လူထိန်းကျမ်းစာ ပြည့်စုံသွားခြင်း
Vol. 64 Ch. 841
ချင်မူမှာ ကျင့်စဉ်စွမ်းအင် ကုန်ခမ်းတော့မည်ဖြစ်၍ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း အသုံးပြုနေသည်ကို ရပ်လိုက်ရကာ ချီလင်နှစ်ကောင်ကိုသာ အားကုန်ပြေးစေတော့သည်။
မျက်ကန်းက နာကျင်မှုကို တောင့်ခံပြီး အံတင်းတင်းကြိတ်ထားသည်။ “မြေနဂါးက လိုက်ဖမ်းနေတုန်းပဲ... အဲဒီအကောင်ကြီးက သိပ်မြန်တယ်”
မျက်ကန်း၏ ခန္ဓာကိုယ်ထဲရှိ သစ်မြစ်များက လူးလွန့်နေဆဲဖြစ်သော်လည်း သိပ်မထကြွတော့ပေ။ မူလခန္ဓာနှင့် ဝေးကွာသွားသောကြောင့် ရုန်းအားလည်း များစွာလျော့နည်းသွားပြီး တဖြည်းဖြည်း အသက်ဓာတ်ကုန်ခမ်းနေကြောင်း သိသာသည်။
သို့သော် မြေနဂါး အနားရောက်လာသည့်အခါ သစ်မြစ်များက တစတစ ပိုမိုသန်မာလာကာ ထကြွလာပြန်သည်။
မကြာမီ မျက်ကန်းမှာ တစ်ကိုယ်လုံး ရစ်ပတ်ခံထားရချေပြီ။
ယွီချိန်ကျစ်က အလျင်အမြန် ပြောသည်။ “ဒီအမြစ်တွေကို ထုတ်ဖို့လိုတယ်... မဟုတ်ရင် မြေနဂါးက ဒီအမြစ်တွေကို အာရုံခံရင်း ငါတို့နောက် လိုက်လာနိုင်လိမ့်မယ်”
“ဘယ်လို ထုတ်ရမလဲ” ချင်မူ မေးလိုက်သည်။
“ငါ့ချင်းယွင်ကောင်းကင်ဘုံက မြေနဂါးနဲ့ တိုက်ခိုက်ဖူးတယ်... ခဏခဏပဲ”
ယွီချိန်ကျစ်သည် ပုလင်းတစ်လုံး ထုတ်လိုက်ပြီး ပုလင်းအတွင်း၌ အမှုန့်တချို့ ရှိနေ၏။ “မြေနဂါးက တိုက်ခိုက်လို့ ငါတို့ချင်းယွင်ကောင်းကင်ဘုံမှာ အတော်လေး အဆုံးအရှုံးများခဲ့တယ်... မြေနဂါးရဲ့ သိုင်းစွမ်းအားက အားကောင်းလွန်းတော့ ဘယ်လက်နက်မှ သူ့အရေပြားကို မထိုးဖောက်နိုင်ဘူး.. သူ့ခန္ဓာကိုယ်ကို ဒဏ်ရာရအောင် လုပ်ဖို့ ခက်တယ်... ငါတို့ချင်းယွင်ကောင်းကင်ဘုံက တာအိုရသေ့တွေလည်း ခန္ဓာကိုယ်ထဲမှာ အမြစ်တွေ အထည့်ခံလိုက်ဖူးပြီး အတော်များများ မရှုမလှ သေခဲ့ရဖူးတယ်... ဒါပေမယ့် ကံကောင်းလို့ ငါတို့ မြေနဂါးရဲ့ အစိတ်အပိုင်းတွေကို ရခဲ့တာနဲ့ အဲဒီအစိတ်အပိုင်းတွေကို ဝင်္ကပါသိုင်းကွက်တွေနဲ့အတူ ချုပ်ပြီး မြေနဂါးကို ရင်ဆိုင်ဖို့ ဖြည်းဖြည်းချင်း လေ့လာခဲ့ကြတာပဲ... ဒီဆေးမှုန့်က အဲဒီသုတေသနတွေရဲ့ ရလဒ်ပေါ့”
ချင်မူ ဆေးမှုန့်ကို ကပျာကယာ လှမ်းယူကာ အနံ့ရှူကြည့်လိုက်သည်။ “ဒါက စွမ်းအင်ဆေးမဟုတ်ဘူးလား”
ယွီချိန်ကျစ်က ရှင်းပြသည်။ “ဆေးအများစုက ပရဆေးပင်တွေကနေ အများဆုံး ဖော်စပ်ရတာ မဟုတ်လား... စွမ်းအင်ဆေးတွေနဲ့ တိုက်ခိုက်ရင် သူ့ကို အားဖြည့်ပေးသလိုပဲ ဖြစ်မှာ... မြေနဂါးက အမိကမ္ဘာမြေရဲ့ အမြစ်တွေကနေ အသွင်ပြောင်းလာတာဆိုတော့ ဘယ်အပင်ရဲ့ အဆိပ်ကိုမှ မကြောက်ဘူး... သူ့ကို သေအောင် အဆိပ်ခတ်လို့ မရပေမယ့် ငါတို့ခန္ဓာထဲက အမြစ်တွေကိုတော့ ထုတ်ပေးနိုင်တယ်... ဒီအမှုန့်က စားလို့ရတယ်... ကောင်းကင်ရတနာတွေအပေါ် ဖြူးပြီးတော့လည်း မြေနဂါးကို တိုက်ခိုက်လို့ ရတယ်”
ချင်မူ မျက်ကန်းဆီသို့ ဆေးမှုန့်တချို့ ပေးလိုက်သည်။ မျက်ကန်း စားပြီး များစွာမကြာလိုက်ဘဲ အမြစ်များသည် သူ့ကိုယ်ထဲမှ ထွက်လာကာ လူးလွန့်နေ၏။
ချင်မူက အမြစ်များ ရုပ်ခန္ဓာကို လာမထိအောင် ချီစွမ်းအင်ဖြင့် အမြစ်များကို သယ်၍ အဝေးလွှင့်ပစ်လိုက်သည်။
အမြစ်များသည် မြေကြီးအပေါ် ကျသွားသည့်အခါ ခြောက်ပေ၊ ခုနစ်ပေ ရှည်သော သစ်မြစ်နဂါးများအသွင် ပြောင်းသွားပြီး ကျယ်လောင်စွာ အော်ဟစ်နေကြ၏။
နဂါးချီလင်က ခေါင်းနောက်လှည့်ပြီး မီးတောက်များ မှုတ်ထုတ်လိုက်သော်လည်း ထိုသစ်မြစ်နဂါးများက မီးတောက်များအထဲ၌ လျှောက်သွားနိုင်သေးသည်။ သူတို့ကား ချီလင်မီးလျှံကို အနည်းငယ်မျှ မကြောက်ပေ။
နဂါးချီလင် အံ့အားသင့်သွားကာ ထိုနေရာမှ မြန်မြန်ဆန်ဆန် ထွက်ပြေးလိုက်သည်။
“ဒီလိုဆေးမှုန့်မျိုးက လူ့ခန္ဓာအတွက် ဘေးထွက်ဆိုးကျိုးနည်းနည်း ရှိတယ်... တစ်ခုက အလွယ်တကူ ဓာတ်မတည့် ဖြစ်နိုင်တာပဲ...ဒါပေမဲ့ ကျင်ငယ်စွန့်ပြီးရင် ဒါမှမဟုတ် အလေးသွားပြီးရင် အမှုန့်တွေ ပါသွားလိမ့်မယ်... ဒါကြောင့် ရေများများ သောက်ဖို့ လိုတယ်”
ယွီချိန်ကျစ်က ပြောသည်။ “ငါ နတ်ဘုရားချွီးဟယ်ကို ခေါ်လာပြီး မြေနဂါး သူ့ကို စားအောင် ကြံစည်ရဲခဲ့တာက ဘာကြောင့်လဲဆိုရင် ဒီဆေးမှုန့်ကြောင့်ပဲ... မြေနဂါး ငါ့ကိုလည်း စားလိုက်ရင် ငါ ဒီဆေးမှုန့်တွေကို ငါ့တစ်ကိုယ်လုံးအပေါ် ဖြူးမယ်.. ဒါဆို မြေနဂါး ငါ့အသားကို အရသာမတွေ့ဘဲ အန်ထွက်လိမ့်မယ်... ရွံစရာတော့ ကောင်းပေမယ့် အနည်းဆုံးတော့ မသေတော့ဘူးပေါ့”
“နောင်ကြီးယွီချိန်၊ မင်းရဲ့ အရည်အချင်းတွေကို ချင်းယွင်ကောင်းကင်ဘုံအတွက်ပဲ အသုံးချနေတာ နှမြောစရာကောင်းတယ်.... မင်းရဲ့ အစီအစဉ်က ကောင်းကင်နတ်ဘုံ ချင်းယွင်ကောင်းကင်ဘုံအပေါ် ဝင်နေတဲ့ သံသယအားလုံးကို ပပျောက်သွားစေခဲ့တာပဲ”
ချင်မူက နဂါးချီလင်၏ နဂါးသွားရည်ဖြင့် မျက်ကန်း၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများကို သုတ်လိမ်းပေးနေသည်။ “ကောင်းကင်နယ်ထိန်းစခန်းရဲ့ စခန်းမှူးက ကောင်းက်နတ်ဘုံမှာ အဆင့် ၇ အမြင့်စံအရာရှိတစ်ယောက် ဖြစ်နေတာဆိုတော့... သူ ဒီမှာ သေသွားတဲ့ကိစ္စက ကောင်းကင်နတ်ဘုံရဲ့ အဆင့်မြင့်သိုင်းပညာတွေနဲ့ မြေနဂါးအကြားမှာ တိုက်ပွဲ ဖန်တီးပေးလိုက်လိမ့်မယ်... မြေနဂါး သေရမှာ သေချာတယ်... စခန်းမှူးချွီးက လူတော်တစ်ယောက်ဖြစ်သလို၊ မြေနဂါးကလည်း နတ်ကောင်းကင်ခန်းမအဆင့် ဖြစ်ပေမယ့် နှစ်ယောက်စလုံး မင်းရဲ့ လက်ချက်နဲ့ သေရတော့မယ်... မင်းရဲ့ အရည်အချင်းတွေ ချင်းယွင်ကောင်းကင်ဘုံမှာပဲ ပိတ်မိနေပြီး ဘယ်မှာမှ ပြသလို့မရရင် နောင်တတွေ ပြည့်နေတဲ့ ဘဝနဲ့ပဲ အဆုံးသတ်ရလိမ့်မယ်”
ယွီချိန်ကျစ် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ငါက အစကတည်းက တာအိုရသေ့တစ်ပါးပါပဲ... တာအိုရသေ့ဟာ ကိုယ်၊စိတ်၊ နှလုံးကို တာအိုတရားအတွက်ပဲ မြှုပ်နှံထားရတယ်... ချင်းယွင်ကောင်းကင်ဘုံမှာ ဆက်နေလို့ အရှုံးသမား ဖြစ်မသွားပါဘူး”
ချင်မူက လတ်လတ်ဆတ်ဆတ် နဂါးသွားရည်ပုလင်းများ ထုတ်ပြီး မျက်ကန်းကို သောက်ခိုင်းရန် ပြင်နေသည်။
မျက်ကန်းက ခေါင်းတွင်တွင်ခါသည်။ “မသောက်ဘူးနော်... ဒါကြီးတွေက မင့်ခွေးကြီးရဲ့ အာပုပ်ရည်တွေ”
ချင်မူ ကပျာကယာ ပြောလိုက်၏။ “ဒါက အာပုပ်ရည် မဟုတ်ပါဘူး... နဂါးသွားရည်ပါဗျာ ဘိုးဘိုးကလည်း... ဘိုးဘိုးရဲ့ အတွင်းကလီစာတွေက မြေနဂါးရဲ့ အမြစ်တွေကြောင့် အပေါက်ပေါက်နေတယ်လေ... မသောက်ရင် အနာတွေ ပွင့်ထွက်ပြီး သွေးခမ်းသေလိမ့်မယ်”
နဂါးချီလင်က တဟီးဟီး ရယ်သည်။ “ဆရာအိုကြီးမျက်ကန်း၊ ကျွန်တော်က ခွေးကြီးမဟုတ်ပါဘူး... နဂါးချီလင်ပါ... ကျွန်တော့်သွေးက နဂါးနဲ့ ချီလင် စပ်နေတာဗျ.... သောက်သာ သောက်လိုက်ပါ... ဂိုဏ်းသခင် ကျွန်တော့်ဆီက ယူထားတာ သိပ်မကြာသေးတော့ လတ်ဆတ်သေးတယ်”
မျက်ကန်းက ပါးစပ်တင်းတင်းပိတ်ထားသော်လည်း ချင်မူက သူ့ပါးစပ်ကို အတင်းဖြစ်၍ လောင်းထည့်နေသည်။
မျက်ကန်းမှာ လူးလွန့်နေပြီး ဒေါသတကြီး အော်ဆဲနေသည်။ “ခွေးကောင်လေး၊ ကြည့်နေ ငါ နလန်ပြန်ထူတာနဲ့ မင်းကို ဘယ်သူ ကယ်နိုင်မလဲကြည့်”
ချင်မူက သူ့ပါးစပ်ဟလာသည့် အချိန်ကို အခွင့်အကောင်းယူ၍ သွားရည်များ လောင်းထည့်ရင်း ယွီချိန်ကျစ်ဆီသို့ ပြောသည်။ “မင်းပြောနေတာက မင်းရဲ့ ယုံကြည်မှုနဲ့ တခြားစီပါပဲ ဟုတ်တယ်မလား ... တာအိုရသေ့တွေက ကမ္ဘာလောကကြီး ပွက်လောရိုက်နေတဲ့ အချိန်မှာ အပြင်ထွက်လာတတ်ပြီး ငြိမ်းချမ်းသွားတဲ့အချိန်ကျ လောကီလူ့ဘုံနဲ့ အဝေးမှာ ပြန်နေတတ်တယ်... သူတို့အပြင်ထွက်လာတာဟာ ကမ္ဘာလောကကြီးအတွက် ငြိမ်းချမ်းမှုကို ပြန်လည်ဆောင်ကြဉ်းပေးဖို့ပဲ... ပြန်သွားတာကတော့ လောကီလူဘုံဘက်ကို တာအိုနှလုံးသား မယိမ်းယိုင်သွားစေဖို့ပဲ... အခု ကမ္ဘာကြီးဟာ ပွက်လောရိုက်နေပြီ... မင်းရဲ့အစွမ်းအစတွေကို လိုအပ်တယ်”
ယွီချိန်ကျစ်က ခေါင်းယမ်းပြီး ပြောသည်။ “အဲဒီလို ပွက်လောရိုက်နေတဲ့အချိန် ရောက်လာရင် ငါ့ချင်းယွင်ကောင်းကင်ဘုံရဲ့ လက်အောက်မှာ နတ်ဘုရားနိုင်ငံတော် နှစ်ဆယ့်လေးနိုင်ငံ ရှိသေးတယ်... ငါတို့ လိုအပ်နေတဲ့ နေရာတွေ ရှိသေးတယ်”
ချင်မူ အပြုံးမဟုတ်သော အပြုံးဖြင့် ပြောလိုက်၏။ “နတ်ဘုရားနိုင်ငံ နှစ်ဆယ့်လေးနိုင်ငံမှာ ဘယ်လိုစံနှုန်းထားတွေ ရှိလဲတော့ ငါ မသိဘူး... ငါတို့ ပထမဆုံး စတွေ့တုန်းက မင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာဟာ အင်အားနည်းပါးတယ်၊ ရိုင်းပျပြီး လောဘကြီးတယ်လို့ ပြောခဲ့တယ်... ဒါပေမဲ့ နတ်ဘုရားနိုင်ငံ နှစ်ဆယ့်လေးနိုင်ငံအနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စံနှုန်းထားအတိုင်း တိုးတက်ချင်ရင် နှစ်ရာဂဏန်းလောက် အချိန်ယူရလိမ့်မယ်... ဒါ့အပြင် မင်းတို့ ဧကရာဇ်ယန်ဖုန်းတစ်ယောက်၊ ကျန်းပိုင်ကွေ့တစ်ယောက်၊ ချင်မူတစ်ယောက်နဲ့ ကောလိပ်ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ပညာရှင်တွေလည်း လိုအပ်လိမ့်မယ်”
ယွီချိန်ကျစ် တခဏ တိတ်ဆိတ်သွားသည်။ “ငါက တာအိုရသေ့တစ်ပါးပဲ.... မင်းရဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကိုတော့ မဝင်ဘူး”
ချင်မူမှာ တဟားဟား ရယ်လိုက်ပြီး ယွီချိန်ကျစ်၏ ပခုံးကို အားဖြင့် ပုတ်လိုက်သည်။ “နောင်ကြီး၊ ငါက မင်းကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားဖို့ပဲ တိုက်တွန်းနေတာပါ... မင်းမှာ ပါရမီတွေ၊ အရည်အချင်းတွေ ရှိတယ်.. ငါ့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက မင်းအတွက် သိပ်မခမ်းနားသလို၊ ငါ့ဂိုဏ်းမှာ မင်းရဲ့ အရည်အချင်းတွေ ထုတ်ပြနိုင်မယ့် နေရာလည်း မရှိဘူး.. ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာပဲ အဲဒီလိုနေရာမျိုး ရှိတယ်... မင်း သဘောတူရင် ငါ မင်းအတွက် ထောက်ခံစာ ရေးပေးလိုက်မယ်... စာကို ယူပြီး ဧကရာဇ်အတိုင်ပင်ခံနဲ့ သွားတွေ့လိုက်ပါ... သူက မင်းကို သေချာပေါက် တန်ဖိုးထားလိမ့်မယ်... မင့်တစ်ဘဝလုံးရဲ့ ရည်ရွယ်ချက်နဲ့ အဓိပ္ပါယ်ကို တွေး... ချင်းယွင်ဂိုဏ်းခေါင်းဆောင်နေရာကိုပဲ ဆက်ခံမှာလား... ကိုယ့်ကမ္ဘာကြီးကိုယ် ဖန်တီးမှာလား”
နောက်ဆုံးတော့ ယွီချိန်ကျစ် စိတ်ပိုင်းဖြတ်လိုက်ကာ ဦးညွှတ်အရိုအသေပေးသည်။ “ဂိုဏ်းသခင်ချင်ရဲ့ ထောက်ခံစာကို တောင်းလို့ရမလား”
ချင်မူက မဆိုင်းမတွဘဲ စုတ်တံနှင့် စာရွက်ထုတ်ကာ စာတစ်စောင် ရေးသည်။
ယွီချိန်ကျစ်သည် စာကို သိမ်းလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြော၏။ “ဒါဖြင့် ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံဲန့ သွားတွေ့မယ်... ငါ့အရည်အချင်းနဲ့ငါ သူ့စိတ်နှလုံးကို လှုပ်ရှားစေနိုင်ခဲ့ရင် မင်းရဲ့ ထောက်ခံစာကို မထုတ်ဘူး... မလုပ်နိုင်ခဲ့ရင်တော့ ထောက်ခံစာကို သုံးမယ်”
ချင်မူ မှင်သက်သွားသည်။
ယွီချိန်ကျစ်က ကျယ်လောင်စွာ ရယ်ပြီး နှုတ်ဆက်စကားဆိုပြီးနောက် ထွက်သွားသည်။
“ယွီချိန်ကျစ်က အသက်ငယ်သေးပေမယ့် တကယ် အတွေ့အကြုံများတာပဲ”
မျက်ကန်း၏ ဒဏ်ရာများ သက်သာလာသည်။ သူက လက်ထဲတွင် ကောင်းကင်လှံ လုံထော်ကို ကိုင်၍ မျက်လုံးများ မှေးကျဉ်းကာ ပြုံး၏။ “မူအာ၊ ငါတို့တစ်ယောက်နဲ့တစ်ယောက် မပြိုင်တာ ကြာပြီနော်... မင်းရဲ့ သိုင်းအခြေခံ ဘယ်လောက် တိုးတက်လာသလဲတောင် ငါ မသိဘူး... အခုလို ဆုံဖို့ကလည်း ခပ်ရှားရှားဆိုတော့ တစ်ပွဲတစ်လမ်းလောက် နွှဲကြတာပေါ့”
ချင်မူ့မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။
ကောင်းကင်နတ်သိုင်းပေါက်ကွဲသံများ ထွက်ပေါ်လာသဖြင့် နဂါးချီလင်၊ ရေချီလင်နှင့် ကောင်းကင်နတ်အရှင်ယွီတို့ ခေါင်းမော့ကြည့်လိုက်ကြရာ ကောင်းကင်ထဲတွင် တိုက်ခိုက်နေသော ချင်မူနှင့် မျက်ကန်းကို လှမ်းမြင်လိုက်ရ၏။ သူတို့နှစ်ယောက်က ကောင်းကင်တစ်လျှောက် တိုက်ခိုက်သွားပြီးနောက် မြေပြင်တစ်လျှောက် ဖြတ်ပြေးကာ တောင်ထိပ်ပေါ် ရောက်သွားကြသည်။
ကောင်းကင်နတ်အရှင်ယွီမှာ စိတ်ပူနေသည်။ “ငါ့အစ်ကိုကြီး အဆင်ပြေပါ့မလား”
“ဘာမှမဖြစ်ဘူး... ဂိုဏ်းသခင်က အရိုက်ခံရတာနဲ့ အသားကျနေပြီ”
နဂါးချီလင်က ရုတ်တရက် လူတစ်ယောက်လို မတ်တပ်ရပ်ကာ ချီလင်ခေါင်း၊ နဂါးမုတ်ဆိတ်နှင့် ကြံ့ခိုင်တောင့်တင်းသော လူငယ်အသွင် ပြောင်းလဲသွား၏။ သူက သိုင်းကွက်များ ထုတ်လွှတ်၍ ခန္ဓာကိုယ်ကို သန့်စင်နေပြီး မူလဝိညာဉ်ကိုလည်း မွန်းမံနေသည်။ ချီလင်ပုတီးစေ့နှင့် နဂါးပုတီးစေ့သည် သူ့ကို လှည့်ပတ်နေပြီး ကောင်းကင်နှင့်မြေကြီးဆီမှ ဝိညာဉ်စွမ်းအင်များ စုပ်ယူကာ ရောင်ခြည်တန်းများ ထုတ်လွှတ်နေ၏။ ကောင်ကင်နှင့်မြေကြီးဆီမှ ဝိညာဉ်စွမ်းအင်များက သန့်စင်ပြီးသည့်အခါ သူ၏ခန္ဓာကိုယ်နှင့် မူလဝိညာဉ်ကို အားဖြည့်ပေးနေသည်။
ချီလင်ပုတီးစေ့နှင့် နဂါးပုတီးစေ့က တဖျတ်ဖျတ် လင်းလက်ကာ တောက်ပနေပြီး အလွန်များပြားသည့် စွမ်းအင်တို့ ကိန်းဝပ်နေသည်။
ထိုအချိန်တွင် နဂါးချီလင်၏ မူလဝိညာဉ်က ကောင်းကင်နတ်မြစ်တစ်စင်းအထက်၌ ရပ်လျက် မြူခိုးမြူငွေ့များကို ရှူသွင်းရှူထုတ်နေသည်။ မူလဝိညာဉ် အသက်ရှူလိုက်သည့်အခါ ချီလင်ပုတီးစေ့နှင့် နဂါးပုတီးစေ့သည်လည်း အသက်လိုက်ရှူရင်း တစ်ချက်တစ်ချက် ကြီးသွားလိုက်၊ သေးသွားလိုက် ဖြစ်နေ၏။
ရေချီလင်မှာ အံ့အားသင့်သွားပြီး အလျင်အမြန် မေးတော့သည်။ “ညီလေးပိ၊ ဘယ်အချိန်တုန်းက အသွင်ပြောင်းနိုင်သွားတာတုန်း... ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာတောင် ဖွင့်နိုင်သွားပြီတဲ့... ဘယ်တုန်းက လုပ်နိုင်သွားတာတုန်း”
ချီလင်ခေါင်းနှင့် လူငယ်က ကျေနပ်သွားကာ အပြုံးတစ်ခုဖြင့် ပြော၏။ “ခင်ဗျားက ကျွန်တော် ဂိုဏ်းသခင်ဆီမှာ တောက်တဲ့လို အရှက်မရှိ တွယ်ကပ်ပြီး အစာတောင်းစားနေတာပဲ မြင်တယ်... ကျွန်တော် ဘယ်လောက် ကြိုးစားနေလဲ မမြင်ခဲ့ဘူး... အမိကမ္ဘာမြေရဲ့ မြေကမ္ဘာနန်းတော်မှာတုန်းက ကျွန်တော်က အမိကမ္ဘာမြေအနားက သိုင်းပညာရှင်တွေအားလုံးကို ဝင်ရောခဲ့တယ်... သူတို့အားလုံးက ကျောက်စိမ်းမြို့တော်အဆင့် မဟုတ်ရင် နတ်ကောင်းကင်ခန်းမအဆင့်တွေပဲ... သူတို့အကူအညီနဲ့ ကျွန်တော် ရှေးဟောင်းနဂါးကျင့်စဉ်ကို ချီလင်မျိုးနွယ်ရဲ့ ကျင့်စဉ်တစ်ခုနဲ့ ပေါင်းစည်းနိုင်ခဲ့တယ်... အဲဒီအချိန်ကတည်းက ကျွန်တော် လူအသွင်ပြောင်းနိုင်နေပြီ”
ရေချီလင် အံ့ဩသွားသည်။
နဂါးချီလင်က ဆက်ရှင်းပြသည်။ “ကျွန်တော် လူအသွင်ပြောင်းနိုင်ပြီးတဲ့နောက်မှာ ကောင်းကင်ရတနာတွေကို တစ်ခုပြီးတစ်ခု ဖွင့်ခဲ့တယ်... မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါဆိုတဲ့ ဆိုရိုးလိုပေါ့... ဂိုဏ်းသခင်အနားမှာ နေရတော့ ဂိုဏ်းသခင် မတူညီတဲ့ သတ္တမကောင်းကင်ရတနာ နှစ်ဆယ့်ခြောက်မျိုးလုံး ဖွင့်ခဲ့တာ မြင်ခဲ့ရတယ်... ကျွန်တော်က တုံးပေမယ့် လေ့လာနိုင်ပါသေးတယ်... အဲဒါကြောင့် တိတ်တိတ်ကလေးက ကျင့်နေခဲ့တာ... ခင်ဗျား ကောင်းကင်နတ်မြစ်ဘေးမှာ ခင်ဗျားသခင်ဆီကနေ စွမ်းအင်ဆေးလုံးတွေ အရှက်မရှိ တောင်းစားနေတဲ့အချိန်မှာ ကျွန်တော်က ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို ဖွင့်နိုင်ခဲ့ပြီးပြီ”
ရေချီလင် မှင်သက်ကာ ဆွံ့အသွားသည်။
“ဂိုဏ်းသခင်က ကျွန်တော့်ကို ဘာကြောင့် တန်ဖိုးထားလဲ အခု သိပြီလား”
နဂါးချီလင်သည် စကားပြောရင်း ဆက်ကျင့်ကြံနေ၏။ “ဘာကြောင့်လဲဆိုရင် ကျွန်တော်က သန်မာသင့်သလောက် သန်မာလို့ပဲ... စွမ်းအင်ဆေးလုံးတွေက ခင်ဗျားအတွက် အရသာခံပြီး စားဖို့ပဲ မဟုတ်ဘူး... အခြားအဆင့်မြင့်သိုင်းပညာရှင်တွေကို ဖားဖို့လည်း သုံးလို့ရတယ်... ကျွန်တော့်ကို ကြည့်... ကျွန်တော်က ကောင်းကင်ဆရာသခင်ကျစ်ရှီရဲ့ မိစ္ဆာမြည်း လွီကျန်းနဲ့ တွေ့ပြီး သူ့ကို စွမ်းအင်ဆေးလုံးတွေနဲ့ ဖားခဲ့တယ်... သူက ကျွန်တော့်ဆေးလုံးတွေကို စားပြီးတော့ သိုင်းအခြေခံနဲ့ ကောင်းကင်နတ်သိုင်းတွေမှာ အားနည်းချက်တွေ ထောက်ပြပေးခဲ့တယ်... သိုင်းပညာကောင်းကင်ဆရာသခင်ရဲ့ အစ်ကိုကြီးနျိုစန်းသွောနဲ့ တွေ့တုန်းကလည်း သူ့ကို စွမ်းအင်ဆေးလုံးတွေ ကျွေးပြီး သူနဲ့အတူ ဆေးတံမှုတ်ခဲ့သေးတယ်... သူကလည်း ကျွန်တော့်ကို သိုင်းတာအိုကျင့်စဉ်မှာ လမ်းပြပေးခဲ့တယ်... ကောင်းကင်ဆရာသခင် တံငါသည်ရဲ့ ခွန်နီလေးနှစ်ကောင်အပြင် ကျားနတ်မင်းကိုလည်း ဖားခဲ့သေးလို့ သူတို့ဆီက အကြံဉာဏ်တွေ ရခဲ့တယ်”
ရေချီလင်မှာ အကြီးအကျယ် အံ့အားသင့်နေပြီး တလေးတစား ထိုင်ရှိခိုးတော့သည်။
“အခု ဂိုဏ်းသခင်ရဲ့ ဘေးမှာ အဆင့်မြင့်သိုင်းပညာတွေ များသထက် များလာပြီ... ဂိုဏ်းသခင် အဲဒီသိုင်းပညာရှင်တွေနဲ့ ဆွေးနွေးတိုင်း အာရုံစိုက် နားထောင်ပြီး လိုက်တွေးခေါ်ကြည့်ဖို့ လိုတယ်... အဲဒီလိုနည်းနဲ့ ရှုပ်ထွေးလှတဲ့ ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်သိုင်းကွက်ကို အများကြီး သင်ယူနိုင်လိမ့်မယ်”
နဂါးချီလင်က ပြုံးလျက် ပြောသည်။ “ဥပမာ ဆရာအိုကြီးမျက်ကန်း ဂိုဏ်းသခင်နဲ့ ခင်ဗျားရဲ့ သခင်ကို ဝင်္ကပါတာအို သင်ပေးနေတုန်းက အင်မတန် အစွမ်းထက်တဲ့ အသတ်အဖြတ်ဝင်္ကပါ အတော်များများ လိုက်ကျင့်ကြည့်လို့ရတယ်... ခင်ဗျား တစ်ခုခု ရလိုက်လား”
ရေချီလင်မှာ ကြောင်ကြောင်ငေးငေးဖြင့် ခေါင်းယမ်းလိုက်၏။
နဂါးချီလင်က သူ့ကို ကရဏာဒေါသောဖြင့် ကြည့်ပြီး ပါးစပ်ထဲမှ ကျမ်းစာတစ်အုပ် ထွေးထုတ်ပေးလိုက်သည်။ “ဒါက ကျွန်တော် ဖန်တီးထားတဲ့ ကျမ်းစာတစ်ခုပဲ.. ဖတ်ကြည့်ကြည့်လိုက်... ချီလင်မျိုးနွယ် မျက်နှာမပျက်ရစေနဲ့”
ရေချီလင်လည်း ကိုက်သုံးဆယ် မြင့်မားသော လူအသွင်သို့ ကပျာကယာ ပြောင်း၍ ကောင်းကင်နတ်အရှင်ယွီကို သူ့ပခုံးအပေါ်၌ တင်လိုက်သည်။ သူက ကျမ်းစာအုပ်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ သည်းကြီးမည်းကြီး ဖတ်နေသည်။ သူ့အတွက် စာလုံးတစ်လုံးစီတိုင်းသည် ပုလဲသဖွယ် အဖိုးတန်နေ၏။
ကောင်းကင်နတ်အရှင်ယွီက လှမ်းချောင်းကြည့်သော်လည်း ရေချီလင်က ကမန်းကတန်း ကာလိုက်သည်။ သူက ပြုံး၍ ပြောလေသည်။ “သခင်လေး၊ ဒါက ကျွန်တော်တို့လို စီးတော်သားရဲတွေ ကျင့်ကြံရတာ... သခင်လေးအတွက် မဟုတ်ဘူး”
များစွာမကြာလိုက်ဘဲ မျက်ကန်းက ငါးခူပြုံးပြုံးလျက် ပြန်ရောက်လာသည်။ နဂါးချီလင် ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်လှံ လုံထော်၌ ထိုးချိတ်ခံထားရသော ချင်မူ့ကို မြင်လိုက်ရသည်။ သူ့မှာ လေထဲတွင် တန်းလန်းဖြစ်နေ၏။
“ဟီး ဘိုးဘိုးမျက်ကန်းရဲ့ အစွမ်းအစတွေက အံ့မခန်းပါပဲဗျာ” ရေချီလင်က လူထိန်းကျမ်းစာကို ပိတ်၍ မျက်ကန်းအား အမွှမ်းတင်လိုက်သည်။
ချင်မူက အားနည်းနေသော မျက်လုံးများဖြင့် သူ့ကို လှမ်းကြည့်ကာ ပြော၏။ “ဒီနေ့ည ချီလင်ကင် စားမယ်”
ရေချီလင် ဇက်ပုသွားပြီး သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ဒီလူထိန်းကျမ်းစာက အင်မတန် နက်နဲတယ်... ငါ့သိုင်းအခြေခံနဲ့ လိုက်မမှီသေးတော့ အခု သုံးလို့မဖြစ်သေးဘူး... အဲဒါမှ အဖားလွန်ပြီး နားမကားမှာ”