မာန်တက်သွားသော ချင်မူ
Vol. 63 Ch. 837
ယွီဟုန်ရှို့မှာ ချင်မူ့ကို မယုံပေ။ ဖြောင့်မတ်တည်ကြည်သော တာအိုသခင်လင်းရွှမ်နှင့် ယှဉ်လျှင် ချင်မူက အနည်းငယ် ဉာဏ်နီဉာဏ်များပြီး မရိုးသားသည့်ပုံစံ ရှိသည်။ ထို့ကြောင့် သူမ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းထဲ မဝင်လိုပေ။
လင်းရွှမ်က အလွန်ကျေနပ်နေပြီး ချင်မူ့ကို တစ်ချက်တစ်ချက် လှမ်းကြည့်ကာ မဖုံးနိုင်မဖိနိုင် အားရနေတော့သည်။
ချင်မူက သူ့လူများကို အမြဲဖြတ်လုတတ်သည် မဟုတ်ပါ၏လော။ တာအိုဂိုဏ်းရှိ တာအိုရသေ့များသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ သွား၍ အရာရှိအမှုထမ်းများ လုပ်ကြပြီး တချို့ဆိုလျှင် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်တွင် ပညာသင်ရန် ထွက်သွားကြ၏။ တာအိုဂိုဏ်းတက္ကသိုလ် ငုတ်တုတ်ရှိနေသည့်တိုင် အငယ်မျိုးဆက်အများစုကလည်း ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကိုသာ သွားရောက်လိုကြသည်။
တာအိုသခင်ဖြစ်သော သူကိုယ်တိုင်မှာလည်း တစ်ချက်တစ်ချက် ချင်မူ့ကျော့ကွင်းထဲ ကျသွားတတ်သည်။ သူ့တာအိုနှလုံးသားကို မထိန်းချုပ်နိုင်ဘဲ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းထဲ ဝင်လိုစိတ်များ ပေါ်လာဖူး၏။
ချင်မူ့ဆီက လူလုရန်မှာ မည်မျှ ခက်လှသနည်း။ ယနေ့တော့ သူ လုနိုင်ခဲ့ချေပြီ။
****
ချင်းယွင်ကောင်းကင်ဘုံ
ချင်းယွင်ဂိုဏ်းခေါင်းဆောင်မှာ သူတို့ပြန်လာကြသည်ကို မြင်လျှင် အံ့အားသင့်သွားတော့သည်။ လင်းရွှမ် အကျိုးအကြောင်း ရှင်းပြသည့်အခါမှ သူ၏သံသယများ ပပျောက်သွားလေသည်။
“ယွီချိန်ကျစ်က အမိကမ္ဘာမြေအပေါ် အပြစ်ပုံချဖို့ ပြင်ဆင်နေပြီ... အလောင်းတွေကို အမိကမ္ဘာမြေရဲ့ ပိုင်နယ်အလယ်ကို ပို့ရမယ်... အလောင်းတွေ မဖြန့်ထားခင် မိုင်တစ်ရာပတ်ပတ်လည်မှာ တိုက်ပွဲဖြစ်ခဲ့တဲ့ သဲလွန်စတွေ ဖန်တီးမယ်... သားရဲဟိန်းသံနတ်ဘုရားမျိုးနွယ် လာစစ်ဆေးရင်တောင် အမိကမ္ဘာမြေရဲ့ လက်အောက်က နတ်ဘုရားတစ်ပိုင်းတွေ သူတို့ကို ချုံခို တိုက်ခိုက်ခဲ့တာလို့ပဲ ဆုံးဖြတ်နိုင်လိမ့်မယ်”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်က ပြောသည်။ “စိတ်မပူနဲ့... ယွီချိန်ကျစ်က ပါးနပ်သလို ၊ သင်္ချာစွမ်းရည်လည်း မြင့်တယ်... သူ ဒီကိစ္စကို သဲလွန်စမကျန်အောင် ရှင်းပေးပါလိမ့်မယ်”
ချင်မူ ခေါင်းညိတ်လိုက်သည်။ ချင်းယွင်ကောင်ကင်ဘုံက တာအိုဂိုဏ်း၏ အခွဲဖြစ်သည့်အတွက် သင်္ချာစွမ်းရည် ကျွမ်းကျင်သည်မှာ ယုံမှားစရာမရှိပေ။ ကောင်းကင်နတ်ဘုံသည် ကောင်းကင်မြေပုံအသစ် ဖန်တီးလိုသည့်အခါတွင်ပင် ချင်းယွင်ကောင်းကင်ဘုံ၏ တာအိုရသေ့များအား ဖိတ်ခေါ်ခဲ့ရသည် မဟုတ်လော။
ချင်းယွင်ဂိုဏ်းခေါင်းဆောင် တန်ဖိုးထားသော လူတစ်ယောက်ပီပီ ယွီချိန်ကျစ်သည် အက္ခရာသင်္ချာတွင် အတိုင်းထက်အလွန် အဆင့်မြင့်မားလိမ့်မည်။ ရှုပ်ထွေးသော သင်္ချာသဘောတရားများကိုပင် နားလည်နိုင်သည့်သူ ဖြစ်သည့်အလျောက် သဲလွန်စမကျန်အောင် ရှင်းပေးနိုင်လိမ့်မည်။
“မိတ်ဆွေလေးရှောင်နဲ့ မိတ်ဆွေလေးယွီတို့နှစ်ယောက် သေသွားတဲ့သတင်း လွှင့်ဖို့ကိစ္စက နည်းနည်းခက်လိမ့်မယ်”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်သည် ရှောင်ချွင်းဖုန်းနှင့် ယွီဟုန်ရှိ့ကို တစ်ချက်ကြည့်လိုက်၏။ “နှစ်ယောက်စလုံးက ကောင်းကင်နတ်ဘုံမှာ နာမည်တွေ၊ မျိုးရိုးတွေ ရှိနေတာမဟုတ်လား... ကောင်းကင်နတ်ဘုံအနေနဲ့ သူတို့ဘယ်ရောက်နေလဲ၊ သေလား၊ ရှင်လား သိချင်ရင် သေခြင်းရှင်ခြင်းစာအုပ် သုံးလိုက်ဖို့ပဲ လိုတယ်... သေခြင်းရှင်ခြင်းစာအုပ်နဲ့ ဆက်သွယ်နေတာကို ဖြတ်တောက်ချင်ရင် တစ်ခုတည်းသော နည်းလမ်းက သေခြင်းရှင်ခြင်းစာအုပ်ပေါ်က နာမည်တွေကို ဖျက်တာပဲ ရှိတယ်... အဲဒါမှ လိုက်မရှာနိုင်မှာ... ကောင်းကင်နတ်ဘုံဘက်က သေခြင်းရှင်ခြင်းစာအုပ်နဲ့ စစ်ဆေးလိုက်ရင် သေသွားပြီလို့ ပြနေလိမ့်မယ်... ဒါပေမဲ့ သေခြင်းရှင်ခြင်းစာအုပ်ဆိုတာလည်း ရှားမှရှား ရတနာတစ်ပါးပဲ..”
“လွယ်ပါတယ်”
ချင်မူက အပြုံးတစ်ခုဖြင့် ပြောသည်။ “သေခြင်းရှင်ခြင်းစာအုပ်က ကျွန်တော့်မှာတစ်အုပ်ရှိတယ်” ထိုသို့ပြောပြီးနောက် သူက သေခြင်းရှင်ခြင်းစာအုပ် ထုတ်လိုက်သည်။
အားလုံး သူတို့ကို အံ့ဩတကြီး ကြည့်မိကြပြီး ရှောင်ချွင်းဖုန်းက ထအော်သည်။ “မင်းမှာ ဒီလိုရတနာတောင် ရှိတယ်လား”
ချင်မူက ပြုံးနေသည်။ “သေခြင်းရှင်ခြင်းစာအုပ်က အဲဒီလောက် တန်ဖိုးကြီးလို့လား... ငါ့ကို မှော်ဆရာကြီးနဲ့ ရှင်းအန်းဆိုတဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက နောင်တော်နှစ်ယောက် လက်ဆောင်ပေးထားတာပါ... ဒီလိုရတနာမျိုးကို ကောင်းကင်ယင်သားတော်ရဲ့ တပည့်တွေ လက်ထဲမှာတောင် မြင်ခဲ့ဖူးသေးတယ်”
အားလုံး ဆွံ့အသွားသည်။ ယွီဟုန်ရှို့မှာ သူမဘာသာ တွေးမိ၏။ ‘အောက်ဘုံသားတွေက ဆင်းရဲပြီး ချောင်ပိတ်မိနေတဲ့လူတွေကို ပြောကြတာမဟုတ်လား... ဘယ်လိုလုပ်ပြီး သေခြင်းရှင်ခြင်းစာအုပ်တွေ ပေါသောနေပြီး လက်ဆောင်အဖြစ် ပေးနေကြတာလဲ.... အောက်ဘုံက ဆင်းရဲတာလား... ကောင်းကင်နတ်ဘုံက ဆင်းရဲတာလား’
“ဒါက တကယ် သေခြင်းရှင်ခြင်းစာအုပ်ပဲကွ... မြေအောက်ဘုံအရှင်သခင်က ယိုတုရဲ့မဟာတာအိုနဲ့ ဒီရတနာကို ဖန်ဆင်းခဲ့တာ... ဒီကမ္ဘာပေါ်မှာ တစ်အုပ်ပဲ ရှိတယ်... အဲဒီစာအုပ်က တျန်းချိကျွင်း ရဲ့ လက်ထဲမှာပဲ... ကျန်တဲ့သေခြင်းရှင်ခြင်းစာအုပ်တွေက မဟူရာနတ်မင်း ကောင်းကင်ယင်သားတော်နှင့် တျန်းချိကျွင်း တီထွင်ထားတဲ့ အတုတွေ”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်က သေခြင်းရှင်ခြင်းစာအုပ်ကို ယူကြည့်၍ ပြောသည်။ “အတုဆိုပေမယ့် ကောင်းကင်ယင်သားတော် တီထွင်ထားတဲ့ သေခြင်းရှင်ခြင်းစာအုပ်မှာ ယိုတုသေခြင်းရှင်ခြင်းစာအုပ်ထဲ မရှိတဲ့ အစွမ်းတွေ ရှိတယ်... ပြောရရင် မူရင်းစာအုပ်ထက်တောင် ပိုကောင်းသေးတယ်”
သူက သေခြင်းရှင်ခြင်းစာအုပ်ဖွင့်၍ ရှောင်ချွင်းဖုန်းနှင့် ယွီဟုန်ရှို့တို့ဆီ မျက်နှာမူလိုက်ကာ သူတို့၏နာမည်စာရင်းများအား ဖျက်လိုက်သည်။ “ဒီရတနာတွေကို များသောအားဖြင့် လူတစ်ယောက်ရဲ့ နာမည်အစစ်အမှန်၊ သရုပ်မှန်ကို ရှာဖို့ သုံးတတ်ကြတယ်... ဒါပေမဲ့ အဲဒါက အဲဒီစာအုပ်ရဲ့ အစွမ်းလေးတစ်ခုတည်းပဲ ရှိသေးတာ.... အဓိကအစွမ်းက လူမျိုးတုံးသတ်ပစ်နိုင်တဲ့ လက်နက်ပဲ... သာမန်နတ်ဘုရားတစ်ပါးမှ ဒီစာအုပ်ကို မလွန်ဆန်နိုင်ဘူး... ဆိုတော့ အဲဒီမှော်ဆရာကြီးနဲ့ ရှင်းအန်းက ဘယ်လိုလူတွေများလဲ... ငါ့ချင်းယွင်ကောင်းကင်ဘုံအတွက်လည်း အပွားတစ်အုပ်လောက် တောင်းပေးလို့ရလား”
ချင်မူ စာအုပ်ကို ပြန်ယူပြီး ခေါင်းခါလိုက်၏။ “သူတို့လည်း ဒီတစ်အုပ်ပဲ ရှိတာ... လက်ဆောင်ပေးခဲ့တုန်းကဆို နှမြောလို့ ထင်ပါရဲ့ ကျွန်တော့်ကို လိုက်ဖမ်းခဲ့ကြသေးတယ်”
ချင်းယွင်ဂိုဏ်းခေါင်းဆောင် မျက်လုံးပြူး၍ စိုက်ကြည့်လိုက်မိသည်။ ယခုမှ ‘လက်ဆောင်ပေးသည်’ ဆိုသည့် အဓိပ္ပါယ်ကို သူ နားလည်သွား၏။
‘သူပြောတဲ့ လက်ဆောင်ပေးတယ်ဆိုတာ ခိုးလာတာ မဟုတ်ရင် လုလာတာပဲ’
ချင်းယွင်ကောင်းကင်ဘုံသည် ကောင်းကင်နတ်ဘုံမှ သံတမန်တို့၏ အလောင်းများကို ရှင်းလင်းပေးသဖြင့် ချင်မူနှင့် လင်းရွှမ်အတွက် အချိန်ကုန်၊ ပင်ပန်းခံနေစရာမလိုတော့ပေ။ နောက်ပိုင်းကိစ္စများက ချင်မူနှင့် မပတ်သက်တော့ဘဲ လင်းရွှမ်နှင့်သာ ဆိုင်တော့သည်။ လင်းရွှမ်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တာအိုရသေ့များအား ဤနေရာတွင် ပညာသင်ယူခွင့်ပြုရန် ဆွေးနွေးနေ၏။
ယခုအချိန်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တာအိုဂိုဏ်းတက္ကသိုလ် ဖြစ်နေချေပြီ။ သို့ဖြစ်၍ တာအိုဂိုဏ်းသာ ချင်းယွင်ကောင်းကင်ဘုံ၏ ပညာရပ်များကို သင်ယူနိုင်လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့လည်း ပျံ့နှံ့လာလိမ့်မည်။
အထွတ်အမြတ်နယ်မြေကြီး လေးခုစလုံးက တက္ကသိုလ်များ ဖြစ်လာကြသည့်အတွက် သိုင်းလောကဂိုဏ်းများ မဟုတ်ကြတော့ပေ။
မဟာမိုးခြိမ်းသံကျောင်းတော်သည် မိုးခြိမ်းသံတက္ကသိုလ်ကို တည်ထောင်ခဲ့ပြီး ဝမ့်မူရန်ကလည်း ကျောက်စိမ်းမြို့တော်တက္ကသိုလ်ကို ထူထောင်ထားသည်။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကလည်း ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကို တည်ထောင်ခြင်းဖြင့် မိမိတို့ တတ်ကျွမ်းရာ နယ်ပယ်များအား သင်ကြားပေးကြ၏။
ချင်မူက ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကို သုံးရာ့ခြောက်ဆယ်သော ကောလိပ်ကျောင်းများအဖြစ်ပင် ခွဲထုတ်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်လျှောက် ဖြန့်ထားသေးသည်။ စံအိမ်သခင်များနှင့် လက်ထောက်စံအိမ်သခင်များက ပညာသင်ကြားရေးအတွက် တာဝန်ယူကြကာ တိုင်းပြည်တိုးတက်ရေးအား ရှေ့ရှုကြသည်။
အထွတ်အမြတ်မြေကြီးလေးခုအပြင် အတိတ်တုန်းက သိုင်းဂိုဏ်းများသည်လည်း ပြုပြင်ပြောင်းလဲမှုရေစီးကြောင်းနှင့်အတူ ပြောင်းလဲလာကြပြီး အခြေခံစာသင်ကျောင်းများ၊ ကောလိပ်ကျောင်းများ တည်ထောင်ကြ၏။ ပြုပြင်ပြောင်းလဲမှုနှင့် လိုက်ပါမရှင်သန်လျှင် သူတို့အားလုံး ဤခေတ်တွင် အရည်အချင်းမပြည့်မှီတော့ဘဲ ကျန်ရစ်ခဲ့ရလိမ့်မည်။
ရိုးရာအစဉ်အလာများကို မစွန့်ပစ်နိုင်၍ ပေခံနေကြသော ဂိုဏ်းများမှာ အပြင်အင်အားစုများဖြင့် ရှင်းပစ်စရာပင် မလိုပေ။ လူအရေအတွက် နည်းပါးလာသည်နှင့်အမျှ အလိုအလျောက် တိမ်ကောပျောက်ကွယ်သွားကြရသည်။
ဤသည်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ရေစီးကြောင်းဖြစ်သည်။ ရေစီးကြောင်းသည် ရေလှိုင်းကြီးလို အရှိန်ပြင်းပြင်း စီးဆင်းနေ၏။ လမ်းတွင် ပိတ်ရပ်နေသူတိုင်း အရှိန်နှင့် တိုက်ချခံမည်။ သင်္ဘောများ၊ ဖောင်များတည်ဆောက်၍ ရေစီးနှင့်အတူ လိုက်ပါလာသူများသာ ရှင်သန်နိုင်လိမ့်မည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှု စတင်ခဲ့သော နှစ်သို့ ပြန်တွေးကြည့်လျှင် သိုင်းဂိုဏ်းများသည် ဧကရာဇ်အတိုင်ပင်ခံကို သတ်၍ ဧကရာဇ်ကိုလည်း အသစ်တင်မြှောက်ရန် ကြိုးပမ်းခဲ့ကြ၏။ ပုန်ကန်မှုများလည်း နေရာအနှံ့ပြည့်နှက်နေခဲ့သော်လည်း ယခုတွင် သိုင်းဂိုဏ်းမှန်သမျှ ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းနှင့်အတူ လိုက်ပါရုံအပြင် ရွေးချယ်စရာမရှိတော့ပေ။
ချင်မူနှင့် လင်းရွှမ်မှာ အတိတ်ကို ပြန်တွေးမိရင်း ရင်ထဲတွင် စိတ်အားတရှိန်းရှိန်း တက်လာကြသည်။
“ဂိုဏ်းသခင်၊ ကောင်းကင်နတ်ဘုံက လွှတ်လိုက်တဲ့ ဂိုဏ်းသားတွေက မင်းနဲ့ တာအိုသခင်ရဲ့ လက်ချက်ကြောင့် သေခဲ့ရပေမယ့် .... ကောင်းကင်နတ်ဘုံဟာ နောက်တစ်သုတ် လွှတ်ပြီး ကောင်းကင်မြေပုံ ရေးဆွဲခိုင်းဦးမှာပဲ... ကမ္ဘာဦးဘုံထဲမှာ ပုန်ကန်နိုင်ခြေရှိတဲ့ မျိုးစေ့မှန်သမျှ သတ်ပစ်ဦးမှာပဲ”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်က သူတို့ကို ပြန်လိုက်ပို့ပြီး ပြောသည်။ “ကောင်းကင်နတ်ဘုံရဲ့ သံတမန်တွေ ထပ်ရောက်လာရင် ငါတို့ချင်းယွင်ကောင်းကင်ဘုံအနေနဲ့ ကောင်းကင်နတ်ဘုံ ကောင်းကင်မြေပုံ ဖန်တီးနိုင်အောင် ကူညီပေးရုံအပြင် ရွေးချယ်စရာမရှိဘူး... တာအိုဘိုးဘေးကြီးက ရှင်းရှင်းလင်းလင်း မရပ်တည်သေးတော့ ငါ့ရဲ့ ချင်းယွင်ကောင်းကင်ဘုံလည်း ကောင်းကင်နတ်ဘုံကို သစ္စာမဖောက်နိုင်သေးဘူး... ဒီကိစ္စအတွက် ဂိုဏ်းသခင် ငါတို့ကို ခွင့်လွှတ်ပေးပါ”
ချင်မူ့မျက်နှာအမူအရာက လေးနက်နေသည်။ “ဂိုဏ်းခေါင်းဆောင်၊ မပူပါနဲ့... ကျွန်တော် နားလည်ပါတယ်”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်သည် ပြုံးလိုက်ပြီး ဆက်ပြော၏။ “နောက်တစ်ခု ရှိပါသေးတယ်... ငါ့ချင်းယွင်ကောင်းကင်ဘုံရဲ့ ရတနာတွေ ခိုးသွားတဲ့ အဲဒီတစ်ယောက်က ဂိုဏ်းသခင်နဲ့ ဘယ်လိုပဲ ပတ်သက်နေပါစေ ချင်းယွင်ကောင်းကင်ဘုံအနေနဲ့ သူ့ကို လိုက်ဖမ်းပြီး ရတနာတွေ ပြန်ယူရပါလိမ့်မယ်... ဒီကိစ္စအတွက်လည်း ဂိုဏ်းသခင် ငါတို့ကို ခွင့်လွှတ်ပေးပါ”
သူက သက်ပြင်းချသည်။ “ဒီသူခိုးနတ်ဘုရားကို ဖမ်းပြီး ရတနာတွေ ပြန်ယူနိုင်မယ်လို့ ယုံကြည်ချက် မရှိပေမယ့် ချင်းယွင်ကောင်းကင်ဘုံရဲ့ အရေးနဲ့ ပတ်သက်နေတာမလို့ လိုက်ကို လိုက်ဖမ်းရမှာပါ”
ချင်မူ ရှက်သွားပြီး ပြောလိုက်သည်။ “ဂိုဏ်းခေါင်းဆောင် သူ့ကို သက်ညှာပေးဖို့တော့ မျှော်လင့်ပါတယ်... ဟုတ်သား၊ ဂိုဏ်းခေါင်းဆောင် ... ကျွန်တော့်ကို တောင်တစ်လုံးလောက် ပေးလို့ရလား”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်က အကြောင်းရင်းမေးပြီးနောက် ဟက်ခနဲ ရယ်၏။ “အသေးအဖွဲလေးပါ... ကြိုက်တဲ့တောင်သာ ရွေးလိုက်... နတ်ဘုရားပိုင်ရှီ နာမည်ပြောင်းပြီး နေနိုင်ပါတယ်”
ချင်မူလည်း ကျေးဇူးတင်စကားဆို၍ တာအိုသခင်လင်းရွှမ်နှင့်အတူ ချင်းယွင်ကောင်းကင်ဘုံမှ ထွက်လာခဲ့သည်။ နဂါးချီလင်နှင့် ရေချီလင်ကိုလည်း ခေါ်လာကြသည်။
တိကျန်းစီရင်စုဘေးတွင် ချင်မူက နတ်ဘုရားပိုင်ရှီအတွက် လုပ်စရာရှိသည်များ လုပ်ကိုင်ပေးလိုက်၏။ နတ်ဘုရားပိုင်ရှီမှာ ကျေးဇူးတင်လွန်း၍ မျက်ရည်ဖြိုင်ဖြိုင်ကျနေပြီး မြစ်ဘေးရှိ နှစ်တစ်ရာတောင်အသစ်အား အလျင်အမြန် အပိုင်စားယူလိုက်လေသည်။
“ဂိုဏ်းသခင် ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့”
လင်းရွှမ်နှင့် တာအိုရသေ့ချာက အဝတ်အစားများ ထုတ်ပိုးပြီး လင်းရွှမ်၏ မြင်းမြီးယပ်က အဖြူရောင်နဂါးအသွင်ဖြင့် ပျံတက်သွားသည်။ နှစ်ယောက်သား နဂါးကျောပေါ်တွင် ထိုင်ပြီး လင်းရွှမ်က ယွီဟုန်ရှို့ဆီ လက်ကမ်းပေးကာ နဂါးကျောပေါ်သို့ တင်ပေးလိုက်၏။ သူက အပြုံးတစ်ခုဖြင့် လှမ်းပြောသည်။ “ငါတို့ တာအိုဂိုဏ်းဆီ ပြန်တော့မယ်... ဂိုဏ်းသခင်ချင် ထိုက်ဝေသင်္ချာကျမ်း လာသင်ချင်ရင် တာအိုဂိုဏ်းမှာ ငါ့ကို လာရှာနိုင်ပါတယ်”
ချင်မူ ခေါင်းညိတ်၍ ပြောလိုက်သည်။ “ကမ္ဘာဦးဘုံက အခု အန္တရာယ်မကင်းတော့ဘူး... လမ်းခရီးမှာ ဂရုစိုက်ဦး... ငါ ညီလေးယွီကို ရှာတွေ့ရင် တာအိုဂိုဏ်းဆီ လိုက်လာခဲ့မယ်”
လင်းရွှမ်က ရှောင်ချွင်းဖုန်းကို ငုံ့ကြည့်ပြီး ပြော၏။ “နောင်တော်ရှောင်၊ တာအိုဂိုဏ်းက ဝေးတယ်.... မြန်မြန်သွားကြစို့”
ရှောင်ချွင်းဖုန်းသည် ချင်မူ့ကို မမှိတ်မသုန် ကြည့်ပြီး မလှုပ်ပေ။ သူက ပြုံးလျက် မေးလိုက်သည်။ “လောကသခင်ခန္ဓာချင်၊ တာအိုဘိုးဘေးကြီးကြောင့် ငါတို့တိုက်ပွဲ ပျက်သွားတယ်... ဒီတော့ ငါတို့နှစ်ယောက်ထဲက ဘယ်သူ ပိုအစွမ်းထက်ထဲ မသိချင်ဘူးလား... မင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ဆိုပေမယ့် ကောင်းကင်နတ်ဘုံ လောကသခင်ခန္ဓာတော့ မဟုတ်ဘူး”
လင်းရွှမ်၏ နဖူးမှ ချွေးများ ကျလာသည်။
ယွီဟုန်ရှို့၏ မျက်ဝန်းများ လင်းလက်သွားကာ သူမက ခပ်တိုးတိုး မေးလေသည်။ “တာအိုသခင်လင်း၊ နင် ဒီတိုက်ပွဲကို မကြည့်ချင်ဘူးလား”
လင်းရွှမ်က ခေါင်းယမ်းသည်။ “နောင်တော်ရှောင်က ဂိုဏ်းသခင်ချင်အောက် မျဉ်းတစ်ကြောင်း နိမ့်ကျနေသေးတယ်.. သူက သူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး”
“မျဉ်းတစ်ကြောင်းပဲ ကွာတာလေ... ဘယ်သူရှုံးမလဲ မသိနိုင်ပါဘူး”
ယွီဟုန်ရှို့မှာ စိတ်လှုပ်ရှားနေသည်။ “ဒါ့အပြင် နောင်တော်ရှောင်က ကောင်းကင်နတ်ဘုံ တာအိုဂိုဏ်းရဲ့ အငယ်မျိုးဆက်မှာ ထိပ်တန်းတစ်ယောက်ပဲ... ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ သားကြီးမလို့ သွေးကလည်း အင်မတန် မျိုးသန့်တယ်... သူ့ သိုင်းစွမ်းအားကဆို ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်တံတားအဆင့်တောင် စာရင်းဝင်တယ်... ဒီတိုက်ပွဲက စိတ်ဝင်စားစရာကောင်းတော့မှာပဲ”
တာအိုသခင်လင်းရွှမ်က ညည်းတွား၏။ “သူက မျဉ်းတစ်ကြောင်း နိမ့်ကျနေတာလေ... ဘယ်လိုလုပ် နိုင်မှာတုန်း... နောင်တော်ရှောင် ထိုက်ဝေသင်္ချာကျမ်းကို လေ့လာရင်တောင် နိုင်ဦးမှာမဟုတ်ဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုဆီက အသီးအပွင့်အားလုံး ခံစားရရင်တော့ ချင်မူနဲ့ ယှဉ်ကောင်း ယှဉ်နိုင်လိမ့်မယ်... ဒါပေမဲ့ အဲဒီလိုဖြစ်လာနိုင်တဲ့သူကလည်း ရှုရှန်းဟွာပဲ ရှိတယ်.... ဒါပေမဲ့ လက်ရှိရှုရှန်းဟွာကလည်း ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို မဖွဲ့တည်ရသေးတော့ ချင်မူ့အောက် မျဉ်းတစ်ကြောင်း နိမ့်ကျနေတုန်းပဲ”
ယွီဟုန်ရှို့ စကားပြောရန် ပြင်လိုက်စဉ် မြစ်ပြင်ထက်၌ လှိုင်းကြက်ခွပ်များ ထသွားသည်။ ရှောင်ချွင်းဖုန်းက ရှေ့တစ်လှမ်း လှမ်းလိုက်သည့်အခါ မာန်ဟုန်မြစ်ကို ဖြတ်၍ ကောင်းကင်တံတားတစ်စင်း သွယ်တန်းသွား၏။ အရပ်အမောင်းမြင့်မားပြီး ကြံ့ခိုင်သည့် မူလဝိညာဉ်က ကျည်ပွေ့တစ်လက်နှင့် ပုဆိန်တစ်လက် ကိုင်လျက် တံတားထက်တွင် ရပ်နေသည်။
တရှိန်ထိုး ထွက်ပေါ်လာသော ရှောင်ချွင်းဖုန်း၏ ချီစွမ်းအင်နှင့်အတူ မြစ်ပြင်ထက်မှ လပြည့်ဝန်း ပေါ်လွင်လာသည်။ မရေမတွက်နိုင်သော သင်္ချာသင်္ကေတအမှတ်အသားများသည် လကို လှည့်ပတ်နေသည့် ကြယ်များအသွင် ပြောင်းသွားပြီး နဂါးငွေ့တန်းတစ်ခုအား ဖော်ဆောင်လိုက်ကြ၏။ လရောင်က နေအလင်းတန်းများကိုပင် လွှမ်းခြုံသွားသည်။
ရှောင်ချွင်းဖုန်းက တဟားဟား ရယ်၍ ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာ၊ ငါ့ကို တိုက်ခိုက်ရဲသလား”
နဂါးဖြူ၏ကျောပေါ်တွင် ယွီဟုန်ရှို့က စိတ်လှုပ်ရှားစွာဖြင့် လက်သီးတင်းတင်း ဆုပ်၍ တာအိုသခင်လင်းရွှမ်ကို ပြုံးပြသည်။ “နောင်တော်ရှောင်က သူ့သွေးရဲ့ စွမ်းအားကို သုံးနေတာ သိလား...”
မြစ်ဘေး၌ ချင်မူကလည်း ရှေ့တစ်လှမ်း တက်လိုက်သည်။ ကောင်းကင်နတ်မြစ်တစ်စင်းက သူ၏အနောက် ကောင်းကင်ထဲမှ ဆင်းသက်လာ၏။ ကြီးမားကျယ်ပြောလှသော ကောင်းကင်နတ်မြစ်သည် ကောင်းကင်နန်းဆောင်နှင့် ဆက်သွယ်နေပြီး သူ၏မူလဝိညာဉ်က ကောင်းကင်နတ်မြစ်အပေါ်၌ ရပ်နေသည်။
တာအိုသခင်လင်းရွှမ် သက်ပြင်းချမိသည်။
တခဏအတွင်း မာန်ဟုန်မြစ်ပြင်ထက်မှ လှိုင်းလုံးကြီတစ်လုံးက ကောင်းကင်ထက်သို့ မြောက်တက်သွားပြီး ၎င်း၏ထိခတ်မှုကြောင့် နေရာဟင်းလင်းပြင်တွင် အက်ကွဲသွားကာ မြစ်ပြင်၏အထက် ကောင်းကင်ထဲ၌ အပေါက်ကြီးတစ်ပေါက် ပွင့်ထွက်သွား၏။
ယွီဟုန်ရှို့၏မျက်ဝန်းအရှေ့တွင် လကို လှည့်ပတ်နေသော နဂါးငွေ့တန်း ပျက်စီးသွားပြီး လပြည့်ဝန်းကြီးမှာလည်း ကြေမွသွားတော့သည်။ မြစ်ပြင်ထက်တွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်ကိုလည်း လှမ်းမြင်လိုက်ရသည်။ မြစ်ကြီးသည် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီးနောက် ပြန်လည်ငြိမ်သက်သွားလေ၏။
နဂါးချီလင်နှင့် ရေချီလင်က မြစ်ပြင်ကို နင်း၍ ငြိမ်သက်နေသော တိုက်ပွဲကွင်းပြင်အပေါ်မှ ဖြတ်ပြေးကာ ချင်မူ့နောက် လိုက်သွားကြသည်။ ချင်မူက လှိုင်းလုံးကြီးထဲမှ လမ်းလျှောက်ထွက်လာပြီး တစ်ဖက်ကမ်းသို့ ထွက်သွားချေပြီ။
မိုးပြာရောင်ရေချီလင်က ရပ်၍ မြစ်ရေအောက်သို့ စပ်စပ်စုစု ကြည့်လိုက်သေးသည်။ ထို့နောက် ချင်မူ့နောက်သို့ အလျင်အမြန် ပြေးလိုက်သွားသည်။
တခဏကြာသော် ရှောင်ချွင်းဖုန်းသည် ခြေကားရားလက်ကားရား အနေအထားဖြင့် မြစ်အပေါ်သို့ ပြန်ပေါ်လာ၏။ မရေမတွက်နိုင်သော နွားသိုးကြီးများ သူ့အပေါ်မှ တက်နင်းသွားသကဲ့သို့ သူ့မျက်နှာမှာ ဖူးယောင်နေပြီး အဝတ်အစားများလည်း စုတ်ပြဲနေသည်။ သူက အသက်မဲ့နေသည့် မျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့်နေရင်း တုပ်တုပ်မှမလှုပ်ပေ။
လင်းရွှမ်က သက်ပြင်းထပ်ချပြီး ချီစွမ်းအင် ထုတ်လွှတ်လိုက်သည်။ နဂါးဖြူက နဂါးပုတီးစေ့မှ အမျှင်တစ်မျှင် ထုတ်လွှတ်၍ မြစ်ပြင်ထက်ရှိ ရှောင်ချွင်းဖုန်းကို သယ်ကာ ၎င်းကျောပေါ်သို့ တင်လိုက်သည်။
တာအိုသခင်လင်းရွှမ်သည် ရှောင်ချွင်းဖုန်ကို ကုသပေးရင်း ညည်းတွားနေ၏။ “ဂိုဏ်းသခင်ချင်ကတော့ တဖြည်းဖြည်း ဆေးဆရာ မပီသတော့ဘူး... အရင်တုန်းကဆို သူ့ကြောင့် ထိခိုက်သွားတဲ့လူတွေကို ဆေးကုပေးတတ်သေးတယ်.... ဆေးကုခက နည်းနည်းစျေးပိုကြီးတာက တစ်ကြောင်းပေါ့.... အခုများတော့ မာန်တွေတက်ပြီး ငွေအသပြာနည်းနည်းလောက်ဆို ဂရုကို မစိုက်တော့ဘူး”