သစ်တော အတွင်း လေ့ကျင့်ခြင်း။
Vol. 105 Ch. 1458
နောက်သုံးရက် အကြာတွင်၊ ဝိညာဉ်ရေး ရေကန် အထက်ရှိ မြူခိုးများ ပျောက်ကွယ် သွား တော့သည်။
ထိုသုံးရက် လုံးလုံး၊ ကြယ်နှစ်ပွင့်အား တည်ငြိမ်အောင် လုပ်ယူ မိသည်။ ထို့ကြောင့် သက်တောင့် သက်သာ ဖြစ်လာ၏။
နေရောင်ခြည်ကို ကြည့်လိုက် ချိန်တွင်၊ ယခင်ထက် လှပ နေကြောင်း ခံစားရ သဖြင့်၊ ပြုံးမိသည်။
နှလုံးသားသည် ဓား တစ်လက် လိုပင်။ မနက်ဖြန်တိုင်း အတွက်၊ မျှော်လင့် ချက်များ ထား ရှိပြီး၊ စိတ်ပျက် အားငယ် နေချိန် မှာပင်၊ လက်မလျှော့ ခဲ့ချေ။
ရေကန် မျက်နှာ ပြင်ပေါ် ခြေဖျား ပုတ်လိုက်ပြီး၊ ဇရပ် ထံသို့ ပျံသန်း လိုက်၏။ ပြီး ဝိုင်တစ်အိုး ထုတ်ကာ၊ တိမ်ပင်လယ် အတွင်း မော့ကြည့် လိုက်သည်။
“ စောင့်နေရတဲ့ အတွက် တောင်းပန် ပါတယ်၊ အစ်ကို ဖုန် ... ။ ”
လက်ဝှေ့ယမ်းကာ၊ အတား အဆီးအား ဖယ်ရှားလျက်၊ ပြုံးပြီး ဖိတ်ခေါ် မိလေသည်။ အပြာရောင် ဝတ်ရုံနှင့် ဓားသေတ္တာကို ထမ်းပိုး ထားသော၊ လူငယ် တစ်ယောက် ဆင်းသက် လာ၏။
“ တကယ်တော့ တောင်ထိပ် သခင်က ငါ့ဆရာ ဆိုတော့၊ မင်းကို ငါက သိုင်းဦးလေးလို့ ပြန်ခေါ်ပြီး၊ နှုတ်ဆက် သင့်တယ် မဟုတ်လား၊ ဟား ဟား ဟား ... ။ ”
ဖုန်လွမ်က ရယ်မောလျက် ပြောလာသည်။ ထိုစကားကြောင့် လင်းယွန်က ပြုံးမိ၏။ ဂိုဏ်းမှ ဝါစဉ်ကို တင်းတင်း ကြပ်ကြပ် မလိုက်နာ ကြသည့် အပေါ်၊ နားလည် လာသည်။
သို့မဟုတ် ပါက၊ တောင်ထိပ် သခင် များသည်၊ သူ့အား သိုင်းဦးလေး ခေါ်ကာ၊ အကြီး အကဲ များမှ သူ့အား စကားပြော ရဲတော့မည် မဟုတ်ချေ။
“ ဘယ်လိုလဲ ... ၊ ဒီနေရာက နေလို့ ကောင်းလား။ ”
ဖုန်လွမ်က သူ့အတွက် ငှဲ့ထားသော ဝိုင်ခွက်ကို ကောက်မော့ လျက်မှ မေးသည်။
“ လုံးဝ ကောင်းတယ်။ ”
လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။ သူတော်စင် တောင်မှ လွဲ၍ ဓားဂိုဏ်းတွင် ဤမျှ ကောင်းသော နေရာမျိုး မရှိချေ။
သူတော်စင် ရေကန်ပင်၊ တိမ်ပျံ တောင်ထိပ်အောက် နိမ့်ကျ ပေသည်။ ဝိညာဉ် ရေကန် တစ်ကန် လုံးကို တစ်ဦးတည်း အသုံး ပြုခွင့် ရထားခြင်း ဖြစ်၏။
လောက နိယာမ နယ်ပယ် အကြီးအကဲ များပင်၊ သည်အခွင့် အရေးမျိုး မရချေ။ ယင်းက ကောင်းကင် တပည့်များ ကိုသာ ပေးသော အခွင့် အရေး ဖြစ်၏။
“ တောင်ထိပ် ငါးခု ပြိုင်ပွဲ ကျင်းပဖို့ ... ၊ လဝက် လောက်ပဲ လိုတော့တယ်၊ ဒါကို သတိ ပေးဖို့ ငါလာတာ။ ”
ယင်းကို ချန်လင်း ထံမှ ကြားထားပြီး ဖြစ် သဖြင့်၊ လင်းယွန်က ငြိမ်သက်စွာ နားထောင် နေ လိုက်သည်။
ဝိုင်ခွက်ကို စားပွဲပေါ် ပြန်တင် လိုက်ကာ၊ ဖုန်လွမ်မှ ပြုံးသည်။
“ ဓားဂိုဏ်းမှာ မြေကြီး အဆင့်နဲ့၊ ကောင်းကင် အဆင့် တွေကို သတ်မှတ်ဖို့၊ နှစ်နှစ် တစ်ကြိမ် ကျင်းပ ပေးတဲ့ ပြိုင်ပွဲပဲ၊ ပင်မ နတ်ဘုရား အားလုံး ပါဝင် နိုင်တယ်၊ ...
... ကျန်တဲ့ ပြိုင်ပွဲတွေ ကိုလည်း၊ ကျင်းပ ပေးပေမယ့်၊ ဒီပြိုင်ပွဲလောက် စိတ်ဝင်စား စရာ ကောင်းတာ မရှိဘူး။ ”
“ ဒါဆို ... နဂါး သွေးလွှတ်ကြော နယ်ပယ် တပည့် တွေက ပြိုင်ပွဲ မရှိ ဖူးပေါ့။ ”
လင်းယွန်က ပြန်မေးသည်။
“ မရှိဘူး ... ၊ သူတို့က အသက်ကြီး ကုန်တာကြောင့်၊ ဂိုဏ်းမှာ သိပ်မနေ တော့ဘူး၊ ကိုယ်ပိုင် လမ်း အတွက်၊ ခရီးကြမ်းတွေ ထွက်ကုန် ကြပြီ၊ ကျန်တဲ့ အနည်းငယ် လောက်ကသာ၊ ...
... ပင်မ အင်အား ဖြစ်လာပြီး၊ အကြီး အကဲ တွေထက် မနည်းတဲ့ အခွင့် အာဏာနဲ့၊ ဂိုဏ်းကို ပေးဆပ် နေကြတယ်။ ”
ယင်းကြောင့် ဖုန်လွမ်အား ပြန်ကြည့် မိသည်။ သူသည် တောင်ထိပ် သခင် အစ်ကိုမု အစား၊ ကိစ္စ များစွာ လုပ်ဆောင် ပေးနေ သူ ဖြစ်၏။
“ အရင်တုန်း ကတော့ ... ၊ ငါတို့ အရိယာ တောင်ထိပ်က နောက်ဆုံး ဖြစ်လို့၊ ဒီလို ပြိုင်ပွဲ အတွက်၊ ဘာ ဖိအားမှ မရှိ ခဲ့ဘူး။ ”
ဖုန်လွမ်က သူ့ကိုယ်သူ လှောင်ပြောင် လိုသော အပြုံးဖြင့်၊ အဝေးသို့ အချိန် အတော် ကြာ ငေးနေသည်။
“ ဒါပေမယ့် ... အခုတော့ ငါ့ ဆရာက ... ၊ သူ့ကို မြေကြီး အဆင့်ရဲ့၊ ထိပ်ဆုံး ဆယ်ယောက် ထဲပါအောင် လုပ်နိုင် မယ်လို့၊ မျှော်လင့် ထားတယ်။ ”
“ သူ ဆိုတာ ဘယ်သူလဲ။ ”
လင်းယွန်က မေးသည်။
“ သူ ဆိုတာ ... မင်းလေ၊ ဂိုဏ်းချုပ်က ကောင်းကင် တပည့် ရာထူးကို ပေးပြီး၊ နတ် ရွှေကျီးကန်း သံသွေးတောင် ပေးခဲ့တယ် မဟုတ်လား။ ”
ဖုန်လွမ်မှ ပြုံးကာ ပြန်ဖြေသည်။
“ မြေကြီး အဆင့်ရဲ့ ... ၊ ထိပ်ဆုံး ဆယ်ယောက် မပြောနဲ့၊ မင်းကို ငါတောင် မနာ လိုဘူး၊ ...
... ဒီတော့ မင်းက ထိပ်ဆုံး ဆယ်ဦးထဲ၊ မဝင်နိုင်ရင်၊ လူပြက် တစ်ယောက် ဖြစ်သွား လိမ့်မယ်။ ”
“ အစ်ကိုဖုန် ပြောပုံ အရဆို၊ နတ် ရွှေကျီးကန်း သံသွေးက၊ အလကား ရတဲ့ပုံ မပေါ်ဘူး။ ”
လင်းယွန်က ပြုံးစိစိဖြင့် ပြန်ပြော မိ၏။
“ ဘာလို့လဲ ... ၊ နောင်တရ သွားပြီလား။ ”
“ ဟုတ်တယ် ... နောင်တရ သွားပြီ၊ ဒါပေမယ့် ... ကျွန်တော်တော့ မဟုတ်ဘူး။ ”
“ မပေါ့နဲ့ ... တောင်ထိပ် ငါးခု ပြိုင်ပွဲရဲ့၊ နေရာနဲ့ စည်းမျဉ်း တွေက ... ၊ အမြဲ ပြောင်းလဲ နေတာ၊ ဒီတစ်ကြိမ် ကောင်းကင် စောင့်ကြည့် ရေး မျှော်စဉ်မှာ၊ ကျင်းပ လိမ့်မယ်။ ”
“ ကောင်းကင် စောင့်ကြည့်ရေး မျှော်စဉ်၊ ဒါက ဓားဧကရာဇ် ယုချင်းဖန်ရဲ့ ဓားရောင်ခြည် ထားခဲ့တဲ့ နေရာ မဟုတ်လား။ ”
ဤနေရာသည် သူ စိတ် အဝင်စားဆုံး နေရာများ အနက်မှ တစ်ခု ဖြစ်၏။
“ အင်း ... ဟုတ်တယ်၊ ကန့်သတ်ချက် အချို့ကို ရုတ်သိမ်းမှာ ဖြစ်လို့၊ ဓား ဧကရာဇ်ရဲ့ ဓားရောင်ခြည်ကို၊ လူတိုင်း တွေ့မြင် နိုင်မှာပါ၊ ဒါက ရှားရှား ပါးပါး အခွင့် အရေးပဲ ... ။ ”
ဖုန်လွမ်က ခေါင်းညိတ်ပြီး ရှင်းပြသည်။
“ အဲဒီ ဓားရောင်ခြည်က ဘယ် အဆင့်လဲ။ ”
“ ဟား ဟား ဟား ... ၊ နောက် လဝက် နေရင်၊ မင်းကိုယ်တိုင် မြင်ရ ပါလိမ့်မယ်၊ ခုတော့ ငါ သွားလိုက် ဦးမယ်။ ”
ဖုန်လွမ်က နှုတ်ဆက်ကာ၊ ပြန်လည် ထွက်ခွာ သွားသည်။
“ လဝက် တောင်လား ... ၊ ဒါဆို ငါ အပြင် ထွက်သင့်ပြီ။ ”
ကျင့်ကြံမှု တည်ငြိမ် နေပြီ ဖြစ်သဖြင့်၊ ဓားရေး လေ့ကျင့်ရန် စိတ်ကူး မိ၏။ သဘော တရား များကို နားလည်ထား သော်လည်း၊ တိုက်ပွဲများ လိုအပ် နေသေးသည်။
ခြောက်သွေ့ တောများ တည်ရှိရာ၊ တောင်တန်းကြီး တစ်ခုသည် ဓားဂိုဏ်းနှင့် မဝေးသော အရပ်၌ ရှိ၏။
ထိုတောင်တန်းသည် ရှေးဟောင်း ပျက်သုဉ်းမြေ၌ အလွန် ကျော်ကြားလှ သဖြင့်၊ တန်ခိုးကြီး ဂိုဏ်းများမှ၊ တပည့် များကို စေလွှတ် လေ့ကျင့် စေသည်။
တောင်တန်း ပေါ်တွင်၊ ဒဏ္ဍာရီ များနှင့် တားမြစ်ဇုန် အများ အပြား ရှိသည်။ ထို့ကြောင့် အများစုမှာ တောင်ခြေ အစပ် ၌သာ လေ့ကျင့် ကြ၏။
လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးပင် အသက် အတွက်၊ အာမခံချက် မရှိ နိုင်ချေ။
တောင်တန်း အထက်တွင် မီးခိုးရောင် မြူခိုးများ ဖုံးလွှမ်း နေသည်။ ထိုမီးခိုးရောင် မြူ၌ အဆိပ်များ ပါဝင်၏။
တစ်ဖက်တွင် တံခါးပိတ် ကျင့်ကြံ ရုံဖြင့်၊ ကောင်းကင် ဓားရေကန်၏ (၁၀၈) သွယ်သော ရည်ရွယ်ချက် များကို၊ ရရှိရန် မဖြစ် နိုင်ချေ။
ထို့ကြောင့် တိုက်ပွဲများ လိုအပ် သည်။ သည့်နောက် ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး လျက်၊ တွေဝေခြင်း မရှိဘဲ၊ တောင်တန်းပေါ် တက်လာ ခဲ့တော့သည်။
မျက်စိ တစ်မှိတ် အတွင်း၊ လဝက် ကုန်လွန်သွား၏။ ထိုလဝက် အတွင်း နယ်နိမိတ် အစပ် ၌သာ နေထိုင်ပြီး၊ ဓားရေးကို နေ့မနား၊ ညမနား လေ့ကျင့် ခဲ့သည်။
သို့တိုင် ကောင်းကင် ဓားရေကန်၏ (၁၀၈)သွယ်သော ရည်ရွယ်ချက်ကို နားမလည် နိုင်သေးချေ။
ရည်ရွယ်ချက် (၃၆)ခု ကိုသာ သရုပ်ဖော် အဆင့်သို့ ရယူနိုင် ခဲ့သည်။ သရုပ်ဖော် အဆင့် အထက်တွင်၊ အခြေခံ အဆင့်ဟု ခေါ်သော ‘ခွဲခြမ်း စိတ်ဖြာခြင်း အဆင့်၊’ ရှိသည်။
ဒဏ္ဍာရီလာ နတ်ဘုရား အဆင့် ဟူသော တည်မြဲခြင်း အဆင့် အတွက်မူ၊ လက်ရှိ အသိ အမြင် အရ၊ လက်လှမ်း မမီသေးချေ။
ခွဲခြမ်း စိတ်ဖြာခြင်း အဆင့်သည်၊ ပင်မ နတ်ဘုရားများ အတွက်၊ ခက်ခဲ သော်လည်း၊ သူ အောင်မြင် ခဲ့သည်။
လူအများ စုမှာ ပြီးပြည့် စုံသော ကျွမ်းကျင်မှု အဆင့်ရောက် လျှင်ပင်၊ ရှားပါး ပါရမီရှင် တစ်ပါး အဖြစ်၊ တန်ဖိုးထား ကြပေသည်။
ထို့ကြောင့် သရုပ်ဖော် အဆင့်သို့၊ မရောက်နိုင် ခဲ့သည်မှာ၊ သဘာဝ ပေပင်။ ခွဲခြမ်း စိတ်ဖြာခြင်း အဆင့်နှင့်၊ တည်မြဲခြင်း အဆင့် ကိုမူ၊ (၉၉%) သော လူများက၊ ကြားဖူး ကြမည် မဟုတ်ချေ။
မြင့်မားသော သစ်ပင်ကြီး တစ်ပင် အောက်တွင်၊ သွေး ရေကန်ကြီး ဖြစ်ပေါ် နေ သည်။
သွေးညှီ ရနံ့ များကို (၁၀)မိုင် အကွာမှပင်၊ ရရှိ နိုင်သည်။ သွေးကန်မှာ ကြယ်သုံးပွင့် သားရဲ အလောင်း များကြောင့်၊ ဖြစ်ပေါ် လာခြင်း ပေပင်။
သစ်ပင်အောက် တစ်နေ ရာတွင်၊ သွေး တစ်စက်၊ မြူမှုန် တစ်မှုန် မျှပင်၊ ကပ်ညိ နေခြင်း မရှိသော လင်းယွန်က ရပ်နေသည်။
ထို့နောက် ဓားဖျားကို ကောင်းကင်ပေါ် ညွှန်ပြ လိုက်ပြီး၊ ကောင်းကင်ဓား ရေကန်အား လေ့ကျင့် တော့၏။
“ ကောင်းကင်မှ ဆင်းသက် လာသော ကြယ်မြစ်။ ”
ဗောဓိ မျိုးစေ့ကို ထုတ်ယူပြီး၊ မျက်လုံးမှိတ် လိုက်သည်။ လစ်ဟာ ခဲ့သော အချက် အလက် အချို့ကို၊ ဖျတ်ခနဲ ဆုပ်ကိုင် နိုင်လိုက်သည်။
ဤဓားရေးသည် (၁၀၈) သွယ်သော ရည်ရွယ်ချက် များကြောင့်၊ ရှုပ်ထွေး သည်ဟု ထင်နေခြင်း ဖြစ်၏။
သူ၏ သော့ချက်မှာ တိမ်၊ ရေ၊ လနှင့် ကောင်းကင်တို့ ဖြစ်သည်။ ရည်ရွယ်ချက် တိုင်း၊ ထိုအရာများ ထဲမှ လွတ် မသွားချေ။
တိမ်တွင် ရေများ ပါ၀င်သည်။ ရေသည် လမင်းကို အလင်းပြန် စေ၏။ ထိုအလင်း ပြန် နေသော လမင်းသည်၊ နဂါး ကဲ့သို့၊ ပျံတက် သွားသည်။
“ ငါထင်တာ မှန်လောက်တယ်။ ”
လွန်ခဲ့သော ဆယ့်ငါးရက် အတွင်း၊ မီတာ တစ်ရာ ပတ်လည်မှ၊ နတ်ဆိုး သားရဲ အားလုံးကို သတ်ဖြတ် ခဲ့သည်။
သို့သော် ဉာဏ်အလင်း မရသေး သဖြင့်၊ တိုးတက်လာမှု မရှိချေ။ ယခုမူ တံခါး (၄) ပေါက် ကို မြင်လာ ရပြီ ဖြစ်သည်။
ထိုလေးပေါက် လုံးကို တွန်းဖွင့် နိုင်မှသာ၊ (၁၀၈)သွယ်သော ရည်ရွယ်ချက်ကို ဆုပ်ကိုင်နိုင် ပေမည်။
“ တိမ်၊ ရေ၊ လနဲ့ ကောင်းကင် ... ဟုတ်တယ်၊ တိမ်၊ ရေ၊ လနဲ့ ကောင်းကင် ... ၊ ဒါပဲ ဖြစ်ရမယ်။ ”
သူ့ကိုယ်သူ ထပ်ပြီး အတည်ပြု လိုက်မိသည်။ ထိုအချိန်တွင် တောအုပ် ထဲမှ ဟောက်သံ နှစ်သံ ထွက်ပေါ် လာသည်။
“ ဝှစ် ... ။ ”
သစ်ပင်ပေါ် ချက်ချင်း ပျံတက် သွားပြီး၊ ဟောက်သံ ထွက်လာသည့် လမ်းကြောင်းကို လှမ်းကြည့် လိုက်သည်။
ဘုရင် အဆင့် သားရဲ နှစ်ကောင် နယ်မြေ လုနေခြင်း ဖြစ်၏။ ဤဒေသ၏ လက်ရှိ ပိုင်ရှင် မှာ၊ ကြယ် (၃)ပွင့်၊ ကြက်သွေးရောင် သွေးနဂါး မျောက်ဝံ ဖြစ်သည်။
သို့သော် ဘုရင် အဆင့် ဝံပုလွေကြီး တစ်ကောင်က၊ ၎င်းမျောက်ဝံကို မကြာ ခဏ ဆိုသလို၊ လာရောက် တိုက်ခိုက်လေ့ ရှိသည်။
အစောပိုင်း အချိန် များ၌၊ ၎င်းတို့ နှစ်ကောင်၏ တိုက်ပွဲအား မြင်သည်နှင့် သူက ရှောင်တိမ်း သွားမိ သည်။
သည့်နေ့ အတွက်မူ၊ မလိုအပ် တော့ချေ။ နှုတ်ခမ်း ပေါ်တွင် စိတ်လှုပ်ရှား နေသော အပြုံး တစ်ပွင့် ပေါ်လာ တော့သည်။
***