သမိုင်းတွင် အမြန်ဆုံး အဆင့်တက်ခြင်း (၂)
Vol. 10 Ch. 160
လင်းရှန်လှည့်ကြည့်လိုက်တော့ ယောက်ျားလေးက ချက်ချင်းပြောသည် ။
“အစ်ကိုလင်း၊ ကျွန်တော်တို့ အရင်က တွေ့ဖူးတယ်လေ..ကျွန်တော်နာမည်က ကျန်းဝေ့ရုန်ပါ။"
"ကျွန်မနာမည်ကလည်း ပိုင်ရှောင်ထုံပါ" ကောင်မလေးက ပြုံးပြုံးလေးနဲ့ ပြောသည်။
သူတို့က အတော်လေး ဖော်ရွေသည်။ လင်းရှန်သည် တစ်ချိန်က ယန်တောင်နှင့် လက်တွဲခဲ့ဖူးသော လူနှစ်ယောက်ကို မကြိုက်သော်လည်း သူတို့ကို ပြန်နှုတ်ဆက်ခဲ့သည်။
"အစ်ကိုလင်း၊ အကို့ရဲ့ အထောက်အထားအမှတ်အသားကိုပြောင်းဖို့ ပြည်တွင်းရေးရာဌာနကို သွားဖို့လား။" ပိုင်ရှောင်ထုံက ပြုံးပြီး မေးသည်။
"အထောက်အထားအမှတ်အသား” လင်းရှန်က အံ့အားသင့်သွားသည်။
"ဟုတ်တယ်လေ” ပိုင်ရှောင်ထုံသည် လင်းရှန်၏ စိတ်ရှုပ်ထွေးမှုကို သတိမထားမိဘဲ ဆက်ပြောသည်။ “ညီမတို့ ပြည်တွင်းရေးရာ ဌာနကနေ ပြန်လာတာ။ အကိုရဲ့ ကောင်းကင်အဆင့်တပည့် အထောက်အထားတိုကင်ကို မပြောင်းရသေးဘူးလို့ ဆရာထောင်ဆီက ကြားခဲ့တယ်။"
လင်းရှန်က တကယ်ကို အံ့အားသင့်သွားသည်။
ဘယ်တုန်းက သူက ကောင်းကင်အဆင့် တပည့်ဖြစ်သွားတာလဲ။
နောက်အဆင့်စိန်ခေါ်ပွဲရောက်ဖို့ ခုနစ်ရက် ရှစ်ရက်လောက်လိုသေးတာမလား။
ကျန်ဝေ့ရုန်က ထက်မြက်သည် ။ လင်းရှန်၏အမူအရာအရ ဘာဖြစ်ပျက်ခဲ့သည်ကို သူမသိသေးကြောင်း သဘောပေါက်ကာ အလျင်အမြန် ရှင်းပြလေသည်။
ကျန်းဝေ့ရုန်၏ ရှင်းပြချက်ကို ကြားပြီးနောက် လင်းရှန်သည် နားလည်သွားသည်။
ကျားမျိုးနွယ်နှင့် တိုက်ပွဲတွင် နိုင်ယန်းကျောင်းသည် တပည့်များစွာကို ဆုံးရှုံးခဲ့ရသည်။
စစ်ပွဲပြီးသွားတော့ အဆင့်လေးဆင့်စလုံးမှာ လစ်လပ်နေရာတွေ ရှိနေသည်။
ထိုအချိန်တွင် တပည့်အဆင့် စိန်ခေါ်ပွဲစဖို့ တစ်လခန့် လိုသေးတာကြောင့် ဆရာများသည် ကိုယ်စားလှယ်လောင်းများကို ဆွေးနွေးဆုံးဖြတ်ရမည်ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း စစ်ပွဲတွင် ထက်မြက်ပြီး အံ့မခန်းလုပ်ဆောင်နိုင်ခဲ့သော
လင်းရှန်ကို ကောင်းကင်ဘုံအဆင့် တပည့်အဖြစ် ဆရာများက တညီတညွတ်တည်း ထောက်ခံခဲ့ကြသည်။
ထို့ကြောင့် သူသည် ကောင်းကင်အဆင့် တပည့်အဖြစ်သို့ တိုးမြှင့်ခံခဲ့ရသည်။
ဒီသတင်းထွက်လာတာနဲ့ ကျောင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
လင်းရှန် ကျောင်းကို စဝင်တာ နှစ်ဝက်လောက်သာ ရှိသေးသည်။
သူနဲ့တပြိုင်နက် ကျောင်းကို ၀င်လာတဲ့ တပည့်အများစုသည် အဝါရောင်အဆင့် တပည့်တွေအဖြစိသာ ရှိသေးသည်။ အဆင့်မရသေးတဲ့ သူအချို့တောင်ရှိသေးသည်။
ဘယ်သူမှ အနက်ရောင်အဆင့် တပည့်ပင် ဖြစ်မလာခဲ့ပေ။
သို့သော်လည်း လင်းရှန်သည် ကောင်းကင်အဆင့် တပည့်အဖြစ်သို့ တက်လှမ်းနေပြီဖြစ်သည်။
ကွာခြားချက်က ကြီးမားလွန်းသည်။
နိုင်ယန်းကျောင်းကို တည်ထောင်ပြီးကတည်းက နှစ်ဝက်အတွင်း အဝါရောင်
အဆင့်မှ ကောင်းကင်အဆင့် တပည့်အဖြစ်သို့တက်နိုင်သော တပည့်တစ်ယောက်မှ မရှိသေးပေ။
ဒီအမြန်နှုန်းက မယုံနိုင်စရာပင်။
သို့သော်လည်း ဤဆုံးဖြတ်ချက်ကို မည်သူမျှ ကန့်ကွက်ခြင်း မရှိပေ။
သီးသန့်ဝေဖန်တာမျိုးတောင် မရှိခဲ့ပေ။
လင်းရှန်၏အောင်မြင်မှုများသည် သိသာထင်ရှားသည်။
ကျားမျိုးနွယ်နှင့်တိုက်ပွဲတွင် တောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံသူသာ ကျွမ်းကျင်နိုင်သော လမ်းကြောင်းအဆင့် ကိုယ်ခံပညာကိုပြသခဲ့ပြီး ဉာဏ်အလင်းရခြင်းအဆင့် မျက်လုံးဖြူကျားနတ်ဆိုးကိုပင် သတ်နိုင်ခဲ့သည်။
မျက်လုံးဖြူ ကျားနတ်ဆိုးသည် ဒဏ်ရာအပြင်းအထန်ရနေပြီဖြစ်သော်လည်း ဉာဏ်
အလင်းရခြင်းအဆင့်တွင် ရှိနေသေးသည်။ ကြာရှည်စွာ အသက်ရှုခြင်းအဆင့်တွင် ရှိသော လင်းရှန်သည် ဉာဏ်အလင်းရခြင်းအဆင့်နတ်ဆိုးကို သတ်နိုင်တာနဲ့ပင် လူတိုင်းကို ပါးစပ်ပိတ်သွားစေသည်။
သတင်းထွက်လာသည်နှင့် တပြိုင်နက် ကောင်းကင်အဆင့်ရှိ တပည့်များအားလုံး နှုတ်ဆိတ်နေခဲ့သည်။
ဆရာများက တိုးမြှင့်ပေးခြင်းမရှိလျှင်တောင် လင်းရှန်သည် တပည့်အဆင့် စိန်ခေါ်ပွဲတွင် ကောင်းကင်အဆင့် တပည့်အဖြစ် ရာထူးတိုးနိုင်ဆဲဖြစ်ကြောင်း သူတို့အားလုံး နားလည်ခဲ့ကြသည်။
ထို့ကြောင့် တောက်ပသောအဆင့်သို့ တက်လှမ်းခဲ့သော တပည့်အနည်းငယ်မှလွဲ၍ အခြားကောင်းကင်အဆင့် တပည့် တစ်ယောက်ယောက်ကိုသာ လင်းရှန်က စိန်ခေါ်ဖို့ ရွေးချယ်ခဲ့လျှင် ထိုလူသည် အနိုင်ရရန် အခွင့်အလမ်းများစွာ မရှိပေ။
ထိုသို့ဖြစ်ခြင်းကြောင့် လင်းရှန်ကို အဆင့်တိုးပေးခြင်းက ပိုမိုကောင်းမွန်သည်။
ဒီလိုနည်းနဲ့ကြောင့် ဘယ်သူမှ နစ်နာမှာ မဟုတ်တော့ပေ။
ထို့ကြောင့် ကျောင်း၏လူထုထောက်ခံမှု သို့မဟုတ် တိကျသောသဘောတူညီချက်
အောက်တွင် လင်းရှန်သည် နိုင်ယန်းကျောင်းသမိုင်းတွင် အလျင်မြန်ဆုံး အဆင့်တိုးမြှင်းပေးခံရသည့် ကောင်းကင်အဆင့် တပည့်ဖြစ်လာခဲ့သည်။
" ကျင့်ကြံပြီး ထွက်လာတော့ ကောင်းကင်အဆင့် တပည့်အဖြစ် ရာထူးတိုးနေမယ်လို့ မျှော်လင့်မထားဘူး။"
လင်းရှန်အဖို့ ရယ်ရမလား ငိုရမလား မသိပေ။
သို့သော် သူ့အသိစိတ်ပြန်ဝင်လာသောအခါတွင်တော့ အတော်လေး ပျော်နေသည်။
ကောင်းကင်အဆင့် တပည့်တစ်ဦးသည် လစဉ် အလယ်အလတ် အရည်အသွေး အမှတ်တစ်ခု ကို ရရှိပြီး ဝိညာဉ်အနှစ်သာရ ပိုမိုမြင့်မားသော အဆင့်-A သင်ကြားရေးခန်းသို့ ပြောင်းရွှေ့နိုင်သည်။ အဆင့်တိုးမြှင့်ခံရတာက တကယ်ကို ကောင်းမွန်သည်။
"ကျေးဇူးတင်ပါတယ်”လင်းရှန် က သူတို့ နှစ်ယောက်ကို ကျေးဇူးတင်ခဲ့သည်။
ကျန်းဝေ့ရုန်နဲ့ ပိုင်ရှောင်ထုံတို့သည် လက်ကို အမြန်ဝှေ့ယမ်းလိုက်ကြသည်။ သူတို့မှာ လင်းရှန်အပေါ် စိတ်အားထက်သန်မှုအပြင် လေးစားမှုပါ ရှိနေသည်။
လင်းရှန်သည် သူတို့ထက်ငယ်သော်လည်း ကျင့်ကြံသူ ကမ္ဘာသည် သန်မာသူကိုသာ ပထမအဖြစ် အမြဲအလေးပေးထားသည်။
မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိသူသည် အခြားသူများ၏ လေးစားကြည်ညိုခြင်းကို ခံရပေမည်။
လင်းရှန်သည် ဒီအရွယ်မှာပင် ကောင်းကင်အဆင့် တပည့်ဖြစ်နေပြီဖြစ်သည်။ သူ၏အနာဂတ်သည် ပို၍ပင် အကန့်အသတ်မရှိ ဖြစ်လာမည်ပင်။
ကျန်းဝေ့ရုန်နဲ့ ပိုင်ရှောင်ထုံတို့အတွက်တော့ လင်းရှန်သည် အထက်အိမ်တော်မှ စွမ်းအားကြီးမားသော တပည့်ဆယ်ယောက်နှင့် ညီမျှနေပြီဖြစ်သည်။ လင်းရှန်သည် သူတို့နှင့် မနှိုင်းယှဉ်နိုင်သော ဖြစ်တည်မှုတစ်ခုဖြစ်နေပြီပင်။
လင်းရှန်သည် သူ့ရှေ့ကလူနှစ်ယောက် ဘာတွေတွေးနေမှန်းမသိပေ။ သူက ရုတ်တရက် တစ်ခုခုကို တွေးပြီး မေးလိုက်သည် ။
"ဂိုဏ်းနဲ့ ကျားမျိုးနွယ်ကြား စစ်ပွဲကရော ဘယ်လိုဖြစ်သွားပြီလဲ။"
ကျန်းဝေ့ရုန်က လျင်လျင်မြန်မြန်ပဲ ပြောလေသည် “လွန်ခဲ့တဲ့လဝက်ကပဲ စစ်ပွဲက ပြီးသွားတာ။ ကျွန်တော်တို့ ဂိုဏ်းက ပြီးပြည့်စုံတဲ့ အောင်ပွဲရရှိခဲ့ပြီး ကျားမျိုးနွယ်ရဲ့ နတ်ဆိုးတွေကို လုံးဝနီးပါး သုတ်သင်ပစ်ခဲ့တယ်လေ။ နတ်ဆိုးအနည်းစုကပဲ အချိန်မီထွက်ပြေးသွားတာ။ နဂါးချောက်နက်တောင်တန်းအနှံ့ပြန့်
ကျဲနေတာပဲ ။ ဒါပေမဲ့ နတ်ဆိုးတွေက အချိန်အတော်အကြာထိ ခြိမ်းခြောက်မှု
မလုပ်နိုင်လောက်တော့ဘူး။ ကျားမျိုးနွယ်လုပ်ရပ်က သမိုင်းလို ဖြစ်သွားပြီ။
လင်းရှန်က သိပ်ပြီး မအံ့ဩပေ။
နောက်ဆုံးတွင် နေကိုးစင်းဂိုဏ်းသည် အခြေခံအုတ်မြစ်နှင့် ခွန်အားအရ ကျားမျိုးနွယ်ထက် သာလွန်သည်။
ယခင်က ကျားမျိုးနွယ်သည် နဂါးချောက်နက်တောင်တန်း၏ နက်ရှိုင်းရာတွင် နေထိုင်ခဲ့ပြီး ပထဝီဝင်အနေအထားအရ အားသာချက်ရှိသည်။ နေကိုးစင်းဂိုဏ်းကို သူတို့ နိုင်နိုင်နင်းနင်း ရင်ဆိုင်နိုင်သည်။
သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် နဂါးမြို့တော်ကို နှိုးဆွရန် အစပြုခဲ့ပြီး နေကိုးစင်းဂိုဏ်း ချီတက်နေချိန်တွင် ထိပ်တိုက်တိုက်ခိုက်ရန် ၎င်းတို့၏ အဓိကအင်အားစုကိုပင် စေလွှတ်ခဲ့သည်။ ဒီလုပ်ရပ်က ဒီအတိုင်း အသေခံတာနဲ့ မတူပေ။
အဆုံးတွင် မျိုးနွယ်စုတစ်ခုလုံး ပျက်စီးသွားတာ အံ့သြစရာမဟုတ်ပေ။
လင်းရှန်က သက်ပြင်းချနေစဉ် ရုတ်တရက် ပိုင်ရှောင်ထုံ၏ မကျေမနပ် ပြောသံကို ကြားလိုက်ရသည်။
"ယန်မိသားစုက ရက်စက်လွန်းတာ ဆိုးတာပဲ။ မဟုတ်ရင် ကျွန်မတို့ကျောင်းက ဒီတစ်ကြိမ်မှာ ဝိညာဉ်သားရဲတစ်သုတ်ကို ရရှိနိုင်မှာ ။ တိုက်ပွဲဝင်ဝိညာဉ်သားရဲနဲ့ လဲလှယ်ဖို့ အရည်အသွေးအမှတ် အနည်းငယ်ကိုလည်း သုံးနိုင်အုံးမှာ”
"ယန်မိသားစု" ဟူသော စကားကိုကြားတော့ လင်းရှန်၏ နှလုံးခုန်သံ မြန်သွားသည်။ "
ယန်မိသားစုက ဘာဖြစ်လို့လဲ" ဟုမေးလိုက်သည်။
ကျန်ဝေ့ရုန်က ဆက်ပြီးပြောလေသည် "ယန်မိသားစုက ကျားမျိုးနွယ်စုရဲ့ အသိုက်ဖြစ်တဲ့ ကျားဖြူတောင်တန်းလှိုဏ်ဂူကို တိုက်ခိုက်ဖို့ တာဝန်ရှိခဲ့တယ်လို့ ပြောတယ်။ ဒါပေမဲ့ ယန်မိသားစုက ကို့ရို့ကားရားလုပ်ပြီး ကျားဖြူတောင်တန်းက နတ်ဆိုးအားလုံးကို သတ်ပစ်ခဲ့တယ်လေ။ တစ်ယောက်မှ မကျန်ခဲ့ဘူး။ ဂူ အိမ်တော်ကိုတောင် အပျက်အစီး အဖြစ် လောင်ကျွမ်းစေခဲ့လို့ သူတို့ဝိညာဉ်ရေးရာမှာလည်း အတော်လေးလျော့ကျသွားခဲ့တယ်လေ”
“ဒီတိုက်ပွဲပြီးတော့ ဂိုဏ်းက ကျားဖြူဂိုဏ်းနဲ့ စစ်ပွဲမှာ အပျက်အစီးတွေပဲ ရခဲ့တော့တာ ။ ယန်မိသားစုကလည်း ဝေဖန်မှုတွေ အများကြီး ခံခဲ့ရတယ်”
ပိုင်ရှောင်ထုံက နှုတ်ခမ်းကို တွန့်ပြီး နှာခေါင်းရှုံ့လိုက်သည်။
“ကျွန်တော်အမြင်အရတော့ ယန်မိသားစုက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ ရှင်းပါတယ်။ မဟုတ်ရင် သူတို့က သာမာန် တိုက်ခိုက်မှုမှာ ဒီလောက် လေးလံအောင် ဘယ်လိုလုပ်ပါ့မလဲ”
ကျန်းဝေ့ရုတ်က ရယ်မောပြီး ခေါင်းယမ်းလိုက်သည်။ "ဒါဆို ယန်မိသားစုက ဘာလိုချင်တာလဲ။ ဒီလိုလုပ်ရင် သူတို့အတွက် ကောင်းကျိုးလုံးဝမရှိပါဘူး။ အဲဒီအစား အများကြီး ဆုံးရှံးရမှာ”
“ ပြီးတော့ ဂိုဏ်းက ယန်မိသားစုကို အပြစ်ပေးထားတယ်။ ထပ်မသိချင်ပါနဲ့တော့။ အခြားသူတွေ မကြားအောင် သတိထားပြောနော်။ မဟုတ်ရင် ယန်မိသားစုက ဒုက္ခပေးလိမ့်မယ်”
ကျောင်းတွင် ယန်မိသားစု၏ တပည့်များစွာရှိသည်။ ပိုင်ရှောင်ထုံက လျှာထုတ်ပြီး တခြားဘာမှ မပြောတော့ပေ။
တစ်ဖက်တွင် လင်းရှန်သည် စဉ်းစားတွေးတောနေသည်။
သို့သော် ဤကိစ္စကို သူ့စိတ်ထဲမှ အလျင်အမြန် ဖျောက်ထားလိုက်သည်။
ငါးမျှားတာပဲဖြစ်ဖြစ် ၊ တစ်ခုခုပဲ ဖြစ်ဖြစ် သူနှင့်မသက်ဆိုင်ပေ။
ကျန်းဝေ့ရုန်နဲ့ ခဏလောက် စကားစမြည်ပြောပြီးနောက် လင်းရှန်က နှုတ်ဆက်ကာ ပြည်တွင်းရေးရာဌာနကို တန်းတန်းမတ်မတ် သွားလိုက်သည်။
သူပြည်တွင်းရေးရာဌာနသို့ လျှောက်သွားသည်နှင့် သူ့အသိအကျွမ်းဟောင်း ထောင်ကျုံးပိုင် နှင့် တွေ့သည်။
လင်းရှန်ကိုမြင်လိုက်ရတော့ ထောင်ကျုံးပိုင်သည် ပြုံးမပြခင် ခဏလောက် အံ့အားသင့်သွားသည်။
“ လင်း၊ မတွေ့တာတာ ကြာပြီ။ ဒီမနက် ငှက်ကျားတွေ ခေါ်သံကြားရတာ မအံ့သြပါဘူး။ လေးစားရတဲ့ ဧည့်သည်တစ်ယောက် ရောက်လာတာပဲ”
သူသည် လှိုဏ်ဂူအတွင်း ငှက်ကျားများကို မည်သို့ရှာတွေ့နိုင်သနည်း။
လင်းရှန်က ပြုံးသာ ပြုံးပြလိုက်သည်။
"မတွေ့တာကြာပြီ လက်ထောက် ထောင်”
လင်းရှန်က သူ့ရည်ရွယ်ချက်တွေကို မရှင်းပြခင်မှာ သူတို့နှစ်ယောက်က ပျော်ရွှင်စရာတွေ ဖလှယ်ကြသည်။
ထောင်ကျုံးပိုင်က လုပ်ထုံးလုပ်နည်းတွေလုပ်ဖို့ လင်းရှန်ကို ခြံဝင်းထဲကို ချက်ချင်း ခေါ်သွားသည်။
မကြာမီတွင် လင်းရှန်သည် အထောက်အထား တိုကင်နဲ့ အဆင့်-A သင်ကြားရေးခန်းအတွက် ခြင်း တိုကင်ကို လက်ခံရရှိခဲ့သည်။
"ဂုဏ်ယူပါတယ် တာအိုသခင်လင်း "
ထောင်ကျုံးပိုင်သည် အပြုံးများပြည့်နှက်နေသော မျက်နှာဖြင့် ချီးကျုးခဲ့ပြီး သူ၏အမူအရာမှာ ယခင်ကထက်ပင် စိတ်အားထက်သန်ကာ ဂရုစိုက်နေခဲ့သည်။
"ကျောင်းကို ဝင်လာပြီး နှစ်ဝက်မပြည့်ခင်မှာ ကောင်းကင်အဆင့် တပည့်ဖြစ်လာခဲ့တာပဲ။ မင်းက ကျောင်းမှာ တကယ်ကိုတစ်ဦးတည်းသောသူပဲ။ မင်း အထက်အိမ်တော်ကို ဝင်ဖို့လည်း သိပ်မကြာလောက်ဘူး”
"ထောင်ရဲ့ ကြင်နာတဲ့စကားအတွက် ကျေးဇူးတင်ပါတယ်" လင်းရှန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ထောင်ကျုံးပိုင်သည် ထက်မြက်သူဖြစ်သည်။ လင်းရှန်မှာ တခြားကိစ္စရပ်တွေ ရှိနေကြောင်း သိတာမို့ တခြားဘာမှ မပြောဘဲ ယဉ်ကျေးစွာ ပြန်လွှတ်လိုက်သည် ။
လင်းရှန်ထွက်သွားတာကိုကြည့်ပြီး ထောင်ကျုံးပိုင်က သက်ပြင်းချလိုက်သည်။
ထိုအချိန်က ခုန်မင်က လင်းရှန်အား မိတဆက်ပေးသောအခါ လင်းရှန်သည် ကျောင်းကို အနှေးနှင့်အမြန် တုန်လှုပ်သွားစေလိမ့်မည်ဟု သူထင်ခဲ့သည်။
ဤမျှ လျင်မြန်ပြီး ထိတ်လန့်စရာ ဖြစ်လာမည်ဟု မည်သူက ထင်မည်နည်း။
ရလဒ်အနေဖြင့် လင်းရှန်၏အနာဂတ်က အကန့်အသတ်မရှိတော့ပေ။
"ထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ငါ့မှာ တာအိုသခင်လင်းနဲ့ ဆက်ဆံရေးတစ်ခုရှိခဲ့တာပဲ။ သူနဲ့ နွေးနွေးထွေးထွေး မနေနိုင်ရင်တောင်မှ နောင်ကျရင် ဒါကစကားစမြည်ပြောစရာ
ဖြစ်လာပါလိမ့်မယ်..."
ထောင်ကျုံးပိုင်က ဝမ်းသာအားရ တွေးလိုက်သည်။
လင်းရှန်က ဗီလာကို ပြန်သွားခဲ့သည်။
လင်းရှန် ဝင်လာတော့ အိုက်က ဆိုဖာပေါ်မှာ လဲလျောင်းနေပြီး ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ဆန့်တန်းနေတာကို တွေ့လိုက်ရသည်။
တံခါးဖွင့်သံကြားတော့ အိုက်က မော့ကြည့်လိုက်ပြီး လင်းရှန်ကို တွေ့လိုက်ရသည်။ လူသားနှင့်တူသော အံ့ဩမှုတစ်ခုကသူမ၏မျက်နှာပေါ်တွင် ချက်ချင်းပေါ်လာသည်။
"လင်းရှန် နင်ပြန်လာပြီ”
ပခုံးပေါ်သို့ အိုက် ခုန်တက်လာသည်ကို ကြည့်ရင်း လင်းရှန်က ပြုံးလိုက်သည်။
"မကြာသေးခင်က တစ်ခုခုဖြစ်ခဲ့သေးလား?"
ပေါ့ပေါ့ပါးပါးမေးခွန်းတစ်ခုသာဖြစ်သော်လည်း အိုက်က ခေါင်းညိတ်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ရက်က ဗိုလ်ချုပ်ကို သွားတွေ့တယ်။ သူက နင်နဲ့တွေ့ချင်တယ်
လို့ပြောတယ်.."