← Chapters

ဒီနေရာမှာ ကျွန်တော်တို့ ထာဝရခွဲခွာကြတာပေါ့

Vol. 64 Ch. 840

ဒီနေရာမှာ ကျွန်တော်တို့ ထာဝရခွဲခွာကြတာပေါ့

Vol. 64 Ch. 840

မြေပြင်မှာ ပွက်ပွက်ဆူနေသော စွပ်ပြုတ်အိုးကဲ့သို့ လိပ်တက်နေပြီး ဧရာမသတ္တဝါကြီးတစ်ကောင်က မြေကြီးအောက်မှ ထိုးထွက်လာ၏။ ၎င်း၏ခန္ဓာကိုယ်က အလွန်ကြီးမားလွန်းသောကြောင့် အဝေးရှိ တောင်တန်းများ ပြိုကျကုန်ပြီး သစ်ပင်များမှာလည်း ဆိုင်ကလုန်းမုန်တိုင်း ဖြတ်တိုက်သွားသကဲ့သို့ လဲပြိုကုန်သည်။

ချင်မူက နဂါးချီလင်၏ ခေါင်းပေါ်တွင် ရပ်နေပြီး နဂါးချီလင်သည် လောလောဆယ်တွင် သုတ်တီးသုတ်ပျာ ပြေးနေ၏။ သူကား အလွန်မြန်ပါသော်လည်း မြေကြီးအောက်မှ သတ္တဝါကြီး ထိုးထွက်လာမှုကြောင့် တိုက်ခတ်သွားသော ဆိုင်ကလုန်းမုန်တိုင်းအရှိန်နှင့် တိုက်ချခံလိုက်ရသည်။

တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် တုတ်ခိုင်ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးက သူတို့ဆီမှ ကိုက်တစ်ရာသာ ကွာဝေးချေသည်။

ထိုခန္ဓာကိုယ်ကြီးတွင် သစ်မြစ်များသဖွယ် သစ်သားအကြေးခွံများက ဖုံးလွှမ်းနေသည်။ သစ်သားအကြေးခွံများအထက်၌ သဘာဝသင်္ကေတအမှတ်အသားမျိုးစုံ တောက်ပနေရာ သံရောင် ဖျတ်ဖျတ်လက်နေသည့်ပမာ ဖြစ်နေ၏။

ခန္ဓာကိုယ်ကြီးသည် ဧရာမကြီးမားပြီး သစ်သားဓာတ်သတ္တိ ရှိပါသော်လည်း မြွေတစ်ကောင်သဖွယ် ပျော့ပျောင်းစွာ ရွေ့လျားနိုင်သောအသွင် ရှိသည်။ ၎င်း မြေကြီးထဲမှ ထွက်လာသည့်အချိန်တွင် ၎င်း၏ခန္ဓာကိုယ်မှ သစ်မြစ်များက ချွန်ထက်မာကြောလှသော နဂါးခြေလက်များသဏ္ဍာန် ဖော်ဆောင်ထားကြောင်း ချင်မူ မြင်တွေ့ရသည်။

ထို့အပြင် သစ်မြစ်မျှင်များက နဂါးနှုတ်ခမ်းမွှေးများနှင့် မုတ်ဆိတ်မွှေးများသဖွယ် ပေါက်နေသေးသည်။ ကျောပေါ်ရှိ သစ်မြစ်မျှင်များကမူ နဂါးလည်ဆံမွှေးများသဖွယ် ဖြစ်နေသည်။ အမျှင်များသည် အလွန်ရှည်လျားပြီး လေထဲတွင် မျောလွင့်နေ၏။

ဤသတ္တဝါကြီးက အလွန်မြန်လှသောကြောင့် ၎င်းပတ်ဝန်းကျင်တွင် မိုးကြိုး၊ လျှပ်စီးများ တဖျတ်ဖျတ် လင်းလက်နေသည်။ မိုးကြိုးများက မြေပြင်ပေါ်သို့ မပစ်ချဘဲ သတ္တဝါကြီး၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ စက်ကွင်းပမာ ဖွဲ့တည်နေသည်။

လျှပ်စီးများသည် အရပ်မျက်နှာတစ်ခွင်တွင် ဖျိုးဖျိုးဖျပ်ဖျပ် လက်နေ၏။ လျှပ်စီးတန်းများ ချင်မူနှင့် နဂါးချီလင်ကို ဖြတ်စီးသွားသည့်အခါ သူတို့မှာ ရှေးဟောင်းနဂါးကျင့်စဉ် ထုတ်လွှတ်၍ မိုးကြိုးစွမ်းအားကို ခုခံကြသော်လည်း လျှပ်စီးမိုးကြိုးတန်းများကြောင့် သူတို့ကိုယ်တွင် အပေါက်သေးသေးလေးများ ပြည့်နှက်သွားသည်။

“ဂိုဏ်းသခင် ကျွန်တော့်ကို ကုပေးဦး”

နဂါးချီလင်က သေတော့မည့်အလား အော်ဟစ်နေသည်။ “ကျွန်တော် လျက်လို့ မမှီတဲ့ နေရာတွေ ရှိလို့”

ချင်မူက ခန္ဓာကိုယ်ကို ငြိမ်အောင် ထိန်းလိုက်ပြီး သူ့ရုပ်ခန္ဓာသည် လျင်မြန်စွာ သက်သာလာ၏။ သူက နဂါးသွားရည်ပုလင်းများ ထုတ်၍ ရိုက်ခွဲပြီး နဂါးချီလင်၏ ဒဏ်ရာများအထဲသို့ စီးဆင်းသွားစေသည်။

သူ အပေါ်သို့ မော့ကြည့်လိုက်ရာတွင် တိမ်တိုက်များအထဲ၌ သတ္တဝါကြီး၏ ခေါင်းကြီးကို တွေ့ရသည်။ ခေါင်းကြီး အသက်ရှူထုတ်လိုက်သည့်အခါ လေငွေ့များ ထွက်လာ၍ တိမ်တိုက်များ ကွဲထွက်သွားသည်။ အခိုးအငွေ့များက အငွေ့ငွေ့ ထနေပြီး အထဲတွင် မီးတောက်များ ကိန်းဝပ်နေ၏။

သူ အသက်ရှူထုတ်လိုက်သော လေလှိုင်းက မြန်လွန်းသဖြင့် လေပင်လျှင် မီးတောက်သွားချေပြီ။

သို့သော် သူ ရှုထုတ်လိုက်သည့် လေက အလွန်နံစော်နေပြီး မြေကြီးအောက်၌ မြှုပ်ခံထားရသော အပုပ်နံ့ကဲ့သို့ အနံ့မျိုးကို သယ်ဆောင်လာသည်။ ညစ်ပတ်သော လေငွေ့ကြောင့် အခိုးအငွေ့များ ပျံ့နှံ့လာခြင်း ဖြစ်၏။

ဤသတ္တဝါကြီးသည် မြေနဂါး ဖြစ်ပြီး အရွယ်အစားက အတိုင်းထက်အလွန် ကြီးမားပေသည်။ တခြားသော ကောင်းကင်နတ်နဂါးများတွင် နှုတ်ခမ်းမွှေး ကြဲသော်လည်း သူ၏နှုတ်ခမ်းမွှေးများက သစ်မြစ်မျှင်များ ဖြစ်သည့်အတွက် ပါးစပ်အနားတစ်ဝိုက်တွင် သိပ်သည်းပြွတ်သိပ်နေ၏။ ထို့အပြင် အလွန်ရှည်လျားပြီး ကန့်လန့်ကာစများသဖွယ် တဖတ်ဖတ် လှုပ်နေသည်။

မြေနဂါးကြီးက မြေကြီးအောက်မှ ထွက်လာသည်နှင့် တိုက်ခိုက်နေသော မျက်ကန်းနှင့် ချွီးဟယ်ဆီသို့ လှမ်းကိုက်လိုက်သည်။ သူ၏တစ်ကိုက်နှင့်အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လွှမ်းမိုးထားသော ကောင်းကင်မြေပုံ၏ အစိတ်အပိုင်းကြီးတစ်ပိုင်း ပဲ့သွားလေသည်။

မျက်ကန်းနှင့် ချွီးဟယ်က ကပျာကယာ ရှောင်လိုက်ကြ၍ သူ့ပါးစပ်မှ ပွတ်ကာသီကာ လွတ်သွားသည်။ သူတို့က မြေနဂါးကြီး၏ ဦးခေါင်းအပေါ်သို့ ဆင်းသက်လိုက်ကြကာ တရှိန်ထိုး ပြေးရင်း တိုက်ခိုက်နေကြ၏။

မျက်ကန်း၏ ကောင်းကင်လှံ လုံထော်က နဂါးနက်တစ်ကောင် အသွင်ဖြင့် မျက်ကန်း၏ လှံချက်များနှင့်အတူ အလွန်လျင်မြန်စွာ ရွေ့လျားနေသည်။ လုံထော်သည် မျက်ကန်း၏ ထိန်းချုပ်မှုအောက်တွင် ချွီးဟယ်၏ ကောင်းကင်နတ်သိုင်းများအတွင်းရှိ ဗဟိုမှတ်များကို အတိအကျ ဖျက်စီးရင်း ပြိုင်ဘက်၏ သိုင်းကွက်ဝင်္ကပါများအား နှောင့်ယှက်နေ၏။

အခြားတစ်ဖက်တွင် ချင်းယွီ၏ တိုက်ခိုက်ပုံက အခြားသူများနှင့် မတူညီပေ။ သူသည် မျက်ကန်းအပေါ် ဖိ၍ တိုက်ခိုက်နေသော်လည်း သူ၏သိုင်းကွက်များကား အနီးကပ်သိုင်းကွက်များ မဟုတ်ပေ။

သူ၏လက်တစ်ထောင်က နိမ့်ချည်၊ မြင့်ချည် ရွေ့လျားရင်း လက်ဝါးများအထဲရှိ ကောင်းကင်မျက်လုံးများမှတစ်ဆင့် အလင်းတန်းများ အဆက်မပြတ် ပစ်လွှတ်နေခြင်း ဖြစ်၏။ အလင်းတန်းများက လေလယ်တွင် တစ်တန်းနှင့် တစ်တန်း ထိမှန်၍ ပြန်ကန်ထွက်ကာ ပိုက်ကွန်များ ဖွဲ့တည်သွားတတ်သည်။

ထို့ကြောင့် သူ တိုက်ခိုက်တိုင်း သိုင်းကွက်ဝင်္ကပါက တစ်မျိုး ပြောင်းလဲသွားပြီး ဝင်္ကပါတစ်ခုစီတိုင်းသည် ယခင်အခင်းအကျင်းနှင့် မတူတော့ခြင်း ဖြစ်၏။ ဝင်္ကပါများကို ကောင်းကင်နတ်သိုင်းများအဖြစ် အသုံးပြုနေသည်ကို ကြည့်ရင်း မျက်ကန်း၏ မျက်လုံးများ လင်းလက်လာတော့သည်။

ဝင်္ကပါများသည် ကြိုတင်ခင်းကျင်းရသည့်အတွက် ဝင်္ကပါများကို ကောင်းကင်နတ်သိုင်းများအဖြစ် အသုံးပြုခြင်းမှာ ရှားလေသည်။ အများစုက ဝင်္ကပါသိုင်းကွက်များအတွက် ဝိညာဉ်လက်နက်များ သို့မဟုတ် ကောင်းကင်လက်နက်များ သွန်းလုပ်၍သာ သုံးတတ်ကြ၏။

ဥပမာ အနောက်ကမ္ဘာမြေ ဝင်္ကပါဆရာသခင် ဟယ့်ရီရီသည် ဝင်္ကပါပညာလမ်းစဉ်ကို လျှောက်လှမ်း၏။ သူမက လေးထောင့်ကျောက်တုံးများကို အခြေခံအဖြစ် အသုံးချ၍ သင်္ချာသဘောတရားများနှင့်အတူ ဝင်္ကပါများ တည်ဆောက်တတ်သည်။ လေးထောင့်ကျောက်တုံးများက သူမ၏ ဝိညာဉ်လက်နက်များ ဖြစ်သည်။

သို့သော် ဝင်္ကပါများကို ကောင်းကင်နတ်သိုင်းအဖြစ် အသုံးပြုရန်မှာ သူမ၏ လုပ်နိုင်စွမ်းထက် ကျော်လွန်နေ၏။

ချွီးဟယ်တွင် သူများနှင့်မတူသော လက်ဆောင်တစ်ခု ရှိသည်။ ယင်းကား သူ၏လက်များ ဖြစ်၏။ သူ့၌ လက်များစွာ ရှိသည့်အပြင် လက်ဝါးတစ်ဖက်စီတွင်လည်း မျက်လုံးတစ်လုံးစီ ပေါက်နေသည်။ သူက မျက်လုံးတစ်ထောင်ကို နတ်မျက်လုံးတစ်ထောင်အဖြစ် အဆင့်မြှင့်နိုင်ခဲ့ကာ ဝင်္ကပါများကိုလည်း မျက်လုံးများအတွင်းတွင် ဝှက်ထားနိုင်ခဲ့သည်။

ဝင်္ကပါများအား အသက်သွင်းလိုက်လျှင် ထုတ်လွှတ်ခံလိုက်ရသော အလင်းတန်းများသည် စွမ်းအင်သက်သက်သာ မဟုတ်ပေ။ မရေမတွက်နိုင်သည့် ဝင်္ကပါအမှတ်အသားများဖြင့် ယှက်ဖွဲ့ထားခြင်း ဖြစ်ပြီး မတူညီသော အလင်းတန်းများ ဝင်တိုက်သွားသည့်အခါ ဝင်္ကပါအမှတ်အသားမျိုးစုံ ပေါင်းစည်းသွားကာ သိုင်းကွက်ဝင်္ကပါများ တည်ခင်းပေးလိုက်နိုင်သည်။

မှန်သည်၊ ဤကဲ့သို့ ဝင်္ကပါသိုင်းကွက်ဆီမှ စွမ်းအားက ဝိညာဉ်လက်နက်များ၊ ကောင်းကင်လက်နက်များဖြင့် တည်ဆောက်ထားသော အသတ်အဖြတ်ဝင်္ကပါများနှင့် မယှဉ်နိုင်ပေ။ သို့သော် လွယ်လင့်တကူ တည်ဆောက်နိုင်သည့်အပြင် တခဏအတွင်း အပြောင်းအလဲများစွာ ကိန်းဝပ်နေသည့်အတွက် ရန်သူအနေဖြင့် ဝင်္ကပါကို ချိုးဖျက်ရန် အချိန်မရ ဖြစ်နိုင်သည်။

ဝင်္ကပါသိုင်းကွက်များကိုသာ အဓိကကျင့်ကြံသော သိုင်းပညာများသည် သိုင်းအဆင့် တိုးတက်နှုန်း နှေးကွေး၏။ သို့သော် သူတို့၏ သိုင်းစွမ်းအားက အခြားပညာရပ် ကျင့်ကြံသည့်လူများထက် သာလိမ့်မည်။ ထို့ကြောင့်လည်း ကောင်းကင်ဆရာသခင် ကျစ်ရှီသည် သူမ၏စွမ်းအားဖြင့် သိုင်းပညာကောင်းကင်ဆရာသခင်ကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်၏။

ချွီးဟယ်ကလည်း ထိုကဲ့သို့လူတစ်ယောက်ပင်။

သို့သော် သူ ယနေ့ ရင်ဆိုင်နေရသည်မှာ နာမည်ကျော်ကြားသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်မျက်လုံး၊ ဝင်္ကပါဆရာသခင် ဖြစ်သည်။ မျက်ကန်းသည် ဝင်္ကပါပညာတွင် အလွန်အဆင့်မြင့်မား၏။ သူ ငယ်ရွယ်စဉ်အခါတွင် ရှန်းအန်းက သူ့မျက်လုံးများကို ဖောက်ထုတ်ခဲ့သောကြောင့်သာ စိတ်ဓာတ်ပြိုလဲကာ မည်သူနှင့်မှ အဆက်အသွယ်မလုပ်ဘဲ ဇာတ်မြုပ်နေခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ချင်မူ့ကြောင့် မဟာမြို့ပျက်မှ ထွက်လာခဲ့ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှု၌ ပါဝင်ခဲ့ကာ ကျော်ကြားလာခဲ့၏။

သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုမှ အသီးအပွင့်များကို ခံစားခဲ့ရပြီး ခိုင်ဧကရာဇ်ခေတ်မှ ဝင်္ကပါသိုင်းကွက်များကိုလည်း လေ့လာခဲ့ရသည်။ ဝင်္ကပါပညာတွင် သူကား ထိပ်တန်းသို့ ရောက်နေချေပြီ။

မျက်ကန်းအနေဖြင့် ချွီးဟယ် လုပ်နိုင်သလို ဝင်္ကပါသိုင်းကွက်များကို ကောင်းကင်နတ်သိုင်းများအဖြစ် မသုံးနိုင်သော်လည်း သူ၏ကောင်းကင်လှံဖြင့် ဝင်္ကပါကို ဖြိုခွင်းနိုင်သေး၏။ သို့သော် ချွီဟယ်၏ ဝင်္ကပါကောင်းကင်နတ်သိုင်းများကို ဆက်တိုက် ရင်ဆိုင်နေရသောကြောင့် သူ၏သိုင်းကွက်များ ထုတ်လွှတ်ရန် အခွင့်မသာ ဖြစ်နေတော့သည်။

အားနည်းသော စွမ်းအားဖြင့် အားကောင်းသော စွမ်းအားကို ဖြိုခွဲနိုင်ခြင်းသည် ဝင်္ကပါဆရာသခင်တိုင်း ဂုဏ်ယူသောအရာ ဖြစ်၏။ ဤဝင်္ကပါဆရာသခင်နှစ်ယောက် တိုက်ခိုက်သည့်အခါ ကျင့်စဉ်စွမ်းအင် ပိုမိုသိပ်သည်းခြင်းသည် အောင်မြင်မှု၏ သော့ချက်မဟုတ်တော့ပေ။ အောင်မြင်မှု၏ သော့ချက်က မည်သူ၏စွမ်းရည်က ပိုမိုမြင့်မားသည်လဲအ‌ပေါ် မူတည်သည်။

နှစ်ယောက်စလုံး မြေနဂါး၏ ကျောပေါ်တွင် လျင်မြန်စွာ ပြေးနေကြပြီး ကောင်းကင်နတ်သိုင်းအားလုံး အရပ်မျက်နှာတစ်ခွင်တွင် ဖြာထွက်နေ၏။ နောက်တခဏ၌ အန္တရာယ်များသော အခြေအနေနှင့် ကြုံတွေ့ရတော့သည်။

မြေနဂါးသည် ချင်မူ၏ ကောင်းကင်မီးလျှံ ကောင်းကင်နတ်သိုင်းကြောင့် နိုးလာခဲ့သော်လည်း ချင်မူ့ကို ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ချင်မူက များစွာအားနည်း၍ပင်။ ကောင်းကင်ထဲတွင် တိုက်ခိုက်နေသော နတ်ဘုရားနှစ်ပါးက သူ၏ပစ်မှတ်များ ဖြစ်သည့်အတွက် သူတို့နှစ်ယောက်ကို တမုဟုတ်ချင်း လှမ်းကိုက်တော့သည်။

သို့သော် လွဲသွားပြီး နှစ်ယောက်သား မြေနဂါး၏ ခေါင်းပေါ်အထိ တက်ရောက်တိုက်ခိုက်နေကြ၏။ မြေနဂါးက ခေါင်းခါလိုက်သည့်အခါ သစ်သားအကြေးခွံများအောက်မှ အမြစ်များ ထိုးထွက်လာသည်။ အမြစ်ထွေးများသည် သူတို့နှစ်ယောက်ကို ရစ်ပတ်ရန် ကြိုးစားနေ၏။

ဤအမြစ်များက မြေဝါရောင် ရေနဂါးများနှင့် တူပြီး အတိုင်းထက်အလွန် မာကြောကြသည်။ သူတို့၏ကောင်းကင်နတ်သိုင်းများကို အတားအဆီးမရှိ ထိုးဖောက်လာနိုင်သည်။

မျက်ကန်း အံ့အားသင့်သွားကာ လှံကို မြှောက်၍ အမြစ်တစ်ချောင်းဆီသို့ ထိုးစိုက်လိုက်သည်။ ဤလှံသည် ကြောက်မက်ဖွယ်ရာ စွမ်းအားကို ဖျက်စီးနိုင်သော လှံချက်ဖြစ်သော်လည်း အမြစ်အပေါ်သို့ စိုက်ချလိုက်သည့်အခါ ဒုတ်ခနဲသာ မြည်သွားသည်။

ကောင်းကင်လှံ လုံထော်မှာ နဂါး၏ခေါင်းအတွင်း ငါးလက်မခန့်သာ စိုက်နိုင်လိုက်ပြီး မထိုးဖောက်နိုင်ပေ။

“မာချက်ပဲ ဘာကြောင့်ပါလိမ့်”

မျက်ကန်းက လှံကို အလျင်အမြန် ဆွဲထုတ်၍ လှည့်ပြေးရန် ကြိုးစားသည်။ သူ ခုန်လိုက်သော်လည်း ခြေ‌ထောက်နှစ်ချောင်းလုံး လှုပ်မရတော့ပေ။ အမြစ်များက သူ့ကို ဆွဲချုပ်ထားချေပြီ။

မရေမတွက်နိုင်သော အမြစ်များက လူးလွန့်လာကာ မျက်ကန်းကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသည်။

အခြားတစ်ဖက်တွင် ချွီးဟယ်လည်း မြေနဂါး၏ တိုက်ခိုက်ခြင်း ခံလိုက်ရသည်။ သူ၏လက်တစ်ထောင်လုံး တင်းကြပ်စွာ ချုပ်ခံထားရသဖြင့် မလှုပ်နိုင်တော့ပေ။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “မြေနဂါး၊ မရိုင်းပျစမ်းနဲ့... ငါက ကောင်းကင်နတ်ဘုံ ကောင်းကင်နယ်ထိန်းစခန်းရဲ့ စခန်းမှူး..”

သူ စကားပြော၍မဆုံးသေးခင် အမြစ်များက သူတို့နှစ်ယောက်လုံးကို ဆွဲမြှောက်လိုက်ပြီး ဇောက်ထိုးချထားကာ နဂါးကြီး၏ပါးစပ်ထဲသို့ ပို့နေသည်။

မြေနဂါး၏ပါးစပ်ကြီးက ပြဲဟနေကာ အတွင်းထဲတွင် အမှောင်ထုသာ ရှိ၏။ အာပုပ်ငွေ့များက အမှောင်ထုထဲမှ တငွေ့ငွေ့ ထွက်လာပြီး မီးတောက်များအား ရေးရေးမျှ မြင်နေရသည်။

မျက်ကန်းနှင့် ချွီးဟယ်မှာ အားကုန်ရုန်းနေသော်လည်း အမြစ်များက သူတို့၏ကြွက်သားအထဲထိ ထိုးဖောက်ကာ အရိုးများကိုပင် ရစ်ပတ်ထားပြီဖြစ်သည်။ နှစ်ယောက်စလုံး ရုန်းမရတော့ပေ။

ဤအခိုက်အတန့်တွင် ချင်မူ နဂါးချီလင်၏ ခေါင်းပေါ်တွင် ရပ်နေပြီး နဂါးချီလင်က မီးလျှံတိမ်တိုက်များကို နင်း၍ နဂါးပါးစပ်ဆီသို့ အပြေးအလွှား လာနေကြောင်း မျက်ကန်း လှမ်းမြင်လိုက်ရသည်။

မျက်ကန်း ဒေါသများ ဆူမိတော့သည်။ “ဒီကို ဘာလာလုပ်တာတုန်း... သေချင်နေလို့လား”

နဂါးချီလင်က အသည်းအသန် ပြေး၍ သူတို့နောက်မှ မြေနဂါး၏ ပါးစပ်အတွင်းထဲသို့ လိုက်လာသည်။ နောက်ဆုံးတော့ သူတို့အား လိုက်မှီလာသည့်အချိန်တွင် မြေနဂါးကြီး၏ လည်မျိုနေရာအနား ရောက်နေချေပြီ။

ချင်မူက နဂါးချီလင်၏ ခေါင်းပေါ်တွင် အလျင်အမြန် ပြေးကာ နှစ်ဖက်လုံး မြှောက်လိုက်သည်။ ဖွဲ့တည်လာသော သင်္ကေတအမှတ်အသားများနှင့်အတူ သူက မျက်ကန်းဆီသို့ ပြေးကာ ကျယ်လောင်စွာ ရယ်လိုက်သည်။ “စခန်းမှူးချွီးဟယ်၊ ခင်ဗျားက ဝင်္ကပါပညာမှာ ကျွမ်းကျင်ပေမယ့် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို သိလား”

ချွီးဟယ်မှာ ရုန်းနေစဉ် နေရာရွှေ့ပြောင်းသင်္ကေတအမှတ်အသားများ မျက်ကန်းကို လွှမ်းခြုံသွားပြီးနောက် အလင်းရောင် တောက်ပလာကြောင်း မြင်လိုက်ရ၏။

ချွီးဟယ် သရော်တော်တော် ပြောလိုက်သည်။ “နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းနဲ့တောင် မလွတ်နိုင်ဘူး... ဒီအမြစ်တွေက ငါတို့ကိုယ်ထဲ ထိုးဖောက်ပြီး ငါတို့အရိုးတွေကို ရစ်ပတ်ထားပြီးပြီ... မင်းရဲ့ နေရာ‌ရွှေ့ပြောင်းသင်္ကေတအမှတ်အသားက ဒီအမြစ်တွေကို မပိုင်းဖြတ်နိုင်ဘူး”

နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းဆီမှ အလင်းရောင် မှေးမှိန်သွားသည့်အခါ မျက်ကန်းမှာ အမြစ်များဖြင့် ချုပ်ခံထားရဆဲ ဖြစ်သည်။ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းက နေရာဟင်းလင်းပြင်ကို ပြောင်းရွှေ့ပေးနိုင်သော်လည်း ဤအမြစ်များတွင် အမိကမ္ဘာမြေ၏ သွေး စီးဆင်းနေသောကြောင့် နေရာပြောင်းရွှေ့မရပေ။

“ငါ နေရာရွှေ့ပြောင်းနိုင်ရင် ပြောင်းပြီးတာ ကြာနေပြီကွ”

မျက်ကန်းက ဒေါသတကြီး ဆူသည်။ “ခွေးကောင်လေး၊ ငါ ဒီနှစ်တွေထဲ အလေလိုက်နေခဲ့တယ် ထင်လို့လား... မင်းတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို သင်ထားတာ ကြာပြီ... ငါ ထွက်ပြေးနိုင်ရင် ထွက်ပြေးနေပြီပေါ့... သွား‌တော့၊ ငါ့ကို အာရုံထဲ ထည့်မနေနဲ့”

ဤအမြစ်များသည် သူတို့ကို လည်မျို၏အောက်ထဲသို့ ဆွဲချနေပြီး အောက်တွင် အဆုံးမရှိသည့် ချောက်နက်ကြီး ရှိနေသည့်အလား ထင်ရသည်။

မျက်ကန်းက ပြုံး၍ ပြောသည်။ “မူအာ၊ ထွက်သွားတော့... ငါ မင်းကို အလကား ပျိုးထောင်ပေးခဲ့တာ မဟုတ်ဘူး... မင်းက သိပ်လိမ္မာတယ်... ငါ့ဘဝဟာ မင်းကြောင့် ပျော်စရာကောင်းခဲ့ပါတယ်... အခု ပြန်တော့”

ချင်မူ သူ့ကို အဖက်မလုပ်ဘဲ နဂါးချီလင်နှင့်အတူ ပြေးလိုက်လာသည်။ သူက ဓားကို ဆွဲထုတ်ပြီး နဂါးချီလင်၏ခေါင်း‌ပေါ်မှ ခုန်လိုက်၏။ ဓားရောင်က ဖျတ်ခနဲ လက်သွားကာ မျက်ကန်းကို ရစ်ပတ်နေသည့် အမြစ်များအား ခုတ်ဖြတ်လိုက်သည်။

ချင်မူ့နဖူးအပေါ်ရှိ မိုးမခသစ်ရွက်က ပွင့်သွားပြီး နတ်ဆိုးချီ စိမ့်ထွက်လာကာ သူ၏သိုင်းအဆင့်လည်း တရှိန်ထိုး မြင့်တက်သွား၏။ ချင်မူကား ချင်ဖုန်းကျင့်၏ မှော်စွမ်းအင်ကို အတင်းအကြပ် ငှားယူနေလေသည်။

ဓားရောင်က အမြစ်တစ်ချောင်းကို ဖြတ်တောက်လိုက်သည်။ နောက်တခဏတွင် ဓားရောင်သည် ခရုတ်ပတ်သဖွယ် လည်သွားပြီး မျက်ကန်းကို လျင်မြန်စွာ လှည့်ပတ်သွား၏။

ချွီးဟယ်က ဓားရောင်ကို မြင်လျှင် သဘောပေါက်သွားသည်။ သူက သက်ပြင်းချကာ ပြောလေသည်။ “မင်းကိုး.. တာအိုကျောင်းတော်ရဲ့ နံရံအ‌ပေါ်မှာ ကျန်ခဲ့တဲ့ ဓားရိပ်က မင်းရဲ့ ဓားရိပ် ဖြစ်နေတာပဲ... ကောင်းကင်နတ်ဘုံရဲ့ သံတမန်တွေ၊ ကြယ်အရှင်သခင်တွေရဲ့ တပည့်တွေကို သတ်ခဲ့တာက မင်းပဲ... မင်း တကယ်သတ္တိကောင်းတယ်”

ချင်မူက ညာလက်ဖြင့် ဓားကို ဆုပ်ကိုင်ထားပြီး မျက်ကန်း၏အနားပတ်ဝန်းကျင်ရှိ အမြစ်မှန်သမျှ ခုတ်ဖြတ်နေသည်။ ထို့နောက် ဘယ်လက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ နေရာရွှေ့ပြောင်းသင်္ကေတအမှတ်အသားများက မျက်ကန်းကို လွှမ်းခြုံသွားတော့သည်။

“မင်းက ယိုတုသားတော် ဟုတ်တယ်မလား”

ချွီးဟယ် သက်ပြင်း‌နောက်တစ်ကြိမ် ချ၍ ပြောလိုက်သည်။ “မင်း သုံးနေတဲ့ စွမ်းအားက ယိုတုစွမ်းအားပဲ... ချင်မူဆိုတဲ့ နာမည်နဲ့ ရင်းနှီးနေသလို ခံစားခဲ့ရတာ အံ့ဩစရာမရှိဘူးပဲ... ကောင်းကင်နယ်ထိန်းစခန်းမှာ ရှိတဲ့ မင်းရဲ့ အမှုတွဲကို ငါ အမှတ်မထင် ဖတ်ကြည့်ဖူးတယ်.. ဒါပေမဲ့ ချင်ဖုန်းကျင့်ကိုပဲ မှတ်မိလိုက်တယ်... ချင်မူ့နာမည်ကို သတိမထားမိဘူး... ငါ ထင်ထားတဲ့အတိုင်း ချင်းယွင်ကောင်းကင်ဘုံက ပုန်ကန်ခဲ့ပြီလား”

“ဆရာကြီးချွီက ကောင်းကင်နယ်ထိန်းဆိုတဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်”

ချင်မူက ရွှင်ပျော်ပျော်ဓားကို နောက်ပြန်ကိုင်၍ သူ့ဆီသို့ အရိုအသေပေးလိုက်သည်။ “ကျွန်တော် ခင်ဗျားကို ကယ်မပေးနိုင်တာ အားနာပါတယ်... ဒီနေရာမှာ ကျွန်တော်တို့ ထာဝရခွဲခွာကြတာပေါ့”

သူ့အနောက်တွင် နဂါးချီလင်သည် အားကုန်ပြေးလာပြီး သိပ်သည်းပြွတ်သိပ်နေသော အမြစ်များ ချင်မူ့ခြေထောက်ကို လှမ်းမဆွဲနိုင်ခင် ချင်မူ့ကို သယ်ဆောင်သွား၏။

နေရာရွှေ့ပြောင်းသင်္ကေတအမှတ်အသားများက သူတို့ကို ဝန်းရံလှည့်ပတ်သွားကာ အလင်းရောင် တောက်ပလာသည်။ ချင်မူနှင့် နဂါးချီလင် ပြိုင်တူ ပျောက်ကွယ်သွားသည်။

ချွီးဟယ်မှာ အမြစ်များနှင့်အတူ နဂါးကြီး၏ ဗိုက်ထဲသို့ ဆွဲချခံသွားရပြီး လှမ်းအော်သည်။ “ငါ မင်းနဲ့ မျက်ကန်းကို မလေးစားဘူး... ငါ တကယ်လေးစားတာက ငါ့ကို ဒီနေရာဆီ ခေါ်လာခဲ့တဲ့ ယွီချိန်ကျစ်ဆိုတဲ့ တာအိုရသေ့လေးပဲ... သူက ရက်စက်သလို၊ ဉာဏ်များတယ်... သူ့အကြံအစည်ကြောင့် ငါ သေရမှာ”

သူ့ခန္ဓာကိုယ်သည် အမှောင်ထဲ၌ ပျောက်ကွယ်သွားကာ သက်ပြင်းချသံသဲ့သဲ့သာ ကျန်ခဲ့၏။ “ငါ သေသွားရင် ကောင်းကင်နတ်ဘုံက နောက်တစ်သုတ် လွှတ်ပြီး အမိကမ္ဘာမြေက အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိမ့်မယ်... ချင်းယွင်ကောင်းကင်ဘုံက အပြစ်လွတ်သွားလိမ့်မယ်... သူက တကယ် ထက်မြက်တဲ့ လူတစ်ယောက်ပဲ...”

တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားသည့် နဂါးကြီး၏ ခန္ဓာကိုယ်အပြင်တွင် အလင်းရောင်များ လက်သွားပြီး မျက်ကန်း ပေါ်လာသည်။ သူ့တစ်ကိုယ်လုံး သွေးများ စိုရွှဲနေပြီး သူ့ကိုယ်ထဲမှ ထွက်နေသော အမြစ်များ ရှိနေသေးသည်။ ၎င်းတို့က သူ့ခန္ဓာကိုယ်ထဲမှ ထိုးထွက်ရင်း မြေနဂါး၏ ရုပ်ခန္ဓာနှင့် ပြန်ဆက်ရန် ကြိုးစားနေကြ၏။

ဤအခိုက်အတန့်တွင် အလင်းရောင် လက်သွားပြီး ချင်မူနှင့် နဂါးချီလင် ဘွားခနဲ ပေါ်လာသည်။ သူတို့ ငြိမ်ငြိမ်ပင် မရပ်နိုင်ခင် ချင်မူက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ထုတ်လွှတ်လိုက်ပြန်၏။ သင်္ကေတအမှတ်အသားများ ထပ်မံပေါ်ထွက်လာကာ လေထဲတွင် အလိုအလျောက် တည်ဆောက်နေကြသည်။

နောက်တခဏတွင် သုံးယောက်စလုံး မိုင်သုံးရာအကွာသို့ ရောက်သွားချေပြီ။

ကောင်းကင်ထဲတွင် ရေချီလင်က မြစ်ကြီးတစ်စင်းကို နင်း၍ ကောင်းကင်နတ်အရှင်ယွီကို ကျောတွင် သယ်ကာ တရှိန်ထိုး ပြေးနေသည်။ ထိုအချိန်တွင် ယွီချိန်ကျစ်လည်း ကောင်းကင်ထဲတွင် ရှိနေပြီး အလျင်အမြန် ပြေးနေသည်။

ချင်မူ လက်ညှိုးလှမ်းထိုးလိုက်သည့်အခါ နေရာရွှေ့ပြောင်းသင်္ကေတအမှတ်အသားများက မြစ်ကြီးကို ရစ်ပတ်လိုက်ရင်း ရေချီလင်နှင့် ကောင်းကင်နတ်အရှင်ယွီကို ခြုံလွှမ်းသွား၏။

သူက လက်ဝါးဖြင့် ရိုက်ထုတ်၍ သင်္ကေတအမှတ်အသားများအား အဝါရောင်အဆောင်စာရွက်များသဖွယ် ပျံသန်းသွားစေပြီး အသက်လုပြေးနေသော ယွီချိန်ကျစ်အပေါ် အုပ်မိုးလိုက်စေသည်။

မြေနဂါးက လက်သည်းချွန်များကို မြှောက်၍ သူတို့ဆီသို့ လိုက်လာနေသည်။

အလင်းရောင် ဖျတ်ခနဲ လက်သွားပြီး အားလုံးပျောက်ကွယ်သွား၏။

သူတို့ မိုင်သုံးရာအကွာတွင် ပြန်ပင် ပြန်ပေါ်မလာသေးခင် သင်္ကေတအမှတ်အသားများက ကောင်းကင်ထဲ၌ ကခုန်ရင်း နောက်ထပ်နေရာရွှေ့ပြောင်းဝင်္ကပါတစ်ခုအား ဖွဲ့တည်နေချေပြီ။

ဝင်္ကပါပြီးမြောက်သွားသည့်အခါ ချင်မူတို့အရိပ်များ ပေါ်လာကာ ဝင်္ကပါထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။ အလင်းရောင် ဖြာထွက်လာပြီး အားလုံး ပျောက်ကွယ်သွားပြန်သည်။

မြေနဂါးက ‌ဒေါသအမျက်တစ်ချောင်းချောင်း ထွက်လျက် အော်ဟစ်ရင်း လိုက်လာသော်လည်း အလင်းစက်များ ပေါ်လိုက်ပျောက်လိုက်ဖြင့် အဝေးသို့ ရောက်သွားသည်ကိုသာ မြင်လိုက်ရသည်။ မကြာမီ ချင်မူတို့ကို သူ ရှာမတွေ့တော့ပေ။

မြေနဂါးသည် မြေကြီးထဲ ငုပ်လျှိုးကာ ပျောက်ကွယ်သွား၏။ သို့သော် မြေကြီးကား လျင်မြန်စွာ ဖောင်းကြွလာကာ တောင်တန်းများ ထလာသည်။ ဤမြေနဂါးကား မြေကြီးအောက်မှ ပုန်းကွယ်သွားရင်း ချင်မူတို့နောက်သို့ လိုက်ဖမ်းနေချေပြီ။

All Chapters