လိမ္မာ ပါးနပ် ပါစေ။
Vol. 99 Ch. 1379
လင်းယွန်က ခွန်လွန်ကို ကာကွယ် ပေးမည်ဟု ပြောချိန်တွင်၊ ခရမ်းငယ်မှ မျက်လုံး ပြူး သွားသည်။
ဤမျှ အရှက် ကင်းမဲ့စွာ ကြွားဝါ ရဲလိမ့် မည်ဟု၊ မထင် ထားချေ။ အဖိုးအိုပင် တိတ်ဆိတ် သွား၏။
သူ အသက်ရှင် စဉ်ကပင်၊ ထိုစကားမျိုး မပြောဝံ့ချေ။ ယနေ့ခေတ် ဂျူနီယာ လူငယ်များ စိတ်ဓါတ် မည်မျှ ပျက်စီး နေသည်ကို၊ မြင်နိုင် ချေ၏။
ခဏ အကြာတွင် အဖိုးအိုက ခေါင်းယမ်းလျက် ပြုံးလိုက် သဖြင့်၊ လင်းယွန်မှာ ရှက်ရွံ့ သွားတော့သည်။
သူတော်စင် တစ်ပါး မဆိုနှင့်၊ ဓားဧကရာဇ် ယုချင်းဖန် သည်ပင်၊ ထိုသို့ ပြောရဲမည် မဟုတ် ကြောင်း၊ သူ သိသည်။
“ စီနီယာ ... ဟုတ်ပါတယ်၊ ဒီဂျူနီယာက နည်းနည်း ကြွားဝါ လိုက်မိ ပါတယ်၊ ဒါပေမယ့် အုပ်စိုးရှင် နတ်ရူရ်ကို၊ တခြား လူတွေ လက် မရောက်အောင် တားဆီး နိုင်ပါတယ်၊ ...
... ဒါကြောင့် ခွန်လွန်ကို မကာကွယ် နိုင်ရင်တောင်၊ အုပ်စိုးရှင် နတ်ရူရ် ကိုတော့ ကာကွယ် နိုင်မယ်လို့၊ ယုံကြည် ပါတယ်။ ”
“ မဟုတ်ဘူး ... ။ ”
အဘိုးအို အမူအရာက လေးနက် လာပြီး၊
“ အသက် ငယ်ငယ်နဲ့ ... ၊ အဆင့် (၁၃) ဆင့်ကို ဖြတ်ကျော် နိုင် ကတည်းက ... ၊ မင်းမှာ အရည် အချင်း ရှိတယ် ဆိုတာ ငါ သိပါတယ်၊ ငါက ...
... ဒီစမ်းသပ်မှုတွေ အားလုံးကို အကဲဖြတ် ပေးရတဲ့ သူမို့၊ မင်းကိုယ်မင်း ... နှိမ့်ချ နေစရာ၊ မလို ပါဘူး၊ ငါးနှစ် ... ၊ ငါးနှစ်တော့ မင်း စောင့်ပါ၊ မင်းကို အခက် တွေ့အောင်၊ ...
... တမင် လုပ်နေတာ မဟုတ်ဘူး၊ ဒီအုပ်စိုးရှင် နတ်ရူရ်မှာ၊ လျှို့ဝှက်ချက် ရှိတယ်၊ နှစ်ပေါင်း များစွာ လေ့လာ တာတောင်၊ နားလည် ...
... နိုင်မှာ မဟုတ်ဘူး ... ၊ ဒါကြောင့် မင်းကို စောစော ပေးလိုက် တာက၊ ဒုက္ခပေး လိုက်တာ နဲ့၊ အတူတူ ပါပဲ။ ”
အဖိုးအို စကားကြောင့် လင်းယွန်က ခရမ်းငယ်ထံ ပြန် အကြည့်တွင်၊ သူမ ဒေါသ ထွက်နေ သည်ကို၊ မြင်လိုက် ရသည်။
“ နင် မျက်စိမှုန် နေပြီ၊ နင့်မှာ ခွန်အား မရှိတော့ဘူး၊ ဒါတောင်မှ ... ဒီဧကရီ ရှေ့မှာ၊ ဒီလို စကားမျိုး ပြောဝံ့ သလား၊ ဟမ့် ... ။ ”
ခရမ်းငယ်က ဒေါသ တကြီး ငေါက်ငမ်း လိုက်၏။ ထို့ကြောင့် အဖိုးအို မျက်နှာ ပြောင်းလဲ သွားပြီး၊ ခရမ်းငယ်ထံ လှည့်ကြည့်သည်။
“ ဒီကလေး မလေး ဆီက ... ၊ နတ်ဖီးနစ် မိသားစုရဲ့ အငွေ့ အသက် ရတယ်၊ ဒါပေမယ့် မင်းက အရမ်း ရိုင်းတယ်။ ”
“ နင် ... ဘယ်သူ့ကို ပြောတာလဲ ။ ”
“ ဒီလူငယ်လေး ကြောင့်သာ မဟုတ်ရင် မင်းကို သတ်မိ လိမ့်မယ်၊ အုပ်စိုးရှင် နတ် ရူရ်က အရမ်း အရေး ကြီးတယ်၊ ဒါကြောင့် လူ သိပ် အသိ ခံလို့ မရဘူး။ ”
အဖိုးအိုမှ ဆို၏။
“ ဘာတွေ အရူးထ နေတာလဲ။ ”
ခရမ်းငယ် ခမျာ ဒေါသကို၊ မထိန်းနိုင် တော့ဘဲ၊ ပေါက်ကွဲ လာတော့သည်။ ယင်းက လင်းယွန်ကို အံ့အားသင့် လာစေ၏။
ဤမျှ ဒေါသ ထွက်သည်ကို တစ်ကြိမ်မျှ မမြင်ဖူး ထားချေ။ အဖိုးအို စကား များ၌၊ အမှား အယွင်း မရှိမှန်း၊ သူလည်း သိသည်။
“ မင်း ... အခု ဘယ်သူနဲ့ စကားပြောနေ တာလဲ သိလား၊ အုပ်စိုးရှင် နတ်ရူရ် ခုနစ်လုံးက အိုင်းရစ် ဓားသူတော်စင် ပိုင်တဲ့ ရူရ်တွေပဲ၊ ဒါကြောင့် ... ငါနဲ့ သက်ဆိုင်တယ်။ ”
ဒေါသမှာ အဆုံးစွန်ထိ ရောက်ရှိ လာပြီ ဖြစ်သဖြင့်၊ ခရမ်းငယ် မျက်နှာတွင် ရေခဲလွှာများ အထပ်ထပ် ဖြစ်ပေါ် လာတော့သည်။
“ ဂျူနီယာ တစ်ယောက်က ငါ့ ပိုင်တဲ့၊ ပစ္စည်းကို ယူပြီး၊ ငါ့ကို ဒီလို ပုံစံနဲ့ ပြန်ပြောဖို့ သတ္တိ ရှိတယ်လား၊ နင်က ငါ့ကို ...
... မောင်းထုတ်ချင် နေတယ်ပေါ့၊ ဒါက စီနီယာ တစ်ယောက်ကို၊ ပုန်ကန် နေတာနဲ့ အတူ တူပဲ ဆိုတာ၊ နင် သိလား။ ”
ခရမ်းငယ်က မောက်မာစွာ ကြိမ်းမောင်း တော့၏။ ထိုစကားကြောင့် အဖိုးအိုက သူမအား လက်ညှိုးဖြင့် ညွှန်ပြကာ၊ တုန်ယင် လာသည်။
“ မင်း ... ၊ မင်းက ဘယ်သူလဲ။ ”
“ သမုဒ္ဒရာ (၄)စင်း၊ ပျက်သုဉ်းမြေ (၈)ပါး၊ ကောင်းကင် (၃၆)လွှာနဲ့ မြေပြင် (၇၂) ထပ်ကို ပိုင်စိုးတဲ့၊ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီပဲ။ ”
အဖိုးအိုမှာ မယုံကြည် နိုင်စွာဖြင့်၊ ခြေလှမ်း များစွာ လှမ်းတက် လိုက်ပြီး၊
“ အိုး ... အခုမှ သတိရတယ်၊ မင်းက အဲဒီတုန်းက ဖီးနစ်ပဲ၊ ဒီအုပ်စိုးရှင် နတ် ရူရ်ကို ရတုန်းက ငါ တစ်ခါ တွေ့ဖူးတယ်၊ ဒါပေမယ့် သေနေပြီ မဟုတ်လား၊ ... ”
-ဟု ဆိုလျက်မှ၊ စကားကို ဦးတည်ချက် ချက်ချင်း ပြောင်းလိုက်သည်။
“ ကောင်းကင် လမ်းက ကျိုးသွားပြီ၊ ဒါက အမှောင်ခေတ်ကို အမှန် တကယ် အဆုံးသတ် နိုင်မလား ဆိုတာ မေးခွန်း ထုတ်စရာပဲ၊ အခု အုပ်စိုးရှင် ရူရ်ကို လွှဲပေး တော့မှာမို့၊ မင်း ထွက်သွား သင့်တယ်။ ”
ပြီးနောက် လင်းယွန်ထံ လှည့်ကြည့်ကာ မောင်းထုတ် လိုက်သည်။
“ ဓား သေတ္တာကို ထားခဲ့။ ”
ခရမ်းငယ်က ဖြည့်စွက် ပြောလိုက်သည်။ ချက်ချင်းပင် အသုံး မဝင်သော လူ တစ်ယောက် အဖြစ်၊ ပြောင်းလဲ သွားသဖြင့်၊ လင်းယွန် ခမျာ၊ နှာခေါင်း ပွတ်လိုက် မိ၏။
“ ဒါနဲ့ ... ဘယ်လို ထွက်ရ မလဲ။ ”
“ အိုး ... ဟုတ်တာပေါ့၊ စီနီယာ ဖီးနစ် မပါရင်၊ မင်း ထွက်သွားဖို့ ခက်လိမ့်မယ်၊ ဒါဆို ငါလမ်းပြ ပေးမယ်၊ ငါ နာမည်လည်း မှတ်သွားဦး ဖူယွင်ဇီတဲ့။ ”
လင်းယွန် ဘဝတွင် ရှေးဟောင်း ဝိညာဉ် အပိုင်း အစ များနှင့်၊ ကြိမ်ဖန် များစွာ တွေ့ဆုံခဲ့ ဖူးသည်။ ဤတစ်ကြိမ် ကဲ့သို့၊ လျစ်လျူရှု ခြင်း မျိုး၊ မခံခဲ့ရ ဖူးချေ။
“ နောင်ဆို နင် ... ၊ ကျင့်သား ရလာပါ လိမ့်မယ့်၊ ဒီဧကရီ နောက်လိုက်ခွင့် ရတာ၊ နင့် အတွက် ဂုဏ်ရှိတယ်၊ ခစ် ခစ် ခစ် ... ။ ”
ခရမ်းငယ်က လင်းယွန်၏ ခံစားချက်ကို နားလည်လိုက် သဖြင့်၊ ကျေနပ်စွာ ရယ်မော လှောင်ပြောင် သည်။
“ စီနီယာ ... ၊ ကျေးဇူး ပြုပြီး ... ။ ”
“ လာ ... ငါနောက် လိုက်ခဲ့ ... ၊ စီနီယာ ဖီးနစ် ဆီမှာ၊ မင်း ကောင်းကောင်း နာခံပါ၊ သူ မသေခင် တုန်းက ခွန်လွန်ဘုံ အတွက်၊ သွေး ထားခဲ့တယ်။ ”
ဤတစ်ကြိမ်တွင် သူ့ အသံကို လင်းယွန် ကြားနိုင် ရုံသာ အဖိုးအိုက ပေးပို့ လာသည်။ ထို့ နောက်တွင်၊ ဖိအား တစ်ခု ကျဆင်း လာပြီး၊ မြင်ကွင်းများ ချာချာ လည်ကုန်၏။
ပြန်လည် ငြိမ်သက် သွားသော အခါ၊ ဓားသူတော်စင် တောင်တန်း အပြင် ဘက်သို့၊ ရောက်ရှိ နေပြီ ဖြစ်သည်။
“ ဝှစ် ... ။ ”
လင်းယွန်အား မြင် သည်နှင့်၊ ကျန့်ကျန်းရှန်က ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက် လာသည်။
“ ထူးဆန်းတယ် ... ၊ ဓား သူတော်စင် တောင်ထိပ်မှာ တံဆိပ် တစ်ခု ဘာလို့ ပေါ်လာ ရတာလဲ။ ”
ခရီးရောက် မစိုက် အံ့သြ တကြီး မေး လာ၏။ သို့သော် လင်းယွန်တွင် စိတ်အခြေ အနေ မကောင်း သဖြင့်၊ ရှင်းပြခြင်း မပြု တော့ချေ။
“ ညီလေး ... ၊ မင်း ဘာဖြစ် လာတာလဲ၊ တစ်ခုခု မူ မမှန် သလိုပဲ၊ ပြောပါဦး အမွေ မရခဲ့ ဖူးလား၊ ဟမ့် ... ဓားသေတ္တာနဲ့၊ ရှေးဟောင်း ဝိညာဉ်ရော ... ။ ”
ကျန့်ကျန်းရှန်မှ ခရမ်းငယ် အပေါ်၊ ရှေးဟောင်း ဝိညာဉ် အဖြစ်၊ လွဲမှားစွာ ထင်နေ မိကြောင်း၊ လင်းယွန် သဘောပေါက် မိသည်။
“ အစ်ကို ကျန့် ... ၊ သူက ရှေးဟောင်း ဝိညာဉ် မဟုတ်ဘူး ... ။ ”
ထို့နောက် အိုင်းရစ် ဓားသုတ္တန်ဖြင့်၊ အစ ချီကာ၊ အကြောင်း အရာ များကို အကျဉ်းချုံး ပြောပြ လိုက်သည်။
လင်းယွန် ပြောသော စကား များကို ကြားပြီးနောက်၊ ကျန့်ကျန်းရှန်မှာ မျက်လုံး ပြူး သွား၏။
“ စီနီယာ အစ်ကို၊ သူက တကယ်ပဲ၊ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီလား၊ မင်း ဘယ်လို မြင်လဲ။ ”
လင်းယွန်မှ မေးသည်။
“ ငါလည်း မသိဘူး၊ ဒါပေမယ့် ... သူက ဖီးနစ် တစ်ကောင် ဖြစ်ပြီး၊ ဒီ ဓားသူတော်စင် တောင်ရဲ့၊ စီနီယာ ကတောင်၊ လက်ခံနေ မှတော့ ... ၊ ဟုတ်မှာပါ ...
... ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီ ဆိုတဲ့၊ သူ့ ဘွဲနဲ့ ပတ်သတ် ရင်တော့၊ နည်းနည်း ရယ်စရာ ကောင်း တယ်လို့ ထင်တယ်။ ”
ဤမျှ ရှည်လျားပြီး၊ အဓိပ္ပါယ် မဲ့သည့် ဘွဲ့ထူးမျိုး ဖီးနစ် တစ်ကောင်မှ လွဲ၍၊ ဤကမ္ဘာ ပေါ်တွင်၊ မည်သူမျှ ခံယူ ကြမည် မဟုတ်ချေ။
“ ထားပါ ... ၊ အဲဒါကို အလေး အနက် တွေးနေဖို့ မလို ပါဘူး၊ မင်း ... အဲဒီ ဖီးနစ်နောက် ကောင်းကောင်း လိုက်ဖို့ပဲ လိုတယ်၊ ဒါက မင်း ရဲ့ ကံကြမ္မာပဲ၊ ဖီးနစ် တွေက ...
... လူတွေ အတွက် ကံကောင်း စေတဲ့ သားရဲလို့ ပြောနိုင်တယ်၊ သူတော်စင် တောင်မှ ဖီးနစ်ရဲ့ ကျွန်ဖြစ်လို ကြတယ်၊ ...
... ဒါကြောင့် မင်းလည်း သူ့ကျွန် ဖြစ်ဖို့၊ အခွင့် အရေး ရလာ ခဲ့ရင်၊ လက်မနှေး စေနဲ့၊ လိမ္မာ ပါးနပ် ပါစေ။ ”
ထိုစကားကို ကြားသော အခါ၊ လင်းယွန် တစ်ယောက် စိတ်ပျက် သွား၏။ ကျန့်ကျန်းရှန် သည် သူ၏ စီနီယာ အစ်ကိုမှ ဟုတ်ပါသေး သည်လောဟု၊ သံသယ ဝင်လာ မိသည်။
ဤကမ္ဘာ ပေါ်ရှိ၊ မည်သည့် အစ်ကိုမျှ သူတို့၏ ညီငယ် များကို၊ ကျွန်ဇာတ် သွင်းလို ကြမည် မဟုတ်ချေ။
***