ဓားရာ
Vol. 63 Ch. 838
နဂါးဖြူသည် တိမ်တိုက်များကို စီးနင်း၍ တာအိုဂိုဏ်းဆီသို့ ပျံသန်းသွား၏။
တာအိုသခင်လင်းရွှမ်၏ ဂရုတစိုက် ကုသပေးမှုများကြောင့် ရှောင်ချွင်းဖုန်း တဖြည်းဖြည်း စိတ်နှင့်ကိုယ် ပြန်ကပ်လာသည်။ လင်းရွှမ်က ပြုံးပြလိုက်သည်။ “တော်သေးလို့ သေကံမရောက် သက်မပျောက်တယ်... နောင်တော်ရှောင်၊ ငါ မင်းကို ကုပေးဖို့ သုံးခဲ့ရတဲ့ ဆေးတွေက စျေးမသေးဘူး... စုစုပေါင်း တဖုန်းကြေးပြားနှစ်ထောင် ကျတယ်”
ရှောင်ချွင်းဖုန်းမှာ တမုဟုတ်ချင်း စိတ်ပျက်လက်မှိုင် ကျသွားကာ ပြန်ပြောသည်။ “တဖုန်းကြေးပြားနှစ်ထောင် ဟုတ်လား... ငါ အကြွေးတင်မခံပါဘူး... မပူနဲ့... ငါ့မှာ အစွမ်းအစ ရှိပါတယ်... ငါ ငွေရှာနိုင်ရင် မင်းကို ပြန်ဆပ်မယ်”
တာအိုသခင်လင်းရွှမ်က ပြုံးလျက် ပြောလိုက်၏။ “နောင်တော်ရှောင် ငွေမရှိရင်လည်း တာအိုဂိုဏ်းမှာ စာသင်ပြီး ပြန်ဆပ်ပေးပေါ့”
ရှောင်ချွင်းဖုန်းက အကြောဆန့်၍ သွေးတိုးစမ်းကြည့်သည်။ “တာအိုဂိုဏ်းမှာ စာသင်ပေးရင် တစ်လ လစာ ဘယ်လောက်ရလဲ”
“တစ်လကို တဖုန်းကြေးပြား သုံးဆယ် ရပါတယ်”
လင်းရွှမ် စေတနာဖြင့် ရှင်းပြသည်။ “အဲဒီပမာဏက ရာထူးမြင့်အဆောင်မှူးတွေအတွက် လစာဖြစ်နေပါပြီ... တာအိုဂိုဏ်းရဲ့ သာမန်အဆောင်မှူးဆို တစ်လကို တဖုန်းကြေးပြား ဆယ့်ငါးပြားပဲ ရတယ်... နောင်တော်ရှောင်က အစွမ်းထက်တဲ့သူဆိုတော့ တဖုန်းကြေးပြား သုံးဆယ် တန်ပါတယ်”
ရှောင်ချွင်းဖုန်းမှာ တအံ့တဩ ထခုန်မိပြီး သူ့ကို စိုက်ကြည့်တော့သည်။ သူက အက်ကွဲနေသောအသံဖြင့် မေးလေသည်။ “တစ်လမှ သုံးဆယ်ထဲလား... ငါ ဘာမှမစား၊ မသောက်ဘဲ နေရင်တောင် ဒီအကြွေးဆပ်ဖို့ ငါးနှစ်နဲ့ ခြောက်လ အလုပ်လုပ်ပေးရမှာပေါ့”
လင်းရွှမ်မှာ အပြစ်ရှိသလို ခံစားမိလာကာ သူ့ဘာသာသူ တွေးနေသည်။ ‘ဂိုဏ်းသခင်ချင် ရှုရှန်းဟွာကို ဒဏ်ရာရအောင် လုပ်ပြီး ဆေးကုပေးခဲ့တုန်းက မျက်တောင်မခတ်ဘဲ ဘယ်လိုနှပ်ချခဲ့တာပါလိမ့်... ငါ မျက်နှာမထားတတ်တော့ဘူး... နောင်တော်ရှောင်သာ ဆက်ပြောနေရင် လစာပဲ တိုးပေးလိုက်တော့မယ်..’
ချင်းယွင်ကောင်းကင်ဘုံတွင် ယွီချိန်ကျစ် ရှင်းစရာရှိသည်များကို လက်စသတ်ပြီးသည့်အခါ ချင်းယွင်ဂိုဏ်းခေါင်းဆောင်က သံတမန်များ လုပ်ကြံခံလိုက်ရသည့်အကြောင်း ကောင်းကင်နတ်ဘုံဆီသို့ တင်ပြသည်။ သူတို့က ကောင်းကင်နတ်ဘုံမှ တစ်စုံတစ်ယောက် ရောက်လာမည်ကို စိတ်ရှည်စွာ စောင့်နေကြ၏။
ယနေ့တွင် ချင်းယွင်ကောင်းကင်ဘုံ၏ ကောင်းကင် နှစ်ခြမ်းကွဲထွက်သွားပြီး ကောင်းကင်၏အလွန်မှ လေသင်္ဘောတစ်စင်း ဝင်ရောက်လာသည်။
ကောင်းကင်နတ်ဘုံနှင့် ချင်းယွင်ကောင်းကင်ဘုံအကြား အဆက်အသွယ်များ တစ်ခါမှ မပြတ်တောက်ခဲ့ဖူးပေ။ ကမ္ဘာဦးဘုံ ချိတ်ပိတ်ခံလိုက်ရ၍ နေရာဟင်းလင်းပြင်များ ထပ်သွားပြီး မဟာမြို့ပျက်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ အနောက်ကမ္ဘာမြေ အစရှိသည်တို့သာ အပြင်၌ ကျန်ခဲ့သောအချိန်တွင်ပင် ချင်းယွင်ကောင်းကင်ဘုံသည် ကောင်းကင်နတ်ဘုံနှင့် အဆက်အသွယ် ရခဲ့သေး၏။
ချင်းယင်ကောင်းကင်ဘုံကဲ့သို့ ကမ္ဘာများအတွက် ချိတ်ပိတ်ခံထားရသော ကမ္ဘာဦးဘုံတွင် ပိတ်မိနေသည်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မဟာမြို့ပျက်သာ ဖြစ်လေသည်။
ချင်းယွင်ဂိုဏ်းခေါင်းဆောင်က အလျင်အမြန် ထွက်ကြိုသည်။ သင်္ဘောဦးတွင် ကောင်းကင်နတ်ဘုံမှ နတ်ဘုရားတစ်ပိုင်းများသည် သူတို့ကို အပြုံးမဟုတ်သော အပြုံးများဖြင့် ကြည့်လျက် ရပ်နေကြ၏။ သူတို့အနောက်တွင် လှံတိုများ ကိုင်လျက် အသံမထွက်သည့် ဝံပုလွေခေါင်း၊ လူခန္ဓာများဖြင့် နတ်ဘုရားတစ်ပိုင်းများ ရှိကြသည်။
ချင်းယွင်ဂိုဏ်းခေါင်းဆောင်နှင့် တာအိုရသေ့များက ခေါင်းငုံ့ထားကြပြီး ပြန်မမော့ကြပေ။
“ခေါင်းမော့ပါ”
ခေါင်းဆောင်နေရာရှိ နတ်ဘုရားတစ်ပိုင်းက ပြုံးလျက် ပြောသည်။ “ဖုယွင်ထျန်း၊ မင်းက တာအိုဂိုဏ်းရဲ့ ချင်းယွင်ကောင်းကင်ဘုံရဲ့ ခေါင်းဆောင်မဟုတ်ပေလား... မင်းရဲ့ ရာထူးက ကောင်းကင်နယ်ထိန်းစခန်းက ငါလို စခန်းမှူးတစ်ယောက်ထက်တောင် မြင့်ပါသေးတယ်... ဒီလောက်ယဉ်ကျေးနေစရာမလိုပါဘူး”
ချင်းယွင်ဂိုဏ်းခေါင်းဆောင် ကပျာကယာ ပြောလိုက်သည်။ “အရာရှိမင်းကတော့ နောက်နေပါပြီ... အရာရှိမင်းက ကောင်းကင်နတ်ဘုံရဲ့ နန်းတွင်းအမှုစစ် အမြင့်စံအရာရှိအဆင့် ဖြစ်ပါတယ်... အခြားတစ်ဖက်မှာ ကျွန်တော်ကတော့ အောက်ဘုံရဲ့ အဆင့်နိမ့် နတ်ဘုရားလေးတစ်ပါးပါ... ကျွန်တော်လိုလူက ဘယ်လိုလုပ်ပြီး ရိုင်းပျဝံ့ပါ့မလဲ ခင်ဗျာ... အရာရှိမင်းခင်ဗျ၊ ကျွန်တော့်ချင်းယွင်ကောင်းကင်ဘုံက သံတမန်တွေကို သေချာဂရုမစိုက်မိလို့ အခုလို လုပ်ကြံခံရတဲ့ကိစ္စ ဖြစ်လာတာပါ... ကျွန်တော်တို့အားလုံး တုန်လှုပ်ချောက်ချားနေကြပြီး ကောင်းကင်နတ်ဘုံဆီက အပြစ်ဒဏ်ကို ကြောက်လန့်နေကြပါတယ်... အရာရှိမင်း ပြန်ရောက်ရင် ချင်းယွင်ကောင်းကင်ဘုံအတွက် စကားကောင်းလေး ပြောပေးလို့ရမလားခင်ဗျာ... ဒီမှာ လက်ဆောင်နည်းနည်းပါးပါး ပြင်ထားပါတယ်”
ထိုနတ်ဘုရားတစ်ပိုင်းသည် ကျယ်လောင်စွာ ရယ်လိုက်ပြီး သူ့အနောက်ရှိ နတ်ဘုရားတစ်ပိုင်းများနှင့်အတူ သင်္ဘောအပေါ်မှ လမ်းလျှောက်ဆင်းလာ၏။ သူက ခေါင်းတယမ်းယမ်းဖြင့် ပြောသည်။ “ကောင်းကင်နတ်ဘုံက ဒီလောက် စည်းကမ်းတင်းကြပ်ထားတာ ဘယ်သူက လက်ဆောင်တွေ ယူဝံ့ပါ့မလဲ... ဒီလို လာဘ်ပေးလာဘ်ယူကိစ္စက သေဒဏ်ချမှတ်သင့်တဲ့ ပြစ်မှုကြီးပဲ... ဒါပေမဲ့ မင်း ငါ မသိတဲ့အချိန် ငါ့သင်္ဘောအပေါ် တင်ပေးလိုက်ရင်တော့ ငါလည်း ဘယ်တတ်နိုင်ပါ့မလဲ... မဟုတ်လား”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်လည်း ပြုံး၍ ကျန်တာအိုရသေ့များဆီသို့ မျက်စပစ်ပြလိုက်သည်။ တာအိုရသေ့များအားလုံး ရတနာများကို သင်္ဘောအပေါ်သို့ အလျင်အမြန် တင်လိုက်ကြ၏။
ထိုနတ်ဘုရားတစ်ပိုင်းက ဂိုဏ်းခေါင်းဆောင်အရှေ့၌ ရပ်ပြီး လက်ခါယမ်းလိုက်သည်။ ထိုအခါ ဝံပုလွေခေါင်းနှင့် နတ်ဘုရားတစ်ပိုင်းများ လေလို ပျောက်ကွယ်သွားကြသည်။ သူတို့၏ခန္ဓာကိုယ်များက ချင်းယွင်ကောင်းကင်ဘုံ၏ နန်းဆောင်များအရှေ့တွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေကြ၏။ သူတို့က မြေကြီးတစ်လျှောက် အနံ့ခံနေကြပြီး အနံ့ခံပြီးလျှင် ပျောက်သွားကြသည်။ ပြန်ပေါ်လာသည့်အခါ ပတ်ဝန်းကျင်တစ်လျှောက် အနံ့ခံကြပြန်သည်။
ချင်းယွင်ဂိုဏ်းခေါင်းဆောင်က ပြုံးလျက် ပြောလိုက်သည်။ “အရာရှိမင်း... ဒါက...”
“လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေရုံပါ.... ဂိုဏ်းခေါင်းဆောင် ၊ ဗွေမယူပါနဲ့”
ထိုနတ်ဘုရားတစ်ပိုင်းသည် သူ့လက်ကို ဆွဲ၍ တဟားဟား ရယ်နေ၏။ “ငါ့ကို အရာရှိမင်းလို့ မခေါ်ပါနဲ့ အပြင်လူတွေမှ မဟုတ်တာ... ဒီကောင်တွေက ငါ့တပည့်တွေ... အဲဒီ သားရဲဟိန်းသံနတ်ဘုရားမျိုးနွယ်ကလည်း ငါ မွေးထားတဲ့ နယ်ထိန်းလေးတွေပဲ... ငါက ကောင်းကင်နတ်ဘုံ ကောင်းကင်နယ်ထိန်းစခန်းက စခန်းမှူးချွီဟယ်လို့ ခေါ်တယ်... ဂိုဏ်းခေါင်းဆောင် ငါ့ကို ဆရာကြီးချွီလို့ပဲ ခေါ်နိုင်ပါတယ်”
သူ၏မူလဝိညာဉ်က ရုတ်တရက် သူ့ကျောနောက်၌ ဖွဲ့တည်လာပြီး ကိုက်သုံးထောင် မြင့်လေသည်။ မူလဝိညာဉ် လက်ဆန့်ထုတ်လိုက်သည့်အခါ လက်ပွားတစ်ထောင် ထွက်လာကာ အရပ်မျက်နှာတစ်ခွင် ဖြန့်ကျက်ထားကြ၏။
သူ့လက်ဝါးထဲတွင် မျက်လုံးကြီး ရှိနေပြီး ထိုမျက်လုံးကြီးများက ကောင်းကင်အလင်းတန်းများ ထုတ်လွှတ်၍ သဲလွန်စမှန်သမျှ လိုက်ရှာနေသည်။
ချွီးဟယ်က ချင်းယွင်ဂိုဏ်းခေါင်းဆောင်၏ လက်ကို ဆက်ဆွဲထားရင်း တဟားဟား ရယ်နေသည်။ “လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေတာပါ... ဗွေမယူပါနဲ့ ဗွေမယူပါနဲ့”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်မှာ အလျင်အမြန် ပြုံးပြလိုက်ပြီး သူ့ဘာသာသူ တွေးနေသည်။ ‘ယွီချိန်ကျစ် သဲလွန်စတွေ မကျန်ခဲ့လောက်ပါဘူးနော်....’
ချွီးဟယ်၏ မူလဝိညာဉ်သည် အပေါ်သို့ ပျံတက်သွားကာ ပတ်ဝန်းကျင်ကို ကြည့်ရှုနေ၏။ ၎င်းက ချင်းယွင်ကောင်းကင်ဘုံတစ်ဘုံလုံး ရှာဖွေနေပြီး ဝံပုလွေခေါင်း နတ်ဘုရားတစ်ပိုင်းများကလည်း လျင်မြန်စွာ ခုန်ပြေးနေကြသည်။ သူတို့က နေရာလပ်မကျန် လိုက်ရှာရင်း တာအိုရသေ့များကိုလည်း စစ်ဆေးနေကြ၏။
တခဏကြာသော် ချွီးဟယ်၏ မူလဝိညာဉ်က ပြန်ရောက်လာပြီး ဝံပုလွေခေါင်းနတ်ဘုရားများလည်း ဖျတ်ခနဲ ပြန်ပေါ်လာကြသည်။ သူတို့လက်ထဲတွင် သေလုမျောပါး ရိုက်နှက်ခံထားရသော တာအိုရသေ့တချို့ ရှိနေပြီး နယ်ထိန်းများက ချွီဟယ်၏ မူလဝိညာဉ်အနား ကပ်၍ ခပ်တိုးတိုး ပြောကြသည်။
ချင်းယွင်ဂိုဏ်းခေါင်းဆောင်က မျက်နှာအမူအရာ မပြောင်းသော်လည်း ယုံကြည်ချက်အပြည့် မရှိပေ။
ရုတ်တရက် ချွီးဟယ်က ရယ်မောပြီး ပြောလေသည်။ “ဂိုဏ်းခေါင်းဆောင်၊ မင်းရဲ့ လူတချို့ကို စစ်မေးမိတာ ဗွေမယူပါနဲ့ ဗွေမယူပါနဲ့... ဒါပေမဲ့ ဒါတွေအားလုံက လုပ်ရိုးလုပ်စဉ်တွေဆိုတော့ ဂိုဏ်းခေါင်းဆောင် နားလည်ပေးနိုင်မယ် ထင်ပါတယ်”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်သည် ခေါင်းငုံ့၍ ပြောလိုက်၏။ “ဗွေမယူဝံ့ပါဘူး”
“ဆိုတော့ သံတမန်တွေရဲ့ အလောင်း ရှာတွေ့ခဲ့တဲ့ တစ်ယောက်က ဘယ်သူလဲ” ချွီးဟယ်က အသက်မပါသော အပြုံးဖြင့် မေးသည်။
“ကျွန်တော့်လက်အောက်က ယွီချိန်ကျစ်ပါ”
ချင်းယွင်ဂိုဏ်းခေါင်းဆောင် ယွီချိန်ကျစ်ကို ဆင့်ခေါ်လိုက်သည့်အခါ ချွီးဟယ်က ယွီချိန်ကျစ်ကို လှမ်းဆွဲလိုက်၏။ သူတို့အားလုံး ဖျတ်ခနဲ သင်္ဘောအပေါ် ရောက်သွားကြပြီး ချွီးဟယ်က အပြုံးတစ်ခုဖြင့် လှမ်းပြောသည်။ “ဒါဖြင့် ယွီချိန်ကျစ် ငါတို့ကို အခင်းဖြစ်တဲ့နေရာဆီ ခေါ်သွားပေးရမယ်.. ဂိုဏ်းခေါင်းဆောင်က ဒီမှာပဲ နေခဲ့ပါ ... ယွီချိန်ကျစ်ကိုပဲ လမ်းပြခိုင်းလိုက်မယ်”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ယွီချိန်ကျစ်က ကပျာကယာ ပြောလေသည်။ “ဂိုဏ်းခေါင်းဆောင်၊ မပူပါနဲ့ ကျွန်တော် အရာရှိမင်းတို့ကို ခေါ်သွားပေးပြီး မကြာခင် ပြန်လာခဲ့ပါ့မယ်”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်မှာ ဖြစ်ညစ်ပြုံး၍ ပြောလိုက်၏။ “အရာရှိမင်းတို့ကို ကောင်းကောင်းဆက်ဆံ ကြားလား... အရာရှိမင်း၊ ကျေးဇူးပြုပြီး ကျွန်တော့်တပည့်လေးကို စောင့်ရှောက်ပေးပါ ခင်ဗျာ”
ချွီးဟယ်သည် တဟားဟား ရယ်ပြီး လေသင်္ဘောနှင့်အတူ ချင်းယွင်ကောင်းကင်ဘုံမှ ထွက်ခွာသွား၏။
မာန်ဟုန်မြစ်တက္ကသိုလ်
ချင်မူမှာ ထော့ကျိုးကို လိုက်ရှားနေသော်လည်း ရှာမတွေ့၍ စိတ်ပူလာတော့သည်။
ဒုက္ခိတဘိုးဘွားကျေးရွာမှ တခြားအဘိုးအဘွားတစ်ယောက် ကောင်းကင်နတ်အရှင်ယွီကို သိုင်းလောကထဲ ခေါ်သွားလျှင် ချင်မူ စိတ်ပူမိမည်မဟုတ်ပေ။ ထော့ကျိုးကတော့ ချွင်းချက်ပင်။
ဒုက္ခိတဘိုးဘွားကျေးရွာ၏ ရွာသားများက ပြဿနာကို မီးထွန်းမရှာတတ်ပေ။ အရဲရင့်ဆုံး သားသတ်သမားပင် ပြဿနာကို စိန်မခေါ်တတ်။
ထော့ကျိုးတစ်ယောက်သာ တစ်လောကလုံး ပတ်ခိုးမည့် ရည်ရွယ်ချက်ကြီးဖြင့် ရတနာအများဆုံးရှိသော နေရာများဆီ သွားပြီး ပြဿနာပတ်ရှာတတ်သူ ဖြစ်သည်။ ထိုမျှသာမက ရတနာအများဆုံးနေရာမှာ အန္တရာယ်အများဆုံး နေရာပင် မဟုတ်လော။
“စိတ်မပူနဲ့ ထော့ကျိုးက ဘယ်အရာမဆို အလွန်ဆုံး သုံးရက်အထိပဲ စိတ်ဝင်စားတတ်တယ်”
ရွာလူကြီးက သူ့ကို နှစ်သိမ့်ပေးသည်။ “ထော့ကျိုးက ဆော့စရာအသစ်တွေ့ရင် ဆော့ပြီး ပျင်းသွားရင် လှည့်မကြည့်တော့တဲ့ မျောက်အိုကြီးနဲ့တူတယ်... သူ မဆော့ချင်တော့ရင် ကောင်းကင်နတ်အရှင်ယွီကို မင်းလက်ထဲ ပြန်ထည့်ပေးမှာပါ”
“မျှော်လင့်ရတာပဲ” ချင်မူ လင်းတမှိုင် မှိုင်နေတော့သည်။
ဤအခိုက်အတန့်တွင် မျက်ကန်းက ကောင်းကင်နတ်အရှင်ယွီကို ခေါ်၍ မာန်ဟုန်မြစ်တက္ကသိုလ်ထဲ ဝင်ချလာသည်။ ချင်မူမှာ အကြီးအကျယ် အံ့အားသင့်သွားပြီး အပြေးအလွှား သွားကြို၏။ မျက်ကန်းက ပြောလေသည်။ “ငါ မီးနဂါးသင်္ချိုင်းမှာ ထော့ကျိုးနဲ့ တွေ့တယ်... အဲဒီခွေးသူတောင်းစားနောက်ကို မီးနဂါးအုပ်လိုက်ကြီး လိုက်ဖမ်းနေတာ ... နောက်ဆုံးတော့ သူလည်း ပုန်းစရာမရှိတော့တာနဲ့ ဒီလူငယ်လေးကို ငါ့လက်ထဲ ထည့်ပေးပြီး မာန်ဟုန်မြစ်တက္ကသိုလ်ဆီ သွားပို့ပေးဖို့ ပြောတော့တာပဲ”
ချင်မူမှာ စိတ်အေးလက်အေး ဖြစ်သွားကာ ကောင်းကင်နတ်အရှင်ယွီကို ခေါင်းအစ ခြေအဆုံး ကြည့်နေသည်။ ကောင်းကင်နတ်အရှင်ယွီသည် ရိုးသားစွာ ပြုံးပြ၏။
ချင်မူ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ရိုးသားသော အပြုံးလေးဖြင့် ပြန်တုံ့ပြန်လိုက်သည်။
ရွာလူကြီးနှင့် မျက်ကန်းက ထအော်လေသည်။ “ထော့ကျိုးတော့ ကောင်းကောင်း သင်ပေးလိုက်တာပဲဟ”
ချင်မူ သွားစွယ်များ တန်းနေအောင် တောက်ပစွာ ပြုံးလိုက်သည်။ ကောင်းကင်နတ်အရှင်ယွီကလည်း ရိုးသားဖြူစင်စွာဖြင့် တောက်ပစွာ ပြန်ပြုံးပြသည်။ သူတို့အပြုံးကြောင့် မည်သူမဆို တရင်းတနှီး ခင်မင်မိသွားနိုင်၏။
ချင်မူ့လက်များက ရုတ်တရက် လှုပ်ရှားလိုက်ပြီး သူ့လက်ထဲတွင် အတွင်းခံတစ်ထည် ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ယွီ၏လက်ကလည်း လှုပ်ရှားလိုက်၏။ ချင်မူက ဝမ်းသာအားရ ထရယ်သည်။ “ငါ အဲဒါ တစ်ခါမှ မဝတ်ဘူး... မွန်းကြပ်သလို ခံစား.. ငါ့ထောင်ကျယ်အိတ် ပြန်ပေး”
ကောင်းကင်နတ်အရှင်ယွီသည် လက်ထဲ၌ ထောင်ကျယ်အိတ်တစ်လုံး ကိုင်ထားပြီး အိတ်က လေးလွန်းသောကြောင့် မနည်း မ,နေရသည်။
ချင်မူ့မျက်နှာ မည်းမှောင်သွားပြီး အတွင်းခံ ပြန်ပစ်ပေးကာ ထောင်ကျယ်အိတ်ကို ပြန်လုလိုက်သည်။ သူက နာကျင်နေသော အသံဖြင့် ပြော၏။ “ညီလေးယွီ၊ မင်းတော့ လူပေါင်းမှားပြီး အကျင့်ပျက်နေပြီ... ကြည့် ငါ ဘိုးဘိုးထော့ကျိုးဆီက သင်ထားပေမယ့် ဘယ်တော့မှ မခိုးခဲ့ဘူး... ငါ့အစွမ်းအစနဲ့ပဲ လုတယ်.. ဘိုးဘိုးမျက်ကန်း၊ ဘိုးဘိုးထော့ကျိုး အဆင်ပြေပါ့မလား”
မျက်ကန်းက ခေါင်းယမ်း၍ ပြောသည်။ “မပြောတတ်ဘူး.. အဲဒီမီးနဂါးတွေက အင်မတန် အင်အားကြီးတယ်.... တော်တော်လေး ကြောက်စရာကောင်းတဲ့ သင်္ချိုင်းကို စောင့်ရှောက်နေတာလေ... ထော့ကျိုးက မင့်ညီကို ခေါ်သွားပြီး သင်္ချိုင်းထဲက တစ်ခုခု ခိုးလာတယ်... သေချာပေါက် အရေးပါတဲ့ ရတနာတစ်ခုပဲ နေမှာ... မဟုတ်ရင် သူ့ကို အသည်းအသန် လိုက်ဖမ်းကြပါ့မလား... အဝေးက ကြည့်တာတောင် အဲဒီမီးနဂါးတွေ ငါ့ကို အလွယ်တကူ သတ်ပစ်နိုင်မှန်း ခံစားခဲ့ရလို့ ဒီကောင်လေးနဲ့ ထွက်ပြေးနိုင်အောင် ဝင်္ကပါတစ်ခု ခင်းခဲ့ရတယ်... ဒါပေမဲ့ ထော့ကျိုးက အမြဲ အသွင်ပြောင်းနေတာဆိုတော့ လွတ်ကောင်း လွတ်လာမှာပါ”
ချင်မူ စိတ်ပူနေသေးသည်။ သူ ရွာလူကြီးကို ကြည့်လိုက်သည့်အခါ ရွာလူကြီးက နားလည်သည်။ “ငါ ပထမဘိုးဘေးကြီးကို ခေါ်ပြီး မီးနဂါးသင်္ချိုင်းက အဆင့်မြင့်သိုင်းပညာရှင်တွေကို သွားတွေ့လိုက်မယ်” ထိုသို့ပြောပြီးနောက် သူ အလျင်အမြန် ထွက်သွားသည်။
ထိုအခါမှ ချင်မူမှာ စိတ်အေးသွားပြီး မျက်ကန်းကို ပြောလိုက်၏။ “ဘိုးဘိးမျက်ကန်း အားရင် ကျွန်တော်နဲ့အတူ တာအိုဂိုဏ်းဆီ လိုက်ခဲ့ပါလား... ကျွန်တော် ဒီနှစ်တွေထဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို မလေ့လာရသေးတော့ နောက်ကျနေပြီ... ဘိုးဘိုးမျက်ကန်း ကျွန်တော့်ကို သင်ပေးရင် ကောင်းမှာပဲ”
မျက်ကန်းက အလွန်ကျေနပ်သွားသည်။ “မင်း တကယ် နောက်ကျကျန်ခဲ့ပြီ... ငါ ခိုင်ဧကရာဇ်ခေတ်ရဲ့ ဝင်္ကပါတွေကို လေ့လာပြီး နန်းစိုက်မြို့တော်မှာ ကောင်းကင်ဆရာသခင် ကျစ်ရှီနဲ့တောင် ဆွေးနွေးခဲ့သေးတယ်... အခု ငါ့ရဲ့ ဝင်္ကပါစွမ်းရည်တွေက အမြင့်တစ်ခုဆီ ရောက်သွားပြီ”
ချင်မူ ဝမ်းသာသွားကာ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ဝင်္ကပါစွမ်းရည်မှာ ကောင်းကင်ဆရာသခင်ကျစ်ရှီကို ဘယ်သူမှ မကျော်နိုင်တာ အမှန်ပဲ”
မျက်ကန်းက ခေါင်းယမ်းပြီး ပြောသည်။ “ဒါပေမဲ့ ကောင်းကင်ဆရာသခင် ကျစ်ရှီလည်း ခေတ်နောက်ကျကျန်ခဲ့တယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ ငါ တီထွင်ထားတဲ့ ဝင်္ကပါအမှတ်အသားအသစ်တွေ အများကြီးပဲ.... သူ မမြင်ခဲ့ဖူးလို့ ငါတောင် ပြန်သင်ပေးခဲ့ရသေးတယ်... ဒါပေမဲ့ ငါလည်း သူ့ဆီက အများကြီး သင်ယူခဲ့ရပါတယ်... သူက တစ်လောကလုံးမှာ နံပါတ်တစ် ဝင်္ကပါဆရာသခင် ဖြစ်နေတုန်းပဲ... ငါက သူ့အောက် နိမ့်ကျနေသေးတယ်”
ဤနှစ်များအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဝင်္ကပါပညာသည် တိုးတက်သည်ထက် တိုးတက်လာခဲ့၏။ သိုင်းကွက်ဝင်္ကပါအခင်းအကျင်းများ၊ အသတ်အဖြတ်ဝင်္ကပါများ၊ မြို့ခံစစ်ဝင်္ကပါများ၊ အစရှိသော ဝင်္ကပါအသစ်များ ပေါ်ထွန်းလာခဲ့သည်။ အားလုံးသည် ဝင်္ကပါ သင်္ကေတအမှတ်အသားများမှ အရင်းခံလေသည်။
ဓားပညာတွင် အခြေခံဓားချက် ဆယ့်ကိုးချက် ရှိသကဲ့သို့ ဝင်္ကပါပညာတွင်လည်း ဝင်္ကပါတည်ဆောက်ပေးသော အခြေခံ သင်္ကေတအမှတ်အသားများ ရှိကြသည်။ အမှတ်အသားအမျိုးအစား အသစ်များအား ရှိပြီးသား ဝင်္ကပါအမှတ်အသားများအထဲသို့ ပေါင်းထည့်နိုင်ခြင်းမှာ လက်ဖျားခါစရာ ကောင်းပေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ဝင်္ကပါဆရာသခင် များစွာ ရှိသော်လည်း လေ့လာထားသည့် နယ်ပယ်များ မတူပေ။ သူတို့အထဲတွင် မာန်ဟုန်မြစ်တက္ကသိုလ် ပါမောက္ခချုပ် စုယွင်ကျစ်က ဝင်္ကပါအရာ၌ ဆရာတစ်ဆူ ဖြစ်ကာ မြို့ခံစစ်ဝင်္ကပါများကို အထူးပြုလေ့လာထားသည်။ သနင်္ဂဗျူဟာစစ်သူကြီး ချင်ပေါင်ယွဲ့က သိုင်းကွက်ဝင်္ကပါအခင်းအကျင်းများအား အဓိကထားကျင့်ကြံပြီး နယ်စားဝေ့နှင့်အတူ စစ်နတ်ဘုရားတစ်ပါး ဖြစ်လေသည်။
စစ်ခုန်ဝေ့ဖျင်းပေါ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ ရေလမ်းကြောင်းထိန်းသိမ်းရေးအတွက် တာဝန်ရှိသော ဝင်္ကပါဆရာသခင်တစ်ဦး ဖြစ်သည်။ သူက မြေပြင်အနေအထားကို အသုံးချကာ ဝင်္ကပါတည်ခင်းနိုင်၏။
ဧကရာဇ်အတိုင်ပင်ခံက ဓားပညာကြောင့် ထင်ရှားသော်လည်း ဝင်္ကပါပညာတွင် သနင်္ဂဗျူဟာ စစ်သူကြီးနှင့် ကျန်ရှိသူများထက်ပင် ထူးချွန်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဤပညာရှင်များသည် ခိုင်ဧကရာဇ်ခေတ်၏ အသိအမြင်များကို စုပ်ယူခဲ့ပြီး ထပ်မံအဆင့်မြှင့်နိုင်ခဲ့သော ဉာဏ်ကြီးရှင်များ ဖြစ်ကြ၏။
ချင်မူက နဂါးချီလင်နှင့် ရေချီလင်ကို လှမ်းခေါ်ပြီး စုယွင်ကျစ်၊ ယုယွမ်ချူးယွီနှင့် ကျန်ရှိသူများကို နှုတ်ဆက်ပြီးနောက် မြစ်ဘေးသို့ သွား၍ နဂါးထိန်းဧကရာဇ်အား ဆင့်ခေါ်လိုက်သည်။
နဂါးထိန်းဧကရာဇ်မှာ မျက်ကန်းကို မြင်လျှင် အလိုလို တုန်ရီသွားသည်။ သူက ပြုံး၍ နှုတ်ဆက်လေသည်။ “လှံနတ်ဘုရား မတွေ့ရတာ ကြာပြီနော်”
မျက်ကန်းက မျက်လုံးပိတ်ထားပြီး ကောင်းကင်စိတ်မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။ သူက မျက်လုံးပြန်ဖွင့်ကာ မေးတော့သည်။ “မင်း ဘာလို့ နည်းနည်းလေးမှ တိုးတက်မလာတာလဲ... နဂါးထိန်းဧကရာဇ်၊ မင်းရဲ့ သိုင်းအဆင့်က နိမ့်ကျလွန်းနေပြီ... ဒီအတိုင်းဆို ကောင်းကင်နတ်မြစ်ကို မင်း ဘယ်လို ထိန်းချုပ်မှာလဲ... တိုးတက်မလာရင် အနှေးနဲ့အမြန် အသတ်ခံရလိမ့်မယ်”
နဂါးထိန်းဧကရာဇ် ချီတုံချတုံ ဖြစ်သွားကာ ပြောလိုက်သည်။ “နဂါးလေးရဲ့ အသိအမြင်က တုံးအလွန်းပါတယ်...”
မျက်ကန်းက သရော်တော်တော် ပြောသည်။ “မင်းက မာန်ဟုန်မြစ်တက္ကသိုလ်ဆီ သွားပြီး စာတောင် သင်ပေးလို့ ပါမောက္ခတစ်ယောက်တောင် ဖြစ်နေပြီလေ... မာန်ဟုန်မြစ်တက္ကသိုလ်ရဲ့ မှတ်တမ်းဆောင်မှာ ရှေးဟောင်းနဂါးကျင့်စဉ် ရှိမှန်း မင်း သိသင့်ပါတယ်... ဘာလို့ မကျင့်ကြံတာလဲ”
နဂါးထိန်းဧကရာဇ်သည် ချင်မူ့ကို တစ်ချက်ကြည့်၍ ပြုံးလိုက်၏။ “ရှေးဟောင်းနဂါးကျင့်စဉ်က အင်အားကြီးတဲ့ ကျင့်စဉ်တစ်ခုပါ... နဂါးလေးအနေနဲ့ ဘယ်လိုလုပ်ပြီး တိတ်တိတ်လေး လေ့လာရဲမှာလဲ”
မျက်ကန်းမှာ ရယ်ရမလား ငိုရမလာ မသိတော့ပေ။ သူက ခေါင်းတယမ်းယမ်းဖြင့် ပြောလိုက်သည်။ “မင်းက သတိကြီးလွန်းတယ်... မင်းရဲ့သခင်က ဒီကျင့်စဉ်ကို တစ်လောကလုံးအနှံ့ ဖြန့်ထားတာလေ မင်းကို ဘယ်လိုလုပ် တားမှာတုန်း... မင်းကိုယ်ပေါ်မှာ ကုပ်တွယ်နေခဲ့ပြီး မာဟာမာဟာပဲ အော်တတ်တဲ့ နဂါးလေးတွေတောင် တတ်နေပြီ... အဲဒီနဂါးတချို့ရဲ့ အစွမ်းအစက မင်းထက်တောင် သာနေသေးတယ်.. တိုးတက်မလာရင် သူတို့ကိုယ်ပေါ်မှာ ကပ်ပြီး မာဟာမာဟာ လို့ အော်နေရမှာ မင်း ဖြစ်သွားမယ်”
နဂါးထိန်းဧကရာဇ်က ဝမ်းသာသွားပြီး ကျေးဇူးတင်သည်။ သူက သူတို့ကို တာအိုဂိုဏ်းရှိရာသိ့ အလျင်အမြန် သယ်ဆောင်သွား၏။
ချင်မူက နဂါးထိန်းဧကရာဇ်၏ ခေါင်းပေါ်တွင် ထိုင်၍ မျက်ကန်းဆီမှ ဝင်္ကပါသိုင်းကွက်များ သင်နေသည်။ ကောင်းကင်နတ်အရှင်ယွီလည်း လိုက်လံနားထောင်သည်။ မျက်ကန်း သူတို့ကို နှစ်ဝက်ခန့် သင်ပေးရမည် ထင်ထားသော်လည်း ခြောက်ရက်အတွင်း တတ်သွားကြ၍ သူ့တွင် သင်ပေးစရာ မရှိတော့ပေ။
မျက်ကန်းမှာ မျက်လုံးအပြူးသား ဖြစ်နေပြီး အကြောင်းမရှိဘဲ ဒေါသထွက်လာသဖြင့် နဂါးထိန်းဧကရာဇ်၏ ခေါင်းကိုသာ ခဏခဏ ထုနေတော့သည်။
နဂါးထိန်းဧကရာဇ်မှာ နာနေပြီး ဤအဘိုးကြီး ဒေါသထွက်မိအောင် ဘာလုပ်ခဲ့မိမှန်း မသိပေ။ ချင်မူ ကောင်းကင်နတ်အရှင်ယွီထံ ရှင်းပြနေသည်ကိုသာ ကြားနေရသည်။ “အခြေခံ ဝင်္ကပါအမှတ်အသားတွေကို တတ်သွားရင် ကျန်တာတွေ လွယ်သွားလိမ့်မယ်... ဒါက အခြေခံကို အမိအရ ဖမ်းဆုပ်တာလို့ ခေါ်တယ်.. အခြေခံ ရတာနဲ့ ကျန်တာတွေက အလိုလိုလိုက်လာလိမ့်မယ်... ဒါပေမဲ့ ဒါနဲ့တင် မလုံလောက်သေးဘူး... ဖြစ်နိုင်ခြေ ရှိတာတွေ စဉ်းစားပြီး အသစ်အသစ်တွေ တွေးထုတ်တတ်ရမယ်... ဝင်္ကပါပညာက ဝင်္ကပါသိုင်းတစ်ခုတည်းမှာ မဟုတ်ဘူး...တခြားနယ်ပယ်တွေမှာလည်း သုံးလို့ရတယ်... ဥပမာ တာအိုသိုင်းကွက်တွေ၊ ဓားသိုင်းကွက်တွေမှာ ထည့်သုံးတာမျိုးပေါ့... အခြားသူတွေက ကျက်ဖို့ပဲ သိတာ... အဲဒါက အတုံးဆုံးနည်းလမ်းဆိုတာ မသိကြဘူး”
ကောင်းကင်နတ်အရှင်ယွီက ပြောသည်။ “သင်ရတာ မခက်သလိုပဲနော်... ကျွန်တော် ဝင်္ကပါသိုင်းကွက်တွေ စဉ်းစားထားတယ်... မှန်လား အစ်ကိုကြီး ကြည့်ပေးလို့ရမလား”
မျက်ကန်းမှာ ဒေါသထွက်သွားပြန်ပြီး နဂါးထိန်းဧကရာဇ်၏ ခေါင်းအား နှစ်ချက်ထုပြန်သည်။
နဂါးထိန်းဧကရာဇ် ပြောစရာစကား မရှိတော့ပေ။ သူ့မှာ စိတ်ညစ်စွာဖြင့်သာ ရှေ့ဆက်သွားနေရင်း နောက်ဆုံးတော့ ခရီးဆုံးသို့ ရောက်လာသည်။ ချင်မူတို့ ကုန်းပေါ် ဆင်းသွားမှ သူ့မှာ စိတ်သက်သာရာရသွားပြီး ရေထဲ ပြန်ငုပ်သွားတော့သည်။
တာအိုဂိုဏ်းရှိသော ခွန်းလွန်တောင်စပ်ဆီမှ လှမ်းသေးသောကြောင့် ချင်မူတို့ ခပ်သုတ်သုတ် ဆက်သွားကြသည်။ နှစ်ရက်ကြာသော် ကောင်းကင်ထဲတွင် လေသင်္ဘောတစ်စင်း ရပ်သွားသည်ကို လှမ်းမြင်လိုက်ရပြီး သင်္ဘောအပေါ်မှ ဝံပုလွေခေါင်းနှင့်လူများ ဆင်းလာကြကာ အနံ့ခံနေကြသည်။
ချင်မူ ထိတ်လန့်သွားပြီး နဂါးချီလင်အား ရပ်ခိုင်းလိုက်သည်။ ဝံပုလွေခေါင်းနှင့်လူတစ်ယောက်က သားရိုင်းများ ဆွဲဖြဲထားသော လူ့အလောင်းတစ်လောင်း ရှာတွေ့သွားကြောင်း လှမ်းမြင်လိုက်ရ၏။ အလောင်းမှာ ရုပ်လုံးပင် မပေါ်တော့ပေ။
‘ဒီအလောင်းက ငါ့လက်ချက်နဲ့ သေသွားတဲ့ နတ်ဘုရားတစ်ပိုင်း ဖြစ်တဲ့ပုံပဲ... ဒါဆို ဒီကောင်တွေက...’
ချင်မူ သင်္ဘောဆီသို့ လှမ်းကြည့်ရာတွင် ရွှေရောင်ချပ်ဝတ် ဝတ်ထားသော နတ်ဘုရားတစ်ပါး မြင်လိုက်ရသည်။ ထိုနတ်ဘုရားသည် ကျောနောက် လက်ပစ်လျက် သင်္ဘောဦး၌ ရပ်နေပြီး သူ့ဘေးတွင် ယွီချိန်ကျစ် ရှိနေ၏။
ချင်မူ ရင်ထဲ ထိတ်သွားသည်။
ဝံပုလွေခေါင်းတစ်ယောက်က အလျင်အမြန် ခုန်ဆင်းလာကာ ချင်မူတို့အရှေ့၌ ပေါ်လာသည်။ သူက အနံ့ရှူကြည့်ပြီးနောက် ပျောက်သွား၏။ ထို့နောက် သင်္ဘောအပေါ်တွင် ပြန်ပေါ်လာကာ ရွှေရောင်ချပ်ဝတ်နှင့် နတ်ဘုရားအား ခပ်တိုးတိုး ကပ်ပြောလိုက်သည်။
ထိုရွှေရောင်ချပ်ဝတ်နှင့် နတ်ဘုရား ချွီးဟယ်က သူ့ဆီသို့ လှမ်းကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောသည်။ သူက ယွီချိန်ကျစ်ကို မေးလေသည်။ “ဒီလူက ချင်းယွင်ကောင်းကင်ဘုံမှာ ပေါ်လာခဲ့ဖူးတယ်... သူ့အနံ့ကို ရဖူးတယ်တဲ့ ... မင်း သူ့ကို သိလား”
ယွီချိန်ကျစ်မှာ စိတ်ထဲတွင် ခါးသီးစွာ ညည်းတွားနေပြီး ကပျာကယာ ပြောလိုက်၏။ “သိပါတယ်... သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင် ချင်မူပါ... ဂိုဏ်းခေါင်းဆောင်နဲ့ တွေ့ပေးဖို့ ကျွန်တော် သူ့ကို တောင်ပေါ် ခေါ်သွားဖူးတယ်”
“ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင် ချင်မူတဲ့လား”
ချွီးဟယ်က ခေါင်းစောင်း၍ တွေးနေသည်။ “အဲဒီနာမည် ကြားဖူးသလိုပဲ... သူက မင်းရဲ့ မိတ်ဆွေဆိုတော့လည်း ဖြတ်သွားခွင့်ပေးလိုက်”
ယွီချိန်ကျစ် ကျေးဇူးတင်စကား ဆိုပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “နောင်တော်ချင်၊ ကောင်းကင်နတ်ဘုံက ဒီနေရာမှာ စစ်ဆေးစရာ ရှိလို့ စစ်ဆေးနေတယ်.... မင်းတို့ ပတ်သွားလိုက်ပါ”
ချင်မူက ခေါင်းညိတ်ပြီး ပတ်သွားရန် နဂါးချီလင်ကို ညွှန်ကြားလိုက်သည်။
“ခဏ”
ချင်မူ တုံ့ခနဲ ရပ်လိုက်ပြီး မျက်လုံးများ မှေးကျဉ်းသွား၏။ “ချင်မူ၊ မင်း ဓားသိုင်းကျင့်လား.... ကျင့်ရင် ငါ့ကို ဓားကွက်တစ်ကွက်လောက် ပြနိုင်မလား.. ချင်းယွင်ကောင်းကင်ဘုံရဲ့ တာအိုကျောင်းတော်နံရံမှာ ဓားရာတစ်ခု တွေ့ခဲ့တယ်... အဲဒီဓားရာက တာအိုဂိုဏ်းရဲ့ ဓားရာနဲ့ မတူဘူး”