အကြင်နာမဲ့ သတ်ဖြတ်ခြင်း။
Vol. 90 Ch. 1259
အမျိုးသမီး၏ ပါးပြင်၌ လက်ငါးချောင်း ရာကြီး၊ ထင်ဟပ်လာပြီး ဆံပင်များ ဖွာလန်ကျဲ သွားသည်။
ဤမြင်ကွင်းက လူတိုင်း၏ နှလုံးသားကို ထိတ်လန့် သွားစေ၏။ လင်းယွန်မှာ ကျင့်ကြံမှု အားနည်း သော်လည်း၊ သန်မာမှန်း သူတို့ သိသည်။
သို့သော် အမျိုး သမီး တစ်ဦးကို ပါးရိုက် လိမ့်မည်ဟု မထင် ထား သောကြောင့်၊ အသက် ရှူ မှားသွား ကြ၏။
“ နင် ... နင် ငါ့ကို ရိုက်ဝံ့ သလား၊ လူယုတ်မာ မိုးကြိုး ဂိုဏ်းရဲ့ ဒေါသကို နင် ရင်ဆိုင် ရ လိမ့်မယ်။ ”
“ မင်း ... ကြိုက် သလို တွေးနိုင်တယ်၊ ထွက်သွား ... ၊ မင်းကို အနားမှာ မတွေ့ ချင်ဘူး။ ”
မတ်တပ် ရပ်ရန် ရုန်းကန် နေသော အမျိုးသမီးကို လင်းယွန်က ရွံရှာ စွာဖြင့်၊ လက်ပြ လိုက်သည်။
မိုးကြိုး မုန်တိုင်းက တစ်ဖန် ပြန်လည် စုရုံး လာပြီး၊ အပြာရောင် နဂါး အဖြစ် အမျိုး သမီးကို အဝေးသို့ တွန်းပို့ တော့သည်။
အဆုံးတွင် နဂါးဓား ရောင်ဝါကို ဆုပ်ကိုင် ထားမှန်း၊ နားလည် လိုက်ကြသည်။ ထို့ကြောင့် မိုးကြိုး မုန်တိုင်း ရည်ရွယ် ချက်အား၊ အသုံးပြု နိုင်ခြင်း အပေါ် မအံ့ဩ တော့ချေ။
“ ငါတို့ကို လက်စားချေ ပေးလို့ ကျေးဇူး တင်ပါတယ်။ ”
“ မိုးကြိုး ဂိုဏ်းက အရမ်း လွန်တယ်၊ ငါတို့လို အပြာရောင် စံအိမ်က ကျင့်ကြံ သူတွေ ကို၊ မျက်လုံးထဲ မထား ကြဘူး။ ”
အမျိုး သမီးကြောင့် ဒူးထောက် ရသူ အနည်းငယ်က၊ မတ်တပ် ထရပ်ကာ လင်းယွန် ကို ကျေးဇူးတင် စကား ဆိုသည်။
သည်လူများ အပေါ် စာနာ သော်လည်း၊ သူတို့ အတွက် သူရဲကောင်း ဝင်လုပ်ခြင်း မဟုတ် ချေ။
သူအား မစော် ကားသော်၊ မည်သူ့ ကိုမျှ ရိုက်နှက်မည် မဟုတ်ဘဲ၊ ဤအမျိုး သမီးမှ ဦးစွာ တိုက်ခိုက် လာခဲ့ သဖြင့်၊ လက်တုန့် ပြန်မိခြင်း ဖြစ်သည်။
“ အဆင်ပြေ ပါတယ်။ ”
ထို့ကြောင့် ပေါ့ပေါ့ ပါးပါးပင်၊ ပြန်ပြော လိုက်သည်။ အပြာရောင် စံအိမ် နယ်မြေ၏ ကျင့်ကြံသူ များက ခေါင်းညိတ်ကာ၊ လေးလေး စားစား ကြည့်လာ ကြ၏။
ထို့နောက် လင်းယွန်က ကြယ်သွေးရောင် သစ်သီးထံ လျှောက်လှမ်း သွားသည်။ ၎င်းနှင့် အတူ အခြားသော နှစ်တစ်ထောင် သက်တမ်း ရှိသည့်၊ သစ်သီး များနှင့် ဆေးဖက်ဝင် အပင် များလည်း ရှိနေ၏။
သစ်သီးကို ခူးယူကာ၊ စစ်ဆေး မိသည်။ သင်းပျံ့သော မွှေးရနံ့ များနှင့် အတူ၊ ပတ္တမြား ကဲ့သို့ နီထွေး နေ၏။ လက်ဖြင့် ဆုပ်ကိုင် လိုက်သော အခါတွင်၊ နှလုံး အလား၊ တဒိတ်ဒိတ် ခုန်လာသည်။
( ဧကရီ ... ၊ အက်ကွဲ ကြောင်းက ထွက်လာတဲ့ သက်တံရောင် အလင်းက၊ အစစ် အမှန် ပဲလား။ )
( မဟုတ်ဖူး၊ ကောင်းကင် သက်တံရဲ့ အလင်းက ပို သန့်စင်တယ်၊ ငါ အရင်က သူ့ကို မြင်ဖူးတယ်၊ ကောင်းကင် သက်တံနဲ့ ထိတဲ့ အသီး အနှံ တိုင်းမှာ၊ ...
... နတ်သူတော်စင် ရောင်ဝါ ပါတယ်၊ ဒီသက်တံက သွေ့ရော် မဟာ သူတော်စင် ဆီက လာတဲ့ အလင်းပဲ၊ ကြည့်ရတာ သူက ဘဝ ရည်ရွယ် ချက်ကို ...
... ဆုပ်ကိုင် ထားပုံ ရတယ်၊ ဒါကြောင့် သူသေဆုံးတဲ့ အခါ၊ သူတော်စင် ရောင်ဝါက၊ ကောင်းကင် သက်တံ အလင်းလို တောက်ပ လာတာပဲ။ )
ခရမ်းငယ်မှ ရှည်လျားစွာ ရှင်းပြ လာသည်။
( ဘဝ ရည်ရွယ်ချက် ဆိုတာ ဘာလဲ။ )
( အသက်နဲ့ ဆိုင်တဲ့ ရည်ရွယ်ချက်ပဲ ... ၊ ဒါပေမယ့် ဒီလောက ကြီးမှာ၊ မဖြစ် မနေ သေရ မှာမို့၊ ဒါက မပြည့်စုံတဲ့ ရည်ရွယ်ချက် မျိုးပါ၊ ...
... ဘဝ ဆိုတာ သေခြင်း တရား နဲ့သာ အဆုံးသတ် ရတယ်၊ ဒါကြောင့် ဘဝ ရည်ရွယ် ချက် ဆိုတာ၊ အသက်-သေခြင်း တာအိုပဲ။ )
ဘဝ တစ်ခု ဖြစ်တည် ချိန်၌၊ အသက်နှင့် သေခြင်းကို နားလည် ထားရန် လိုအပ်ကြောင်း၊ လင်းယွန် သိလိုက် ရသည်။
သေဆုံး ပြီးနောက်၊ သွေ့ရော် မဟာ သူတော်စင်၏ မပြည့် စုံသော ဘဝ ရည်ရွယ် ချက်သည်၊ ကောင်းကင် သက်တံ အလင်းနှင့် အလား သဏ္ဍာန် တူလာ၏။
ထို့ကြောင့် သွေ့ရော် ကျွန်းရှိ၊ ဆေးဖက်ဝင် အပင်များ၊ မည်မျှ အစွမ်းထက် မည်ကို သိချင် လာမိ တော့သည်။
ကြက်သွေးရောင် သွေး သစ်သီးကို ကိုင်လျက်၊ သွေ့ရော် ကျွန်းကို ဖုံးလွှမ်း နေသော မိုးကြိုး မုန်တိုင်း များထံ၊ မျှော်ကြည့် လိုက် မိသည်။ ထို့စဉ် ခရမ်းငယ် အသံက အလော တကြီး ထွက်ပေါ် လာ၏။
“ သ တိ ထား ... ။ ”
ဓားရောင်ဝါ တစ်စင်းက သူ့ထံ ဦးတည် လာခြင်း ဖြစ်၏။ သွေ့ရော် ကျွန်းသို့ အာရုံ ရောက် မိစဉ်၊ အမျိုး သမီးမှ ခိုးဝင် တိုက်ခိုက် လာခြင်း ဖြစ်သည် ။
သူမ နက္ခတ် ကိုပင် ထုတ်ဖော် ထား၏။ ပန်းချီကားသည် ကြက်သွေးရောင် မီးလျှံ ဖြင့်၊ ထုပ်ပိုး ထားသော ဓားတစ်လက် ဖြစ်သည်။
ဓားသမား အများ စုမှာ၊ ၎င်းတို့၏ နက္ခတ်များကို၊ ဓားပုံစံ အမျိုး မျိုး ဖွဲ့စည်း ကြသည်။
ပုံဖော်ရန် ရိုးရှင်း ရုံသာမက၊ ဓားသမား များအတွက်၊ ပြီးပြည့် စုံသော လိုက်ဖက်မှု ဖြစ် လေသည်။
ပန်းချီကား ထဲတွင် လျှပ်စီးနှင့် မီးလျှံများ အပြင်၊ လမင်း တစ်စင်း သည်လည်း ထွန်းလင်း နေသည်။
ယင်းက ပန်းချီကားနှင့် ၎င်း အတွင်းရှိ ရည်ရွယ်ချက် တို့ကို၊ ပို၍ နားမလည် နိုင်အောင် ဖြစ်စေ ၏။
၎င်းသည် ဂိုဏ်းကြီး များ၏ အခြေခံ အုတ်မြစ် ဖြစ်ပြီး၊ သူမ အတွက် အလွန် အသုံး ဝင်သော ပန်းချီကား ဖြစ်သည်။
ထို့ကြောင့် တိုက်ခိုက် မှုသည် အလွန် ရက်စက် ကြမ်းကြုတ် လှကာ၊ ဦးခေါင်း ထံသို့ ဦးတည် နေပေ၏။
“ ဝှစ် ... ။ ”
သို့သော် လင်းယွန်မှာ ထိတ်လန့် သွားခြင်း မရှိဘဲ၊ သူ့ခန္ဓာ ကိုယ်ကို စောင်းပြီး၊ ရှောင်တိမ်း လိုက်သည်။
“ ဒါက ... နင့် ခွန်အားလား ... ၊ နောက်ဆုံးတော့ ကြယ်စင်စု အဆင့် မှာသာ ရှိတဲ့၊ အမှိုက် တစ်စ ပါပဲ၊ အခု သွားသေ လိုက်တော့ ... ။ ”
အမျိုး သမီးက လေထဲ ၌ပင်၊ ဓားကို ဦးတည်ချက် ပြောင်းကာ၊ ထပ်မံ တိုက်ခိုက် လိုက်သည်။
လက်ထဲရှိ ဓားမှ၊ သူတော်စင် ရူရ် (၇၀၀) ကျော်၊ တောက်ပ လာ၏။ အခြားသူ တစ်ဦးသာ ဆိုသော်၊ ထိုရူရ် များ၏ ရောင်ဝါကြောင့်၊ ကန့်သတ် ခံရမည် ဖြစ်သည်။
“ ရွှပ် ... ။ ”
ဓားက လျင်မြန် လွန်းပြီး၊ လင်းယွန် လည်ပင်းကို ဖြတ်သွား၏။ လည်ပင်းမှ သွေးစ ထွက်လာ သည်ကို မြင်ချိန်၌၊ အမျိုး သမီးက၊ ပြုံးသည်။
သို့သော် ဒဏ်ရာမှာ ဆက်၍ ကြီးမား လာခြင်း မရှိဘဲ၊ သွေးပင် မထွက် တော့သဖြင့်၊ အပြုံးများ ပျောက်ကွယ် သွားသည်။
“ မဖြစ် နိုင်တာ ... ၊ သေ စမ်း။ ”
အမျိုး သမီးက ဒေါသနှင့်၊ လင်းယွန် နဖူးထံသို့ ဓားဖျားကို ပြောင်းလဲ ထိုးချ လိုက်၏။ သို့သော် လင်းယွန်မှာ ဓားကို လက်ချောင်း နှစ် ချောင်းဖြင့်၊ ညှပ်ကာ ဖမ်းယူ ထားသည်။
“ လွတ်စမ်း ... ၊ နင် ... ငါ့ကို သတ်ရင်၊ နင်သာ မကဖူး၊ နင့်ရဲ့ ဂိုဏ်းလည်း ဒုက္ခ ရောက် လိမ့်မယ် ။ ”
ဓားမှာ လင်းယွန် လက်မှ မည်သည့် နည်းနှင့်မျှ၊ မလွတ် သဖြင့်၊ အမျိုး သမီး ခမျာ၊ ကြောက်ရွံ့ သွားသည်။ ထို့ကြောင့် ခြိမ်းခြောက်ရန် ကြိုးစား မိ၏။
ယင်းက သူမ အမှား ပေပင်။ လင်းယွန် မျက်လုံးများ ပို၍ အေးစက် လာပြီး၊ နဂါးဓား ရောင်ဝါကို ထုတ်ဖော် လာ၏။
“ ခရစ် ... ။ ”
နောက်တစ် စက္ကန့်တွင် လက် နှစ်ချောင်းဖြင့်၊ ဖမ်းထားသော သူတော်စင် ရူရ် (၇၀၀) ဓား၌၊ အက်ကြောင်းများ ထင်လာပြီး၊ ကျိုးကျ သွားသည်။
အမျိုးသမီး ခမျာ သွေး အန်လျက်၊ ပန်းချီကား ကွဲသွားသည်။ ဤ ဖြစ်စဉ်ကြောင့် လုံးဝ ကြောက်လန့် သွား၏။
“ သူက ဘယ်သူလဲ။ ”
“ ဒီလောက် အစွမ်း ထက်တဲ့၊ လူရဲ့ နာမည်ကို ငါတို့ ဘယ်သူမှ မကြား ဖူးတာ၊ အဓိပ္ပာယ် မရှိဘူး။ ”
သူတော်စင် ဓား တစ်လက်အား၊ ပေါ့ပေါ့ ပါးပါး ချိုးပြ ခဲ့သော လင်းယွန်ကို ကြည့်ကာ၊ လူတိုင်း ရင်၌ သို့သော သို့သော ဖြစ်လာ ကြသည်။
အမျိုး သမီးမှာ ကောင်းကင်မှ ပြုတ်ကျ နေစဉ်၊ သူ့လက်ကို အကြိမ် ပေါင်းများစွာ ယမ်း ခါပြီး၊ နဂါးဓား ရောင်ဝါ၏ စွမ်းအားကို ဖြိုခွဲ မိသည်။
သို့သော် လုံးလုံး မကာကွယ် နိုင်ခဲ့ချေ။ သွေးများဖြင့် ဖုံးလွှမ်း လာပြီး၊ နာကျင် မှုကြောင့် မောက်မာသော အကြည့်မျိုး ပျောက်ကွယ် သွားလေသည်။
“ ရပ် ... နင် ငါ့ကို သတ်ရင် ... ၊ နင့် ဂိုဏ်းသာ မကဘူး၊ နင်ချစ်တဲ့ လူတိုင်း သေရ လိမ့်မယ်။ ”
သည်တစ်ကြိမ်၌ အမျိုး သမီးမှာ အရမ်း ကြောက်သွားသည်။ သေလုလု ဒဏ်ရာများ ရရှိ ထားပြီ ဖြစ်သဖြင့်၊ အကြောက် တရားကို စကားလုံး ဖြင့်ပင် မဖော်ပြ နိုင်ချေ။
သို့သော် သူမ စကား များမှာ၊ လင်းယွန်၏ သတ်ပစ်ချင် စိတ်အား၊ တိုးပွားလာ စေသည်ကို မသိခဲ့ သည်မှာ သနား စရာ ပေပင်။
လင်းယွန် အတွက်မူ၊ သူဘေးရှိ လူများနှင့် ခြိမ်းခြောက်ခြင်း အပေါ်၊ အမုန်းဆုံး ဖြစ်သည်။ မဆိုင်း မတွဘဲ၊ ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်ပြီး၊ ခုတ်ပိုင်းချ လိုက်၏။
နဖူး ပေါ်၌ သွေးများ စိမ့်ထွက် လာကာ၊ အမျိုး သမီး၏ မျက်လုံးများ ပြူးကျယ် သွားလေ သည်။
“ ဘာဖြစ် သွားတာလဲ၊ ငါ ရှင်းရှင်း လင်းလင်း မမြင် လိုက်ရဘူး။ ”
“ ဒီဓားက မြန်လိုက်တာ။ ”
ဓားချက်ကို မမြင်လိုက် ရ သောကြောင့် လူအုပ်မှာ၊ ရှုပ်ထွေး သွားသည်။ အလင်းရောင် မျှသာ မြင်လိုက် ရပြီး၊ ပြန်ကြည့် မိချိန်၌ ဓားက ဓားသေတ္တာထဲ ပြန်ရောက် နေပြီ ဖြစ်သည်။
တစ်ခုခု ဖြစ်သွားမှန်း သိသော်လည်း၊ မည်သည့် အရာ ကိုမျှ ရှာမတွေ့ နိုင်သေးချေ။ ထို့စဉ် အမျိုးသမီး နဖူး၌ ပြတ်ရှရာ တစ်ခုပေါ် လာပြီး၊ ခန္ဓာကိုယ် နှစ်ပိုင်း ကွဲသွား တော့၏။
***