လင်းယွန် ... ၊ ဓားသမား။
Vol. 106 Ch. 1483
အခန်း ထဲတွင် လူငါးယောက် ထိုင်နေပြီး၊ ကုလားထိုင် အလွတ် နှစ်လုံး ရှိ၏။ ထိုလူများက လင်းယွန်ထံ တင်းမာစွာ စိုက်ကြည့် နေသည်။
အနက်ရောင် အဝတ် အစားကို ဝတ်ဆင် ထားသော အဖိုးအို တစ်ဦးသည် မျက်လုံးများ မှိတ်လျက်၊ ပင်မ ထိုင်ခုံ ဘေး၌ နေရာ ယူ ထား၏။
၎င်းသည် အန်းလျူယွင် ပြောခဲ့သော ကြယ်ရှစ်ပွင့် အဆင့် ကျွမ်းကျင်သူ ဖြစ်လေ သည်။
ဒဏ္ဍာရီ တစ်ခုကို ရယူလို သဖြင့်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်ထံ မတက်ရောက် သေးဘဲ၊ သူ့ အကန့် အသတ်ထိ သွားနေခြင်း ဖြစ်၏။
ကျန်(၄) ယောက် အနက်၊ (၃)ယောက်မှာ လူလတ်ပိုင်း ဖြစ်ပြီး၊ သူတို့ အားလုံးတွင် ကြယ် (၇)ပွင့် ရှိသည်။
နောက်ဆုံး တစ်ယောက်သည် သူနှင့် ရွယ်တူခန့် ဖြစ်ပြီး၊ ကြယ် (၆)ပွင့် ဖန်တီးထား နိုင်၏။
ဤသည်မှာ သူတို့ အဖွဲ့မှ တစ်ဦး တည်းသော ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ် ချေသည်။
“ အန်း လျူ ယွင် ... ၊ ငါ့ကို ရှင်းပြ သင့်တယ်လို့ ... ၊ မထင် ဖူးလား။ ”
လင်းယွန်၏ ကျင့်ကြံမှု အဆင့်ကို မြင်ပြီးနောက်၊ အခန်းဝရှိ ထိုသူသည် ဒေါသကို မထိန်းနိုင် တော့ချေ။
သို့သော် ၎င်းအား ဟန့်တား ထားရန် အစောင့် များကို အန်းလျူယွင်မှ လက်ပြ လိုက် ၏။
“ ဝမ် ချင်း ဖိန် ... ၊ နင့်ကို ငါနဲ့ အတူ ခေါ်သွားမယ် ဆိုတဲ့ ကတိ ... ၊ ငါ ပေးခဲ့ လို့လား၊ ဒီရက်ပိုင်း အတွင်း ... ၊ နင့်ကို အရင်းမြစ်တွေ ဘယ်သူ ပေးခဲ့လဲ။ ”
သူမ စကားကြောင့် ဝမ်ချင်းဖိန် ဟူသော လူမှာ ပါးစပ် ပိတ်သွား၏။ ဤကာလ အတွင်း အရေး ကြီးသော ဧည့်သည် တစ်ဦး ကဲ့သို့၊ ဆက်ဆံ ခံရ သည်မှာ၊ အမှန် ပေပင်။
“ နင် ... ပြောတာ မှန်ပါတယ်၊ ငါ မှား သွားတယ်၊ ဒါပေမယ့် ကြယ်လေးပွင့် အဆင့်က ပုရွက်ဆိတ် တစ်ကောင်ကို၊ ငါ့ အစား ခေါ်သွား တာတော့ လက်မခံ နိုင်ဘူး၊ ဒါက ငါ့ကို အရှက် ခွဲတာနဲ့ အတူတူပဲ။ ”
“ ဒါဆို ... နင် ဘာဖြစ် ချင်လဲ။ ”
အန်းလျူယွင်မှ မျက်မှောင်ကြုတ် လိုက်သည်။
“ လွယ်လွယ် လေးပါ၊ ဒီလူကို ငါနဲ့ တိုက်ခိုင်းလိုက် ... ၊ သူ့ရဲ့ ခွန်အား ငါ့ထက်သာ နေရင်၊ ပြောစရာ မရှိဘူး။ ”
“ ကောင်း သား ပဲ ... ။ ”
အန်းလျူယွင်က ငြင်းဆို တော့မည့် အချိန်တွင်၊ အနက်ဝတ် အဘိုးအိုမှ မျက်လုံး ဖွင့် ကာ၊ စကား ဝင်ပြော လာသည်။
“ အကြီးအကဲ ချန် ... ။ ”
ယင်းကြောင့် အန်းလျူယွင်မှာ စိတ်ရှုပ်စွာဖြင့် လှမ်းအော် လိုက်၏။
“ ဂုဏ် သရေရှိ မိန်းကလေး ... ၊ မင်းရဲ့ ခွဲတမ်း အတွက်၊ ဝင်စွက်ဖို့ ငါ့မှာ ဆန္ဒ မရှိ ပါဘူး၊ ဒါပေမယ့် ဝမ်ချင်းဖိန်က ငါ အကြံပြု ထားတဲ့ လူပါ၊ သူက အား မနည်း ဖူးဆိုတာ အာမခံ ပါတယ်၊ ပြီးတော့ ...
... သူ့ရဲ့ တောင်းဆိုမှုက ကျိုးကြောင်း ဆီလျော်တယ်၊ ကြယ်နယ်မြေ ဆိုတာ ကစား ကွင်း တစ်ကွင်း မဟုတ်ဘူး၊ မင်း ကတော့ ဒီနည်းနဲ့ ...
... သူ့အပေါ် ကျေးဇူး ဆပ်ချင် ပေမယ့် ... ၊ ဒါက သူ့ကို သေတွင်းပို့ လိုက်တာနဲ့၊ အတူတူ ဖြစ်လာ နိုင်ပါတယ်။ ”
အကြီးအကဲ ချန်သည် ဝမ်ချင်းဖိန်နှင့် တစ်စုံတစ်ရာ ပတ်သတ်မှု ရှိနေကြောင်း၊ သိသာ လေသည်။
“ ဒါဆို လာ ခိုင်း လိုက် ... ။ ”
အန်းလျူယွင်မှ တစ်ခုခု ပြောတော့မည့် အချိန်တွင်၊ လင်းယွန်မှ ဝင်ရောက် ဆုံးဖြတ်ပေး လိုက်သည်။
“ မင်း ... ဘယ်လို ပြိုင်ချင်လဲ။ ”
ပြီး ဝမ်ချင်းဖိန်အား တိုက်ရိုက် မေး၏။ ခန်းမအတွင်း အငွေ့ အသက်မှာ ရုတ်တရက် အေးစက် လာသည်။
“ သူတော်စင် ပစ္စည်း မသုံးဘဲ လှုပ်ရှားမှု တစ်ကြိမ် ယှဉ်မယ်၊ ခြေ တစ်လှမ်း ပိုဆုတ် ရတဲ့ လူက အရှုံးပဲ။ ”
လင်းယွန်၏ သွေးသား စွမ်းအင်မှာ၊ ကြောက်မက်ဖွယ် ကောင်းကြောင်း၊ သူ ခံစား နိုင် သော်လည်း၊ ကြယ်နှစ်ပွင့် ကွာဟ ချက်ကြောင့်၊ ရှုံးမည်ဟု မထင်ချေ။
“ အဆင် ပြေတယ်။ ”
ထို့နောက် လင်းယွန်က အခန်း တဝိုက်ကို တစ်ချက် ဝေ့ကြည့် လိုက်ပြီးနောက်၊
“ အခန်းက ကျယ်တယ်၊ ဒီမှာပဲ ... စလိုက် ရအောင်။ ”
-ဟု အကြံပြု လိုက်၏။
အန်းလျူယွင်မှာ ခေါင်းမာ လွန်းသော လင်းယွန်ကို တစ်ချက် ကြည့်ပြီး၊ ထိုင်ခုံ ဆီသို့ ဆက်သွား မိသည်။
“ ဒီကောင်လေးကို ဘယ်မှာ တွေ့လာ တာလဲ။ ”
အကြီးအကဲ ချန်မှ အန်းလျူယွင် ကြားရုံ မေးလိုက်၏။
“ သူ့ နာမည်က လင်းယွန်။ ”
“ ပန်းသင်္ချိုင်းလား ... ။ ”
“ နောက် တစ်ယောက် ရှိသေး လို့လား။ ”
“ အိုး ... ဒီကောင် လေးက ခြောက်လ အတွင်းမှာ၊ ကြယ်လေးပွင့် အထိ ရောက်လာ တာလား၊ ကြည့်ရတာ ...
... သွေ့ရော် မဟာ သူတော်စင် အမွေက အလုပ် ဖြစ်ပုံပဲ၊ ဒါပေမယ့် အခုက နည်းနည်း တော့၊ အားနည်း နေသေးတယ်။ ”
လင်းယွန် မည်သူ မည်ဝါ ဖြစ်သည်ကို သိပြီးနောက်၊ အကြီးအကဲ ချန်မှာ စိတ်ပြောင်း သွားသည်။
အန်းလျူယွင်မှ နှုတ်ဆိတ် နေခဲ့ပြီး၊ စကား တစ်ခွန်းမျှ မပြောချေ။ လင်းယွန်ကို ခေါ်ဆောင် ရာတွင်၊ အတွေး အချို့ ရှိသည်။
စွန့်စား ရမှန်း သိသော်လည်း၊ သူမ၏ ပင်ကိုယ် အသိစိတ်မှ၊ စွန့်စားရ ကျိုးနပ်မည် ဖြစ်ကြောင်း၊ ပြောပြ နေသည်။
ယင်းက လင်းယွန်ကို စတွေ့တည်းက၊ ခံစားရသော အသိ ဖြစ်၏။ မကြုံ စဖူးသော အရာ ပေပင်။
ကောင်းကင်ဘုံ ကြယ်ခန်းမ၏ စမ်းသပ်မှု မအောင်မြင် သော်လည်း၊ လင်းယွန်အား ကူညီ ထားသမျှ၊ တစ်ချိန် အကျိုး ကျေးဇူး ပြန်ရ မည်ဟု ယုံကြည်သည်။
ဆိုလို သည်မှာ လင်းယွန် ဟူသည် အနာဂတ်၌ ဓားသူတော်စင် တစ်ပါး ဖြစ်လာနိုင် မည်ဟု ခံစား မိ၏။
လင်းယွန်မှ သဘော တူညီ လိုက်သော အခါတွင်၊ သူမ မည်မျှ စိတ်လှုပ်ရှား ခဲ့ကြောင်း သတိ ရလာ မိသည်။
လင်းယွန်သာ ရှုံးသွားသော်၊ များစွာသော အကျိုး ကျေးဇူး များဖြင့် ကမ်းလှမ်းမှ သာလျှင်၊ ဝမ်ချင်းဖိန်မှ ခွဲတမ်း ပြန်ပေး ပေလိမ့်မည်။
အတွေးများ လွင့်မျော နေချိန်တွင်၊ လင်းယွန်နှင့် ဝမ်ချင်းဖိန်မှာ မျက်နှာချင်းဆိုင် ရပ်နေပြီ ဖြစ်သည်။
သို့မှသာ လင်းယွန်၏ မျက်ဝန်း များမှ လာသော ဓားရောင်ဝါ ဖိအား၊ မည်မျှ ထက်ရှ နေကြောင်း၊ ဝမ်ချင်းဖိန် သိလာ၏။
သူ့ဘဝ တစ်လျှောက် မျိုးဆက်တူ အတွင်း၊ ဤမျှ ထက်ရှ လွန်းသော ဓား ရည်ရွယ်ချက်မျိုး မတွေ့ဖူး သဖြင့်၊ အနည်းငယ် ထိတ်လန့် မိသည်။
သို့သော် မည်သည့် လက်နက်မှ အသုံးပြု ခွင့်မရှိ သဖြင့်၊ ယင်းဓား အသုံး မဝင် တော့ချေ။ ခွန်အား ကိုသာ ပြိုင်ကြခြင်း ဖြစ်သည်။
“ ဒီအတွက် တောင်းပန် ပါတယ်။ ”
ကြယ် ခြောက်လုံးကို မဆိုင်း မတွ၊ အသက်သွင်း လိုက်ပြီး၊ ရောင်ဝါ သမုဒ္ဒရာကို ခြောက်ဆ တိုးလိုက်သည်။
အဆင်သင့် ဖြစ်သော အခါ၊ ဝမ်ချင်းဖိန်မှ လက်ဖဝါးကို ဆန့်ထုတ် လိုက်ပြီး “ထွက်သွား” -ဟု အော်ဟစ်လျက် ရိုက်ထုတ် လာတော့၏။
အဆိုပါ လက်ဖဝါးသည် ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ်တို့ နှစ်ယောက်ပေါင်း အင်အားထက်၊ ပို၍ ပြင်းထန်သည်။
ယင်းက ကြယ်ခြောက်ပွင့် ရောက် ပြီးနောက်၊ ရောင်ဝါ သမုဒ္ဒရာမှာ အရည် အသွေး ပိုင်း၊ ပြောင်းလဲ သွားခြင်း ဖြစ်သည်။
သူတို့ကြား ကွာဟချက် ကြီးမား လွန်း သဖြင့်၊ လူတိုင်းမှ သက်ပြင်းချ လိုက်ကြသည်။ ဝမ်ချင်းဖိန်သည် လျှော့တွက်၍ ရသူ တစ်ဦး မဟုတ်ကြောင်း လင်းယွန် သိ၏။
ထို့ကြောင့် မဆိုင်းမတွဘဲ၊ နဂါး -ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကို၊ ထုတ်ဖော် လိုက်သည်။ သည့်နောက် လက်ဖဝါး နှစ်ဖက် ထိကပ် သွား၏။
“ ဖပ် ... ။ ”
သက်ရောက်မှု ပြင်းထန်ပြီး၊ ရလဒ် ချက်ချင်းပေါ် လာ၏။ ဝမ်ချင်းဖိန်၏ ညာလက် တစ်လျှောက် သွေးများ ဖုံးလွှမ်း သွားသည်။
လက်ဖဝါးမှ တဆင့် ဝင်လာသော မရဏ အငွေ့ အသက်တွင်၊ ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင် နေသည်။
ထို့ကြောင့် အသား စများ၊ ချက်ချင်း မည်းလာ သည်ကို ကြည့်ပြီး၊ လူတိုင်း မျက်လုံး ပြူး ကုန်၏။
“ မင်း ... ၊ မင်း ဘယ်သူလဲ။ ”
ဝမ်ချင်းဖိန်မှ အံကြိတ်ကာ ပြန်မေး လိုက်သည်။
“ ဓားဂိုဏ်းက လင်းယွန်။ ”
လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေသည်။ သို့သော် သူ့ စိတ်ထဲ တွင်မူ၊ တုန်လှုပ် နေဆဲဖြစ် သည်။
ငရဲဓားကို မွေးဖွား လာပြီးနောက်၊ နဂါး ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကို ကိုင်တွယ် ရာ၌၊ ပို၍ လွယ်ကူ လာသည်။
ဓားသုတ္တန် နှစ်ပါး၏၊ ပေါင်းစပ် စွမ်းအားမှာ၊ ကြောက်မက်ဖွယ် ကောင်းလှပြီး၊ မတော် တဆ ပြိုင်ဘက်ကို သတ်မိ သွားနိုင်သည်။
“ မင်း ... ။ ”
“ ပန်းသင်္ချိုင်း ... ။ ”
လူတိုင်းမှ ထအော်၏။
“ သူ့ကို လိုက်ပို့ ပေးလိုက် ... ။ ”
အန်းလျူယွင်မှ အစောင့် များအား လက်ပြကာ၊ အမိန့်ပေး လိုက်သည်။
“ ကန့်ကွက်မဲ့ ... ၊ သူ ရှိတော့မယ် မထင်ဘူး။ ”
လင်းယွန်က စကား ဆိုပြီး လွတ်နေသော ခုံပေါ်သို့၊ သွား ထိုင်သည်။ ရှားဟိုယန် အပေါ်၊ အနိုင်ယူ ခဲ့သည့် လင်းယွန် အမည်ကို၊ သူတို့ အားလုံး ကြားထားဖူး ချေ၏။
ဓားတာအို၌ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ပါး ဖြစ်သည်။ သို့သော် ခြောက်လ အတွင်း ဤမျှ ထိတ်လန့်ဖွယ် အဆင့်သို့ ရောက်ရှိ လာ သည်မှာ၊ မယုံနိုင်စရာ ဖြစ်နေဆဲ ပေပင်။
“ ဟား ဟား ဟား ... ၊ ဒီတစ်ခါတော့ တကယ့်လူကို ငါတို့ ရှာတွေ့ ရပြီ ... ၊ ဘယ်သူမှ မင်းကို မကန့်ကွက် တော့ပါဘူး။ ”
အကြီးအကဲ ချန်မှ ရယ်မောလျက် ထောက်ခံ လိုက်သည်။
“ အခု ချိန်က အားလုံး ပထမဆုံး အကြိမ်တွေ့ဆုံ ကြတာကြောင့်၊ အချင်းချင်း မိတ်ဆက် ကြရအောင်။ ”
အန်းလျူယွင်မှ စကားစ လိုက်သည်။ အကြီးအကဲ ချန် ဘယ်ဘက်ရှိ လူရွယ်က မတ်တပ် ရပ်ကာ၊
“ ငါပဲ အရင် စလိုက်မယ်၊ ငါ့ နာမည်က စန်းကျွယ်၊ ကြယ်ခုနစ်ပွင့် အဆင့်၊ ဓါးတွေနဲ့ လုပ်ကြံ သတ်ဖြတ်ရာမှာ၊ ...
... အထူး ကျွမ်းကျင်တယ်၊ အဆိပ် တွေနဲ့ ပတ်သတ်ပြီး တော့လည်း၊ နည်းနည်း ကိုင်တွယ် အသုံးပြု နိုင်တယ်။ ”
အဆိပ်သုံး နိုင်သည်ဟု ပြောလာ သဖြင့်၊ လင်းယွန်က ထိုသူထံ ပြန်ကြည့် မိလေသည်။
“ ဟား ... ဟား ... ဟား ... ၊ အစ်ကို စန်းကျွယ်က နှိမ့်ချ လွန်းပြီ၊ အဆိပ် တာအိုမှာ မင်းရဲ့ အောင်မြင်မှု တွေက နည်းနည်း မဟုတ် ပါဘူး။ ”
သူ့ဘေးရှိ ပိန်ပိန် ပါးပါးနှင့် လူရွယ်က မတ်တပ် ထရပ်ကာ၊ သူ့ကိုယ်သူ မိတ်ဆက် လာတော့သည်။
“ ငါ့ နာမည်က တင်းလီပါ၊ နတ်မိစ္ဆာ မိသားစုရဲ့ မျိုးဆက်သွေး နည်းနည်းကို ဆက်ခံ ထားတယ်၊ ကြယ် ခုနစ်ပွင့် အဆင့်ပဲ၊ ... ”
တင်းလီက စကား ရပ်ကာ၊ လင်းယွန်ထံ လှည့်ကြည့်ပြီး၊
“ ညီအစ်ကို လင်း၊ ငါတို့ အချိန် ရရင် ဆွေးနွေး ကြည့်ရအောင် ... ၊ မင်းရဲ့ သွေးသား စွမ်းအင် ကလည်း၊ ငါ့ထက် အားမနည်း ပါဘူး၊ မင်းလည်း ခန္ဓာ ကိုယ်ကို သန့်စင် ထားတယ် မဟုတ်လား။ ”
“ အကြံ ကောင်းပဲ။ ”
လင်းယွန်က အံ့ဩမှုကို ဖုံးကွယ်ကာ၊ ပြုံးပြလိုက် လေသည်။ နယ်ပယ်တူ အတွင်း သူ့ထက် ကိုယ်လုံး ကိုယ်ပေါက် ပိုသန်မာသော တစ်စုံ တစ်ယောက်ကို ရှာတွေ့ ရန်မှာ၊ ရှားပါး ချေ၏။
“ ဟဲဟဲ ... ၊ ငါ့ နာမည် ရှောင်ယွင်ပါ၊ ကျင့်ကြံမှုက အထင်ကြီး လောက်စရာ မရှိဘူး၊ ဘာလို့ လဲဆို ငါက ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ယောက် ဖြစ်နေ လို့ပဲ။ ”
နောက်ဆုံးတွင် မီးခိုးရောင် ဝတ် လူငယ်က ပြုံးကာ ထပြီး မိတ်ဆက် လာသည်။ ဤလူများ အားလုံးတွင် အရည် အချင်း ရှိမှန်း သိလိုက်၏။
အဆိပ် သခင်၊ ဝိညာဉ် ရေးရာ ဆရာ သခင်နှင့်၊ ခန္ဓာကိုယ် သန့်စင်ထား သူ၊ စသည့် မည်သူ မဆို၊ ရင်ဆိုင်ရ ခက်ခဲ ချေသည်။
လင်းယွန်က အတွေးထဲ နစ်မျော နေရာမှ သတိဝင် လာပြီး၊
“ လင်းယွန် ... ၊ ဓားသမား။ ”
-ဟု ရုတ်တရက် ပြန်၍ မိတ်ဆက် လိုက်တော့သည်။
***