မက်မွန်တောအုပ်မှ မိတ်ဆွေဟောင်း
Vol. 64 Ch. 842
ယခင်တုန်းက ခွန်းလွန်နယ်စပ်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွင်းရှိ အထွတ်အမြတ်မြေတစ်မြေ ဖြစ်ပြီး တောင်တစ်သောင်းဘုရင် ဟု နာမည်တွင်၏။ ဤအထွတ်အမြတ်မြေတွင် တောင်ထွတ်ပေါင်း မရေမတွက်နိုင်အောင် ရှိခဲ့ပြီး အပြိုင်အဆိုင် ခမ်းနားထည်ဝါကြသည်။ တာအိုဂိုဏ်းက ထိုတောင်တန်းများအကြား ကွယ်ဝှက်နေခဲ့ခြင်း ဖြစ်ပေသည်။
ကမ္ဘာဦးဘုံ ပြန်ပွင့်လာသည့်အခါ ခွန်းလွန်နယ်စပ်မှာ အထွတ်အမြတ်တစ်မြေ၏ ခမ်းနားထည်ဝါမှုမျိုး မရှိတော့ပေ။
ချင်မူတို့ ခွင်းလွန်နယ်စပ်သို့ ရောက်လာကြပြီး သစ်ပင်အမြင့်ကြီးများသဖွယ် ကောင်းကင်ထဲသို့ ထိုးထောင်နေသော တောင်တန်းများကို လှည့်ပတ်ကြည့်မိကြသည်။ ချင်မူက ဤတောင်တန်းများကို ကြည့်ပြီးနောက် ကမ္ဘာဦးဘုံကြောင့် ပေါ်ထွက်လာခဲ့သော နတ်တောင်တန်းများဆီသို့ ပြန်လှည့်ကြည့်သည်။ ခွန်းလွန်နယ်စပ်ရှိ တောင်တန်းများမှာ နတ်တောင်တန်းများထက် များစွာပုသွား၏။ ချင်မူ ခေါင်းယမ်းလိုက်မိသည်။
တာအိုဂိုဏ်းတက္ကသိုလ်က တာအိုဂိုဏ်း၏ တောင်ခြေတွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး တာအိုရသေ့များသည် ကံကြမ္မာအတိုင်း စီးမျောတတ်သူများ ဖြစ်သည့်အလျောက် မဟာမိုးခြိမ်းသံကျောင်းတော်ကဲ့သို့ မချမ်းသာကြပေ။ ထို့ကြောင့် အတောင်အောက်၌ မြို့တစ်မြို့တည်ကာ မြို့မျှော်စင်ထက်တွင် တာအိုဂိုဏ်းတက္ကသိုလ်ဟု ရေးသား၍ ကျောင်းသားများ လက်ခံကြခြင်း ဖြစ်သည်။
တာအိုဂိုဏ်းတက္ကသိုလ်၏ ဘေး၌ မျက်စိတစ်ဆုံး စီတန်းနေသော မက်မွန်တောအုပ်တစ်အုပ် ရှိပြီး မက်မွန်ပန်းများ ဝေဝေဆာဆာ ပွင့်နေကြသည်။ ချင်မူက မက်မွန်တောအုပ်၏အတွင်းထဲသို့ ကြည့်လိုက်သော်လည်း သူ၏စူးရှသော မျက်လုံးများဖြင့်ပင် အဆုံးကို မမြင်ရပေ။ နန်းတော်ပုံစံများကိုသာ ဝိုးတိုးဝါးတား မြင်ရပြီး မြို့တံတိုင်းတစ်ခုပင် ရှိနေသည်။ မည်ကဲ့သို့ လူများ ထိုနေရာတွင် နေထိုင်နေကြမှန်း သူ မသိပေ။
မျက်ကန်းကလည်း မျက်လုံးများပိတ်၍ မက်မွန်တောအုပ်အတွင်းထဲသို့ ‘ကြည့်’ လိုက်သည်။ တခဏကြာသော် သူက ပြောသည်။ “မက်မွန်တောအုပ်ထဲမှာ အင်မတန် သန်မာအားကောင်းတဲ့ ဖြစ်တည်မှုတွေ ရှိနေတဲ့ပုံပဲ... သူတို့က မက်မွန်တောအုပ်ကို ပိတ်ထားတာပဲ ဖြစ်မယ်... ငါ့ကောင်းကင်စိတ်မျက်လုံးနဲ့ အတွင်းပိုင်းထဲ ကြည့်လိုက်တုန်းက မက်မွန်ပန်းတွေက ငါ့မြင်ကွင်းကို ပိတ်ကွယ်သွားကြတယ်”
ချင်မူ အံ့အားသင့်သွားသည်။ “ဘိုးဘိုးမျက်ကန်းရဲ့ ကောင်းကင်စိတ်မျက်လုံးတွေနဲ့တောင် မမြင်ရဘူးလား”
မျက်ကန်း၏ ကောင်းကင်စိတ်မျက်လုံးသည် လက်ရှိကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး ကောင်းကင်မျက်လုံးဟု ဆိုရနိုင်၏။ ဝင်္ကပါသိုင်းကွက်များ၌ သူ ထူးချွန်ပြောင်မြောက်ခြင်းမှာလည်း ထိုစိတ်မျက်လုံးများကြောင့် ဖြစ်သည်။
မျက်ကန်းက ငယ်ရွယ်စဉ်ကတည်းက မျက်လုံးများကို အစစ်အမှန်နတ်ဘုရားအဆင့်အထိ ကျင့်ကြံအားထုတ်ခဲ့ပြီး လှံနတ်ဘုရားဟု ကျော်ကြားသော်လည်း မည်သည့်အရာကိုမဆို ထိုးဖောက်မြင်နိုင်သော သူ၏ကောင်းကင်မျက်လုံးများက အခရာ ဖြစ်ချေသည်။ မျက်လုံးများကို ဆုံးရှုံးလိုက်ရပြီးနောက်တွင် ဒုက္ခိတဘိုးဘွားကျေးရွာ၌ ကောင်းကင်စိတ်မျက်လုံးအား ကျင့်ကြံခဲ့၏။
ယခုတွင် မျက်လုံးများ ပြန်မြင်ရပြီဖြစ်သည့်အတွက် သူ၏စိတ်မျက်လုံးက ပို၍ပို၍ ခန့်မှန်းမရ ဖြစ်လာခဲ့သည်။
မျက်ကန်း၏ စိတ်မျက်လုံးသည် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နယ်ထိန်းစခန်းမှ စခန်းမှူးချွီးဟယ်ကို ယှဉ်ပြိုင်တိုက်ခိုက်စေနိုင်ခဲ့သော အကြောင်းအရင်း တစ်ခုလည်း ဖြစ်၏။
သို့တိုင်အောင် ထိုကဲ့သို့ စိတ်မျက်လုံးကပင် မက်မွန်တောအုပ်ကို ထိုးဖောက်မမြင်နိုင်ခဲ့ပေ။ ချင်မူ စိုးရိမ်လာသည်။ ဤမျှကျယ်ဝန်းသော မက်မွန်တောအုပ်ထဲ၌ နေထိုင်နေသော ဖြစ်တည်မှုများသည် ထူးခြားကြလိမ့်မည်။ တာအိုဂိုဏ်းကိုသာ သူတို့ ထိပါးလာလျှင် တာအိုဂိုဏ်းအနေဖြင့် ခုခံနိုင်မည်မဟုတ်ပေ။
သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ တာအိုဂိုဏ်းတက္ကသိုလ်၏ စာသင်သားများက မက်မွန်တောအုပ်အား အထူးတလည် အရေးစိုက်နေပုံမပေါ်ခြင်းဖြစ်သည်။ မက်မွန်တောအုပ်အနား၌ နေထိုင်ပြီး မက်မွန်သီး ဝင်ခူးတတ်သူများပင် ရှိနေသည်။
မက်မွန်တောအုပ်ကား ကျယ်ဝန်းလွန်းသဖြင့် အပြင်နှင့်မတူသော ဥတုလေးပါး လည်ပတ်နေသည်။ မက်မွန်ပင်များအပေါ်ရှိ မက်မွန်သီးတချို့ဆိုလျှင် ရင့်မှည့်နေကြချေပြီ။
သာမန်လူများ တောအုပ်ထဲတွင် ဝင်လိုက်၊ ထွက်လိုက် သွားလာနေကြသည့်တိုင် မက်မွန်တောအုပ်မှ တစ်ယောက်မှ ထွက်လာပြီး တားခြင်း မရှိပေ။
ချင်မူ တက္ကသိုလ်၏အပြင်၌ အတန်ကြာ လေ့လာနေပြီးနောက် တာအိုဂိုဏ်းတက္ကသိုလ်ထဲ ဝင်သွားသည်။
မြို့ထဲတွင် သာမန်အိမ်များ ပြည့်နေသည်။ နန်းတော်ကဲ့သို့ သားသားနားနား အဆောက်အအုံများ သိပ်မများပေ။ တာအိုရသေ့အိုကြီးများက တပည့်များကို စာသင်နေကြပြီး တချို့မှာ မြေကွက်လပ်အပေါ်တွင်သာ ထိုင်၍ သင်ကြားနေကြသည်။ ကျောင်းသားများကလည်း မြေကြီးပေါ်တွင်သာ ထိုင်နေကြပြီး ပတ်ဝန်းကျင်အား အာရုံမရှိကြပေ။
သင်္ချာပညာတွင် နံပါတ်တစ်ဖြစ်သော အထွတ်အမြတ်မြေသည် သူ ထင်ထားသည်နှင့် တလွဲစီ ရိုးရှင်းလွန်းနေ၏။
ချင်မူက ကောင်းကင်နတ်အရှင်ယွီကို ပညာသင်ပေးရန် ခေါ်သွား၍ အတော်လေး အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ တာအိုသခင်လင်းရွှမ်မှာ အပြေးအလွှား ထွက်လာကာ ပြုံးရွှင်စွာ ကြိုဆို၏။ “ဂိုဏ်းသခင်က တကယ် ပြောတဲ့အတိုင်း ရောက်ချလာတာပဲ”
ချင်မူလည်း ဝတ္တရားများအရ အပြန်အလှန်နှုတ်ဆက်ပြီးနောက် မေးကြည့်လိုက်သည်။ “တက္ကသိုလ်အပြင်က မက်မွန်တောအုပ်က ဘယ်လိုမျိုးလဲ”
“ငါလည်း မသိဘူး”
တာအိုသခင်လင်းရွှမ်က ခေါင်းယမ်းသည်။ “ကမ္ဘာဦးဘုံ ပွင့်လာတော့ ဒီမက်မွန်တောအုပ်လည်း တက္ကသိုလ်ဘေးမှာ ဘွားခနဲ ပေါ်လာခဲ့တာ... ငါလည်း စဉ်းစားကြည့်တော့ ကမ္ဘာဦးဘုံထဲမှာ အဆန်းတကြယ်နေရာတွေ အများကြီး ရှိပြီး နတ်ဘုရားတစ်ပိုင်းတွေလည်း နေထိုင်ကြပေမယ့် ... တာအိုဂိုဏ်း အနားပတ်ဝန်းကျင်ကတော့ အမြဲအေးချမ်းနေခဲ့တယ်... ဘယ်နတ်ဘုရားတစ်ပိုင်းမှ ပြဿနာလာမရှာခဲ့ဘူး.. အဲဒါနဲ့ မက်မွန်တောအုပ်ကြောင့်ပဲ ဖြစ်မယ်လို့ ယူဆပြီး အထဲ ဝင်ကြည့်ဖူးတယ်... အထဲက နန်းဆောင်တွေအနား ဘယ်တော့မှ သွားလို့ မရခဲ့ဘူး.... ပြုစားခြင်းဝင်္ကပါလိုလို ဘာလိုလို ရှိနေသလိုပဲ”
ချင်မူ သံသယဝင်သွားကာ ပြောလိုက်သည်။ “ငါလည်း လာရာလမ်းမှာ နတ်ဘုရားတစ်ပိုင်းတွေရဲ့ အရိပ်အယောင်တောင် မြင်ခဲ့ရဘူး... အခြားနေရာတွေနဲ့ မတူဘဲ အင်မတန် တိတ်ဆိတ်အေးချမ်းနေခဲ့တယ်... တခြားနေရာမှာ နတ်ဘုရားတစ်ပိုင်းတွေ သောင်းကျန်းလွန်းလို့ လူသားမျိုးနွယ်ကို ရိုက်နှက်ပြီး ကျွန်ပြုရင်ကို ကျေးဇူးတင်စရာ ဖြစ်နေတာ... ငါက ဒီနေရာမှာ တာအိုဂိုဏ်းက နတ်ဘုရားတစ်ပိုင်းတွေကို နှိမ်နင်းပေးထားတယ် ထင်နေခဲ့တာ... မက်မွန်တောအုပ်ကြောင့် ဖြစ်နေမယ် မထင်ခဲ့ဘူး”
တာအိုသခင်လင်းရွှမ်သည် ခါးသီးစွာ ပြုံးလိုက်၏။ “တာအိုဂိုဏ်းက ဘယ်လိုလုပ် အဲဒီလို လုပ်နိုင်ပါ့မလဲ... အနီးနားက နတ်တောင်တန်းတွေမှာ စံမြန်းနေတဲ့ နတ်ဘုရားတစ်ပိုင်းတွေ အများကြီးပဲ.... နတ်ဘုရားတစ်ပိုင်းတစ်ယောက်ဆို အသက်ရှူလိုက်ရုံလေးနဲ့ နေလုံးကြီးကို သူ့အနား ဆွဲခေါ်လိုက်တာတောင် ငါ မြင်ခဲ့ရသေးတယ်... ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုလည်း ရှိတယ်ကွ.... မက်မွန်တောအုပ်ကို ဝင်ရတာ လွယ်ပေမယ့် ပြန်ထွက်ရတာက ပိုလို့တောင် လွယ်သေးတယ်”
ချင်မူ အူကြောင်ကြောင် ဖြစ်သွားသည်။
“မင်း မက်မွန်တောအုပ်ကို အပြင်ကနေ ကြည့်လိုက်ရင် မိုင်တစ်သောင်းလောက် ရှည်တယ်မလား... အထဲ ဝင်သွားရင် ဘယ်တော့မှ အဆုံးထိ မရောက်ဘူး... မိုင်တစ်သောင်းမပြောနဲ့ ငါ မိုင်တစ်သိန်း၊ မိုင်တစ်သန်းလောက် လျှောက်ဖူးတယ်... အရှေ့ကို လျှောက်နေတဲ့အချိန်မှာ ငါ့ဘေးက မက်မွန်တောအုပ်က နွေဦး၊ နွေ၊ ဆောင်းဦးနဲ့ ဆောင်းတွေ ဖြတ်ကျော်သွားခဲ့တာဆိုတော့ ငါ လျှောက်ခဲ့တဲ့ လမ်းတွေက အကုန်အစစ်တွေချည်းပဲ”
တာအိုသခင်လင်းရွှမ်တွင် ထူးဆန်းနေသော အမူအရာရှိပြီး ဆက်ပြောသည်။ “ဒါပေမဲ့ နောက်ပြန် လှည့်ကြည့်လိုက်ရင် မက်မွန်တောအုပ်ရဲ့ နယ်စပ်မှာ ရှိနေတုန်းပဲ... နောက်ပြန်လှည့်ပြီး ခြေလှမ်းနည်းနည်းလောက် လျှောက်လိုက်တာနဲ့ တောအုပ်အပြင် ရောက်သွားရော.. အဲဒါကြောင့် လမ်းပျောက်မှာ မကြောက်ကြဘဲ တောအုပ်ထဲမှာ မက်မွန်သီးတွေ ဝင်ဝင်ခူးနေကြတာ... ငါလည်း ဒီမက်မွန်တောအုပ်ရဲ့ လျှို့ဝှက်ချက်ကို ရှာဖို့လုပ်ခဲ့ပေမယ့် ဘာမှ ရှာမတွေ့ခဲ့ဘူး... ပြီးတော့ မက်မွန်တောအုပ်ကလည်း ငါတို့အပေါ် ရန်ပြုချင်တဲ့ အရိပ်အယောင်မရှိတော့ ဒီတိုင်းပဲ ထားလိုက်တော့တာ”
မျက်ကန်းက ရုတ်တရက် ပြောသည်။ “ဝင်္ကပါစွမ်းရည် ဖြစ်သင့်ပေမယ့် ဝင်္ကပါစွမ်းရည်ဖြစ်ပုံလည်း မရဘူး... တစ်ယောက်ယောက်က မှော်စွမ်းအင်သုံးပြီး နေရာဟင်းလင်းပြင်ကို မိုင်တစ်သောင်းအထိ ၊ ဒါမှမဟုတ် တစ်လက်မအထိတောင် ချုံ့လိုက်တာမျိုးနဲ့ တူတယ်... ဒါပေမဲ့ ဘယ်သူ့မှာမှ အဲဒီလောက် အားကောင်းတဲ့ မှော်စွမ်းအင်မျိုး မရှိနိုင်တော့ ကောင်းကင်နဲ့မြေကြီးရဲ့ မှော်စွမ်းအင်ကို ငှားယူပြီး ဝင်္ကပါတစ်ခု တည်ခင်းထားတာ ဖြစ်လောက်တယ်”
ချင်မူ မေးလိုက်သည်။ “ဘယ်လိုဝင်္ကပါမျိုးလဲ ဘိုးဘိုး မြင်နိုင်လား”
မျက်ကန်းက ခေါင်းယမ်းကာ ပြောသည်။ “အပြင်ကနေ မမြင်ရဘူး... အထဲဝင်ကြည့်မှ အခြေအနေကို နားလည်နိုင်မှာ... ဒါ့အပြင် ဝင်္ကပါလက္ခဏာတွေလည်း မတွေ့ရဘူး... ဒါက ဝင်္ကပါအစစ်ဆိုရင် ကောင်းကင်ဆရာသခင်ကျစ်ရှီတောင် ဒီမက်မွန်တောအုပ်ရဲ့ ဝင်္ကပါဆရာသခင်အောက် နိမ့်ကျနေလိမ့်မယ်.... ဒါပေမဲ့ ကောင်းကင်ဆရာသခင်ကျစ်ရှီထက် အများကြီးထူးချွန်တဲ့ ဝင်္ကပါဆရာသခင် ရှိနေဖို့ကလည်း မဖြစ်နိုင်ဘူး”
“မက်မွန်တောအုပ်ပိုင်ရှင်က ဘယ်သူ့ကိုမှ ဒုက္ခမပေးတဲ့အပြင် ဒီကလူတွေကိုလည်း စောင့်ရှောက်ပေးနေတာဆိုတော့ စိတ်ပူစရာမလိုပါဘူး”
ချင်မူက ပြုံး၍ ပြောလိုက်သည်။ “တာအိုသခင်လင်း၊ ငါ တာအိုဂိုဏ်းဆီက ပညာသင်ဖို့ ဒီကို ရောက်လာတာဆိုတော့ ဒီရက်တွေထဲ တက္ကသိုလ်မှာ စား၊ တက္ကသိုလ်မှာပဲ အိပ်မှာ... ငါ့ညီလေးယွီလည်း သင်္ချာသင်ဖို့ လိုသေးတယ်... သူ့ကို အခြေခံသင်ပေးဖို့ ယုံကြည်စိတ်ချရတဲ့ အဆောင်မှူးတွေ ရှာပေးလို့ရမလား”
လင်းရွှမ်က ခေါင်းညိတ်သည်။ “မပူနဲ့ ငါတို့တာအိုဂိုဏ်းမှာ ပညာရှင်တွေ အများကြီးရှိတယ်... လန်ယွီထျန်းကို သူတို့ဆီမှာသာ သင်ခိုင်းလိုက်... ဂိုဏ်းသခင်ချင်ကိုတော့ တာအိုဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ ငါကိုယ်တိုင် သင်ပေးမယ်”
ချင်မူ ဝမ်းသာသွားကာ ကျေးဇူးတင်သည့်အနေဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။
လင်းရွှမ်က ကပျာကယာ ပြန်အရိုအသေးပေး၍ အလေးအနက် ပြော၏။ “ငါက ဒါနဲ့ မထိုက်တန်ပါဘူး ဂိုဏ်းသခင်... မင်းက ထိုက်ဝေသင်္ချာကျမ်းကို ငါတို့တာအိုဂိုဏ်းဆီ ပေးခဲ့တဲ့သူပါ... ငါတို့အနေနဲ့ ကျေးဇူးပြန်ဆပ်ရမှာက သဘာဝပါပဲ”
ချင်မူ၊ ကောင်းကင်နတ်အရှင်ယွီနှင့် ကျန်ရှိသူများ တာအိုဂိုဏ်းတက္ကသိုလ်တွင် နေရာထိုင်ခင်းများ စီစဉ်လိုက်ကြပြီး ကောင်းကင်နတ်အရှင်ယွီက ဆရာများဆီမှ သင်္ချာသဘောတရားမျိုးစုံ သင်ယူရန် ထွက်သွားသည်။ တာအိုဂိုဏ်းတွင် အတွက်အချက်ကျမ်းများစွာ ရှိ၏။ လင်းရွှမ်က ချင်းယွင်ကောင်းကင်ဘုံမှ အတွက်အချက်ကျမ်းများကိုလည်း သယ်လာခဲ့သေးလေသည်။ ထို့အကြောင့် ကောင်းကင်နတ်အရှင်ယွီအတွက် အကုန်လုံး လေ့လာရန် အခက်တွေ့နေသည်။
သင်္ချာသည် ပျင်းစရာကောင်းသော်လည်း ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် ကျင့်စဉ်စနစ်များတွင် အရေးအပါဆုံးသော အခြေခံတစ်ခု ဖြစ်၏။ သိုင်းပညာတာအိုနှင့် သင်္ချာမလိုအပ်သော ကောင်းကင်နတ်သိုင်းများမှလွဲ၍ ကျန်ကောင်းကင်နတ်သိုင်းအများစုအတွက် အက္ခရာသင်္ချာစွမ်းရည် လိုအပ်သည်။
လင်းရွှမ် ချင်းယွင်ကောင်းကင်ဘုံမှ သယ်လာခဲ့သည်မှာ ကောင်းကင်နတ်ဘုံ တာအိုဂိုဏ်း၏ အဆုံးစွန်အထိ နက်နဲပြီး အဆင့်မြင့်လှသော ဂန္တဝင်ကျမ်း၊ အနုစိတ်သင်္ချာများ ဖြစ်သည်။
အခြားတစ်ဖက်တွင် အဏုမြူသင်္ချာမှာ စလုံးရေ စသာ ရှိသေးသည်။ ချင်မူ တီထွင်ခဲ့သော သင်္ချာကျမ်းဖြစ်သော်လည်း ဆက်လက်ပြုစုနေသူမှာ တာအိုဂိုဏ်း ဖြစ်၏။
တာအိုသခင်လင်းရွှမ်နှင့် ကျန်တာအိုရသေ့များသည် ထိုက်ဝေသင်္ချာကျမ်းကို ပုံမှန်သင်္ချာကျမ်းဖြင့် တွက်ထုတ်မရသော အရာများအား တွက်ပေးနိုင်သည့် အတိုင်းအတာအထိ မြှင့်တင်နိုင်ခဲ့သည်။ အဏုမြူသင်္ချာ၏ သဘောတရားများနှင့် တွက်ထားလျှင် အနုစိတ်သင်္ချာ လိုက်မမှီသော နေရာများပင် ရှိကြောင်း တွေ့ရ၏။ အဏုမြူသင်္ချာမှတစ်ဆင့် မတိကျသော နိယာမ၊ ဥပဒေသများကိုပင် ရှာတွေ့ခဲ့လေသည်။
ထိုကဲ့သို့ လက္ခဏာများ ရှိပါသော်လည်း အဏုမြူသင်္ချာနှင့် အနုစိတ်သင်္ချာကို ပေါင်းစည်းအသုံးပြုသည့်အခါ မဟာတာအိုအမျိုးအစားအားလုံး ပါဝင်လာကာ အတွက်အချက်များကား အလွန်မြန်သွားလိမ့်မည်။
ချင်မူ တစိုက်မတ်မတ် လေ့လာနေသည်။ ထိုက်ဝေသင်္ချာကျမ်းက အဏုမြူသင်္ချာအပေါ် အခြေခံထား၍ ကောင်းကင်နတ်သိုင်းအမျိုးမျိုးတွင် ထည့်သုံးနိုင်သည်ဟု ခံစားရ၏။
သူက ရက်နှစ်ဆယ်လုံးလုံး တာအိုဂိုဏ်း၏ အသီးအပွင့်များကို လေ့လာရင်း သူ၏အသိအမြင်ဖြင့် ပြန်လည်ဆန်းစစ်ပြီးသွား၏။
လင်းရွှမ်သည် ချင်မူ မည်မျှဉာဏ်ကောင်းကြောင်း သိ၍ ရက်နှစ်ဆယ်တည်းနှင့် ထိုက်ဝေသင်္ချာကျမ်းအား ကျွမ်းကျင်သွားသည့်အပေါ် မအံ့ဩသော်လည်း တာအိုရသေ့များကတော့ ချင်မူ့ကို သရဲသဘက်သဖွယ် ကြည့်နေကြတော့သည်။
ချင်မူက ကောင်းကင်နတ်အရှင်ယွီကို သွားရှာသည်။ ပြိုင်ဘက်ကင်းသော ဦးနှောက်ပိုင်ရှင် ကောင်းကင်နတ်အရှင်ယွီမှာ ပြိုင်ဘက်တစ်ယောက်နှင့် တွေ့လိုက်ရသကဲ့သို့ သင်္ချာကျမ်းမျိုးစုံ၏ နှိပ်စက်မှုကြောင့် ချုံးချုံးကျကာ ပင်ပန်းနေသည်။
အခြားတစ်ဖက်တွင် နဂါးချီလင်မှာတော့ အတန်းပေါင်းစုံ လိုက်တက်ရင်း တက်ကြွနေ၏။
“လန်ယွီထျန်းရဲ့ တွေးခေါ်နိုင်စွမ်းက မြင့်မားပေယ့် သင်္ချာမှာတော့ သာမန်ပဲ... နဂါးချီလင်နဲ့တောင် မယှဉ်နိုင်ဘူး”
လင်းရွှမ်က ချင်မူ့ဆီသို့ ပြောသည်။ “သူ တာအိုဂိုဏ်းက သင်္ချာကျမ်းတွေကို တတ်ဖို့ဆိုရင် အတော်လေး ကြာလိမ့်မယ်”
“သူ့တွေးခေါ်နိုင်စွမ်းပဲ မြင့်မားဖို့ လိုတာပါ... သင်္ချာက သူ့အတွက် တာအိုကို နားလည်နိုင်စေမယ့် ကိရိယာလေးတစ်ခုပဲ... အဲဒီလောက် အရေးမကြီးဘူး”
ချင်မူ သက်ပြင်းချကာ ပြောလိုက်သည်။ “တာအိုသခင်လင်း ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်နဲ့ တွေ့ဖူးလား”
လင်းရွှမ်က သတိအနေအထားဖြင့် မေး၏။ “မင်း နှိမ့်ချဖို့ ပြင်နေပြန်တာလား”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “ငါကလည်း ပညာရှင်တစ်ယောက်ဆိုပေမယ့် အထုံပါရမီမှာ အားကောင်းတာပါ... ငါ့တွေးခေါ်နိုင်စွမ်းက မင်းတို့ထက် နည်းနည်းလောက်ပဲ သာတယ်... လောသခင်ခန္ဓာ ဖြစ်နေလို့သာ သင်လွယ်တတ်လွယ် ဖြစ်နေပေမယ့် လန်ယွီထျန်းအတွက်တော့ မတူဘူး.. သူက တာအိုနဲ့ အများကြီး နီးကပ်နေပြီ... တာအိုဘိုးဘေးကြီး အက္ခရာသင်္ချာကို တီထွင်ခဲ့တဲ့ အကြောင်းရင်းက ကမ္ဘာပေါ်မှာ ရှိတဲ့ မဟာတာအိုအားလုံးကို ခွဲခြားစိတ်ဖြာပြီး သင်္ချာက တာအိုကို လေ့လာနိုင်မယ့် ကိရိယာတစ်ခု ဖြစ်လာစေဖို့ပဲ... မွေးကတည်းက တာအိုနဲ့ နီးကပ်နေတဲ့သူ၊ တာအိုကို ခံစားပြီး တာအိုကို တွေးခေါ်နိုင်တဲ့သူက... သင်္ချာကို ကိရိယာအဖြစ် သုံးဖို့ လိုပါ့မလား”
လင်းရွှမ် မှင်သက်သွားကာ သင်္ချာပုစ္ဆာတစ်ပုဒ်ကြောင့် နားရွက်ကုတ်နေသော လန်ယွီထျန်းဆီသို့ လှမ်းကြည့်လိုက်သည်။ သူ့မှာ အလွန်စိတ်ညစ်နေသောကြောင့် နဖူးတွင် ချွေးများပင် စို့နေ၏။
“ဘိုးဘိုးမျက်ကန်း ဘယ်ရောက်သွားလဲ”
ချင်မူ တာအိုဂိုဏ်းတက္ကသိုလ်အနှံ့ လိုက်ရှာပါသော်လည်း မျက်ကန်း၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။ သူ့မှာ စိတ်ပူလာပြီး အတန်းတစ်တန်း တက်နေသော နဂါးချီလင်အား အလျင်အမြန် သွားရှာရသည်။ နဂါးချီလင်က ပြော၏။ “ဘိုးဘိုးမျက်ကန်းက မက်မွန်တောအုပ်ကို တစ်ချက်သွားကြည့်ဦးမယ်ဆိုပြီး ထွက်သွားတာပဲ... ဂိုဏ်းသခင်ကိုလည်း မပြောဖို့ မှာခဲ့လို့”
ချင်မူ ဒေါသထွက်သွားသည်။ “အဘိုးကြီးမျက်ကန်းကတော့ တော်တော် စိတ်ပူရအောင် လုပ်တာပဲ... ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ”
“ဂိုဏ်းသခင် သင်္ချာသွားသင်တုန်းက ဘိုးဘိုးမျက်ကန်း ထွက်သွားတာ”
နဂါးချီလင်က ကပျာကယာ ပြောလေသည်။ “ဂိုဏ်းသခင် သူ့ကို သွားရှာချင်ရင် သွားရှာနော်.... ကျွန်တော် သခင်လေးလန်ကို စောင့်ရှောက်ပေးထားမယ်... သူလည်း စွမ်းအင်ဆေးလုံး ဖော်တတ်နေပြီဆိုတော့ ကျွန်တော့်ရိက္ခာအတွက် စိတ်ပူစရာမလိုပါဘူး”
“သူ့ကို ကောင်းကောင်းစောင့်ရှောက်ထား... ဘာအန္တရာယ်မှ ဖြစ်လို့မဖြစ်ဘူး”
ချင်မူ မြို့ထဲမှ အလျင်အမြန် ထွက်ကာ မက်မွန်တောအုပ်ဆီသို့ ရောက်သွားသည်။ သူ အထဲသို့ လှမ်းကြည့်လိုက်သည့်အခါ ပြွတ်သိပ်နေသည့် မက်မွန်ပင်များနှင့် တောက်ပနေသော ပန်းပွင့်များကိုသာ မြင်ရ၏။ ကောင်းကင်သို့ ပျံတက်ကြည့်ရာတွင်လည်း မက်မွန်ပင်များက သူ့အမြင်ကို ဖုံးကွယ်ထားသည်။ ပျံသန်း၍မရပေ။
ချင်မူမှာ မြေပြင်သို့ ဆင်းပြီး တောအုပ်ထဲ တစ်လှမ်းချင်း ဝင်သွားသည်။ သူ၏ထာဝရနတ်ဘုရားအသိစိတ်အလျဉ်သည် မျက်ကန်းကို လိုက်ရှာနေ၏။
မည်မျှကြာကြာလျှောက်ပြီးသွားမှန်း မသိသော်လည်း သူ့ဘေးရှိ မက်မွန်ပင်များအပေါ်တွင် မက်မွန်းစိမ်းများ သီးလာသည်ကို မြင်ရသည်။ ရှေ့ဆက်လျှောက်သွားသည့်အခါ မက်မွန်စိမ်းများက မှည့်လာသည်။ ရှေ့ဆက်လျှောက်သွားသည့်အခါ မက်မွန်မှည့်များက မြေပြင်ပေါ် ပြုတ်ကျလာ၏။ ထပ်လျှောက်သွားသည့်အခါ ကောင်းကင်ထက်မှ ဆီးနှင်းများ ကျလာသည်။
ချင်မူ နောက်လှည့်ကြည့်လိုက်ပြီး မက်မွန်တောအုပ်၏ အစပ်တွင်သာ ရှိနေသေးကြောင်း မြင်ရသည်။ ဝေးဝေးလံလံ မလျှောက်ရသေးပေ။
‘လင်းရွှမ် ပြောခဲ့တဲ့အတိုင်း ဒီမက်မွန်တောအုပ်က တကယ် ထူးဆန်းတာပဲ... ဘိုးဘိုးမျက်ကန်း လှည့်လိုက်တာနဲ့ တောအုပ်အပြင် ထွက်လာနိုင်မှာကို ဘာလို့ ထွက်မလာခဲ့တာလဲ”
ချင်မူ စိတ်အားတင်း၍ ဝင်္ကပါအား လိုက်ရှာသော်လည်း ကောင်းကင်မျက်လုံးများဖြင့်ပင် သဲလွန်စတစ်စုံတရာ မတွေ့ရပေ။
သူ၏ထာဝရနတ်ဘုရားအသိစိတ်အလျဉ်မှာလည်း ဤမက်မွန်တောအုပ်၏ အဆုံးကို ရှာမတွေ့ချေ။
ဤအချိန်တွင် နေဝင်သွား၍ ကောင်းကင်က တဖြည်းဖြည်း မှောင်လာသည်။ ကောင်းကင်ထဲတွင် ကြယ်များ တဖျပ်ဖျပ် လက်နေပြီး ချင်မူမှာ ထိုကြယ်များကို မော့ကြည့်လိုက်သည်။ သူ၏တည်နေရာကို ဆုံးဖြတ်ရန် ပြင်နေစဉ် သူ ရုတ်တရက် မှင်သက်သွား၏။
‘ဒီနက္ခတ်တာရာတွေက မှားနေသလိုပဲ... ဟုတ်တယ် မှားနေတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖုံးလွှမ်းထားတဲ့ ကြယ်အတုတွေ မဟုတ်ဘူး.... တကယ့် ကြယ်တာရာကောင်းကင်ပဲ’
ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်ကို ခွာကာ အလေးအနက် မေးလိုက်သည်။ “ကောင်းကင်နယ်စားမင်း၊ ခင်ဗျားရဲ့ ပင်မခန္ဓာကိုယ်ကနေ ကျွန်တော့်ကို လှမ်းမြင်ရလား”
ချင်စာလုံးမြေပြင်ထဲမှ ကောင်းကင်နယ်စားမင်း၏ အသံ ထွက်လာသည်။ “ခဏလေး ရှာကြည့်မယ်... တွေ့ပြီ၊ အမ် မင်း ဘယ်တုန်းက ကမ္ဘာဦးဘုံကနေ ထွက်သွားတာလဲ”
ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွား၏။ “ကျွန်တော်က ကမ္ဘာဦးဘုံမှာ မဟုတ်ဘူးလား... ဒါဆို အခု ကျွန်တော့်ခန္ဓာကိုယ်က ဘယ်မှာလဲ”
“အင်မတန် ထူးဆန်းတဲ့ ကောင်းကင်ဘုံတစ်ဘုံမှာကွ... မင်းက မက်မွန်ပင်တစ်ပင်ဘေးမှာ ရပ်နေတာ”
ချင်မူက အလေးအနက် မေးလိုက်သည်။ “ကောင်းကင်နယ်စားမင်း၊ ကျွန်တော့်အရှေ့မှာ နန်းဆောင်တစ်ဆောင် ရှိလား.... ကျွန်တော့်ကို လမ်းပြလို့ရမလား”
ချင်စာလုံးမြေပြင်ထဲရှိ ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက ပြုံး၍ ပြောသည်။ “ကြယ်တာရာကောင်းကင်ကို ကြည့်... ငါ ကြယ်တစ်လုံးနဲ့ လမ်းပြပေးမယ်.... မင်း အဲဒီကြယ်နောက်က လိုက်”
ချင်မူ ကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ ရုတ်တရက် ကောင်းကင်ထဲတွင် ကြယ်တစ်လုံး ပေါ်လာ၏။ ကောင်းကင်နယ်စားမင်းက တစ်နေရာမှ ကြယ်တစ်လုံးကို ခူးဆွဝ်၍ ရွှမ်တုအပေါ်၌ ချိတ်ဆွဲလိုက်ခြင်း ဖြစ်လိမ့်မည်။
ရွှမ်တုထဲမှ ကောင်းကင်နယ်စားမင်းသည် ကြယ်ကို ရွှေ့ပေးနေပြီး ချင်မူက ကြယ်လမ်းကြောင်းအတိုင်း သွားနေသည်။ အချိန်အနည်းငယ်ကြာသော် သူ့အရှေ့တွင် နန်းဆောင်အစုတစ်စု ပေါ်လာပြီး မှိန်ပျပျ ညအရောင်ထဲတွင် မီးအိမ်များအား နန်းဆောင်များအပြင်၌ ချိတ်ဆွဲထားကြ၏။
အမျိုးသမီးတစ်ယောက်၏ ခပ်လွင်လွင်ရယ်သံတစ်ချက် ကြားလိုက်ရသည်။ “မိတ်ဆွေဟောင်းလေးတစ်ယောက် ရောက်လာပြီ.... သူ့ကို အထဲ ဖိတ်လိုက်ပါဦး”
“ဟုတ်ကဲ့”
အခြွေအရံမိန်းကလေးများ၏ အသံစာစာလေးများ ထွက်လာပြီး မိန်းမငယ်လေးများသည် မီးအိမ်များကိုင်လျက် နန်းဆောင်အပြင်သို့ တိတ်ဆိတ်စွာ ထွက်လာကြ၏။