ပြန်လည်မွေးဖွားလာခြင်း
Vol. 9 Ch. 29
ပန်းသီးလေးပျောက်ကွယ်သွားပြီးတဲ့နောက် ဖရန့်အချိန်အတော်ကြာအောင် အော်ဟစ်နေခဲ့တယ်ဆိုပေမဲ့ ရက်မကူးခင်မှာပဲ တိတ်ဆိတ်သွားပါတယ်။ နဂိုဆေးရုံအဆောင်က ပျက်စီးနေပြီဖြစ်တဲ့အပြင် ဖရန့်က အထူးကွပ်ကဲကုသမှုတွေ မလိုအပ်တော့တဲ့အတွက် ဆရာဝန်တွေက သူ့ကိုသာမန်အခန်းတစ်ခန်းမှာ ရွေ့ထားလိုက်တယ်။
“အကြောင်းထူးရင် မမလေးကို ချက်ချင်းလှမ်းပြီး ဆက်သွယ်လိုက်ပါ့မယ်။” ဖရန့်တစ်ယောက် လိပ်နက်နဲ့ အချိန်မရွေးထသောင်းကျန်းနိုင်တယ်ဆိုပြီး မက်ဒါနာတွေးပူမိတော့ အေမီက အခုလိုပြောပြီး မက်ဒါနာတို့ကို ထွက်သွားခိုင်းတယ်။ အေမီအဆိုအရ အခုအချိန်မှာ ဖရန့်ကို တစ်ကိုယ်တည်းနေဖို့ အချိန်ပိုပေးသင့်တယ်တဲ့။ သူကိုယ်တိုင်ကတော့ ဖရန့်ရဲ့အခန်းအပြင် စင်္ကြံလမ်းပေါ်မှာရပ်ပြီး ကျန်နေရစ်တယ်။
အေမီက အကြောင်းအရင်းကိုမပြောပေမဲ့ မက်ဒါနာကတော့ သဘောပေါက်ပါတယ်။ ဒါကြောင့် အေမီနဲ့အတူ စေဘာစတိန်းကိုပါ ဆေးရုံဝင်းထဲမှာ ထားရစ်ခဲ့တယ်။ ဒါမှလိုအပ်တာနဲ့ အေမီမြွေနဂါးကို အသုံးပြုနိုင်မှာ။
ကျောင်းပြန်ရောက်ပြီး ရက်ပိုင်းလောက်ကြာတော့ မက်ဒါနာပျင်းလာတယ်။ စကားပြောဖော်မရှိလို့မဟုတ်ပေမဲ့ အေမီအနားမှာရှိနေတဲ့အချိန်နဲ့ မရှိတဲ့အချိန်က တော်တော်ကွာတယ်။ အေမီရှိရင် မနက်စာ၊ညစာလွတ်မှာမပူရပေမဲ့ အခုလိုနေ့မျိုးကျတော့ အလုပ်လုပ်နေရင်းနဲ့ ကိုယ့်ဘာသာစားဖို့မေ့မသွားအောင်လို့ နာရီအလန်းပေးဖို့လိုတယ်။ အင်း၊ အေမီမရှိလို့ ကိုယ့်ဘာသာချက်ပြုတ်စားရတာကိုလည်း ထည့်ပြောရဦးမယ်။
“နင့်ဟာကလည်း တစ်နေ့လာလည်း ဂေါ်ဖီ၊ တစ်နေ့လာလည်း ဂေါ်ဖီနဲ့ စိတ်ပျက်လာပြီ။” တစ်ကိုယ်တော်အတွေးကြောထဲ နစ်မျောနေတဲ့ မက်ဒါနာက ဖရာလီတာရဲ့စိတ်ပျက်လက်ပျက်စကားသံကြောင့် ခေါင်းမော့ကြည့်လိုက်တယ်။
စားပွဲဝိုင်းတစ်ခုတည်းမှာ အတူထိုင်နေတဲ့ ဖရာလီတာက လက်ပိုက်ပြီးတော့ သူ့ကိုမကျေမနပ်ကြည့်နေတယ်။ မက်ဒါနာကတော့ ဟင်းပွဲကိုစားပွဲပေါ်တင်နေရင်းကနေ ခေါင်းကုတ်ပြီး မက်ဒါနာကို မေးပါတယ်။
“အာလေ၊ ဖရာလီတာ။ ဟင်းက အရသာမရှိလို့လား။” မက်ဒါနာက မေးလိုက်တယ်။ တကယ်က ဖရာလီတာတစ်ယောက် မနေ့ကအထိအကောင်းပါ။ မက်ဒါနာက အေမီမရှိတုန်း ကိုယ်တိုင်ချက်ကျွေးမယ်လို့ စပြောတဲ့နေ့တုန်းကဆိုရင် မှိုရသလိုမျက်နှာနဲ့။ ဒါပေမဲ့ နေ့စဥ်ရက်ဆက် ဂေါ်ဖီထုပ်နဲ့ထမင်းဖြစ်သွားပြီးတဲ့နောက်တော့...
“အရသာက အဓိကမဟုတ်ဘူး မက်ဒါနာရဲ့။ အဓိကက ဟင်းအမယ်။ နင်ဒီတစ်မျိုးတည်းလုပ်တတ်တာလား။”
ဖရာလီတာက မေးတော့ မက်ဒါနာက ခပ်ပြေပြေလေး ပြုံးပြလိုက်တယ်။ တကယ်တော့ ငွေရောင်စစ်သည်ဝတ်စုံကို ဝတ်ပြီးတော့ချက်မယ်ဆိုရင်တော့ တခြားဟင်းလျာတွေချက်နိုင်လောက်ပါရဲ့။ ဒါပေမဲ့ အဲဒါကိုသူ့လက်ရာလို့ပြောဖို့ခက်တယ်လေ။
“သခင်မလေး၊ စားရတာအဆင်မပြေဘူးဆိုရင် တရုတ်တန်းကဆိုင်ကို တစ်ခုခုလှမ်းမှာလိုက်ပါမယ်။” ဖရာလီတာနောက်မှာရပ်နေတဲ့ အယ်လိုဟင်က ပြောလိုက်တယ်။ ဘဏ္ဍာစိုးတစ်ယောက်အနေနဲ့ အယ်လိုဟင်က လက်ဖက်ရည်ဘယ်လိုဖျော်ရမှန်းသိပေမဲ့ ဟင်းတော့မချက်တတ်။ ဒါပေမဲ့ သူ့သခင်မလေး နေ့လယ်စာငတ်မှာကိုတော့ စိုးရိမ်တတ်သေးတယ်။ ဒါကြောင့် ချီလုလုအမေဆိုင်ကနေ မှာပေးဖို့ ကြိုးစားနေတာ။
“မင်းသမီးလေးချက်တာဆိုရင် အဆိပ်ဆိုရင်တောင်မှ စားဖို့အသင့်ပါပဲ။” ဖရာလီတာဘေးမှာထိုင်နေတဲ့ ဖရက်က သူ့ရင်ဘတ်ကိုသူ ပုတ်ပြလိုက်တယ်။ နောက်တော့ ထမင်းပန်းကန်ထဲကို ဂေါ်ဖီကြော်တွေအများကြီးထည့်ပြီး အားရပါးရလွေးတော့တာပဲ။
“ဘုရားဘုရား... ဘယ်လောက်စားစားမငြီးနိုင်တာ ဒီကောင်ပဲ ရှိတယ်နဲ့တူတယ်။” ဖရက်နဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ဖလေရာက ဇွန်းနဲ့ခက်ရင်းကို ကိုင်ထားရင်းနဲ့ ရေရွတ်လိုက်ပါတယ်။
ဖလေရာလည်း ဖရာလီတာနဲ့အလားတူပဲ အစပိုင်းတက်ကြွနေတာဆိုပေမဲ့ ကြာလာတော့ သူလည်းမခံနိုင်တော့ဘူး။
“မက်ဒါနာရေ၊ နောက်နေ့ကျရင် နောက်ထပ်ဟင်းတစ်မျိုးမျိုး ပြောင်းချက်ပါလား။” ဖလေရာက ရင်းနှီးနေတဲ့ အိမ်နီးချင်းအစ်မကြီးလေသံနဲ့ ပြောလိုက်တယ်။ မက်ဒါနာကလည်း ပြုံးလိုက်ပြီးတဲ့နောက်မှာတော့
“အင်း... ဒီနေ့က ဂေါ်ဖီနဲ့ဝက်သားကြော်တာဆိုတော့ နောက်နေ့ကျရင် ဂေါ်ဖီနဲ့ပုစွန်ကြော်ပေးမယ်လေ။ ပင်လယ်စာလေးဖြစ်သွားတာပေါ့။”
“နင့်ခေါင်းထဲကနေ ဂေါ်ဖီကို ခနလောက်ထုတ်ထားလို့ မရဘူးလား....” စိတ်အပျက်ကြီးပျက်သွားတဲ့ ဖလေရာကတော့ ငိုမဲ့မဲ့နဲ့ စားလက်စကို ရပ်ထားလိုက်တယ်။
“ငါဗိုက်ဝသွားပြီ...” အဲဒီနောက်တော့ ဖလေရာက လေးလံနေတဲ့ ခြေလှမ်းတွေနဲ့အတူ ဝန်ထမ်းဆောင်ရှေ့က ကျောက်စားပွဲဝိုင်းလေးကနေ ထွက်သွားဖို့ပြင်တယ်။
“အာ... ဖလေရာ၊ နင်ဘယ်သွားမှာလဲ။ နည်းနည်းပဲစားထားတာဆိုတော့ ထမင်းချိုင့်လေးဘာလေးယူသွားပါလား။” မက်ဒါနာက ပြောလိုက်တော့ ဖလေရာက မက်ဒါနာဘက်ကို ပြန်လှည့်ပြီး လက်မထောင်ပြတယ်။ မလိုတော့ဘူးဆိုတဲ့သဘော။
“ဒီနေ့ကုမ္ပဏီမှာ ပိုးစုန်းကြူးအမြောက်တန်ပြန်ရေး သက်ရောက်အားစုပ်ယူလက်နက်မော်ဒယ်သစ်စမ်းမှာ။ ဒီတော့ ထမင်းစားဖို့အချိန်မရဘူး၊ ကျေးဇူးပဲ။”
“....” မက်ဒါနာကတော့ ဖလေရာထွက်သွားတာကို စိတ်မကောင်းစွာနဲ့ကြည့်လိုက်ရင်း သက်ပြင်းချလိုက်ပါတယ်။ နောက်တော့ တိတ်ဆိတ်စွာဟင်းပွဲကို စိုက်ကြည့်ပြီးစားနေတဲ့ ဆိုဖီယာကို ကြည့်လိုက်ပါတယ်။
“ဆိုဖီယာ၊ နင်ရော ဂေါ်ဖီဟင်းကို မုန်းနေပြီလား။” မက်ဒါနာက နတ်သူငယ်မလေးရဲ့ဆန္ဒကိုမေးတော့ နတ်သူငယ်မလေးက မော့ကြည့်ပြီး ပြုံးပြတယ်။
“နတ်ဘုရားအသံတစ်ယောက်အနေနဲ့ ငါက စားစရာတွေကို အာရုံခံပြီးစားဖို့မလိုဘူးလေ။ ဒီတော့ စားလို့ရနေသမျှ အဆင်ပြေပါတယ်။”
မက်ဒါနာကတော့ ဆိုဖီယာရဲ့ကောင်းတာလည်းမဟုတ် ဆိုးတာလည်းမဟုတ်တဲ့မှတ်ချက်ကြောင့် ခေါင်းနဲ့နံရံနဲ့ပြေးတိုက်ချင်လာရော။ “ကြည့်ရတာ ငါနောက်တစ်ခါထပ်ပြီး ဟင်းမချက်သင့်တော့ဘူးထင်တယ်။ ငါ့ချက်တဲ့ဟင်းတွေကို ဆိုဖီယာတောင်မှ စားလို့ရလို့သာ စားနေရတာတဲ့။”
ဆိုဖီယာလည်း တစ်ကိုယ်တည်းရေရွတ်နေတဲ့မက်ဒါနာကို ကြည့်နေရင်းကနေ မျက်စိကိုမှေးကာ ပြောလိုက်တယ်။
“မက်ဒါနာ... ငါက ဒီအတိုင်းပြောလိုက်တာပါ၊ အဲဒီလို ဆိုလိုတာမဟုတ်ပါဘူး။”
“ဘာပဲဖြစ်ဖြစ် စားပေးဖော်ရလို့ ကျေးဇူးတင်ပါတယ်။” မက်ဒါနာက ဆိုဖီယာကို ပြန်လက်မထောင်ပြလိုက်တယ်။
...
နေ့လယ်စာစားပြီးကြတဲ့နောက်တော့ မက်ဒါနာက စမ်းသပ်ခန်းထဲကို ပြန်ရောက်လာတယ်။ အေမီရဲ့ဝတ်စုံသစ်အတွက် ဒီဇိုင်းကိုအဆုံးသတ်ပြီးပြီဆိုပေမဲ့ သူ့သီအိုရီက အလုပ်ဖြစ်မဖြစ်စမ်းသပ်ရဦးမှာပါ။ ကျန်တဲ့သူတွေကတော့ အခုထိတိုက်ပွဲဖြစ်နေတဲ့ အရှေ့ဘက်နယ်စပ်မျဥ်းကို ပြန်သွားကြပြီ။ လီဆာတောင်မှ တိုက်ပွဲမြေပြင်မှာ။
မက်ဒါနာကတော့ ဖီးနစ်ကိုသုံးဖို့မဖြစ်သလို ကျားဖြူရဲ့ဆိုးကျိုးကို ထည့်သွင်းစဥ်းစားနေရသေးတာမလို့ တိုက်ပွဲမထွက်ဖြစ်သေးတာ။ အေမီက သူ့ကိုတစ်ခါကယ်ခဲ့ပေမဲ့ နောက်တစ်ခါထပ်မဖြစ်ဘူးလို့ မပြောနိုင်ဘူးလေ။ ဒီတော့ ကျောင်းမှာ တခြားလုပ်စရာရှိတာတွေလုပ်နေတာ။
“ဟင်း... အခုကျတော့ ငါက ငါမဟုတ်သလိုပါပဲလား...” မက်ဒါနာက ကွန်ပျူတာကိုစိုက်ကြည့်ပြီး စမ်းသပ်ပုံစံကိုပရင့်ထုတ်ဖို့ ပြင်ဆင်နေရင်းကနေ သက်ပြင်းချတယ်။ အခုသူ့အတွက် ကျောင်းကြီးတစ်ခုလုံးက တိတ်ဆိတ်နေသလိုပဲ။
“လင်ဒါအလုပ်မသွားဘဲ ငါနဲ့အတူရှိနေရင်လည်း ကောင်းသားပဲ။” လင်ဒါက ငြိမ်ဝပ်ပိပြားရေးအရာရှိဖြစ်သွားပြီဆိုပေမဲ့ အလုပ်ဆင်းဖို့တော့လိုနေသေးတယ်။ ဒီတော့ မက်ဒါနာနားမှာ အမြဲရှိမနေနိုင်ပါဘူး။အခုလည်း မနက်မိုးလင်းကတည်းက လက်ထောက်လေးနဲ့ မြို့ထဲမှာ ရာဇဝတ်ဂိုဏ်းတွေ ခေါင်းမထောင်နိုင်အောင် လိုက်ကင်းလှည့်နေတယ်ပြောတာပဲ။
Silver Knightက ကမ္ဘာ့အဆင့်ဟီးရိုးဖြစ်သွားပြီးတဲ့နောက် နယူးယောက်ရဲ့တာဝန်ကို Sheriffက လွှဲယူလိုက်ပြီဆိုတဲ့ သတင်းတွေကိုတောင် မက်ဒါနာလိုင်းပေါ်မှာ ဖတ်မိသေးတယ်။
“အခု သူဘာများလုပ်နေလဲ မသိဘူးနော်။” မက်ဒါနာက အေမီအတွက် စွမ်းအင်ဗဟိုချက်အသစ်ကို လက်စသတ်နေရင်း ပြောလိုက်မိတယ်။
...
“အဲဒါနဲ့ ငါလည်း မက်ဒါနာရဲ့ဂေါ်ဖီကပ်ဘေးကနေ လွတ်အောင်ပြေးလာတာ။” ချီလုလုဆိုင်မှာတော့ လင်ဒါက ချီလုလု၊ လေဒီဘက်တာဖလိုင်းနဲ့ ဆိုင်းရပ်တို့က အမှုအကြောင်းပြောရင်း မက်ဒါနာရဲ့ဂေါ်ဖီကိစ္စစကားစပ်မိသွားတယ်။ အကြောင်းစုံပြောပြီးတဲ့နောက် လင်ဒါက တုံ့ယန်းဟင်းချိုကို ဇွန်းနဲ့ခပ်သောက်ရင်းက ချောင်းဆိုးမိပြီး သီးကုန်တယ်။
“ဖူး... အဟွက်... အဟွက်... ဘယ်သူငါ့အကြောင်း အတင်းတုပ်နေတာလဲ။” ကြည့်ရတာ လင်ဒါက သူကိုယ်တိုင် အတင်းတုပ်နေခဲ့တာကို မေ့သွားပုံပါပဲ။
...
အလုပ်လုပ်နေရင်းကနေ ဘယ်လောက်ကြာသွားတယ်မသိဘူး။ အေမီဆီကနေ ဖုန်းဝင်လာတော့မှပဲ မက်ဒါနာသတိထားမိတော့တယ်။ မက်ဒါနာက တုန်ခါပြီး သီချင်းသံမြည်နေတဲ့ ဖုန်းကိုကိုင်လိုက်ပြီး ပြန်ထူးတယ်။
“ဟယ်လို၊ အေမီလား။” အေမီက မက်ဒါနာကိုဖုန်းခေါ်တယ်ဆိုတာထက် တိုက်ရိုက်လှမ်းဆက်သွယ်တယ်လို့ပြောရမလား။ အေမီက စမတ်ဖုန်းကိုင်ဖို့မလိုတဲ့ စက်ရုပ်မလေးလေ။
“မမလေး၊ ဖရန့်က မမလေးကို တွေ့ချင်တယ်တဲ့။”
ဒီတော့မှ မက်ဒါနာလည်း သက်ပြင်းချမိလိုက်တယ်။ကြည့်ရတာ သူတို့အဆိုးမြင်ထားသလိုမျိုး ဖရန့်က စိတ်ဖောက်ပြန်ပြီး သောင်းကျန်းတာမျိုးမလုပ်ဘူးပဲ။တကယ်တော့ မက်ဒါနာစိတ်ထဲမှာ ဖရန့်သောင်းကျန်းလာရင် ဘယ်လိုလုပ်မလဲတွေးထားပြီးသား။
‘သတိမေ့အောင်လုပ်၊ ဇက်သံမဏိကြိုးတွေနဲ့ချည်ပြီး အာတိတ်ရေခဲပြင်တွေအောက်မှာ ကျောက်ချထားမှာ။’ ဒါက မက်ဒါနာရဲ့အောင်မြင်နိုင်လား ကျရှုံးနိုင်မလားမသေချာတဲ့ အတွေးထဲက ပရောဂျက်ပါ။
“အင်း၊ ငါအခုဆေးရုံကို ထွက်လာခဲ့မယ်လေ။” ဒီလိုပြောပြီးတဲ့နောက် မက်ဒါနာက စမ်းသပ်ခန်းကထွက်
ကားပါကင်ကိုလျှောက်သွားတယ်။ ဖရက်ကတော့ ကားနားမှာအသင့်။
“အယ်၊ နင်ဒီနေ့ စစ်မြေပြင်မသွားဘူးလား။” မက်ဒါနာက မကျေမနပ် ပါးကိုဖောင်းပြီးမေးလိုက်တော့ ဖရက်က ချက်ချင်းပြန်ဖြေပါတယ်။
“ကံကောင်းစွာနဲ့ ဒီနေ့က ဖရာလီတာနဲ့ဆိုဖီယာတို့ တာဝန်ကျတဲ့ရက်မလို့ ဟောဒီက ကျွန်တော်မျိုးကြီးက အရှင်မကို ခစားဖို့အသင့်ရှိကြောင်းပါ။”
ဖရက်ဆီကနေ ကျက်သီးထစရာ ထီးသုံးနန်းသုံးတွေကို ကြားပြီးတဲ့နောက် မက်ဒါနာသွားကျိန်းသွားရော။ ဒါပေမဲ့ ဖရက်မှကားမောင်းမပို့ရင် သူ့ထက်ပိုအာရုံနောက်ဖို့ကောင်းမယ့် ပိုးဟပ်သုံးကောင်ပဲမောင်းပို့ဖို့ရှိတာမလို့ သက်ပြင်းချပြီး လက်ခံလိုက်ရတယ်။
...
ဆေးရုံအဝင်ဝကိုရောက်တော့ အေမီက မက်ဒါနာကိုအသင့်ရပ်စောင့်နေတာ တွေ့ရတယ်။ စေဘာစတိန်းကတော့ မက်ဒါနာကိုတွေ့တာနဲ့ ပြေးလာပြီးအမြီးနှံပြတဲ့အတွက် မက်ဒါနာက ထိုင်ချပြီး ခေါင်းကိုပွတ်ပေးလိုက်တယ်။
အဲဒီနောက်တော့ အေမီဆီကို လျှောက်သွားလိုက်ပါတယ်။ အေမီကတော့ မက်ဒါနာကို အိမ်စေဆန်ဆန် ဦးညွှတ်ပြလေရဲ့။
“အေမီ၊ ဖရန့်က တစ်ခုခုပြောထားသေးလား။”
အေမီက အသာလေး ခေါင်းခါပြတယ်။ သူ့ဆံစတွေက လေအတိုက်မှာ ယိမ်းနွဲ့လို့နေပါတယ်။ “ဟင့်အင်း၊ သူက မမလေးကို တွေ့ချင်တယ်လို့ပဲ ပြောခဲ့တာပါ။ ကျွန်မနောက်ကနေ လိုက်ခဲ့ပေးပါ။”
အေမီက ခုလိုပြောပြီး ရှေ့ကနေ ဦးဆောင်သွားပါတယ်။ မက်ဒါနာကတော့ ဆေးရုံထဲမဝင်ခင် ဖရက်ကို လှည့်ကြည့်လိုက်တယ်။ ဖရက်ကတော့ ဆေးရုံထဲကို မလိုက်တော့ဘူးဆိုတဲ့ပုံစံနဲ့ မက်ဒါနာကို ဦးညွှတ်ပြပါတယ်။
“သွားနှင့်ပါ မင်းသမီးလေး၊ ကျွန်တော် အနားဝန်းကျင်ကို လုံခြုံမှုရှိအောင် စောင့်ကြည့်ထားလိုက်ပါမယ်။”
...
ဒီလိုနဲ့ မက်ဒါနာက ဖရန့်ရဲ့ဆေးရုံခန်းအသစ်ထဲကို ရောက်လာပါတယ်။ သာမန် သီးသန့်လူနာခန်းတစ်ခန်းဖြစ်ပြီးတော့ နံရံတွေကို အောက်ခြေအပြာ အပေါ်အဖြူသုတ်ထားတာတွေ့ရတယ်။ သန့်ရှင်းတဲ့ ပန်းနုရောင်နေ့လိုက်ကာကို ပိတ်ထားပေးတဲ့အတွက် မွန်းလွဲချိန်နေရောင်က အခန်းထဲကို တိုက်ရိုက်မကျဘဲ ပိတ်စကနေတစ်ဆင့် အခန်းလင်းရုံပါ ထိန်ထိန်သာနေပါတယ်။ ညနေခင်းတိုက်လေကြောင့် လိုက်နာက လှုပ်ရှားနေပေမဲ့ အရမ်းကြီးတော့ လှုပ်ခါမနေပါဘူး။
မက်ဒါနာနဲ့အေမီဝင်လာတော့ ဖရန့်ရဲ့ကျန်းမာရေးအခြေအနေကို စစ်ဆေးနေတဲ့ သူနာပြုက အလိုက်သိစွာနဲ့ ထွက်ခွာသွားတယ်။
ကျောခင်းကိုခေါက်တင်ထားတဲ့ လူနာအိပ်ရာပေါ်မှာ မွေ့ရာကိုမှီရင်းထိုင်နေတဲ့ ဖရန့်က ပြတင်းပေါက်က လှုပ်ခါနေတဲ့ လိုက်ကာကို ကြည့်နေရင်းကနေ မက်ဒါနာတို့ကို လှည့်ကြည့်တယ်။
“ဖရန့်၊ နေကောင်းသွားပြီလား။”
မက်ဒါနာရဲ့ခပ်တောင့်တောင့် နှုတ်ဆက်စကားကိုကြားတော့ ဖရန့်က ပြုံးလိုက်ပြီးတော့ သူ့ရင်ဘတ်ကို ထိကိုင်လိုက်တယ်။ “ဒီအခန်းထဲမှာ လူနည်းသွားတာကလွဲလို့ အားလုံးပုံမှန်ပါပဲ။”
ဖရန့်ပြောတဲ့ ဒီအခန်းဆိုတာကို မက်ဒါနာသေချာ နားမလည်ပါဘူး။ လူနာခန်းထဲမှာ အရင်ကထက် လူနည်းနေတာကို ပြောချင်တာလား။ ဒါမှမဟုတ် သူ့နှလုံးသားထဲမှာ ရှိနေတဲ့လူတွေ နည်းသွားခဲ့တာလား။
ဒါပေမဲ့ နှစ်ခုလုံးက တစ်နည်းနည်းနဲ့ အထီးကျန်ဖို့ကောင်းနေတယ်။
“ဒီတော့ နင့်ရဲ့လိပ်နက်နဲ့ပတ်သက်ပြီး ဘာလုပ်မယ်စဥ်းစားထားလဲ။” မက်ဒါနာက မေးလိုက်တော့ ဖရန့်က မက်ဒါနာကို လက်ညိုးထိုးပြတယ်။ ဒါပေမဲ့ သူ့ပါးစပ်ကနေ ထွက်လာတဲ့ စကားတွေက မက်ဒါနာ နားထောင်ချင်တဲ့ အရာမျိုးတော့မဟုတ်ပါဘူး။
“မင်းမှာ လိပ်နက်ကိုရင်ဆိုင်ဖို့ အခွင့်အလမ်းနည်းနည်းလေးတောင် မရှိသေးဘူး။”
မက်ဒါနာမျက်နှာပျက်သွားခဲ့ပေမဲ့ ဖရန့်ပြောတာ မမှားဘူး။ လိပ်နက်က အထိန်းရအခက်ဆုံး သတ္တဝါပါ။ ဖရန့်ကလည်း သူ့စကားကို ဒီလောက်နဲ့ပဲ ရပ်မယ့်အစီအစဥ် ရှိတဲ့ပုံမပေါ်ဘူး။ သူက ဆက်ပြောပါတယ်။
“မင်းရဲ့အစေခံပြောတဲ့အတိုင်းဆိုရင် ကျားဖြူရဲ့လက်မှာ မင်းကျရှုံးလုနီးပါးဖြစ်သွားတာပဲ။ ပြင်ပ အကူအညီမပါရင် မင်းကိုယ်မင်းပြန်ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး။ ငါလည်း ပြင်ပအကူအညီကြောင့် ပြန်ထိန်းချုပ်နိုင်တာဆိုပေမဲ့ ပိုးကောင်အင်ပါယာနဲ့စစ်ဖြစ်နေချိန်မှာ ဒါမျိုးထပ်ဖြစ်ရင် ပိုအန္တရာယ်များလိမ့်မယ်။ အထူးသဖြင့် လိပ်နက်က ကျားဖြူနဲ့ယှဥ်ရင် ပိုပြီးထိန်းချုပ်ရခက်တယ်လေ။”
လိပ်နက်က ဝိညာဥ်စွမ်းအားအပြည့်ရှိနေရင် ကမ္ဘာကြီးတစ်ခုလုံးကို ရေခဲနဲ့ဖုံးထားနိုင်တဲ့အထိ အားကြီးတယ်။ ပြီးတော့ လိပ်နက်က တခြားသားရဲဝိညာဥ်တွေနဲ့မတူဘဲ ရအောင်ဝိညာဥ်စွမ်းအားတွေစုစည်းလိမ့်မယ်။
“ဒီတော့ ဘယ်တော့မှ နင့်စမ်းသပ်မှုကို အောင်မြင်မယ်လို့ ဆုံးဖြတ်မှာလဲ။” မက်ဒါနာကမေးတော့
“တခြားတစ်ယောက်ကို အရင်သွားရှာလိုက်။ ငါကတော့ လုပ်စရာရှိတာတွေ လုပ်ရဦးမယ်။” ဖရန့်က အိပ်ရာကနေ ထလိုက်တယ်။ အဲဒီနောက်တော့ သူ့ရဲ့လူနာအင်္ကျီကိုချွတ်လိုက်တယ်။ သူ့ယောက်ျားပီသတဲ့ ဗလတွေက လူမြင်ကွင်းမှာထွက်ပေါ်လာတယ်။ အရင်ကလိုမျိုး ဝတုတ်တုတ်သူရဲကောင်းပုံစံကို သူ့ဆီမှာ မတွေ့ရတော့ပါဘူး။ ပြီးတဲ့နောက် စားပွဲပေါ်မှာတင်ထားတဲ့ ရှပ်အင်္ကျီကို လက်လျှိုလိုက်တယ်။
“အာရှဘက်မှာလည်း ပိုးကောင်တွေ သောင်းကျန်းနေတယ်ကြားတယ်။ မင်းတို့ဘာသာ အမေရိကကုန်းမြေတွေကို ထိန်းချုပ်ထားနိုင်တယ်ဆိုတော့ အဲဒီဒေသတွေကို ငါသွားကူညီလိုက်မယ်။” ကြည့်ရတာ ဖရန့်က ဟီးရိုးလောကကို ပြန်သွားဖို့အတွက် ဆုံးဖြတ်ထားပြီးပြီ ဖြစ်ပုံပါပဲ။ ဒီတစ်ခါတော့ သူတစ်ယောက်တည်းပဲ။
“ကောင်းပြီလေ။” မက်ဒါနာကလည်း ခေါင်းညိတ်လိုက်ပါတယ်။ အမေရိကကုန်းမြေက နောက်ထပ် အယ်ဖာအဆင့်တစ်ယောက်ကို မလိုတော့ပါဘူး။ မက်ဒါနာက တိုက်ပွဲထပ်ဝင်ဖို့ အသင့်မဖြစ်သေးဘူးဆိုပေမဲ့ မဟာမိတ်ဘက်မှာ ဆိုဖီယာ၊ လီဆာ၊ ဖရာလီတာ၊ ဖရက်နဲ့ အေမီတို့ရှိနေပြီ။
ပိုးကောင်အင်ပါယာဘက်မှာတော့ တစ်ခါမှထွက်မလာသေးတဲ့ ဥစာကီကလွဲရင် ဘာရွန်၊ ပိုးဖလံ၊ ယင်ကောင်၊ ပျစားပိုးနဲ့ သစ်ကိုင်းပိုးကောင်ရှိနေတယ်။ ဒါကြောင့် အမေရိကကုန်းမြေတိုက်ပေါ်မှာက မဟာမိတ်နဲ့အင်ပါယာအင်အားက မျှခြေမှာရှိနေတယ်။ ဖရန့်ကိုဒီနေရာမှာဆက်ထားရင် အဓိကတိုက်ပွဲကြီးနောက်တစ်ခု ဖြစ်လာမှာဖြစ်ပေမဲ့ အင်ပါယာကိုအနိုင်ယူဖို့အထိတော့ မဖြစ်နိုင်သေးပါဘူး။ အဲဒီအစား မဟာမိတ်ရဲ့နိုင်ငံငယ်တွေကို ကာကွယ်ဖို့ ဖရန့်ကိုအသုံးချသင့်တယ်။
အဲဒီနောက်တော့ မက်ဒါနာတို့အုပ်စုက အခန်းထဲကနေ ထွက်လာတယ်။ အဝတ်လဲနေပြီဖြစ်တဲ့ ဖရန့်ကို မနှောင့်ယှက်သင့်တော့ဘူးလေ။ မိနစ်ပိုင်းလောက်ကြာတော့ ဝတ်စုံအပြည့်နဲ့ဖရန့်က အဝတ်အိတ်ကိုဆွဲပြီး ဆေးရုံကနေထွက်လာတယ်။ သူ့ဆီက လူကြီးလူကောင်း အငွေ့အသက်ကို ရနေပါတယ်။
“ဒီလူက လုံးဝပြောင်းလဲသွားပြီပဲ။ သူ့နားမှာ လူကန်ရဲ့စိတ်ချအားကိုးရတဲ့ အငွေ့အသက်နဲ့ ပန်းသီးလေးရဲ့ကြင်နာမှုအငွေ့အသက်ရှိနေတယ်။ ဒီလူတွေသူ့အနားမှာ မရှိတော့ပေမဲ့ သူတို့ရဲ့စိတ်ဝိညာဥ်တွေကို သူက သယ်ဆောင်ထားတာပဲ။”
မက်ဒါနာက ထွက်ခွာသွားတဲ့ ဖရန့်ရဲ့ကျောပြင်ကို ကြည့်ရင်းနဲ့ ပြောလိုက်ပါတယ်။ ဖရန့်က နဂိုတည်းက ဟီးရိုးတစ်ယောက်ပါ။ လူကန်ရဲ့ပုံရိပ်အောက်မှာ ပျောက်ကွယ်နေခဲ့တာတောင်မှ အဲဒီလိုအဖြစ်မျိုးကို စိတ်မပျက်ခဲ့ဘူး။ လိပ်နက်ကြောင့် ယုံကြည်မှုတွေအားလုံး ပျောက်ကွယ်သွားခဲ့ဖူးပေမဲ့ ပန်းသီးလေးကြောင့် ယုံကြည်မှုတွေပြန်ရလာပြီး ပန်းသီးလေးမရှိတော့တာကြောင့် သူ့ရဲ့ယုံကြည်မှုတွေက ရှိနေဆဲပဲ။
မက်ဒါနာက အေမီကို ကြည့်လိုက်တယ်။ အေမီကတော့ သူ့ကို နဂိုကတည်းက ပြုံးပြီးတော့ စောင့်ကြည့်နေဆဲပါ။ မက်ဒါနာက အေမီရဲ့နဖူးကိုလက်ညိုးနဲ့ တောက်လိုက်ပြီး ဆူလိုက်ပါလေရော။
“ကောင်မစုတ်လေး၊ နင်က ငါ့အကြောင်းတွေကို ငါ့အလစ်မှာ တခြားယောက်ျားလေးတစ်ယောက်ကို ပြောပြထားတယ်ပေါ့။”
အေမီကတော့ ချက်ချင်းမျက်လုံးပြူးသွားပြီးတော့ လက်နှစ်ဖက်လုံးကိုခါပြရင်း မက်ဒါနာကို ဒူးထောက်လုမတတ် တောင်းပန်တယ်။
“ကျွန်မက မမလေးအတင်းကို ပြောချင်လို့ပြောတာမဟုတ်ပါဘူး မမလေးရဲ့။ ဖရန့်က ဘာမှမသိဘဲ မမလေးကို လိပ်နက်ပေးလိုက်ပြီး ပြဿနာတက်မှာစိုးလို့ပါ။”
မက်ဒါနာက အစကတည်းက အေမီကို စိတ်တိုနေတာမျိုးမရှိဘူး။ ဒါကြောင့် နောက်ထပ် ကြင်နာစွာပြုံးလိုက်ပြီးတော့ အေမီကို ထွေးပွေ့ထားလိုက်တယ်။
“မမလေး...” သူတို့နဲ့စေဘာစတိန်းက ဆေးရုံစင်္ကြံလမ်းမှာမလို့ ဒီအပြုအမူကို လူတွေအများကြီးမြင်သွားပြီ။ အေမီတောင်မှ နည်းနည်းရှက်သွားပေမဲ့ မက်ဒါနာကတော့ ဂရုစိုက်ပုံမရပါဘူး။
“ငါ့ကို စိတ်ပူပေးလို့ကျေးဇူးပါ၊ အေမီ"