ကောင်းကင် ဓားရေကန်။
Vol. 102 Ch. 1420
“ ငါ့ လမ်းမှာ လာရပ်တဲ့ ... ၊ လူတိုင်း သေရမယ်။ ”
ခရမ်းငယ်နှင့် လင်းယွန်တို့ စကား စမြည် ပြောနေစဉ်၊ မြွေ လူသားက ဒေါသူပုန် ထလျက် ပျံသန်း လာသည်။
ဤလူ မသား များသည် အုပ်စုဖွဲ့ ခဲ့ကြ သည်သာ မက၊ ကနဦး ပင်မ နတ်ဘုရား အဆင့် ၌သာ ရှိသော ပုရွက်ဆိတ် တစ်ကောင် ကပင်၊ သူ့အား ဟန့်တား ဝံ့လေသည်။
“ ချွင် ... ။ ”
သည်နဂါးအား မျက်လုံးထဲ ထားပုံ မရချေ။ အဆိပ် မီးလျှံများ ဖုံးလွှမ်း နေသော သံကြိုးကို လှုပ်ယမ်းလျက်၊ လင်းယွန် ဆီသို့ ပစ်သွင်း လိုက်သည်။
လင်းယွန်က ထိပ်တိုက် ရင်ဆိုင်ရန်၊ မရွေးချယ် ခဲ့ပေ။ ရွှေကျီးကန်း တောင်ပံ များကို ခတ်ကာ၊ ပျံသန်း လိုက်သည်။
“ မင်း ... ၊ လွတ်မယ် ထင်လား။ ”
မြွေလူသားက အရူး တစ်ယောက်လို သံကြိုးများဖြင့် ဝရုန်း သုန်းကား ဖြစ်လာသည်။ လူသား အသွင် ပြောင်းလဲ ထားသဖြင့်၊ အမြန်နှုန်း အရ၊ လင်းယွန်ကို မီ၏။
အဆိပ် မီးတောက် များက လေထုထဲ စိမ့်ဝင်ကာ၊ ပြိုင်ဘက်၏ ရေွ့လျားမှု အပေါ်၊ ကန့်သတ် နိုင်သည်။
တစ်ချိန်တည်း မှာပင်၊ ကောင်းကင် ပင်မ နတ်ဘုရား တစ်ပါး၏၊ ဘုရင် အဆင့် ရောင်ဝါကို ထုတ်လွှတ် လိုက်သဖြင့်၊ လူများ စွာအား အသက်ရှူ ကျပ်သွား စေသည်။
ထိုဖိအား အောက်တွင်၊ မည်သူ မဆို ကြာရှည် ခံနိုင်မည် မဟုတ်ကြောင်း ပြောနိုင် လေသည်။
“ ဒီကောင် တော်တော် သန်တာပဲ၊ မြွေနဂါးတောင် သူ့ကို ဒဏ်ရာ မပေးနိုင် သေးဘူး။ ”
ဟွမ်ယန်ချန်းက မျက်မှောင် ကြုတ်ကာ ပြော၏။ ဤသည်မှာ ကောင်းသော လက္ခဏာ မဟုတ်ချေ။ ဖြစ်နိုင် ပါက လင်းယွန်ရော၊ မြွေနဂါးရော သေစေ ချင်သည်။
“ စိတ် မပူနဲ့ ... ၊ သူ့ ကန့်သတ်ချက်ကို မကြာခင် ရောက်သွား လိမ့်မယ်။ ”
အရာ အားလုံး ထိန်းချုပ် နိုင် သကဲ့သို့ ရှားဟိုယန်မှ တည်ငြိမ်စွာ ပြန်ပြော လာသည်။ ချန်ပင်းက ပြုံးလျက်ဖြင့်၊
“ မြွေနဂါးကို သူ တစ်ယောက် တည်း ရင်ဆိုင်ဖို့ ဆိုတာ မလွယ် ပါဘူး။ ”
-ဟု ခေါင်းညိတ် ထောက်ခံ လိုက်သည်။
ထိုအတော အတွင်း မနီး မဝေးတွင်၊ ရပ်နေသည့် ကျင်းချန် မျက်နှာမှာ၊ မည်းမှောင် နေ ခဲ့၏။
ရှားဟိုယန် အဖွဲ့ထံ၊ ကြည့်သော သူ့ မျက်ဝန်း များတွင်၊ အထင် သေးသည့် အရိပ် အယောင်များ၊ စွန်းထင်း လာသည်။ သို့သော် ဝင်ရောက် စွက်ဖက် ရန်မူ၊ ဆန္ဒ မရှိချေ။
“ ကူညီ ချင်လား။ ”
ယဲ့ချင်းက သူ့ ညီမကို မေးသည်။ ယဲ့ဇီယွင်က ချိုသာသော ပြုံးဖြင့်၊
“ ဒါတောင် သူက ငါ့ကို မတောင်းဆို သေးတာ၊ ဘာလို့ ကူညီ ရ မှာလဲ၊ သူ့အတွက် ဘယ်သူ တန်ဖိုး ရှိတယ် ဆိုတာ၊ မကြာခင် သိရမှာပါ။ ”
ယဲ့ဇီလင်ကို ကယ်တင်ခဲ့ သည်အား မြင်ပြီးနောက်၊ ယဲ့ဇီယွင်၏ ခံစားချက်မှာ အမြင့်ဆုံး ဖြစ် လာသည်။
ထို့ကြောင့် ဒေါသ ထွက်လာသော မြွေနဂါးကို ကြည့်လျက် ဝမ်းသာ သွားမိ၏။
“ အချိန် တန်ပြီ ... ။ ”
လင်းယွန်က လှည့်ပတ် ပြေးနေ သည်ကို ရပ်နား လိုက်သည်။ အခြား သူများ အမြင်တွင် အထက်ပါ အမြင်မျိုး ဖြစ်သော်လည်း၊ အမှန်မှာ မြေွနဂါး ခွန်အားကို တိုင်းတာ နေခြင်း ဖြစ်၏။
သူ ဟူသည် အနိုင်မရ နိုင်သော တိုက်ပွဲကို တိုက်မည့် သူ မဟုတ်ချေ။ မာနကြီး သော်လည်း ဦးနှောက် ရှိ၏။
ဤသည်မှာ ကောင်းကင် အဆင့်၊ ပင်မ နတ်ဘုရား နယ်ပယ်၊ ဘုရင် သားရဲကို ပထမဆုံး အကြိမ်၊ တိုက်ခိုက် ဖူးခြင်း ဖြစ်သည်။
“ ကဲ ... ၊ ကိုယ်ကိုယ်ကို နဂါးလို့ ခံယူ ထားတဲ့ မြွေကလေးရေ၊ မင်း ဘာလုပ် နိုင်မလဲ ကြည့်ရအောင်။ ”
လင်းယွန်က ပြုံးပြီး ခြေထောက်ကို မြေပြင်ပေါ် ပုတ်လိုက်၏။ ရွှေတောင်ပံ တစ်စုံ ပွင့်လာကာ၊ အလင်းတန်း အသွင် လေထဲ ပျံသန်း သွားသည်။
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
နဂါး-ဖီးနစ် ဓား ရောင်ဝါကြိုး (၁၈) ကြိုးအား၊ အသက် သွင်းလျက်၊ မြွေလူသား၏ သံကြိုးကို လက်သီးဖြင့် ထိုးချ လိုက်သည်။
နှစ်ဖက် ထိပ်တိုက် တွေ့ကာ၊ လှိုင်းများ ပျံ့နှံလျက်၊ တောင်တန်းကြီး အက်ကွဲ တော့၏။ ရှားဟိုယန်ပင် ရှောင်တိမ်းရန် ရွေးချယ် ခဲ့သော သံကြိုး များသည်၊ အစိတ်စိတ် အမွှာမွှာ ပေါက်ကွဲ ကုန်သည်။
“ ပြေး ... ။ ”
“ မြန်မြန် ရှောင် ... ။ ”
ပေါက်ကွဲမှု အတွင်းမှ မီးတောက်များ လွင့်ထွက်လာ သဖြင့်၊ လူတိုင်း ထိတ်လန့်စွာ ရှောင်တိမ်း လိုက်ရသည်။
“ ဝုန်း ... ။ ”
တောင်တန်း တစ်ခုလုံး ပေါက်ကွဲ မှုများ ဖြစ်ပွား လာပြီး၊ ဖုန်မှုန့်များ အလိပ်လိပ် ထလာ လေသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
အဆုံးတွင် လက်သီးမှာ၊ မြွေလူသား၏ အကြေးခွံပေါ် ကျရောက် သွားသည်။ ပြန်လည် တွန်းကန်အား တစ်ခုကြောင့်၊ ချက်ချင်း နောက်ပြန် ဆုတ် လိုက်ရ၏။
အကြေးခွံ များသည်၊ လင်းယွန်၏ မွေးရာပါ သူတော်စင် နဂါး ခန္ဓာကိုယ် ထက်ပင်၊ မာကျော နေသည်။
ထို့ကြောင့် လောဘ မီးများ လျှံလာပြီး၊ အကြေးခွံများ အပေါ်၊ မနာလို စိတ် ဝင်ရောက် လာသည်။
၎င်း၏ ခြေသည်း များသည်၊ သူတော်စင် လက်နက် များထက်ပင်၊ ပို၍ ထက်ရှ လှသည်။ ထို့ကြောင့် မည်မျှ လျင်မြန်စွာ နောက်ဆုတ် စေ ကာမူ၊ ရင်ဘတ်အား ကုပ်မိ လိုက်သေး၏။
နဂါး ရူရ်များ အက်ကွဲလျက် သွေးများ စီးကျ လာသည်။
“ လူ မသား ... ၊ သေ လိုက် စမ်း ... ။ ”
မြွေနဂါးက ညာလက်ရှိ သံကြိုးအား ဝှေ့ယမ်းကာ၊ လင်းယွန်ကို ချက်ချင်း ပိတ်ဆို့ ပစ် လေသည်။
“ လင်း ယွန် ... ။ ”
ယဲ့ဇီလင်နှင့် ကျောက်ယန်၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။ လင်းယွန်သာ ပိတ်မိသွား ပါက၊ ရုန်းထွက် နိုင်တော့မည် မဟုတ်ချေ။
“ ဒီကောင် နိဌိတံ သွားပြီ။ ”
ရှားဟိုယန်မှ ကျေနပ်စွာ ပြောသည်။ ကူညီ ရမည့် အချိန် ရောက်ပြီဟု၊ သူမ သိသောကြောင့် ယဲ့ဇီလင်မှာ စိတ်လှုပ်ရှား လာ၏။
လင်းယွန် အပေါ် ကျေနပ်ခြင်း မရှိ သော်လည်း၊ သိမ်းသွင်း လိုမိသည်။ ထို့ကြောင့် လင်းယွန် အန္တရာယ် ဖြစ်မည့် အချိန်ကို စောင့်ဆိုင်း နေခြင်း ဖြစ်၏။
“ ဓား ... ။ ”
လင်းယွန်က ခေါ်လိုက်သည်။ ပန်းသင်္ချိုင်း ဓားက ဓားသေတ္တာ ထဲမှ ပျံထွက် လာတော့၏။ ၎င်းသည် သူနှင့် အတူ၊ ဘဝ-သေခြင်း ဆိုင်ရာ အခြေအနေ များစွာကို ဖြတ်သန်း ခဲ့ဖူးသည်။
ထို့ကြောင့် ပန်းသင်္ချိုင်းနှင့် သူ့နှလုံးသား၊ ချိတ်ဆက် သွားပြီး၊ ခံစားချက် များကို ရှင်းရှင်း လင်းလင်း ခံစား နိုင်သည်။
လင်းယွန်၏ သွေးများ ပွက်ပွက်ဆူ လာသည်ကို ခံစားမိ သဖြင့်၊ ပန်းသင်္ချိုင်း ဓားက တုန်ယင် လာသည်။
“ မင်း ရောလား ... ။ ”
လင်းယွန်က ပြုံးလျက် မေးသည်။
“ ငါ လောင်းရဲတယ်၊ မင်းနဲ့ငါ အဲဒါကို ခံစား နေမိတာ ကြာပြီ။ ”
အဆိုပါ စကားအား တန့်ပြန် ပြသည့် အနေဖြင့်၊ ပန်းသင်္ချိုင်း ဓားက၊ ပြင်းစွာ တုန်ခါ လာတော့သည်။
“ ချွင် ချွင် ... ။ ”
ဓားနှင့် လူ တိုက်ပွဲဝင် ဆန္ဒများ ပေါက်ကွဲလျက်၊ တစ်ထပ်တည်း ကျလာ လေပြီ။ ထိုစဉ် သူ့ လည်မျိုအား ပစ်မှတ် ထားသည့် သံကြိုးများ ပြေးဝင် လာ၏။
ကောင်းကင် ဓားရေကန်၏ ဓားပုံစံ (၇) မျိုးအား၊ ချက်ချင်း ထုတ်လွှတ်သည်။ လင်းယွန် ပေါင်းများစွာ ကောင်းကင်၌ ထွက်ပေါ် လာ၏။
၎င်း၏ စွမ်းအား အရ၊ စစ်သူရဲ တစ်ရာ ပါရှိသော၊ စစ်တပ်ကြီး တစ်တပ် ကိုပင်၊ ရင်ဆိုင် နိုင်သည်။
ယင်းက သရုပ်ဖော် အဆင့်သို့ ရောက်ရှိနေ သဖြင့်၊ အပြင်မှ ငေးကြည့်နေ သူတိုင်း မျက်လုံး ပြူး ကုန်သည်။
“ တကယ် ပါလား။ ”
“ ငါက ... လူတွေ အပို ပြောနေ ကြတယ် ထင်တာ။ ”
“ ဒီလူက အရမ်း ကြောက်ဖို့ ကောင်းတယ်၊ ပုံစံ တိုင်းမှာ သရုပ်ဖော် အဆင့်ကို ရောက်နေပြီ၊ မယုံနိုင် စရာပဲ ။ ”
လူအုပ် အတွင်းတွင်၊ ဒုတိယ အဆင့်ကို မမြင်ခဲ့ရ သူများ ရှိနေ သဖြင့်၊ လင်းယွန် ဓားရေး အား၊ မြင်သော အခါ၊ ခေါင်း တညိတ်ညိတ် ဖြစ်ကုန် သည်။
“ မဖြစ် နိုင်တာ။ ”
ချန်ပင်းက အံ့သြ သွားသည်။ သူ မြင် သမျှကို မယုံနိုင် သေးချေ။ တစ်ဖက် လူသည် ဓားဆွဲ ရုံနှင့်၊ မြွေလူသားကို ပြန်လည် ဖိနှိမ် ထားနိုင် နေ၏။
မြွေနဂါးက လင်းယွန် ပေါင်းများ စွာကို၊ လိုက်လံ ကုပ်ဆွဲ ဖျက်ဆီး သော်လည်း၊ အစစ် အမှန်အား၊ မမိနိုင် သေးချေ။
ယင်းအစား ဓားချက် များကြောင့် သူ့အကြေးခွံ များသာ၊ တဖွားဖွား ကွာကျ လာ ခဲ့သည်။
ဓားရောင်ဝါ အတွင်း၊ ပုန်းကွယ် နေသည့် လင်းယွန်ကို ကြည့်ပြီး၊ မြွေလူသားက ရူးသွပ် လာ တော့သည်။
သို့သော် ရန်သူ့ ဓားရောင်ဝါမှာ၊ ပို၍ သိပ်သည်း လာပြီး၊ တိမ်ပင်လယ်နှင့် ပေါင်းစပ် သွား၏။
“ ကောင်းကင်မှ ဆင်းသက် လာသော မြစ်။ ”
သည့်စဉ် လင်းယွန် အသံ ပေါ်လာပြီး၊ တိမ်ပင်လယ် အတွင်းမှ၊ ဓားတစ်လက် ကျဆင်း လာသည်။ ထိုဓားနှင့် အတူ ကြယ် မြစ်တစ်စင်း ကောင်းကင်ကို ခွဲလျက် လိုက်ပါ လာ၏။
ကြယ်မြစ်ကို အားပြု ထားသော ထိုဓားက၊ မြွေနဂါး၏ အကြေးခွံ များအား၊ အလွယ် တကူ ထိုးဖောက် ဝင်ရောက် သွားတော့သည်။
“ အား ... ။ ”
မြွေလူသား၏ အော်ဟစ် သံကြီးက ကျယ်လောင်စွာ ထွက်ပေါ် လာ၏။ ဒဏ်ရာမှာ ပြင်းထန် လွန်းသောကြောင့်၊ မူလ ပုံစံသို့ ပြန်လည် ရောက်ရှိ သွားကာ၊ တွန့်လိမ် နေတော့သည်။
အရှည် မီတာ သုံးရာ နီးပါး ရှိသော မြွေကြီး တစ်ကောင် ဖြစ်၏။ နာကျင်စွာ လူးလိမ့် ငိုကြွေး နေခဲ့သည်။
အနက်ရောင် မြူများက ဒဏ်ရာ အပေါ်၊ ဖုံးအုပ်လျက်၊ သူ့ကိုယ်သူ ပြန်လည် ကုစားရန် ပတ်ဝန်းကျင်ရှိ ဓားရောင်ဝါ များကို၊ ဝါးမြို တော့သည်။
၎င်းမှာ လူတိုင်း၏ လောဘကို တောက်လောင် စေသည့်၊ ဒသမတန်း ဓား ဝိညာဉ် ပုလဲ ဖြစ်သည်။
လူတိုင်း ယူဆထား သကဲ့သို့၊ မရဏ မြွေနဂါး၏ ခန္ဓာကိုယ် အတွင်း၌ ဖြစ်တည် နေ ပေ၏။
***