ငါ့ ဓားက သဘော မကောင်းဘူး။
Vol. 109 Ch. 1520
မုရုံချန် ပြောသော စကား များသည် အဓိပ္ပာယ် ရှိလေသည်။ နောက်ခံ မရှိသော လူ တစ်ယောက် ဆိုက၊ ၎င်း၏ ညှိနှိုင်းချက်ကို သဘော တူပေမည်။
ဂြိုဟ်သိမ် ခါးပတ် လမ်း၌၊ မိစ္ဆာ ဂိုဏ်း (၇)ဂိုဏ်း၏ နဂါးသွေး လွှတ်ကြော နယ်ပယ် သင်းထောက် များနှင့် ကျွမ်းကျင် သူများ ရှိသည်။
လောက နိယာမ နယ်ပယ် ကျွန်းကျင်သူ များပင် ရှိနေရာ သူ့ကို အလွယ် တကူ သတ်ပစ် နိုင်သည်။ သို့သော် လင်းယွန်သည် သက်တံဓား သူတော်စင် တပည့် ဖြစ်၏။
သည့်အပြင် လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများထံမှ၊ တစ်နာရီကြာ ကာကွယ် ပေးနိုင်သော ဂိုဏ်းချုပ်၏ အဆောင် ရတနာ လည်း ရှိသည်။
ဆရာ သခင်မှ ပေးထား ခဲ့သော ပုံတူ ပန်းချီသည်၊ မိစ္ဆာဂိုဏ်း (၇)ဂိုဏ်းပေါင်း လျှင်ပင်၊ မယှဉ် နိုင်သော နောက်ခံ ဖြစ်သည်။
ဓားဂိုဏ်းနှင့် ဓားသူတော်စင် ရှိနေ သည့်နောက် မည်သူ့ ကိုမျှ ဦးညွှတ် နေရန် မလိုချေ။
“ မင်းက ငါ့ရဲ့ ငရဲပန်းကို လိုချင် နေတာလား။ ”
မုရုံချန်က လှောင်ပြောင် လိုသော အပြုံးဖြင့်၊
“ ဒါဆို ငရဲ သွားနှင့် ... ။ ”
-ဟု ဆိုကာ ရုတ်ချည်း လှုပ်ရှား လာသည်။
သူ့ခန္ဓာ ကိုယ်သည် ကြယ် စွမ်းအင်များ ပြည့်နေသော ပင်လယ်ကြီး အလား ပြောင်းလဲ သွား၏။
သူ့လက်ကို မြှောက်လိုက်သော အခါ၊ ကောင်းကင်မှ ပြုတ်ကျ လာသော လှိုင်းလုံးကြီး တစ်လုံး ကဲ့သို့၊ စွမ်းအား တစ်ခု ကျဆင်း လာသည်။
“ ရွှပ် ... ။ ”
သို့သော် လင်းယွန်မှ လက်ဓားဖြင့် ခုတ်ပိုင်းကာ ထိုလှိုင်းကို ခုတ်ခွဲလျက် မုရုံချန် အား၊ ပြန်လည် တွန်းထုတ် လိုက်သည်။
“ ဘယ်လိုတောင် အစွမ်းထက် လိုက်တဲ့ ကြယ်စွမ်းအင် တွေလဲ ... ။ ”
မုရုံချန် တစ်ယောက် အံ့သြ တကြီး မျက်ခုံးပင့် လိုက်မိသည်။ တစ်ဖက် လူသည်၊ တစ်စုံ တစ်ရာ ထူးဆန်း နေ၏။
ကြယ်ရှစ်ပွင့် တွင်သာ ရှိနေ သော်လည်း၊ ၎င်း၏ ဓားရည်ရွယ် ချက်ဖြင့် သူ့အား အလွယ် တကူ နှိမ်နင်း နိုင်ခဲ့သည်။
သူ့ တိုက်ခိုက်မှုသည် စုံစမ်း ရန်သာ ဖြစ်သကဲ့သို့၊ တစ်ဖက် လူ မှလည်း ပေါ့ပေါ့ ပါးပါး တုန့်ပြန် လာခြင်း ဖြစ်၏။
“ ကမ္ဘာဖျက် လှိုင်းများ ... ။ ”
ကြောက်မက်ဖွယ် ကောင်းသော လှိုင်းလုံးများ ကောင်းကင်ကို ခွဲကာ ကျဆင်း လာပြန်သည်။
ဤသည်မှာ ငရဲ ကမ္ဘာ ခန်းမ၏ တစ္ဆေ ဝိညာဉ် ပညာရပ် ဖြစ်ပြီး၊ လက်ဖဝါး ရိုက်ချက် တိုင်းသည်၊ ကြောက်စရာ ကောင်းသော စွမ်းအားကို ထုတ်လွှတ် ပေးနေ၏။
၎င်းဖြင့် မျိုးဆက်တူ အတွင်း ပါရမီရှင် အားလုံးကို နှိမ်နင်း နိုင်ခဲ့သည်။
“ ကျင့်ကြံမှုခြင်း ယှဉ်ချင် တာလား၊ မင်း နောင်တ ရမှာ ... ၊ ငါ စိုးမိတယ်။ ”
နတ်နဂါး ဖန်တီးခြင်း ဆေးလုံးကို သန့်စင် ထား သောကြောင့်၊ လင်းယွန်က ထိတ်လန့်ခြင်း မရှိချေ။
“ ဂျိန်း ... ။ ”
လက်ညှိုး တောက်ထုတ် လိုက်သော အခါတွင်၊ ဓားရောင်ခြည် များက၊ မိုးကြိုး မုန်တိုင်း အလား ပြေးထွက် သွားသည်။
“ ခရစ် ... ။ ”
ဆယ်ကြိမ် ပြီးနောက် ဓားရောင်ခြည် အားလုံးကို ပေါင်းစပ်ကာ၊ သူ့ လက်ကို ဝှေ့ယမ်း လိုက် သည်နှင့်၊ မုရုံချန်း အောက်ရှိ သမုဒ္ဒရာ လှိုင်းထ ကွဲအက် လာသည်။
“ စိတ်ဝင် စားဖို့ ကောင်းတယ် ... ၊ ဒီလက်ဖဝါးကို မင်း ဘယ်လို ဖြေရှင်း မလဲ ကြည့်ရအောင်။ ”
သမုဒ္ဒရာက မီးလျှံများ တောက်လောင် လာပြီး၊ မြစ်များ အသွင် အပိုင်းပိုင်း ကွဲထွက် သွားသည်။
“ ဖျစ် ဖျစ် ... ။ ”
မီးမြစ် ထောင်ပေါင်း များစွာကို သယ်ဆောင်လျက်၊ မုရုံချန်၏ လက်ဖဝါးက ထပ်မံ ကျဆင်း လာပြန်သည်။
ငရဲ ကမ္ဘာ ခန်းမ၏ တစ္ဆေ ဝိညာဉ် ပညာ ရပ်သည် အထင်ကြီးစရာ ကောင်းကြောင်း ဝန်ခံ ရပေမည်။
သို့သော် ဤမျှဖြင့် သူ့အား အနိုင်ယူ နိုင်မည်ဟု ထင်ထားသော်၊ မုရုံချန် တစ်ယောက် နုံအ လွန်းသည် ဟုသာ ပြောချင် မိ၏။
ကောင်းကင် ဓားရေကန်သည် သရုပ်ဖော် အဆင့်သို့ ရောက်ရှိနေ သဖြင့်၊ မည်သည့် တစ္ဆေ ဝိညာဉ် ပညာရပ် ကိုမှ မကြောက်ချေ။
သမုဒ္ဒရာကို ထောင်ပေါင်း များစွာသော မြစ်များ အဖြစ် ပြောင်းလဲ ပေးနိုင် သကဲ့သို့၊ သူ သည်လည်း၊ တစ်ရာ့ရှစ် ပါးသော ဖြစ်စဉ်နှင့် အတူ၊ ကောင်းကင် ဓားရေကန် တစ်ကန်ကို ဖန်တီး နိုင်သည်။
ဖြစ်စဉ် အားလုံး ထပ်တူ ကျလာသော အခါ၌၊ လင်းယွန် ဓားရောင်ဝါသည် မကြုံ စဖူး မြင့်မားလာ ခဲ့သည်။
ထို့ကြောင့် မုရုံချန်၏ မီးမြစ် များမှာ တစ်လက်မ မျှပင် ထပ်မတိုး နိုင်တော့ချေ။ ကောင်းကင် မြစ် ဆင်းသက် လာချိန်၌၊ လုံးဝ ငြိမ်းကုန် တော့၏။
“ ဘုန်း ... ။ ”
မီးမြစ်များ ပျောက်ကွယ် သွားသည်နှင့်၊ သူ့လက်သီးက မုရုံချန် အပေါ်သို့ လွတ်လွတ် ကျွတ်ကျွတ် ထိမှန် သွားသည်။
“ ဝေါ့ ... ။ ”
သွေးအန်လျက် မုရုံချန်မှ၊ နောက်ပြန် ဆုတ်သွားသည်။ လင်းယွန်က ခြေတစ်လှမ်း လှမ်းတက် လိုက်ပြီး၊ မုရုံချန်အား ထပ်မံ တိုက်ခိုက် တော့သည်။
ဤသို့ဖြင့် မျက်စိ တစ်မှိတ် အတွင်း နှစ်ဦးသား လှုပ်ရှားမှု ဆယ်ကြိမ်ခန့် ဖလှယ်ပြီး ဖြစ်လေသည်။
“ ဝေါ့ ... ။ ”
ရလာဒ် အနေဖြင့်၊ မုရုံချန် ခမျာ နောက်ထပ် သွေး တစ်လုတ် အန်လျက်၊ နောက်ဆုတ် ပေး လိုက်ရ လေသည်။
ဤတစ်ကြိမ်၌ ငရဲပန်းကို ဆင့်ခေါ်ကာ၊ ဟန်ချက် ထိန်းယူ လိုက်ရသည် အထိ၊ မုရုံချန် တစ်ယောက် အခြေ အနေ ပျက်သွားသည်။
ငရဲ ပန်းကို ကြည့်ကာ၊ လင်းယွန်မှ အံ့သြလာသည်။ ငရဲကမ္ဘာ ခန်းမတွင် အရိယာ ဓားသုတ္တန် ကဲ့သို့၊ နည်းစနစ် တစ်မျိုး ရှိနေပုံ ရ၏။
“ ဝှစ် ... ။ ”
မုရုံချန်က မြေပြင် ပေါ်သို့၊ ဆင်းသက် လိုက်ပြီး၊ သူ့နှုတ်ခမ်း ထောင့်စွန်းမှ သွေးများကို သုတ်လိုက်သည်။ ဒဏ်ရာမှာ အပေါ်ယံ မျှသာ ဖြစ်၏။
“ ဖြောင်း ဖြောင်း ဖြောင်း ... ။ ”
ထိုအချိန်တွင် လူ တစ်ဦးက လက်ခုပ် တီးလျက်၊ ခန်းမထဲ လှမ်းဝင် လာသည်။ ၎င်းမှာ သဘာဝ အတိုင်း လင်ချင်းယွီ ဖြစ်၏။
“ ဓားရေး တစ်ရပ်ကို၊ သရုပ်ဖော် အဆင့် အထိ၊ ကျွမ်းကျင် နေတဲ့ လူကို၊ ဒါ ... ပထမဆုံး အကြိမ် မြင်ဖူး ရတာပဲ၊ ဒါတောင် ဓား မဆွဲရ သေးဘူး၊ မင်းရဲ့ ဓားကိုသာ ...
... ဆွဲလိုက်ရင် ဘယ်လောက်တောင် အန္တရာယ် ပေးနိုင် မလဲ ဆိုတာ ... တွေးကြည့် နေမိတယ်၊ ဒါက မင်း ဘယ်သူလဲ ဆိုတာကို ပိုပိုပြီး သိချင် လာတယ်။ ”
လင်းယွန်နှင့် မုရုံချန်က လင်ချင်းယွီအား မြင်သော်မှ မအံ့သြချေ။ သူတို့ နှစ်ဦး စလုံးသည် လင်းချင်းယွီ၏ တည်ရှိ မှုကို ကြာမြင့်စွာ ကတည်း ကပင် သိရှိပြီး ဖြစ်သည်။
ထို့ကြောင့် အပြင်းထန် ဆုံးသော တိုက်ခိုက်မှု များကို၊ အသုံးပြု ခဲ့ကြ သော်လည်း၊ အားစမ်း နေကြဆဲ ဖြစ်သည်။
ယင်းကို လင်ချင်းယွီ မှလည်း သိသည်။ သို့တိုင် မုရုံချန်မှာ သနား စရာ ကောင်းသော အခြေ အနေမျိုး ကြုံနေရ သဖြင့်၊ လှမ်းဝင် လာခြင်း ဖြစ်သည်။
“ လင်ချင်းယွီ ဆုံးဖြတ်ချက် ချဖို့ ...၊ မင်းက ဒီလောက်တောင် အချိန်ယူ ရလား။ ”
မုရုံချန်မှ လှမ်းပြော လိုက်သည်။ သူတို့ စကားပြော နေစဉ်၊ သေတ္တာ ပေါ်ရှိ တံဆိပ်မှာ ပျောက်ကွယ် သွားသည်။
ကျယ်လောင်သော ဟောက်သံ နှင့်အတူ၊ အပြာရောင် အလင်းများ အခန်းထဲ ပြည့်လျှံ လာသည်။
သေတ္တာ ထဲမှ နေ၍၊ ရှည်လျားသော နဂါး အရိုး တစ်ချောင်း ဖြည်းဖြည်းချင်း တိုးထွက် လာသည်။
၎င်းအရိုး၏ ပတ်ပတ် လည်တွင် အခိုးအငွေ့များ ရစ်သိုင်း နေပြီး၊ သိပ်သည်း သော ရောင်ဝါများ ဖြာထွက် နေသည်။
ထိုရောင်ဝါက သူတို့ သုံးဦးကို အဝေးသို့ တွန်းထုတ် တော့၏။ ဤသည်မှာ နတ်နဂါးပြာ အရိုး ဖြစ်သဖြင့် သုံးယောက်သား မျက်နှာ ပြောင်းသွားသည်။
နဝမမြောက် အဆင့်၌ ရှိနေ မည်ဟု ခန့်မှန်းထား သော်လည်း၊ မျက်မြင် တေွ့လိုက် ရသည့် အခိုက်တွင်၊ စိတ်လှုပ်ရှား ကုန်ဆဲ ဖြစ်သည်။
ထို့အပြင် နတ်နဂါးပြာ အရိုး၏ မျက်နှာ ပြင်ရှိ ရူရ်ထံမှ၊ ဘုရင် တစ်ပါး ရောင်ဝါကို သူတို့ ခံစားရ လေသည်။
“ မူလ နတ်ဘုရား ရူရ် ... ။ ”
ဘုရင် အဆင့် နတ်နဂါးပြာ၏၊ အရိုး ဖြစ်သဖြင့် သုံးယောက်သား လောဘ မီးများ တောက်လောင် လာသည်။
ချင်းကန်၏ ရွှေနဂါး အရိုးတွင်၊ မူလ သူတော်စင် ရူရ်သာ ပါရှိ သဖြင့်၊ နတ်ဘုရား ရူရ် ပါသော အရိုးသည် မည်မျှ ရူးသွပ်ဖွယ် ဖြစ်မည် ကို ပြောစရာ လိုမည်၊ မထင်ချေ။
အသက် ပြင်းပြင်း ရှူလျက် လင်းယွန်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းယူ နေရလေ သည်။
“ မုရုံချန် ... ၊ ငါတို့ လက်တွဲဖို့ မင်း စိတ်ကူး ရှိလား။ ”
“ ဒါပေါ့ ... ၊ ဒီနတ်နဂါးပြာ အရိုးကို၊ အပြင်လူ တစ်ယောက် လက်ထဲ၊ ပေးလိုက်လို့ ဘယ်ဖြစ် မလဲ။ ”
နှစ်ယောက်သား ညှိနှိုင်းနေ သံကြောင့် လင်းယွန်က လှောင်ပြုံး ပြုံးမိသည်။ ဤသတင်း သည်သာ ပျံ့နှံ့ သွားသော်၊ လူ အများ တုန်လှုပ် ကြပေမည်။
“ ငါတို့ကို အရှက် မရှိ ဖူးလို့၊ အပြစ် မတင် ပါနဲ့၊ မင်း ကံ မကောင်းဖူး လို့သာ ကိုယ့်ကိုယ်ကို ယူဆပါ၊ ဒီကို လာတဲ့ လမ်းမှာ ... ၊ ဓားဒဏ်ရာနဲ့ တစ်စုံ တစ်ယောက်ကို၊ ငါ ကြုံခဲ့တယ်။ ”
လင်ချင်းယွီက ပြုံးလျက် ပြောလာသည်။
“ မှန်တယ် ... ၊ ဒီကမ္ဘာမှာ တရား မျှတမှု ဆိုတာ မရှိဘူး၊ စောစော တုန်းက မင်းကို အခွင့် အရေး၊ ငါပေးခဲ့ ပါတယ်။ ”
မုရုံချန် မှလည်း အေးစက်စွာ ပြောသည်။ နှစ်ယောက်သား လင်းယွန် ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း လိုက်မိ၏။
လင်းယွန်သည် သန်မာသည် မှန်သော် ငြားလည်း၊ သူတို့ နှစ်ဦးကို အနိုင်ယူ နိုင်မည်ဟု မထင်ချေ။
“ ဟုတ်လား ... ။ ”
ဓားသေတ္တာ ထဲမှ၊ ပန်းသင်္ချိုင်း ဓား လွင့်ထွက် လာပြီး၊ လင်းယွန်၏ လက်ထဲသို့ သက်ဆင်း လာသည်။
ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင် လိုက်သော အခါ၊ သူ့အသွင် အပြင်နှင့် စိတ်နေ စိတ်ထားမှာ၊ ပြောင်းလဲ သွား လေသည်။
အကြည့် များက ထက်ရှ လာပြီး၊
“ မင်းတို့ အခု နောင်တရဖို့ ... ၊ အချိန်မီ သေးတယ်၊ မဟုတ်ရင် ငါ့ဓားက ငါ့လို သဘော ကောင်း နေမှာ မကောင်းဘူး။ ”
-ဟု ပြောလိုက် တော့၏။
***