယ် ဒေါသမှာ အထွတ် အထိပ်သို့၊ ရောက်ရှိ လာသည်။ သူသာ စွမ်းပါက၊ ရိုက်နှက် မိ ပေမည်။
“ ငါ မလုပ် ခဲ့ဘူး၊ တတိယ အဆင့်ကို အောင်မြင် ပြီးတဲ့ အချိန်မှာ၊ နဂါ သွေးလွှတ် ကြော နယ်ပယ်ထဲ ဝင်ရောက် သွားတော့၊ ဒီနယ်မြေရဲ့ သက်ရောက် မှုက ငါ့ အတွက် အကျိုး မရှိတော့ လို့ပဲ။ ”
ကျန့်ကျန်းရှန်မှ ပြန်ပြော လိုက်သည်။ ထို့ကြောင့် ဖုန်းကျွယ် ခမျာ မည်သည့် စကားမျှ၊ ဆက်မပြော နိုင်တော့ချေ။
“ တွေ့လား၊ ဘယ်လောက် အထိ ထိရောက်လဲ။ ”
ကျန့်ကျန်းရှန်မှ လင်းယွန်အား လှည့်စားကာ၊ အစီရင်ထဲ ပစ်ထည့် လိုက်ပုံ ရသည်။ ယခု ပထမ အဆင့်ကို ကျော်ဖြတ် နိုင်ပြီ ဖြစ်ရာ၊ မည်မျှ ခက်ခဲ ခဲ့မည်ကို မသိ နိုင်တော့ချေ။
***