သူပုန်တွေဟာ ရည်မှန်းချက်တွေ မြင့်မားကြသတဲ့
Vol. 64 Ch. 839
မျက်ကန်းက ခေါင်းမော့၍ လှမ်းပြုံးပြသည်။ “နောင်ကြီး၊ ခင်ဗျားက တာအိုဂိုဏ်းရဲ့ နံရံအပေါ်မှာ တာအိုဂိုဏ်းရဲ့ ဓားကွက်မဟုတ်တဲ့ ဓားရာတစ်ရာတစ်ချက် တွေ့ခဲ့တယ် ပြောပြီး မဆိုင်တဲ့လူတွေကို စွပ်စွဲနေတာ မဟုတ်ပေလား... ခင်ဗျား ဘာတွေစစ်ဆေးနေလဲ မသိပေမယ့် ဒီပုံစံအတိုင်း တွေ့ရာလူကို ပြောပြနေရင် မူအာသာ လူသတ်သမားဆိုလို့ကတော့ သေချာပေါက် ဓားကွက်ပြောင်းပစ်မှာပဲ”
ချွီးဟယ်၏ အကြည့်က မျက်ကန်းအပေါ် ကျရောက်သွားသည်။ “ငါ သူ့ကို တမင်ပြောပြနေတာ ဟုတ်မဟုတ် မင်း ဘယ်လိုသိနိုင်မလဲ”
မျက်ကန်း အနည်းငယ် မှင်သက်သွား၏။
ချွီးဟယ်က ကျောနောက် လက်ပစ်ထားလျက် အပြုံးတစ်ခုဖြင့် ပြောသည်။ “သူ ဒီကိစ္စနဲ့ ပတ်သက်နေရင် သေချာပေါက် ဓားကွက်ကို လျှိုထားလိမ့်မယ်... သူ လျှိုထားလား၊ မလျှိုထားလား ငါ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်... ဒါ့အပြင် သူ ဓားကွက်ကို လျှိုထားရင်တောင် ဓားကွက်ကို တည်ဆောက်ထားတဲ့ သင်္ကေတအမှတ်အသားတွေထဲမှာ သဲလွန်စတွေ ကျန်ခဲ့ဦးမှာပဲ”
ချင်မူ စိုးရိမ်လာသည်။
ချွီးဟယ်က ဆက်ပြော၏။ “ဒီကိစ္စနဲ့ မပတ်သက်ရင်တော့ သူ့အနေနဲ့ ဘာကိုမှ လျှိုထားစရာမလိုဘူး... ငါက ကောင်းကင်နတ်ဘုံ ကောင်းကင်နယ်ထိန်းစခန်းမှာ နာမည်ကျော်ကြားတဲ့ ကောင်းကင်မျက်လုံးပဲ... မဖြစ်စလောက် လှည့်ကွက်လေးတွေနဲ့ ငါ့ကို လှည့်စားလို့မရဘူး”
မျက်ကန်း မျက်လုံးများ မှေးကျဉ်းကာ ပြောလိုက်သည်။ “တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်ကလည်း ကောင်းကင်မျက်လုံးပဲ... လူတွေက ကျုပ်ကို မျက်ကန်းလို့ ခေါ်ကြတယ်... ဒါပေမဲ့ ခင်ဗျားလို လူဆိုးထိန်းတော့မဟုတ်ဘူး... တစ်ခါတုန်းက လူဆိုးထိန်းလို့ နာမည်ကြီးတဲ့ သိက္ခာတော်ရ ရဟန်းတစ်ပါးနဲ့တော့ သိတယ်”
“မျက်ကန်းလို့ ခေါ်တဲ့ အောက်ဘုံသား ကောင်းကင်မျက်လုံး ဟုတ်လား”
ချွီးဟယ်သည် တဟားဟား ရယ်၏။ “အောက်ဘုံသားတွေက အမှန်တကယ် စိတ်ဝင်စားစရာပဲ... ဒါဖြင့် အမြန်ဆုံးလူက ထော့ကျိုး များလား”
မျက်ကန်းက လက်ခုပ်တီး၍ ချီးကျူးလိုက်သည်။ “ကောင်းကင်နတ်ဘုံက ကောင်းကင်နယ်ထိန်းလို့ ခင်ဗျားပြောလိုက်တုန်းက ကျုပ် မယုံမိဘူး... ခင်ဗျားက ဒီလောက်တော်မယ် ဘယ်ထင်ပါ့မလဲ.,. ဟုတ်တယ်၊ ကျုပ်တို့ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အမြန်ဆုံးလူက ထော့ကျိုး အပြင် တခြားမဟုတ်ဘူး...
“အဲဒါအပြင် ကျုပ်တို့အင်ပါယာလို တောရွာလေးမှာ သားသတ်သမားရဲ့ ဓားမသိုင်းကွက်တွေက အကြမ်းဆုံးပဲ... သူက ကောင်းကင်ဓားမလို့ ခေါ်တယ်... အလှဆုံးအမျိုးသမီးကတော့ သောက်အဘွားကြီးစစ်၊ ပန်းပဲပညာမှာ အတော်အဆုံးက ရွှေအ၊ သူက လူတွေကို ဆူပူကြိမ်းမောင်းတဲ့နေရာမှာ အသံအကျယ်ဆုံးလည်း ဟုတ်တယ်... ပန်းချီပညာမှာ အထူးချွန်ဆုံးက နားကန်း၊ အချောဆုံးက မျက်နှာမရှိတဲ့ ဆေးဆရာ.... ဒါပေမဲ့ ကျုပ်တို့ရွာမှာ ဓားသိုင်းအတော်ဆုံးကတော့ ရွာလူကြီးဖြစ်နေတုန်းပဲ... အစတုန်းက သူ့မှာ ခြေလက်တွေမရှိခဲ့ဘူး... နတ်ဘုရားတစ်ပါးက သူ့ကို လူသားတုတ်ချောင်းလို လုပ်ပစ်ခဲ့တာ”
ချွီးဟယ်က ရယ်မောပြီး ပြောသည်။ “တကယ် ထူးဆန်းတဲ့လူတွေပါလား... အောက်ဘုံက အမှန်တကယ် စိတ်ဝင်စားစရာကောင်းပါပေတယ်... မင်းတို့အောက်ဘုံရဲ့ နတ်ဘုရားတွေက အထက်ဘုံရဲ့ နတ်ဘုရားတွေနဲ့ မတူဘူး.... လျှောက်ဆော့နေကြတဲ့ လူရွှင်တော်တွေနဲ့ တူတယ်”
မျက်ကန်း သက်ပြင်းချလိုက်၏။ “မှန်တာပေါ့ဗျာ... ကျုပ်တို့ တောရွာဇနပုဒ်က လူတွေက ကောင်းကင်နတ်ဘုံရဲ့ သခင်ကြီးတွေနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ... ဒီတော့ ငွေအသပြာလေး ရအောင် အသက်မွေးဝမ်းကျောင်းပြီး ပန်းချီတို့ဘာတို့ ရောင်းကြရတယ်... အမှန်အတိုင်း ဝန်ခံရရင် ကျုပ်ကလည်း နယ်လှည့် ဗေဒင်ဟောရင်း အသက်မွေးရတဲ့သူပါ... လူတွေပြောတာတော့ ကျုပ်ဗေဒင်က အတော်လေး တိကျတယ်တဲ့”
ချွီးဟယ်မှာ အထင်ကြီးသွားပြီး ပြောသည်။ “ပါရမီရှင်တွေဟာ များသောအားဖြင့် ရည်မှန်းချက် မြင့်မြင့်ထားကြတယ်... မင်းတို့တွေက ထူးချွန်ကြပေမယ့် သာမန်လူလိုပဲ နေထိုင်နိုင်ကြတယ်.... ငါသာဆိုရင် အဲဒီလိုစိတ်မျိုး ထားနိုင်မှာမဟုတ်ဘူး... ငါ့အစွမ်းအစနဲ့ဆို သေချာပေါက် ပုန်ကန်ပြီး အုပ်ချုပ် မင်းလုပ်ပြီ... သာမန်လူဖြစ်မယ့်အစား လူတွေ သတ်ပြီး တောသားဧကရာဇ်တစ်ပါးပဲ ဖြစ်လာလိုက်မယ်”
မျက်ကန်းက တောက်ပစွာ ပြုံးလိုက်၏။ “ကျုပ်တို့တော့ အဲဒီလိုမလုပ်ရဲပါဘူးဗျာ... ကျုပ်တို့အားလုံး နလပိန်းတုံးတွေဆိုတော့ ဘယ်ပုန်ကန်ရဲပါ့မလဲ... ကျုပ်တို့လိုလူတွေက တစ်ခါတလေ ကောင်းကင်နတ်ဘုံကနေ ဆင်းလာတဲ့ လူတချို့ကိုပဲ သတ်ကြတာပါ... ဥပမာ အထက်ကောင်းကင်ဘုံကို နှိမ်နင်းတာမျိုး... ယိုတုက လုလီတို့, ရွှမ့်မင်တို့ကို ရိုက်နှက်တာမျိုး.... ကောင်းကင်ယင်သားတော်ကို ဝိုင်းတီးတာမျိုးပေါ့ဗျာ... ဆရာကြီးနယ်ထိန်း၊ ကျွန်တော်တို့ မပုန်ကန်ရဲပါဘူး... အသက်မွေးဝမ်းကျောင်းဖို့အတွက် သခင်ကြီးတွေ၊ ဆရာကြီးဆီကပဲ လုကြရတာပါ”
ချွီးဟယ်ကလည်း ပြုံးနေသည်။ သူက လက်ခုပ်တီး၍ ချီးကျူးလေသည်။ “အံ့ဩစရာပဲ... အမှန်တကယ် အံ့ဩစရာပါပဲ”
မျက်ကန်းလည်း အပြုံးပန်းများ ဝေဆာနေ၏။ “ကျုပ်တို့က အမြဲ အံ့ဩစရာကောင်းပါတယ်...
ရှေးတုန်းကတည်းက ... သူပုန်တွေဟာ ရည်မှန်းချက်တွေ မြင့်မားကြသတဲ့၊
ကောင်းကင်နတ်ဧကရာဇ်ကိုပင် အာဂယောက်ျား မဟုတ်ဘူးလို့၊
ရဲရဲရင့်ရင့် အပြစ်တင်ရင်း ကြိမ်းမောင်းရဲသတဲ့။
ကောင်းကင်နတ်ဘုံသား သခင်ကြီးတို့အတွက် .... ဤတောင်ကတုံး၊ မြစ်ရိုင်းကြားက
ကျုပ်တို့တွေဟာ သူပုန်တွေသာ မဟုတ်ပေလား”
ချင်မူက တလေးတစား စုပ်သပ်ပြီး ရိုးရိုးသားသား ချီးကျူးလိုက်သည်။ “ဘိုးဘိုးမျက်ကန်း၊ ဘိုးဘိုးရဲ့ ကဗျာစွမ်းရည်တောင် တိုးတက်လာပြီပဲ... ဒီကဗျာက ပထမတန်းစားဖြစ်နေပြီ”
မျက်ကန်း ကျေနပ်သွားသည်။
ချွီးဟယ်က တဟားဟား ရယ်လေသည်။ “ပုန်ကန်နေတာကို အခုလို သွယ်ဝိုက်ပြောနိုင်ပုံထောက်ရင် အောက်ဘုံမှာ သူ့ကို လုပ်ကြံချင်နေတဲ့ ပရိယာယ်သမားတွေ ရှိတယ်လို့ အရှင်မင်းကြီး အမြဲပြောနေတာ အံ့ဩစရာမရှိဘူးပဲ”
မျက်ကန်းက ပြုံးသည်။ “ခင်ဗျားလို လူတွေဟာ အမြဲအပြုံးနဲ့ ဆက်ဆံတတ်ပေမယ့် အပြုံးနောက်ကွယ်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ဖုံးဝှက်ထားတယ်လို့ ကျုပ် ခံစားရပါတယ်... ကောင်းကင်နတ်ဘုံက ဆရာကြီးနယ်ထိန်း ၊ ကျုပ်တို့ ခရီးက အလျင်လိုနေပါတယ်... ခင်ဗျား ကျုပ်တို့ကို သွားခွင့်ပေးမှာလား မပေးဘူးလား”
ချွီးဟယ်သည် မျက်လုံးများမှေးကျဉ်းကာ မထီမဲ့မြင်ပြုံးလိုက်၏။ “သွားခွင့်ပေးရမှာပေါ့.... မင်းတို့တွေ ဒီကနေ တန်းဖြတ်သွားလို့ရတယ်... ဒါပေမဲ့ အခင်းဖြစ်ရာနေရာကို မရှုပ်မိစေနဲ့”
နဂါးချီလင်နှင့် ရေချီလင်က ဂရုတစိုက် ရှေ့ဆက်လျှောက်သွားပြီး လေသင်္ဘောသည် ကောင်းကင်ထဲတွင် ပျံဝဲလျက်သာ ရှိနေ၏။ ချွီးဟယ်က လက်နှစ်ဖက် ကျောနောက်ပစ်လျက် သင်္ဘောဦး၌ ရပ်နေဆဲ ဖြစ်သည်။ သူက သူတို့ တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်နေလေသည်။
သူ့ဘေး၌ ရပ်နေသည့် ယွီချိန်ကျစ်မှာ ရုတ်တရက် အရိုးထဲ စိမ့်အေးသွားသည်။ သူ လှည့်ကြည့်လိုက်သည့်အခါ ချွီးဟယ်၏ ခန္ဓာကိုယ်အနောက်၌ တိတ်ဆိတ်စွာ ဖွဲ့တည်လာသော ကိုက်သုံးထောင် မူလဝိညာဉ်ကို မြင်လိုက်ရသည်။
ကိုက်သုံးထောင်မူလဝိညာဉ်၏ လက်တစ်ထောင်က ပန်းပွင့်ဆီမှ ဝတ်ဆံများ ဖြာကျသွားကဲ့သို့ ကားထွက်သွားပြီး သူ့လက်ဝါးများအပေါ်ရှိ ကောင်းကင်မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာသည်။
သင်္ဘောအောက်တွင် မျက်ကန်းတို့မှာ မည်သည်ကိုမျှ သတိထားမိပုံမရဘဲ အေးအေးဆေးဆေး ဆက်သွားနေကြသည်။
ယွီချိန်ကျိန်မှာ စိုးရိမ်နေသောကြောင့် နဖူးမှ ချွေးများ ထွက်လာ၏။ သူ့နှလုံးသားမှာ တဒိန်းဒိန်း ခုန်ချေသည်။
ချွီးဟယ်က သူ့ကို တစ်ချက်ကြည့်ပြီး ပြုံးသယောင်ယောင်၊ မပြုံးသယောင်ယောင် ဖြစ်နေသည်။
နဂါးချီလင်၏ ခေါင်းပေါ်တွင် မျက်ကန်းသည် အေးအေးလူလူ သီချင်းညည်းနေသော်လည်း မျက်လုံးများ ဖြည်းဖြည်းချင်း ပိတ်လိုက်၏။
သူ့ခါးရှိ အနက်ရောင်အရိုးနဂါးဖြင့် ဖွဲ့တည်နေသော ခါးပတ်က ဖြည်းညင်းစွာ ဆန့်ထွက်လာသည်။ ၎င်းကိုယ်ထဲ၌ ကွယ်ဝှက်နေသည့် လက်သည်းချွန်များ တဖြည်းဖြည်း ပေါ်လွင်လာသည်။
ကောင်းကင်လှံ လုံထော်သည် နိုးထလာပြီး မျက်ကန်း၏ခန္ဓာကိုယ်ကို အသာအယာ လှည့်ပတ်နေ၏။ သူ၏အရိုးများဆီမှ ဂျိုးဂျိုးဂျောက်ဂျောက် မြည်သံများ ထွက်နေသည်။
ချင်မူ နောက်နှစ်လှမ်းဆုတ်၍ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ လေသင်္ဘောအပေါ်ရှိ လူငယ်များ သင်္ဘောအပြင်သို့ ပျံထွက်လာကြသော်လည်း မြေပြင်ပေါ် မဆင်းသက်ပေ။ ဒိုင်းများ၊ သံကြိုးများ၊ ဓားမများ လက်တွင် ကိုင်လျက် လေထဲ၌ ရပ်နေကြသည်။
တောထဲ၌ ပြေးလွှားနေကြသော ဝံပုလွေခေါင်း၊ လူခန္ဓာနှင့် သားရဲဟိန်းသံနတ်ဘုရားမျိုးနွယ်များလည်း ငြိမ်သက်သွားကြ၏။ တစ်ယောက်ချင်းစီတိုင်း ခေါင်းလှည့်ကြည့်လာကြသည်။
ချင်မူ့မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ သူက လက်ဆန့်ထုတ်ပြီး ဓားစက်လုံးကို ဖမ်းကာ တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။ ဓားစက်လုံးသည် လေထဲတွင် ပြန့်ကားသွားကာ နတ်ဓားတစ်လက်အသွင် ပြောင်းသွား၏။ ချင်မူ၏လက်နှစ်ဖက်က ကြက်ခြေခတ် ထားလိုက်သည့်အခါ နတ်ဓားကား တစ်လက်မှ နှစ်လက် ဖြစ်သွားချေပြီ။
လူငယ်များက သံကြိုးများကို လှုပ်ခါလိုက်ပြီး သံကြိုးများဆီမှ အလင်းတန်းများ ဖြာထွက်လာသည်။ သံကြိုးများသည် တစ်ကြိုးနှင့်တစ်ကြိုး ချိတ်ဆက်၍ လေလယ်တွင် ကွင်းကြီးတစ်ကွင်းအသွင် ယှက်ဖွဲ့သွား၏။ အလင်းရောင်များက ကွင်းကြီးဆီမှ အဆက်မပြတ် ကွန့်မြူးဖြာထွက်နေသည်။
ချင်မူက မျက်ဝန်းများ မှေးကျဉ်း၍ ခပ်တိုးတိုး ပြောလိုက်၏။ “ဖက်တီးရွှေ၊ မင့်သခင်ကို ကာကွယ်.. ဖက်တီးနဂါး၊ သတိအနေအထား ပြင်ထား”
နောက်ဆုံးတော့ သူတို့ သင်္ဘော၏အရိပ်အောက်မှ ထွက်လာကြသည်။
သင်္ဘောဦးအပေါ်ရှိ ချွီးဟယ်၏ အပြုံးကား ပို၍ပင် တောက်ပနေသည်။
ရုတ်တရက် သူ၏မူလဝိညာဉ်ဆီမှ လက်တစ်ထောင်သည် လက်ချောင်းများကို ဖြန့်ကား၍ အောက်သို့ ထိုးဆင်းလာကြ၏။
ဤအခိုက်အတန့်တွင် သင်္ဘော၏အရိပ်အောက်တွင် မျက်လုံးတစ်ထောင် ပေါ်လာသည်ကို ချင်မူတို့ မြင်လိုက်ကြရသည်။ မျက်လုံးကြီးများအတွင်း၌ မရေမတွက်နိုင်သော ဝင်္ကပါများ လှည့်ပတ်နေပြီး အလင်းတန်းများက ထူးဆန်းသော ဝင်္ကပါမျိုးစုံ တည်ဆောက်ကာ အဘက်ဘက်မှ စတင်တိုက်ခိုက်တော့သည်။
ထိုတဒင်္ဂလေးအတွင်း ဝင်္ကပါသိုင်းကွက်များက အဆက်မပြတ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားက သင်္ဘောအောက်ရှိ ဟင်းလင်းပြင်ကို ဖြိုခွဲပစ်လိုက်၏။
အလင်းတန်းမှာ စူးနေအောင် တောက်ပနေသဖြင့် ချင်မူ ကပျာကယာ မျက်လုံးပိတ်လိုက်ရသည်။ ထိုအခါမှ အစကတည်းက မျက်ကန်း အဘယ်ကြောင့်မျက်လုံးပိတ်ထားမှန်း ချင်မူ သဘောပေါက်သွားလေသည်။
ဤအခိုက်အတန့်တွင် နဂါးတွန်သံ ထွက်ပေါ်လာပြီး မျက်ကန်း ပျောက်ကွယ်သွားကြောင်း ချင်မူ အာရုံရလိုက်၏။ ချင်မူသည် ချီစွမ်းအင်အတက်အကျများဖြင့် အာရုံခံရင်း သူ့ဘေး၌ ကြောက်မက်ဖွယ်ရာ ဝင်္ကပါများ တစ်ခုနှင့်တစ်ခု ဝင်တိုက်နေကြောင်း ခံစားလိုက်ရသည်။ အားလှိုင်းများက သူတို့ကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် နင်းခြေပစ်ရန် လုံလောက်ပေသည်။
သို့သော် ဤဝင်္ကပါများအကြား၌ မျက်ကန်း၏ အရပ်ပုပုခန္ဓာကိုယ်လေး လှုပ်ရှားနေသည်ကို ချင်မူ ခံစားရ၏။ ကောင်းကင်လှံ လုံထော်၏ ထိခတ်မှုများနှင့် ထိန်းညှိမှုများအောက်တွင် ဝင်္ကပါများကား အခြားတစ်ဖက်သို့ ပစ်မှတ်ထားသော အသတ်အဖြတ်ဝင်္ကပါများအဖြစ် ပြောင်းလဲကုန်သည်။
သင်္ဘော၏ အရပ်အောက်၌ ဝင်္ကပါသိုင်းကွက်မျိုးစုံ ပေါက်ကွဲနေပြီး ရုတ်တရက် အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ကြားလိုက်ရ၏။ ကိုက်သုံးရာ ရှည်လျားသည့် သင်္ဘောမှာ တကျွီကျွီ မြည်သွားပြီး ကောင်းကင်ထဲမှ ဘုန်းခနဲ ပြုတ်ကျလာကာ အစိတ်စိတ်အမြွှာြမွှာ ပြိုကွဲသွားတော့သည်။
သင်္ဘောဆီမှ ရတနာများလည်း မြေပြင်ထက်တွင် ပြန့်ကြဲနေကာ တလက်လက် တောက်ပနေသည်။
ချင်မူ မျက်လုံးများ ပြန်ဖွင့်နိုင်လိုက်၍ ခေါင်းမော့ကြည့်လိုက်သည်။ ပြုတ်ကျနေသော ရတနာများ၏ ပြိုးပြိုးပြက်ပြက် အရောင်အဝါများအောက်တွင် လက်တစ်ထောင် ၊ မျက်လုံးတစ်ထောင် မိစ္ဆာနတ်ဘုရားတစ်ပါးနှင့် နဂါးနက်လှံတစ်လက် ကိုင်ထားသော အရပ်ပုပု မျက်မမြင်တစ်ယောက်တို့ တိုက်ခိုက်နေကြသည်။ လူထွားကြီးနှင့် လူပုလေးသည် ကောင်းကင်ထဲ၌ သိုင်းကွက်များ ဖလှယ်နေ၏။
တစ်ချိန်တည်းမှာပင် နယ်ထိန်းလူငယ်များက လှုပ်ရှားလိုက်ကြပြီး ချင်မူတို့ကို ချုပ်နှောင်ရန် သံကြိုးများ ပစ်လွှတ်လိုက်ကြသည်။
ဘုန်း ဘုန်း ဘုန်း
သူတို့လက်ထဲရှိ ဒိုင်းများ မြောက်တက်လာပြီး ချင်မူတို့ကို ဝန်းရံထားသည်။ ဒိုင်းကြီးများက အပေါ်၊ အောက်၊ ဘယ်နှင့်ညာမှ သူ့ကို ဝန်းရံကာ နေရာဟင်းလင်းပြင်အား ပိတ်ထားကြ၏။
ထို့အပြင် သံကြိုးများက ဂျောင်းဂျောင်းဂျုန်းဂျုန်း မြည်လျက် ရွေ့လျားလာပြီး သူ့ပတ်ပတ်လည်ရှိ နေရာဟင်းလင်းပြင်ကို တင်းတင်းကြပ်ကြပ် ချုပ်နေကြသည်။
ယွီချိန်ကျစ် ကြိတ်၍ စိတ်ပူနေသည်။ ‘သေစမ်း ၊ ဒီလိုအခြေအနေမှာ လောကသခင်ခန္ဓာချင်အနေနဲ့ ဓားသိုင်းထုတ်သုံးဖို့အပြင် ရွေးစရာမရှိတော့ဘူး... မဟုတ်ရင် သူ ရုန်းမထွက်နိုင်ဘဲ နေလိမ့်မယ်.... ဓားသိုင်းထုတ်သုံးလိုက်ရင်လည်း သံတမန်တွေကို သတ်ခဲ့တာ သူမှန်း ပေါ်သွားဦးမယ်...”
ဤအချိန်တွင် ဒိုင်းအတွင်းရှိ ဟင်းလင်းပြင်ဆီမှ တဖြောင်းဖြောင်း ပေါက်ကွဲသံများ ထွက်လာကာ ဓားရောင်တစ်ချက်သည် ဒိုင်းများအား တင့်တယ်ကြော့ရှင်းစွာ ပိုင်းဖြတ်သွား၏။
ချင်မူတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ရှိနေပြီး သူ့မျက်ခုံးနှစ်ဖက်ကြားတွင် မိုးမခသစ်ရွက် မရှိတော့ပေ။ ရုတ်တရက် သူက မာန်သွင်းဟိန်းဟောက်လိုက်ပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားနေရာမှ အလင်းတန်းများက ပတ်ဝန်းကျင်တစ်လျှောက် ဝိုက်ဖြတ်လျက် ဖြာထွက်လာသည်။
နယ်ထိန်းလူငယ်များမှာ ချင်မူ့ကို မယှဉ်နိုင်တော့သဖြင့် ဒဏ်ရာအပြင်းအထန် ရသွားကြသည်။ သူတို့၏ မူလဝိညာဉ်များ ပျံထွက်သွားသည့်အချိန်မှာပင် ရုပ်ခန္ဓာများကား နှစ်ပိုင်းပြတ်သွားချေပြီ။
သားရဲဟိန်းသံနတ်ဘုရားမျိုးနွယ်မှ ဝံပုလွေခေါင်းနတ်ဘုရားတစ်ပိုင်းများက ရုတ်တရက် လှုပ်ရှားကြသည်။ သူတို့က မကောင်းဆိုးဝါးများသဖွယ် ပြေးလားကြကာ ချင်မူတို့အပေါ် ခုန်အုပ်လိုက်ကြ၏။
ကောင်းကင်အလိုတော်မုခ်ဝသည် ချင်မူ့အနောက်၌ ဖွဲ့တည်လာပြီး ကိုက်သုံးထောင်မြင့်မားသော မုခ်ဝပွင့်လာသည့်အခါ အနက်ရောင်ချီအခိုးအငွေ့များ အလိပ်လိုက် ထွက်လာသည်။ ချင်မူက ခန္ဓာကိုယ်ကို ဂျင်လို လှည့်လိုက်ပြီး ကောင်းကင်အလိုတော်မုခ်ဝကလည်း ချင်မူ့ကို ဗဟိုပြု၍ လှည့်ကာ တဂျုန်းဂျုန်းအော်မြည်လျက် အနက်ရောင်အလင်း ဖြန့်ကျက်လိုက်၏။
ဘုန်း ဘုန်း ဘုန်း
အလောင်းများ ကောင်းကင်မှ ပြုတ်ကျလာသည်။ သားရဲဟိန်းသံမျိုးနွယ်၏ မူလဝိညာဉ်များမှာ ဤမုခ်ဝမှတစ်ဆင့် ယိုတုထဲ စုပ်ယူခံလိုက်ရ၏။ သူတို့၏ခန္ဓာကိုယ်များက အကောင်းအတိုင်း ရှိပါသော်လည်း အသက်မရှိတော့ပေ။
ရုတ်တရက် ကျန်ခဲ့သည့် လူငယ်တစ်ယောက် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏အင်္ကျီလက်အိုးထဲမှ သံကြိုးများ ပျံထွက်လာကာ မုခ်ဝကြီးအား ချုပ်လိုက်၏။
ချင်မူ မုခ်ဝကို ရွှေ့လိုက်သော်လည်း မုခ်ဝသည် တုပ်တုပ်မှ မလှုပ်ပေ။ အခြားတစ်ဖက်တွင် ဝံပုလွေခေါင်း နတ်ဘုရားတစ်ပိုင်းများက သူတို့အနား ရောက်လာချေပြီ။
ဝှစ်
ချင်မူ၏မူလဝိညာဉ်သည် ကောင်းကင်ထဲ၌ ဖွဲ့တည်လာခဲ့သည့် ကိုက်သုံးထောင်အရှည် ကောင်းကင်နတ်မြစ်အထက်၌ ရပ်နေ၏။ ချင်မူ့လက်နှစ်ဖက်လုံး မြှောက်လိုက်သည့်အခါ သူ့လက်ထဲရှိ ဓားနှစ်ဖက်က ဖောင်းခနဲ ပေါက်ကွဲသွားပြီး ဓားရောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ တခဏအတွင်း ဓားရောင်များသည် ကိုက်သုံးထောင်ပတ်ပတ်လည် ဧရိယာတွင် ပြည့်နှက်သွားကာ ဓားရောင်ပင်လယ်တစ်စင်း ဖြစ်တည်လာ၏။
ဓားရောင်ပင်လယ်ထဲ၌ ခြေပြတ်လက်ပြတ်များ ပြန့်ကြဲနေပြီး သွေးများက ပင်လယ်ပမာ စီးနေ၏။
ရွာလူကြီး၏ ဓားပန်းချီ၏ ဒုတိယဓားကွက်၊ ခိုင်ဧကရာဇ်ဓား။
ခိုင်ဧကရာဇ်ဓားတွင် သွေးပင်လယ်ဖြာသည်။
ရုတ်တရက် ဓားရောင်ပင်လယ် ပြိုကွဲသွားပြီး ခြေပြတ်လက်ပြတ်များအကြားမှ ဝံပုလွေခေါင်းနတ်ဘုရားတစ်ပိုင်း ခုန်ထွက်လာသည်။ သူကား နတ်ဘုရားအဆင့်သို့ ရောက်နေ၍ သန်မာအားအကောင်းဆုံး ဖြစ်၏။ ချင်မူ့ဆီမှ ဓားကွက်က လူစုလူဝေးအပေါ် ပိုမိုထိရောက်သော ဓားကွက်ဖြစ်သောကြောင့် သူ့ကို သတ်ရန် မလုံလောက်ပေ။ စွမ်းအားက ဖြာထွက်သွားသည့်အတွက် သူက ဓားကွက်ကို ဖြိုခွဲနိုင်သွားပြီး ကျန်ရှိသူများအား ကယ်တင်နိုင်လိုက်သည်။
သူ၏လက်သည်းချွန်များက နဂါးချီလင်၏ ခေါင်းပေါ်ရှိ ချင်မူ့ဆီသို့ လှမ်းဆွဲလိုက်သည်။
ချင်မူ့အင်္ကျီလက်အိုးက အနောက်သို့ ခါယမ်းလိုက်ကာ ဝင်္ကပါအမှတ်အသားများအသွင်ဖြင့် ရေချီလင်နှင့် ကောင်းကင်နတ်အရှင်ယွီကို သယ်မလိုက်သည်။
အလင်းရောင်တစ်ချက် ဖျတ်ခနဲ လက်သွားပြီး ရေချီလင်နှင့် ကောင်းကင်နတ်အရှင်ယွီ အဝေးသို့ အပို့ခံလိုက်ရသည်။
အခြားတစ်ဖက်တွင် ချင်မူက သားရဲဟိန်းသံနတ်ဘုရားမျိုးနွယ်မှ သန်မာအားအကောင်းဆုံး နတ်ဘုရား၏ လက်သည်းချွန်များကို လက်ဝါးဖြင့် ခုခံလိုက်သည်။
ဘုန်းခနဲ မြည်သံနှင့်အတူ ချင်မူ့လက်တစ်ဖက်လုံး စုတ်ပြတ်သွားသည်။ လက်ဖျံရှိ အရွတ်အကြောများ ပြတ်တောက်သွားပြီး အရေပြားကို ဖောက်ထွက်လာ၏။ လက်ချောင်းငါးချောင်းစလုံးလည်း ကော့လန်ကာ ကျိုးကုန်သည်။
ဝံပုလွေခေါင်းနှင့်နတ်ဘုရားတစ်ပိုင်းက ချင်မူ့ခေါင်းဆီသို့ လှမ်းကန်ရန် ပြင်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်အတွင်းထဲမှ ကောင်းကင်မီးလျှံများ တဟဲဟဲ ထတောက်လာကာ နတ်ဘုရားကို ပြာချပစ်လိုက်တော့သည်။
ချင်မူ စုတ်ပြတ်သွားသည့် လက်ကို ဖြတ်လိုက်သည့်အခါ လက်အသစ် ပြန်ပေါက်လာသည်။ သူက လေပေါ် ခုန်၍ ဂျင်လို လှည့်ပြန်သည်။ လှည့်နေစဉ်အတွင်း သူက လက်ခြောက်ဖက်ဖြင့် ယင်ယန်လက်ဟန်များဖြင့် မြေကြီးပေါ်သို့ ဖိချလိုက်၏။
တစ်ချိန်တည်းမှာပင် ဝံပုလွေခေါင်း နတ်ဘုရားတစ်ပိုင်းများနှင့် ကျန်လူငယ်များက ချင်မူ့ဆီသို့ ခုန်အုပ်ကာ ကြားဖြတ်တားကြသည်။
ချင်မူ ဝိုင်းချုပ်ခံလိုက်ရသည့်အချိန်မှာပဲ သူ၏လက်ခြောက်ဖက်ကလည်း မြေကြီးအပေါ် ဖိလိုက်ပြီး သူ့ကို ကောင်းကင်ဆီသို့ ကန်ထွက်သွားစေသည်။ နဂါးချီလင်က မီးလျှံတိမ်တိုက်များ နင်း၍ ကောင်းကင်ဆီသို့ ပျံတက်လာကာ ချင်မူ့အား ဖမ်းလိုက်သည်။
ထို့နောက် နဂါးချီလင်က ပြန်လှည့်လိုက်ကာ မြေပြင်ဆီသို့ မီးတန်းတစ်တန်း ထွေးထုတ်လိုက်သည်။
ချင်မူ့လက်ဝါးများကြောင့် ကောင်းကင်မီးလျှံသလင်းကျောက်များက မြေကြီးထဲမှ ထတောက်လာကြပြီး ကိုက်ပေါင်းများစွာ မြင့်မားနေကြသည်။ ထိုမီးတောက်များနှင့် နဂါးချီလင်ဆီမှ မီးတန်း ဆုံတွေ့သွားသည်နှင့် ဧရာမမီးခိုးတိမ်တိုက်ကြီး ဖွဲ့တည်ကာ ကောင်းကင်ထက်သို့ ထိုးတက်လာ၏။ နယ်ထိန်းလူငယ်များနှင့် သားရဲဟိန်းသံနတ်ဘုရားမျိုးနွယ်မှာ အချိန်မီ ထွက်မပြေးနိုင်တော့သဖြင့် မီးတောက်များအကြားထဲတွင် ပြာကျကုန်၏။ ကြောက်မက်ဖွယ်ရာ မီးလှိုင်းကြီးများက မိုင်တစ်ရာအကွာအထိ ရိုက်ခတ်သွားလေသည်။
မြေကြီးထဲမှ ချော်ရည်ပူများ ပန်းထွက်လာပြီး ထွက်လာသည့် ချော်ရည်ပူများထဲမှ အနက်ရောင်အခိုးအငွေ့များ တလူလူ ပျံ့နှံ့လာသည်။ အနက်ရောင်အခိုးအငွေ့များက တိမ်တိုက်များအဖြစ် စုဝေးသွားကာ မီးတောက်မီးလျှံများနှင့်အတူ ကောင်းကင်ထဲသို့ မြောက်တက်သွားကြသည်။
မျက်ကန်းနှင့် တိုက်ခိုက်နေသော ချွီးဟယ် မျက်မှောင်ကြုတ်သွား၏။ သူ ခေါ်လာခဲ့သည့် လူတိုင်းနီးပါး ကောင်းကင်မီးလျှံ၏ ပေါက်ကွဲမှုကြီးကြောင့် အမှုန့်ဖြစ်ကုန်ရာ ချင်မူ့ဓားကွက်၏ သဲလွန်စများအား ရှာမတွေ့တော့ပေ။
“သူပုန်တွေ”
ရုတ်တရက် တောင်တန်းများ တုန်ခါသွားပြီး တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် ကြီးမားလှသောခန္ဓာကိုယ်ကြီးသည် မြေပြင်ကို ခွဲ၍ မြေကြီးအောက်ထဲမှ ထွက်လာ၏။ အသံတစ်သံက ဒေါသအမျက်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။ “ဘယ်သူ ငါ့အိပ်နေတာကို နှောင့်ယှက်တာလဲ”
ယွီချိန်ကျစ် စိတ်သက်သာရာရသွားကာ သူ့ဘာသာသူ တွေးနေသည်။ ‘ဒီမြေနဂါးက အမိကမ္ဘာမြေရဲ့ ပြတ်သွားတဲ့ အမြစ်တွေကနေ အသွင်ပြောင်းသွားတဲ့ နဂါးတစ်ကောင်ပဲ... ငါ့ရည်ရွယ်ချက်က သူ့အပေါ် အပြစ်ပုံချဖို့... မြေနဂါး ချွီးဟယ်ကို သတ်လိုက်လို့ ကောင်းကင်နတ်ဘုံကနေ ကောင်းကင်နယ်ထိန်းတွေ ထပ်လွှတ်ပြီး အမှုစစ်ဆေးခိုင်းရင် အမိကမ္ဘာမြေရဲ့ အပြစ် တကယ် ဖြစ်သွားလိမ့်မယ်... အရင်ဟာကွက်တွေ ၊ သဲလွန်စတွေကနေ ဘာမှခြေရာခံမိမှာ မဟုတ်တော့ဘူး... ငါ့ချင်းယွင်ကောင်းကင်ဘုံအပေါ် သံသယဝင်နေတာတွေလည်း ပျောက်သွားလိမ့်မယ်’
ချင်းယွင်ကောင်းကင်ဘုံအပေါ် သံသယဝင်နေမှုများကို ဖယ်ရှားရန်မှာ သူ၏ရည်ရွယ်ချက် မဟုတ်ပေ။ ရှင်းလင်းရမည့် သဲလွန်စများက များလွန်းသောကြောင့် ရှင်းရခက်လေသည်။ သို့သော် အမိကမ္ဘာမြေ၏ လက်အောက်ရှိ ပညာရှင်တစ်ယောက်ကို မျှားခေါ်၍ ကောင်းကင်နယ်ထိန်းအား သတ်ခိုင်းလိုက်ပါက အပြစ်သည် အမိကမ္ဘာမြေအပေါ် ရောက်သွားပြီး ချင်းယွင်ကောင်းကင်ဘုံအပေါ် သံသယဝင်နေမှုများ အရှင်းပျောက်သွားလိမ့်မည်။
ဤသည်ကား ယွီချိန်ကျစ်၏ အပြစ်ပုံချသော အကြံအစည်ပင် ဖြစ်၏။