အခုလည်း လုပ်မယ်၊ နောင်လည်း လုပ်မယ်။
Vol. 97 Ch. 1350
အတောင်ပံ တစ်စုံအား၊ ဖြန့်ထုတ် လိုက်သော အခါတွင်၊ ခရမ်းရောင် နန်းတော်ရှိ အမြုတေက၊ တောက်ပ လာသည်။
ရွှေရောင် အမှုန် အမွှားများ၊ ရွာကျ လာသည်နှင့် အမျှ၊ သစ်စေ့သည် တဖြည်းဖြည်း အရွယ် အစား ကြီးထွား တော့၏။
ကြယ် စွမ်းအင်များ သည်လည်း၊ အရည် အဖြစ် ကျုံ့ဝင်ကာ၊ ရောင်ဝါ သမုဒ္ဒရာ အတွင်း စီးဝင်လျက်၊ ရွှေရောင် ပြောင်းလဲ သွားသည်။
အဆုံးတွင် ပင်မ နတ်ဘုရား နယ်မြေသို့ ရောက်ရှိ သွားခဲ့သည်။ အင်ပါ ရီယန် နယ်ပယ်၌ မူလ စွမ်းအင်သည် ကြယ် စွမ်းအင် အသွင် ပြောင်း၏။
ပင်မ နတ်ဘုရား နယ်ပယ်တွင်၊ ရွှေအရည် အဖြစ် ပြောင်းသည်။ ရွှေ သမုဒ္ဒရာမှာ လွင်ပြင် နှင့် တူလာပြီး၊ လှိုင်းကြပ်ခွပ် မျှပင် မရှိချေ။
ရေထက် ပို၍ သိပ်သည်း လာသည်ဟု၊ ဆိုချင်ပုံ ရသည်။ ၎င်းသည် ပင်မ နတ်ဘုရား နယ်ပယ်နှင့်၊ အင်ပါ ရီယန်ကြား ခြားနားချက် ဖြစ်သည်။
ပင်မ နတ်ဘုရား နယ်ပယ်သို့ ရောက်ရှိ ပြီးနောက်၊ လူတစ်ယောက်၏ ကြယ် စွမ်းအင် များသည်၊ သိပ်သည်းဆ ပိုလာမည် ဖြစ်၏။
အထက်တွင် ပျံဝဲ နေသော ပင်မ အမြုတေသည်၊ ရွှေသမုဒ္ဒရာ တစ်စင်း လုံးကို ဖိနှိမ် ထားသော တောင်တစ်လုံးနှင့် တူသည်။
သာမန် ပင်မ နတ်ဘုရား ကျင့်ကြံ သူ၏ သမုဒ္ဒရာ အရွယ် အစားသည်၊ အနည်းဆုံး (၁၀) ပေ ခန့် ရှိပြီး၊ အထက် တန်းစား များသည် ပေ (၁၀၀)သာ ရှိမည် ဖြစ်သည်။
ပါရမီရှင် များမှာ၊ ပေ (၁၀၀) ကျော်ကာ၊ ပေ(၄၀၀)သည် ကန့်သတ်ချက် ဖြစ်၏။ သို့သော် လင်းယွန်သည် ချွင်းချက် ဖြစ်ပြီး၊ ပေ (၁၀၀၀) ရှိပေသည်။
ပေ(၁၀၀၀) ဟူသည် ကျွမ်းကျင်သူ များထက်၊ များစွာ သာလွန်ကာ၊ ကြာရှည် တိုက်ပွဲ ဝင်နိုင် မည်ဟု အဓိပ္ပါယ် ရ၏။
ပင်မ အမြုတေသည် မွေးကင်းစ ကလေးငယ် တစ်ဦး၏ လက်သီးဆုပ် အရွယ် အစားထိ၊ ရောက်ရှိ ရပ်တန့် သွားသည်။
မျက်နှာ ပြင်တွင်၊ ငွေရောင် သူတော်စင် ရူရ် တစ်လုံး ရှိပြီး၊ ၎င်းမှ အလင်း ရောင်သည် ပင်မ အမြုတေကို လွှမ်းခြုံ ထားသည်။
လင်းယွန်က မျက်လုံး ဖွင့်ကာ၊ ခရမ်းငယ်ထံ ပြုံးကြည့်သည်။
“ ဧကရီ ... ၊ ငါ အောင်မြင်ပြီ။ ”
“ ဟမ့် ... ၊ မဆိုး ပါဘူး။ ”
ခရမ်းငယ်မှ မျက်နှာလွှဲလျက် နှာခေါင်း ရှုံ့၏။
“ ဖရူး ... ။ ”
ရုတ်တရက် ရွှေအတောင်ပံ တစ်စုံအား ဖြန့်ထုတ် လိုက်ရာ၊ ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံး ကမောက် ကမ ဖြစ်လာသည်။
“ မြန် လိုက် တာ ... ။ ”
အသက် တစ်ရှိုက်စာ အတွင်း၊ အနား ရောက်ရှိ လာသဖြင့်၊ ခရမ်းငယ်က အံ့အားသင့် သွားသည်။
ဤနည်းစနစ်သည် ရှေးဦးခေတ် ၌ပင်၊ ကျော်ကြားသော နည်းစနစ် ဖြစ်ကာ၊ ကျင့်ကြံမှု မြင့်မား လေလေ၊ ပို၍ မြန်လေလေ ဖြစ်သည်။
ရွှေကျီးကန်း တောင်ပံ တစ်စုံကို၊ သူ့ရှေ့သို့ သိုင်းယှက်လိုက် သည်နှင့် အတား အဆီး တစ်ခု အသွင်၊ လင်းယွန်အား ဖုံးအုပ် သွားသည်။
အမွေး အတောင် များမှာ ထက်ရှပြီး၊ မြင့်မြတ်သော အလင်းများ ထုတ်လွှတ်လျက်၊ သူတော်စင် လက်ရာနှင့် ယှဉ်နိုင်၏။
အစွမ်းထက် လွန်းသဖြင့်၊ တောင်ပံများ ရုတ်သိမ်းကာ၊ စိတ်လှုပ်ရှား မိသည်။ ၎င်းသည် သူ့လက်များ ကဲ့သို့၊ လိုက်လျော ညီထွေ ဖြစ် နေ၏။
သည်မတိုင်ခင် ကြယ် စွမ်းအင် များနှင့်၊ အတောင်ပံ တစ်စုံကို ဖန်တီး ခဲ့ရသည်။ ယခုမူ ငှက် တစ်ကောင် ကဲ့သို့၊ သူတော်စင် လက်ရာ အဆင့်၌ ရှိသော၊ အတောင်များ ရှိလာပြီ ဖြစ်၏။
“ ခရမ်းငယ် ... ၊ အခု ... ငါ နဂါး- ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို၊ ငါ ... လေ့ကျင့်လို့ ရပြီ မဟုတ်လား။ ”
ပင်မ နတ်ဘုရား နယ်ပယ် ရောက်ပါက၊ ၎င်းကို စတင်နိုင် မည်ဟု၊ ခရမ်းငယ်မှ ဆိုထား သည်အား၊ သူ မမေ့ သေးချေ။
နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းတွင် နဂါးဓား၊ ဖီးနစ်ဓားနှင့် နဂါး-ဖီးနစ်ဓား ဟူ၍ ပါရှိ၏။ သူ့ အနေဖြင့် ပလွေကို သုံးကာ၊ မရဏ ဖီးနစ် အကအား တီးမှုတ် နိုင်ပြီ ဖြစ်သည်။
ထို့ကြောင့် ဓားကို သုံးချင် လှပြီ ဖြစ်၏။ သူ၏ အိုင်းရစ် ဓားသုတ္တန်မှာ၊ ပင်မ နတ်ဘုရား နယ်ပယ်နှင့်၊ လိုက်ဖက်မှု မရှိ တော့ချေ။
“ ဒါပေမယ့် ... ဒီနေရာက မကြာခင် ပြိုကျ တော့မယ်။ ”
ခရမ်းငယ်က ပတ်ဝန်းကျင်ကို ဝေ့ ကြည့်ပြီး ဖြေသည်။
“ ဘယ်လောက် ... ၊ အချိန် ရဦး မလဲ။ ”
လင်းယွန်မှ မေးမိ၏။ ဤနေရာသည် ပြင်ပအချိန်နှင့် ခြားနားချက် ရှိပြီး၊ မြင့်မြတ်မြေ ဖြစ်သည်။ သဘာဝ အတိုင်း၊ တတ်နိုင် သမျှ အသုံးပြု လို၏။
“ လဝက် လောက်တော့ ... ၊ ရဦးမယ် ထင်တယ်။ ”
ခရမ်းငယ်က လက်ချောင်းများ ချိုးကာ ရေတွက် သည်။ သို့သော် ခေါင်းကုတ်လျက်
“ ဒီဧကရီ ... အချိန် အတိ အကျ မသိ တော့ဘူး။ ”
-ဟု ထပ်ဆို လာတော့သည်။ လင်းယွန် အာရုံက၊ ဆုစီယာနှင့် အခြားလူ များထံ ရောက် ရှိသွားသည်။
“ သူတို့ အဆင်ပြေတယ် မဟုတ်လား။ ”
“ အဆင်ပြေ ပါတယ်၊ ဆေးဘက်ဝင် အပင်တွေ မပျက်စီးခင်၊ အနှစ် သာရ တစ်ဝက် လောက်ကို၊ သူတို့က ဝါးမျို ထားတယ်၊ ...
... အဖိုးကြီးက ကြင်နာ တတ်တော့ ... သူ့တို့ကို ကူညီတဲ့ အနေနဲ့၊ ဘဝ- မရဏ တာအို အလင်း သုံးပြီး၊ ချိပ်ပိတ် ပေးထားလို့၊ သူတို့ အန္တရာယ် ကင်းပါတယ်။ ”
နဂါးလေးသည် ခြေ တစ်ချောင်း ထောက်လျက် အနေ အထားဖြင့်၊ ချစ်စရာ ကောင်းစွာ ရပ်နေသည်။ တစ်ဖက်တွင် ယဲ့ဇီလင်မှာ ထူးခြား နေ၏။
“ ဇီလင်က အရင်နဲ့ မတူ တော့ဘူး။ ”
နှင်းပန်းများ တဖျပ်ဖျပ် ပွင့်နေပြီး ပန်းတိုင်းတွင်၊ ကြောက်မက်ဖွယ် စွမ်းအားများ ပါရှိ နေ၏။
ထို့အပြင်၊ နတ်နဂါး ဓားခန္ဓာကြောင့်၊ ခန္ဓာကိုယ် အနှံ့ လျှပ်စီးများ လက်နေ ချေသည်။ ထူးဆန်း သည်မှာ နတ်နဂါး စွမ်းအင် ရွေ့လျား သွားသည်နှင့်၊ နှင်းပန်း များက ယိမ်းနွဲ့ လိုက်ပါ လာခြင်း ဖြစ်၏။
ထိုအရာ နှစ်ခုသည် ယှဉ်တွဲ မွေးဖွားလာ သကဲ့သို့၊ ပနံသင့်သည်။ တစ်ချိန် တည်း မှာပင် ထက်ရှသော ဓားရောင်ဝါ ကိုလည်း၊ ခံစား မိ၏။
“ အမည်ခံ အရိယာ ကောင်းကင် ဓား။ ”
ယင်းသည် ကောင်းကင်ဓား နယ်နိမိတ်ကို ကျော်လွန် နေပေသည်။
“ သူ ကံကောင်း သွားတယ်။ ”
ခရမ်းငယ်က ဝင်ပြောသည်။ ထို့ကြောင့် လင်းယွန် တစ်ယောက် အနည်းငယ် ငြိမ်သက် သွားပြီးနောက်၊
“ မဟာ သူတော်စင် မူလ ပုလဲကို၊ ခံယူ နေတုန်းက၊ အနားမှာ ... တစ်ယောက် ယောက် ရှိနေ လား။ ”
-ဟု မေးလိုက် မိသည်။
သို့သော် ခရမ်းငယ်မှ ပြန်မဖြေ လိုသော အမူအယာမျိုး လုပ်ပြ လာ သဖြင့်၊ လင်းယွန်က ထပ်မမေး တော့ချေ။
သူထင်သည့် အတိုင်း၊ တစ်စုံ တစ်ဦး ရှိပုံ ရသည်။ သွေ့ရော် သူတော်စင် သည်ပင်၊ ၎င်းကို မပြောလို သဖြင့်၊ ခရမ်းငယ်မှ သူ့ကို မပြောခြင်း ဖြစ်ပေ၏။
ထို့ကြောင့် မည်သူ မည်ဝါ ဖြစ်မည်ကို မခန့်မှန်း နိုင်တော့ချေ။
“ နင့်ရဲ့ နတ်ကျောက်စိမ်း ပလွေ ... ခဏ ငှားပါ၊ ငါတို့မှာ အချိန် သိပ် မကျန် တော့ဘူး၊ ဆယ့်ငါးရက် ဆိုတာ ခဏ လေးပဲ။ ”
ခရမ်းငယ်က နှင်းဦးရည် ဓားမော့ပေါ် ခုန်တက် သွားကာ၊ ပလွေ စမှုတ် တော့သည်။ ကျစ်ဆံမြီး ပြေကျပြီး၊ လေထဲ လွင့် ကုန်၏။
မျက်ဝန်း၌ နှင်းများ ပွင့်လာ သဖြင့်၊ ကောင်းကင် နတ်ဘုရားမ တစ်ပါးလို၊ ထင်မှား သွားစေသည်။
“ ... ... ။ ”
ပလွေ သံတွင်၊ အချက် အလက်များ ဓားကျမ်း၏ ပါဝင်နေ သောကြောင့်၊ လျင်မြန်စွာ ထိုင်ချ လိုက်သည်။
“ ဝှစ် ... ။ ”
သူတော်စင် ဆေးလုံး (၉) လုံးကို ထုတ်ယူကာ၊ ပတ်ဝန်းကျင် လေထု အလယ် ပျံဝဲစေ လိုက်၏။
ပလွေ သံက ကြယ် စွမ်းအင်များ လှည့်ပတ်မည့်၊ ဦးတည်ရာ လမ်းကြောင်း တစ်ရပ်အား၊ လမ်းညွှန်ပေး နေသည်။
အစောပိုင်း ကာလ များ၌၊ နားလည်ရ ခက်နေသော၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအား၊ ရှင်းလင်းစွာ နားလည် လာသည်။
မျက်လုံးများ ပြန်ဖွင့် လိုက်ချိန်တွင် ရွှေရောင်နှင့်၊ ကြက်သွေးရောင် ရူရ် နှစ်လုံး တောက်ပလျက်၊ ပလွေမှုတ် နေသော ခရမ်းငယ်ကို မြင်လိုက် ရသည်။
ခရမ်းငယ်က အာရုံခံ မိပြီး၊ လင်းယွန်ထံ ပြန်ကြည့်သည်။ နှစ်ဦးသား မျက်လုံး များဖြင့် အတန်ငယ် စကားပြော နေမိ၏။
သည့်နောက် လင်းယွန်မှာ၊ မျက်လုံးများ မှိတ်ကာ၊ နဂါး ဖီးနစ် ဓားသုတ္တန်ကို စတင်တော့ သည်။
ရွှေ သမုဒ္ဒရာတွင် လှိုင်း ဂယက်များ ပျံ့နှံ့ လာပြီး၊ ကြယ်စွမ်းအင် များက သေွး ပြန်ကြော အတိုင်း စီးဝင်ကာ၊ ပလွေသံ ဦးဆောင်ရာ၊ ရှုပ်ထွေးသော ပုံစံဖြင့် စီးဆင်း တော့၏။
၎င်းက အပ်စိုက်မှတ် ငယ် များစွာကို၊ သန့်စင် ပေးလေသည်။ သုံးရက်ကုန် ပြီးနောက်၊ နဂါး ဖီးနစ် ဓားသုတ္တန် အသက် ဝင်လာ၏။
တစ်နေ့လျှင် သူတော်စင် ဆေး တစ်လုံး စားသုံးလျက်၊ ကြယ်စွမ်းအင် များကို အားဖြည့် ကာ၊ အတား အဆီးများ ဖယ်ရှား နေမိသည်။
တဖြည်း ဖြည်းနှင့် နာကျင်မှုများ သက်သာကာ၊ နဂါး-ဖီးနစ် ဓားသုတ္တန် အတွက် လမ်းကြောင်း ပွင့်လာ၏။
တစ်ချိန် တည်းမှာပင် ရွှေရောင် အမှုန် အမွှားများ ၊ချွေးပေါက် များမှ စိမ့်ထွက် လာလေ သည်။ ၎င်းတို့က နဂါး တစ်ကောင်နှင့် ဖီးနစ် ပုံသဏ္ဍာန်၊ ခပ်ရေးရေး ဖွဲ့တည် လာ၏။
ပြီးနောက် အချင်းချင်း ပေါင်းစပ် သွားသော အခါတွင် အကန့် အသတ်မဲ့ ဓားရောင်ဝါ အဖြစ် ထွက်ပေါ် လာသည်။ မျက်စိ တစ်မှိတ် အတွင်း (၁၀)ရက် ကုန်လွန် သွားပြန်၏။
သူတော်စင် ဆေးလုံး (၉) လုံးကို စားသုံး ခဲ့ပြီးနောက်၊ မလုံလောက် သေးချေ။ ဖုန်းကျွယ် ပေးခဲ့သော နဂါး မူလ ပုလဲကို စားသုံးလိုက် ရသည်။
များမကြာခင် နတ်ကြယ် ပုလဲနှင့်၊ နဂါး သွေးရည်ကြည် များ ကိုပါ၊ ထုတ်ယူ အသုံး ပြု လိုက်ရ တော့၏။ သို့မှသာ ပထမ အဆင့် ရောက်ရှိ လာသည်။
ထပ်မံ ဆုပ်ကိုင် လိုပါက၊ သည့်ထက် များသော အရင်း အမြစ်များ လိုအပ် ပေမည်။ လက်ရှိ ကုန်ဆုံး သွားသော အရင်း အမြစ် ပမာဏမှာ၊ ကြောက်စရာ ပေပင်။
နတ်နဂါးနှင့် နတ်ဖီးနစ် ပုံသဏ္ဍာန်များ ရွှေသမုဒ္ဒရာ အထက်၌၊ တဖြည်းဖြည်း ပေါ်လာ သည်။
၎င်းတို့နှင့် အတူ ရွှေရောင် အမှုန် အမွှား များက၊ မြူများ အသွင် သမုဒ္ဒရာ အပေါ် သိုင်းဖွဲ့ ထားသည်။
မြူအတွင်း ပါရှိသော ကြယ် စွမ်းအင် ပမာဏသည်၊ သိပ်သည်းဆ ပြင်းထန် လှပြီး၊ ကြောက်မက်ဖွယ် ကောင်း၏။
“ ဒါက ... ၊ နဂါး ဖီးနစ် ဓား ရောင်ဝါလား။ ”
(၁၃)ရက် အတွင်း၊ နဂါး ဖီးနစ် ဓားသုတ္တန်အား (၁၀၈) ကြိမ် တိတိ၊ လှည့်ပတ် နိုင်ခဲ့သည်။
အကြိမ်တိုင်းတွင် နတ်နဂါးနှင့် နတ်ဖီးနစ် အသွင်များ၊ အပိုင်းပိုင်း ကွဲကုန်ကာ၊ အဆုံးတွင် အသစ် ပြန်လည် ဖွဲ့တည် နိုင်ခဲ့သည်။
ဤလုပ်ငန်း စဉ်သည် စိတ် စွမ်းအင်များ ကုန်ဆုံး စေရုံ သာမက၊ အကြိမ်တိုင်း နာကျင်ရ လေသည်။ သို့သော် ထိုက်တန်သည်။
ကြယ်စွမ်းအင်အား ရောင်ဝါ အဖြစ်၊ သန့်စင်ခြင်းသည် ကောင်းကင် အဆင့်၊ ပင်မ နတ်ဘုရား များသာ လုပ်ဆောင် နိုင်သည့် အရာ ဖြစ်သည်။
နဂါး ဖီးနစ် ဓားသုတ္တန် ကြောင့်၊ ၎င်းကို ပြီးမြောက် သွား၏။ သို့သော် နဂါးနှင့် ဖီးနစ်ကို ပေါင်းစပ် ရမည့် လုပ်ငန်းစဉ် တစ်ရပ်၊ ကျန်နေ သေးသည်။
နတ်ကြယ် ပုလဲနှင့် နဂါး သွေးရည်ကြည် အပါ အဝင်၊ သူတော်စင် ဆေးလုံးများ ကုန်ဆုံး သွားပြီး၊ ရုပ်ခန္ဓာ မှာလည်း ကန့်သတ်ချက်သို့ ရောက်ရှိ သွားပြီ ဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံမှုကို ရပ်နားပြီး၊ မျက်လုံးများ ဖွင့်ကြည့် လိုက်သည်။ ကြယ် စွမ်းအင် အား၊ လက်ချောင်း ထိပ်တွင် စုစည်း လိုက်ရာ၊ ခန္ဓာ ကိုယ်မှ ရွှေရောင် အခိုး အငွေ့များ ထွက်လာ၏။
ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး တုန်ခါသွား စေသည့်၊ ဓားရောင်ဝါများ ပေါက်ကွဲ လာသည်။
“ ရွှပ် ... ။ ”
လက်ကို တောက်ထုတ် လိုက်သော အခါ၊ ထက်ရှသော ဓားရောင်ခြည် တစ်စင်း ပြေးထွက် သွား၏။
ဓားရောင်ခြည် ထိမှန်ရာ၊ လေဟာနယ် ချက်ချင်း ဆုတ်ပြဲ သွားသည်။ ဓား ထိမှန်သော၊ ရေခဲပြင် တစ်ချပ် ကဲ့သို့၊ လေထုတွင် အက် ကြောင်းများ ထင်ဟပ် လာသည်။
“ နဂါး ဖီးနစ် ဓားရောင်ဝါ။ ”
ဆိုလို သည်မှာ နဂါး-ဖီးနစ် ဓားရောင်ဝါ ကြောင့်၊ အနား တစ်ဝိုက်ရှိ လေဟာ နယ်မှာ၊ အေးခဲ အက်ကွဲ ကုန်ခြင်း ဖြစ်သည်။
နဂါး- ဖီးနစ် ဓားသုတ္တန်ကို လှည့်ပတ် ထားခြင်း မရှိ သော်မှ၊ ထိတ်လန့် တုန်လှုပ် စရာ ကောင်းနေသည်။
“ ဖရူး ... ။ ”
ပလွေသံ ရပ်သွား သဖြင့်၊ လင်းယွန် ခန္ဓာ ကိုယ်မှ၊ ရွှေကျီးကန်း အတောင်ပံများ ပွင့်ထွက် လာပြီး၊ လှစ်ခနဲ ပြေးတက် လိုက်သည်။
နှင်းဦးရည် ဓားပေါ်မှ၊ ပြုတ်ကျ လာသော ခရမ်းငယ်ကို ချက်ချင်း ဖမ်းမိ သွား၏။ ဖြူဖျော့ နေသော အသွင် အရ၊ အစွမ်းကုန် ကြိုးစား ပေးခဲ့ကြောင်း၊ နားလည် မိသည်။
“ နောက်တစ်ခါ ... ၊ ဒီလို ထပ်မလုပ်နဲ့။ ”
လင်းယွန်က နာကျင်စွာ ပြောသည်။
“ ထပ်လုပ်ရင် ဘာဖြစ် မလဲ။ ”
“ နတ်ရူရ် တွေကို မသုံး ရဖူးလို့၊ ငါတို့ သဘော တူညီ ထားတယ် မဟုတ်လား၊ ဒါက ကတိ လေ။ ”
လင်းယွန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ ဟုတ်တယ်၊ ဒီဧကရီ ကတိ ပေးခဲ့တယ်။ ”
ခရမ်းငယ် မျက်ဝန်း၌ မျက်ရည်များ ရစ်သိုင်း လာပြီး၊
“ အဲ့ဒီ တော့ရော ... ၊ ဘာဖြစ် သေးလဲ လူတိုင်းက ... ၊ နင့်ကို လူသေ တစ်ယောက်လို ကြည့်နေ ကြတယ်၊ သူတို့က ချင်းကန် လက်မှာ ခံစား ရတော့ မလို၊ နင့်ကို လှောင်ပြောင် ကြတယ်၊ ...
... အဲ့ဒီ ကောင့်မှာ ... ၊ ရွှေနဂါး ရောင်ဝါ ရှိတယ်၊ ကြယ် စွမ်းအင်က ရောင်ဝါ ဖြစ်လာရင်၊ ဘယ်လောက် ကြောက်စရာ ကောင်းလဲ ဆိုတာ၊ နင် မသိ ပေမယ့် ငါ သိတယ်၊ နင့်ကိုယ်နင် သန်မာ နေပြီများ ထင်နေလား၊ ဟမ့် ...
... ဒီဧကရီ နိုးလာတဲ့ နောက်မှာ၊ နင်က ဒီဧကရီ ပထမဆုံး မြင်ဖူး ခဲ့တဲ့ လူပဲ ... ၊ ငါတို့ သုံးယောက်၊ အမြဲ အတူ ရှိမယ်လို့၊ နင် မပြော ခဲဖူးလား ... ။ ”
ဤတစ်ကြိမ်၌ ခရမ်းငယ် ငိုတော့သည်။
“ နင် တစ်ကယ် အသတ်ခံ ရမှာကို ကြည့်နေရ မလား၊ ဒီဧကရီ ဘာလုပ် သင့်လဲ၊ အခုလည်း လုပ်မယ်၊ နောင်လည်း လုပ်မယ်၊ ငါ့ကို အပြစ် လာ မတင်နဲ့။ ”
ခရမ်းငယ်မှာ အရာရာ အပေါ် အလေး အနက် မထားဘဲ၊ အချိန်ပြည့် ကြွားဝါ ခြင်းကို ပြုမူနေ သော်လည်း၊ သူမ ဆုံးဖြတ် ပြီးနောက်၊ မပြင် တော့ချေ။
ထို့ကြောင့် လင်းယွန် ခမျာ၊ တိတ်ကျ သွားသည်။ ဖီးနစ် တစ်ကောင် သူ့ အတွက် ငိုရ သည်အထိ၊ မည်သို့သော အရာများ လုပ်ခဲ့မိ သည်ကို၊ ပြန်လည် တွေးတော နေမိသည်။
အနာဂါတ်တွင် ခရမ်းငယ်အား နာကျင်ခွင့် မပေးတော့ချေ။ အကြင် သူသည် ဆံချည် မျှဉ်မျှ ထိပါး ရုံဖြင့်၊ ဤကမ္ဘာ ကြီးမှ အပြီးတိုင် ပျောက်ကွယ် ရမည် ဖြစ်သည်။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
ရုတ်တရက် ကျန်းလိချန် တစ်ယောက် ဦးစွာနိုးထ လာသည်။ လည်ပင်းကို ပွတ်လိုက် သောအခါ၊ နာကျင်မှုအား ခံစားရ သဖြင့်၊ တစ်ကိုယ်လုံး တောင့်တင်း သွားသည်။
“ သွား ... အနားယူ။ ”
လင်းယွန်က ခရမ်းငယ်အား ဓားသေတ္တာ ထဲသို့၊ ပြန်ဝင် စေလိုက် တော့သည်။
***