တောင်တန်း (၁၀၈) လုံး။
Vol. 96 Ch. 1335
ဤအခိုက် အတန့်တွင်၊ ကြီးမားသော အင်အား တစ်ခုက၊ သူ့အား ချေမွရန် နီးကပ်လာ ပြီကို၊ လင်းယွန် ခံစား နိုင်သည်။
ယင်းမှာ သူ၏ အပြင်း ထန်ဆုံးသော တိုက်ခိုက်မှု များထဲမှ တစ်ခု ဖြစ်၏။ ထိုကြောင့် ဓား သုတ္တန်ကို ဖြန့်ကျက်ကာ၊ ရောင်ဝါ သမုဒ္ဒရာ အတွင်းရှိ၊ ကြယ်မိစ္ဆာ ပန်း များအား၊ လောင်မြိုက် စေလိုက်သည်။
ခရမ်းရောင် နန်းတော် အတွင်းရှိ၊ ကြယ်စွမ်းအင်များ ပွက်ပွက်ဆူ လာပြီး၊ ရွှေ အလင်းများ စိမ့်ထွက် လာသည်။
“ ဝှစ် ... ။ ”
ထို့နောက် ရွှေတောင်ပံ တစ်စုံကို ဆင့်ခေါ်ကာ၊ အလျင် အမြန် ဆုတ်ခွာ လိုက်မှ သာလျှင်၊ သူ့ အပေါ် ကျရောက် နေသည့် ဖိအားများ ပေါ့ပါး ကုန်၏။
လေထု အလယ် ရူရ် (၃၀၀၀) ပါသော နီညိုရောင် နဂါး လက်ကြီး တစ်ဖက် ဖြစ်ပေါ် လာသည်။
ဤအရာက သူ့အား နိမ့်ကျသော အခြေအနေသို့၊ ချက်ချင်း ကျရောက် လာစေ၏။ နဂါး သခင်၏ အလွန် ကြောက်စရာ ကောင်း သော၊ လျှို့ဝှက် နည်းစနစ် ဖြစ်သည်။
၎င်းဖြင့် အနီးကပ် တိုက်ခိုက်ခြင်း ခံရပါက၊ မျိုးဆက် တစ်ခု အတွင်းရှိ၊ မည်သူ မဆို ဖိနှိပ်ခံ ရမည် ဖြစ်သည်။
အားနည်း သူများမှာ၊ ချက်ချင်း ကြေမွ သွားနိုင်၏။
“ ဘာလဲဟ။ ”
သူ့အား နဂါး ထွက်သက်ဖြင့် သတ်ရန် ကြံရွယ်လာ သောကြောင့်၊ ဒေါသ ထွက်မိသည်။ တဖျပ်ဖျပ် မြည်သံများ ထွက်ပေါ် လာပြီး၊ ခရမ်း - ရွှေရောင် အလင်းများ တောက်ပ လာသည်။
ထိုကြောင့် သံသယဖြင့် မော့ကြည့် လိုက်လေရာ၊ အသူရာ ပန်းချီကား ပွင့်လာ သည်ကို မြင်လိုက် ရ၏။
၎င်းမှာ အဆုံး မဟုတ်ချေ။ နောက်ထပ် ပန်းချီကား သုံးချပ် ပွင့်လာသည်။ ချွမ်းချီကျား၊ အတောင်ပံပါ နဂါးနှင့် ခွန်ပန် တို့ ဖြစ်၏။
ပန်ချီကား လေးချပ်ကြောင့်၊ နှုတ်ခမ်း ထောင့်စွန်းမှ သွေးများ စီးကျ လာ၏။ ဤသည် မှာ သူ၏ ကန့်သတ်ချက် ဖြစ်ပုံ ရသည်။
နောက်ထပ် ပန်းချီကားများ ထုတ်ဖော် ရမည် ဆိုက၊ သွေးသား စွမ်းအင်များ ကုန်ဆုံး သွားမည် ဖြစ်သည်။
ထို့ကြောင့် ပြန်လည် ကောင်းမွန် စေရန်၊ အချိန် တစ်ခု ပေးဆပ် ရ နိုင်သည်။ ကံကောင်း စွာဖြင့်၊ ကိုယ်ပွား လင်းယွန်မှာ၊ ပန်းချီကား လေးချပ် ကိုသာ ဆင့်ခေါ် ခဲ့သည်။
၎င်းဖြင့်ပင် ဆက်၍ ရပ်တည် နိုင်ခြင်း မရှိတော့ဘဲ၊ ဒူးများ ကွေးညွှတ် လာသည်။
“ ဒူး ထောက် ... ။ ”
ငေါက်သံ တစ်သံ ရုတ်တရက် ပဲ့တင်ထပ် လာသည်။ သူ့ကိုယ်သူ ဒူးထောက် လိုက်မိ ၏။ ဤရတနာ ခုနစ်ပါး စဉ့်သား ကျောင်းတော် မှာ၊ အစွမ်းထက် လွန်းပေသည်။
ထို့စဉ် ကြောက်မက်ဖွယ် ကောင်းသော ထက်ရှမှု အရိပ် အယောင်ကို ခံစား လာရပြန် သဖြင့်၊ ခေါင်းမော့ ကြည့်လိုက်ရာ၊ ကိုယ်ပွား လင်းယွန်၏၊ ခရမ်းရောင် အမှတ် အသား လင်းလာ သည်ကို၊ တွေ့လိုက် ရသည်။
ယင်းမှာ အရိယာ ကောင်းကင်ဓား ဖြစ်၏။ ၎င်းထံမှ နဂါး ရောင်ဝါ ထွက်လာ သောကြောင့်၊ ချက်ချင်း ကျိန်ဆဲကာ၊ အလားတူ တုန့်ပြန် လိုက်မိသည်။
“ ဖျက်ဆီးခြင်း နဂါး ... ။ ”
“ ဖျက်ဆီးခြင်း နဂါး ... ။ ”
စူးရှ တောက်ပသော ရွှေရောင် အလင်းတန်း နှစ်ခု တိုက်မိကာ၊ တပြိုင် နက်တည်း ပေါက်ကွဲ သွား ကြသည်။
“ ဝုန်း ... ။ ”
ပါးစပ်မှ သွေးများ စီးထွက်ကျ လာပြီး၊ အသက် မရှူ နိုင်ခင်၊ နဂါး ရောင်ဝါက သူ့အပေါ် ပြိုကျ လာ ပြန်သည်။
“ ဟိတ် ... ။ ”
“ ဝုန်း ... ။ ”
ထို့ကြောင့် လက်သီးဖြင့် အမြန် ထိုးချလိုက် ရ၏။ နောက်ဆက်တွဲ အနေဖြင့်၊ သွေးတစ်လုတ် အန်လိုက် ရသည်။
သူ ဒဏ်ရာ အပြင်း အထန် ရလာပြီ ဖြစ်သည်။ သို့သော် ကိုယ်ပွား လင်းယွန်၌၊ သွေး မီးတောက် နတ်ဘုရား ရူရ် မရှိကြောင်း သတိ ထားမိ ခဲ့သည်။
အရိယာ ကောင်းကင် ဓားကို ထုတ်ကာ၊ ပြန်လည် တိုက်ခိုက် လိုက်၏။ ဓားရည်ရွယ်ချက် အချင်းချင်း ထိပ်တိုက် တွေ့ပြီး၊ ပတ်ဝန်းကျင် အနှံ့၊ တုန်ခါ နေသော လှိုင်းများ ပြည့်နှက် လာစေသည်။
လင်းယွန်က လက်ကို ဝှေ့ယမ်းကာ၊ လျှပ်စီး တစ်ထောင် ဓားအား လှမ်းခေါ်လျက်၊
“ မင်းမှာ မရှိ ဖူးလို့ ... ၊ ငါ ပြောရဲတယ်။ ”
-ဟု ရေရွတ် မိသည်။
အမှန်ပင် ကိုယ်ပွား လင်းယွန်၌ လျှပ်စီး တစ်ထောင်ဓား မရှိချေ။ သို့သော် အဖြူ-အမည်း ဓား တစ်လက်၊ ချက်ချင်း ထွက်ပေါ် လာသည်။
အဖြူသည် အသက်ဓာတ် ပါရှိသည့် မြင့်မြတ်သော ရောင်ဝါ ဖြစ်ပြီး၊ အမည်းမှာ မရဏ ရောင်ဝါ ဖြစ်သည်။
ယင်းက အသက်နှင့် သေခြင်းကို တွေးမိ စေခဲ့၏။ ဆိုလို သည်မှာ ထိုဓားသည် လျှပ်စီး တစ်ထောင် ဓားထက် အား မနည်းချေ။
ပန်းသင်္ချိုင်း ဓား သည်၊ သာယာသော ညအား သန့်စင် နေဆဲ ဖြစ်သဖြင့်၊ ၎င်းကို မနှောက်ယှက် လိုချေ။
နှစ်ယောက်သား ရင်ဆိုင် တိုက်ခိုက်စဉ်၊ ဒဏ်ရာများ ပို၍ များပြား လာသည်။ လှုပ်ရှားမှု ဆယ်ကြိမ် ပြီးနောက်၊ ရှုံးချေ ပြလာ၏။
ကိုယ်ပွား လင်းယွန်သည်၊ တိမ်လွှာဓား (၁၃)ကွက်၏၊ အနန္တဓား အဖြစ် ပေါင်းစည်းခြင်း ကိုပင်၊ အသုံးပြု နိုင်သည်။
ထို့စဉ် လျှပ်စီး တစ်ထောင် ဓား ထံမှ၊ တုန်ခါလှိုင်းကို ခံစား လာရသည်။ ဓားကျိုး စေသော ကိုယ်လုံး ကိုယ်ပေါက် ဖိအားကို မခံနိုင် တော့ကြောင်း၊ သိလိုက်သည်။
ကိုယ်ပွား လင်းယွန်သည် သူ၏ တိုက်ခိုက်ရေး နည်းစနစ် များကို သိရှိနေ သော်လည်း၊ ၎င်းကို မသိချေ။
ထိုအတွေး ဝင်လာ သည်နှင့်၊ လျှပ်စီး တစ်ထောင် ဓားကို ပြန်သိမ်း လိုက်သည်။ ဤ လုပ်ရပ်က ကိုယ်ပွား လင်းယွန်ကို၊ ပို၍ တက်ကြွလာ စေ၏။
ဖြူမည်း ဓားက သတ်ဖြတ် လိုသော ဆန္ဒများကို ထုတ်ဖော်ကာ၊ သူ့အပေါ် ကျဆင်း လာသည်။
“ ဝှစ် ... ။ ”
ယင်းကြောင့် ဘေးသို့ စောင်း၍ ရှောင်လိုက်ပြီး၊ သွေး မီးတောက် နတ်ရူရ်ကို အသက်သွင်း လိုက်သည်။
သူ့ သံသယကို အတည်ပြု ရပေမည်။ ခရမ်း ရွှေရောင် နဂါး ရူရ်၊ ပြန်လည် တောက်ပ လာစဉ် နဂါး ထွက်သက်ကို ထုတ်လွှတ် လိုက်သည်။
“ ဝှစ် ... ။ ”
မြန်ဆန်လွန်း သောကြောင့်၊ ကိုယ်ပွား လင်းယွန်မှာ ချက်ချင်း ကြေမွ ပျောက်ကွယ် သွားသည်။
“ ကလန် ... ။ ”
အဖြူ အမည်း ဓားကြီးက၊ အစစ် အမှန် အလား ကြမ်းပြင်ပေါ် ပြုတ်ကျ လာ၏။ အသက် ပြင်းပြင်း ရှူလျက်၊ နဖူးမှ ချွေးများကို သုတ် လိုက်သည်။
“ ငါ ... ၊ အရမ်း သန်မာ လာတယ် ... ။ ”
“ တကယ် အရှက် မဲ့တဲ့ ကောင်ပဲ ... ၊ ဒီလို ပုံစံ မျိုးနဲ့ ... ကိုယ့်ကိုယ်ကို ချီးကျူးတဲ့ ... လူမျိုး၊ တစ်ယောက်မှ မတွေ့ ဖူးဘူး။ ”
ခရမ်းငယ်မှ အမြင်ကပ် ဟန်ဖြင့် ဝင်ပြော လာသည်။
“ ဒါနဲ့ ... ၊ ဘာလို့ ငါ့ကို မကူညီ ရတာလဲ။ ”
“ နင့် ... ကိုယ်ပွား ကိုတောင် ... ၊ နင် မနိုင်ရင် ... ၊ သေတာမှ အေး သေးတယ်။ ”
“ ဟ ... ။ ”
ခရမ်းငယ် အဖြေကြောင့် လင်းယွန် ပါးစပ် ပိတ်သွားသည်။
“ လောက ကြည့်မှန် ကသာ၊ ငါ့ကို ထောက်လှမ်း မိသွားရင်၊ ငါ့ကိုယ်ပွား ထပ်ပေါ် လာပြီး၊ နင့်ကို တစ်ချက် တည်းနဲ့ မီးလောင် တိုက်သွင်း ပစ်လိမ့်မယ်။ ”
“ လောက ကြည့်မှန်လား။ ”
ခရမ်းငယ်၏ ဖြည့်စွက် စကားကြောင့်၊ လင်းယွန်က လေထု တစ်နေရာ၌ မြူစိုင် တစ်ခု၊ ရှိနေ သည်ကို၊ သတိထား မိလိုက်သည်။
“ ဒါဆို ... ၊ ငါတို့ သူ့ကို ယူသွားလို့ ရနိုင်မလား ... ၊ ဒါက နတ်ဘုရား လက်ရာ တစ်ခု ဆိုတာ သေချာတယ်။ ”
လင်းယွန်က လောဘဖြင့် မေးသည်။
“ သူက ... ၊ ရတနာ ခုနစ်ပါး စဉ့်သား ကျောင်းတော်နဲ့၊ ပေါင်းစည်း နေတာ ကြာနေပြီ၊ စွန့်စားရ လိမ့်မယ်၊ ခွန်လွန် ဘုံရဲ့ ဧကရာဇ် ကိုးပါးက မရိုး ရှင်းဘူး၊ ...
... တောင်ပိုင်း ဧကရာဇ်ဆို ... ၊ ဒီရတနာ စဉ့်သား ကျောင်းတော်ရဲ့ ... ၊ ပိုင်ရှင် ကိုတောင် သတ်ပစ် နိုင်ခဲ့တယ် ... ၊ ဒါကြောင့် သူတို့က ငါ ထင်ထား တာထက်၊ ပို အားကောင်းတယ်။ ”
ခရမ်းငယ် တုန်လှုပ် ခြောက်ခြား စွာနှင့်၊ ပြန်ပြောသည်။ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီ တစ်ပါး အနေဖြင့်၊ ဧကရာဇ် ကိုးပါး အပေါ် အထင် အမြင် သေးခဲ့ ဖူး၏။
“ ဒီစမ်းသပ်မှု နဲ့တင် ... ၊ လူ အများစု ဖယ်ထုတ် ခံရ လိမ့်မယ် ထင်တယ်။ ”
စမ်းသပ်မှု မလွယ်ကူ သဖြင့် လင်းယွန်က သက်ပြင်းချ မိသည်။ ကိုယ်ပွားကို မြင်အောင် မကြည့် နိုင်က မလွယ်ချေ။
သူပင် အမှန် တကယ် ကံကောင်း ခဲ့ခြင်း ဖြစ်သည်။ ကိုယ်ပွားတွင် သွေး မီးတောက် နတ် ရူရ် ပါရှိ နေက၊ အနိုင်ယူ နိုင်မည် မဟုတ်ချေ။
ရလာဒ်မှာ သူ ထင်ထား သည်ထက် ပို၍ ဆိုးရွား လှသည်။ တစ်နာရီ အတွင်း ဖြေဆိုသူ (၇၀) ရာခိုင်နှုန်းအား ဖယ်ရှား ပစ်၏။
ဖယ်ထုတ် ခံရ သူများမှာ၊ စိတ်ကူးထား သကဲ့သို့၊ ဘုံကျောင်းမှ နှင်ထုတ်ခြင်း မခံ ရပေ။ ယင်း အစား၊ အားလုံး သေဆုံး ကုန်သည်။
ဘုံကျောင်း အတွင်း၊ ဝင်လိုက်မှ သာလျှင် မည်မျှ ကြီးမား သည်ကို သိရှိ လာ၏။ အတွင်း၌ နန်းတော် များစွာ ရှိသည်။
နန်းတော် များကို တောင် (၁၀၈) လုံး အထက်တွင် တည်ထားသည်။ များမကြာခင် ရေခဲ မြူများ အတွင်း ရောက်ရှိ လာ၏။
မြူများ ထူထပ် နေသောကြောင့်၊ သတိထားကာ တစ်လှမ်းချင်း လျှောက်လှမ်း လာရသည်။ တဖြည်းဖြည်း တစ်ကိုယ်လုံး အေးခဲလာ သလို၊ ခံစား ရသည်။
တစ်ချိန်တည်း မှာပင်၊ ရေခဲ မြူ အောက်ခြေ၌၊ ကြောက်မက် ဖွယ်ရာ တွင်းနက် တစ်ခု ရှိနေ သကဲ့သို့၊ အင်အား တစ်ခုက သူ့ကို စုပ်ယူ နေသည်။
“ ဟိတ် ... ။ ”
အသက် ပြင်းပြင်း ရှူလျက်၊ ဓားကို ထုတ်လွှတ် လိုက်ပြီး၊ ခြေဖဝါးနှင့် ကြမ်းပြင်ပေါ် ပုတ်ကာ၊ စုပ်ဝဲ အတွင်းမှ ရုန်းထွက် ပစ်သည်။
လွတ်မြောက် သည်နှင့်၊ ကြမ်းပြင်ပေါ် ဆင်းသက်ကာ၊ လည်ပြန် လှည့်ကြည့် လိုက်၏။
ယင်းက တွင်းနက်ကြီး မဟုတ်ဘဲ၊ အလောင်း ကောင်များ ပြည့်နေသည့် သွေးကန် တစ်ကန် ဖြစ်လေသည်။
အဆိုပါ အလောင်း များမှာ၊ လတ်ဆတ်ပြီး ညှီနံ့များ လှိုင်လှိုင် ထွက်နေ၏။ ယင်းက ပထမ စမ်းသပ် မှုကို ဖြေဆို နိုင်ခဲ့ လျှင်ပင်၊ သေဆုံး နိုင်ချေ ရှိမှန်း၊ သိမြင် လာစေသည်။
ထိုအလောင်း များ၏ သွေးသား စွမ်းအင် များက၊ အမှုန်များ အဖြစ်သို့ ပြောင်းလဲ လာပြီး၊ ပတ်ဝန်းကျင် လေထုနှင့် ရောနှော သွားသည်။
ထို့ကြောင့် ဤဘုံကျောင်းသည် လူသား တို့၏၊ သွေးသား စွမ်းအင်ကို ဝါးမျို နိုင်ကြောင်း၊ သိလာ ရသည်။ ယင်းက ဦးရေ ပြားကို ယားယံလာ စေသည်။
“ ဧကရီ ... ၊ မင်းနဲ့ နဂါးလေး ... ဒီမှာ နေခဲ့ပြီး၊ ယဲ့ဇီလင်နဲ့ အခြား လူတွေကို သွေးကန် အကြောင်း အသိ ပေးပါ။ ”
ဆုစီယာနှင့် ယဲ့ဇီလင်ကို စိတ်ပူစရာ မလို သော်လည်း၊ ကျန်းလိချန်နှင့် အခြား လူများ ရှိ သေးသည်။ ၎င်းတို့နှင့် အတော် အတန် ရင်းနှီး နေပြီ ဖြစ်ရာ၊ အချည်းနှီး မသေ စေချင်ချေ။
ဤသို့ ဖြစ်လာ ပါက ဘုံကျောင်း အတွင်း အတင်း အကြပ် ဝင်ခိုင်း မိသော သူ့ တွင်သာ အပြစ် ရှိပေမည်။
“ မဟုတ်ဘူး ... ၊ ဒီဧကရီက မဟာ သူတော်စင် မူလ ပုလဲကို ရှာချင်တယ်၊ တောင် (၁၀၈) လုံးက မဟာ သူတော်စင် မူလ ပုလဲကို အားဖြည့်ဖို့ အတွက် ဆိုပေမယ့်၊ ...
... ရတနာတွေ ရှိကောင်း ရှိနိုင်တယ်၊ ဒီတောင် တွေမှာ သူတော်စင် အသီး အနှံတွေ ဘယ်လောက် ရှိမယ် ဆိုတာ၊ ဘယ်သူ သိမလဲ။ ”
ခရမ်းငယ်က တောင်တန်းကြီး များကို ကြည့်ကာ ငြင်းဆန် လိုက်သည်။ ဤနေရာနှင့် အတော် ရင်းနှီးနေ သောကြောင့်၊ မည်သည့် အရာ ကိုမျှ မလွတ် ချင်ပေ။
“ ဒီမှာ ... ရတနာတွေ ရှိတယ် ... ဆိုရင်တောင်၊ တောင်ပိုင်း ဧကရာဇ်က သိမ်း သွားလောက်ပြီ၊ ပြီးတော့ ငါ ရတာက၊ မင်း ရတာနဲ့ အတူတူပဲ မဟုတ် ဖူးလား။ ”
လင်းယွန် စကားကို ခရမ်းငယ်မှ၊ နာခံလိုပုံ မရဘဲ၊
“ နင့်ကို ချင်းကန် သတ်ရင်၊ ဘယ်လို လုပ်မလဲ၊ ဒီဧကရီ ရှိနေရင် ... အနည်း ဆုံးတော့ ထွက်ပြေးလို့ လွတ်နိုင် ပါသေးတယ်။ ”
“ တိတ်စမ်း ... ၊ နိမိတ် မရှိတဲ့ ... ကျီးကန်း ပါးစပ် ကြီးနဲ့၊ ငါ့ကို ကျိန်ဆဲ မနေနဲ့။ ”
“ ဒီဧကရီက ဖီးနစ် ... ၊ ကျီးကန်း မဟုတ်ဘူး။ ”
ခရမ်းငယ်က ဆူပွ- ဆူပွနှင့် လင်းယွန်ကို စိုက်ကြည့် လာသည်။ အဆုံးတွင် နဂါးလေးအား နေခဲ့ ရန်သာ၊ အမိန့် ပေးနိုင် ခဲ့သည်။
“ သူတို့ကို တခြားလမ်း မပြနဲ့ ... ၊ ငါ့နောက် လိုက်ခိုင်း လိုက် ... ။ ”
လင်းယွန်က နဂါးလေးကို မှာကြားသည်။ ဒဏ်ရာများ မပျောက်ကင်း သေးသဖြင့်၊ နေခဲ့ ခြင်း သည်သာ၊ နဂါးလေး အတွက် အသင့် လျော်ဆုံး ဖြစ်သည်။
“ လင်းယွန် ... ဒီဧကရီက ဒီမှာ ရှိတဲ့ သူတော်စင် ရတနာတွေ အားလုံးကို လိုချင် တယ်၊ ဒါမှ တောင်ပိုင်း ဧကရာဇ်ရဲ့ လျှို့ဝှက်ချက်ကို သိနိုင်မှာ။ ”
ခရမ်းငယ်က သူ့ ဆန္ဒကို ထုတ်ပြော လာသဖြင့်၊ လင်းယွန် တစ်ယောက် လန့်ဖျပ် သွားသည်။ ဘုံကျောင်း အတွင်း လူများစွာ ဝင်ခဲ့သည်။
ထိုကြောင့် နန်းတော် တိုင်းတွင် တစ်စုံ တစ်ယောက် ကြိုတင် ရောက်ရှိ နေမည်မှာ၊ သေချာ၏။
သို့သော် မဟာ သူတော်စင် မူလ ပုလဲကို၊ လွယ်လွယ် ရှာတွေ့ နိုင်ဦးမည် မဟုတ်ကြောင်း၊ သူ ယုံကြည် သည်။
အဘယ့်ကြောင့် ဆိုသော်၊ သွေ့ရော် နက်ရှိုင်းခြင်း သော့ ထံမှ၊ ထူးခြားချက် တစ်စုံ တစ်ရာ မပြသေး သောကြောင့် ဖြစ်သည်။
***