ရန်သူကို အိပ်မက်ထဲမှာ သတ်ဖြတ်ခြင်း
Vol. 107 Ch. 1113
‘ငါ ဒီလမ်းကို ရွေးပြီးပြီဆိုမှတော့ အဆုံးထိ လျှောက်ရမှာပဲ’ သဏ္ဍာန်မဲ့ နတ်မင်းဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ တကယ်လည်း သဏ္ဍာန်မဲ့နတ်မင်းမှာ ရွေးချယ်စရာ မရှိပါဘူး။ အမှောင်သခင်ကြီးနဲ့ ပူးပေါင်းတာက စွန့်စားလွန်းရာ ရောက်ပါတယ်။ အမှောင်သခင်ကြီးက သူ့ကို လက်ခံရင်တောင် နောက်ကျ အကျိုးအမြတ် အများကြီး ရနိုင်မှာ မဟုတ်ပါဘူး။
အခုအချိန်က ဘက်ရွေးဖို့ နောက်ကျလွန်းသွားပါပြီ။
နောက်ပြီး အမှောင်သခင်ကြီး နိုင်နိုင်ခြေက သိပ်မရှိပါဘူး။
အဲဒါကြောင့် သဏ္ဍာန်မဲ့နတ်မင်းဟာ ပြန်ပြီးတော့ အိပ်စက်ပါတယ်။ ဟန်ကျွယ် ပြောသလိုပဲ ကပ်ဘေး ပြောင်းလဲမှာကို စောင့်ဆိုင်းပါတယ်။
အမှောင်ထု သက်ဆင်းလာပြီးနောက် ဟန်ကျွယ်ဟာ ပြဿနာတွေ ထပ်မတွေ့ရပါဘူး။ ယွမ်ရှီကျယ်ဝမ်ဆီကိုလည်း ဘယ်သူမှ အစာလာမကျွေးကြပါဘူး။ အဲဒါကြောင့် ယွမ်ရှီကျယ်ဝမ်ဟာ ဂနာမငြိမ် ဖြစ်လာပြီး အမှောင်ထုကိုကြည့်ကာ မကြာမကြာ ဟိန်းဟောက်ပါတယ်။
ဟန်ကျွယ်ဟာ သူ့မြေးရဲ့ ခေါင်းပေါ်မှာထိုင်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
အမှောင်သခင်ကြီး ပေါ်လာကတည်းက သူ့မိတ်ဆွေတွေ လှုပ်ရှားတာ ပိုပိုများလာပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေကတော့ ပိုပိုနည်းသွားပါတယ်။
လောကဦးပဋိပက္ခနဲ့ ပဋိပက္ခ ပူးပေါင်းဖို့ကတော့ အချိန်ယူရဦးမှာပါ။
ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဟန်ကျွယ် စောင့်နိုင်ပါတယ်။ အခုအချိန် ဟန်ကျွယ်မှာ အပေါဆုံးက အချိန်ပါ။
အမှောင်သခင်ကြီးက ဟန်ဟွမ်နဲ့ ပဋိပက္ခကိုးပါးကို အနိုင်ယူလိုက်တဲ့ သတင်းဟာ ပဋိပက္ခမှာ တောမီးလို ပျံ့နှံ့သွားပါတယ်။ ဒီကိစ္စက ဝှက်ထားလို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ရိုးသားမှ အချင်းချင်း မုန်းတီးမှုတွေကို လွှတ်ချနိုင်မှာပါ။ အမှောင်သခင်ကြီးက စွမ်းအားကြီးလေလေ လောကဦးပဋိပက္ခနဲ့ ပဋိပက္ခ ပူးပေါင်းဖို့ မျှော်လင့်ချက် များလေလေပါပဲ။
လောကဦးခန်းမ။
ဟန်ဟွမ်ဟာ အမျက်ချောင်းချောင်း ထွက်ပြီး လူတိုင်းကို ဆဲဆို ကြိမ်းမောင်းပါတယ်။ ဒါပေမဲ့ ဘယ်သူမှ သူ့ကို စိတ်မဆိုးကြဘဲ ဆက်ပြီးတော့ စိတ်ရှည်လက်ရှည် ဖျောင်းဖျကြပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဟန်ဟွမ်က အမှောင်သခင်ကြီးကို တစ်ကိုယ်တော် စိန်ခေါ်ချင်နေတာကြောင့်ပါ။
လီတောက်ခုံးရဲ့ ညွှန်ကြားချက်ကြောင့် တာအိုအရှင်သခင်ဟာ ကျို့ကဲ့ဂျိသွမ်ဆီ သွားပါပြီ။ ဒါကို ဟန်ဟွမ် သိသွားတဲ့အခါ ယမ်းပုံမီးကျ ဖြစ်သွားပါတယ်။ ဟန်ဟွမ်ရဲ့ ပညာသင်ဖော် ပညာသင်ဘက်တွေဟာ ဟန်ဟွမ်က ဒေါသ တကယ်ထွက်တာ မဟုတ်ဘဲ စိတ်ခံစားချက်တွေ ပုံချဖို့ လိုနေတယ်ဆိုတာ သိကြပါတယ်။
ဟန်ဟွမ်ဟာ တကယ်ကို စိတ်ခံစားချက်တွေ ပုံချဖို့ လိုနေတာပါ။ အမှောင်သခင်ကြီးကို ရင်ဆိုင်ရတဲ့ ဘယ်သူမဆို ပြိုလဲမှာပါ။
တစ်အောင့်ကြာလို့ ရင်ထဲ ရှင်းသွားတဲ့အခါ ဟန်ဟွမ်ဟာ နေရာမှာ ပြန်ထိုင်ပြီး စိတ်ပျက်လက်ပျက် ပြောလိုက်ပါတယ် “ဒီလိုဆိုမှတော့ ပူးပေါင်းကြတာပေါ့၊ ငါ တံခါးပိတ် ကျင့်ကြံဖို့ ပြင်ဆင်ထားတယ်၊ လောကဦးပဋိပက္ခရဲ့ ကိစ္စတွေကိုတော့ မင်းလက်ထဲ အပ်ခဲ့မယ်၊ ယွမ်ရှီကျယ်ဝမ်ကိုတော့... လောလောဆယ် ဂရုစိုက်စရာ မလိုဘူး၊ မဟုတ်ရင် အထိအခိုက် များလိမ့်မယ်”
လူတိုင်းဟာ ဟန်ဟွမ်ရဲ့ စကားကို သဘောတူကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ဟန်ဟွမ် မျက်လုံးထဲက ထိတ်လန့်မှုကို သတိမထားမိလိုက်ကြပါဘူး။
ဟုတ်ပါတယ်။ ထိတ်လန့်မှုပါ။
ဒါက ဟန်ဟွမ် ပထမဆုံးအကြိမ် ဒီလိုခံစားချက်မျိုး ရှိတာပါ။
သူတစ်ယောက်ပဲ ယွမ်ရှီကျယ်ဝမ်က သတ်ဖြတ်တဲ့ သားရဲတစ်ကောင် မဟုတ်ဘူးဆိုတာကို သိပါတယ်။ ယွမ်ရှီကျယ်ဝမ်က သူဖန်တီးထားတဲ့ သူ့သားပါ။ ဒါပေမဲ့ သူ့တာဝန်ကို ဆောင်ရွက်နိုင်အောင် ဟန်ဟွမ်ဟာ ယွမ်ရှီကျယ်ဝမ်ရဲ့ အသိဉာဏ်ကို ချိပ်ပိတ်ထားခဲ့ပါတယ်။
မူလအသွင်က သားရဲနဲ့တူတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အများကြီးပါ။ သူတို့တွေရဲ့ မူလအသွင်က တော်တော်လေး ကြောက်ဖို့ကောင်းပါတယ်။ ပညာရှိပုံစံ ပြောင်းထားလို့သာ ကြည့်ကောင်းနေရုံတင်ပါ။
ဟန်ဟွမ်ဟာ ခန်းမထဲကနေ ချက်ချင်း ကွယ်ပျောက်သွားပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်ရင်းတွေဟာ သူတို့လုပ်စရာရှိတာကို စလုပ်ကြပါတယ်။
နှစ်ထောင်ချီ ကြာတဲ့အခါမှာတော့ လောကဦးပဋိပက္ခနဲ့ ပဋိပက္ခဟာ ပူးပေါင်းပြီး အတူတူ အလုပ်လုပ်ကြပါတယ်။ အမှောင်သခင်ကြီးကို ယုံကြည်သူတွေကလည်း အတူစုစည်းပြီး ကျို့ကဲ့ဂျိသွမ်ထက် မနိမ့်ကျတဲ့ အမှောင်ဂိုဏ်းကို တည်ဆောက်ကြပါတယ်။
ဒီအချိန်မှာ အင်အားစုအသီးသီးဟာ အမှောင်သခင်ကြီးက မနေ့တစ်နေ့ကမှ ပေါ်လာတာ မဟုတ်ဘဲ အစောကြီးကတည်းက ကြိုတင်ကြံစည်ထားတယ် ဆိုတာကို နားလည်သွားကြပါတယ်။ သူတို့ရဲ့ နှာခေါင်းအောက်မှာ အမှောင်သခင်ကြီးရဲ့ လွှမ်းမိုးမှုက ဒီလောက်တောင် ကြီးမားနေပြီ မဟုတ်ပါလား။
တန်ခိုးစွမ်းအား ကြီးမားလာတဲ့ အမှောင်ဂိုဏ်းဟာ အမှောင်သခင်ကြီးကို စရှာပါတယ်။ သူတို့ကို တားရဲရင် ဘယ်အင်အားစုပဲဖြစ်ဖြစ် တိုက်ခိုက်ပါတယ်။ အမှောင်ဂိုဏ်းမှာ မဟာတာအိုပညာရှိချုပ် လေးငါးပါး ရှိပေမဲ့ မဟာတာအိုပညာရှိချုပ်ကတော့ နည်းနည်းပဲ ရှိပါတယ်။ သူတို့ရဲ့ ဂိုဏ်းဝင် အများစုက လွတ်လပ် တာအိုပညာရှိတွေနဲ့ ရိုးရိုးတာအိုပညာရှိတွေပါ။
ယွမ်ရှီကျယ်ဝမ်ရဲ့ ရောင်ဝါကြမ်းဟာ တော်တော်လေးကိုမှ အားကောင်းလွန်းပါတယ်။ အဲဒါကြောင့် အမှောင်ဂိုဏ်း အမှောင်သခင်ကြီးကို ရှာဖို့ဆိုတာ မခက်ပါဘူး။
ရှီတုတောက်နဲ့ ကျင်းတျန်ကုန်းဟာ အမှောင်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေ ဖြစ်လာပါတယ်။ ရှုံဟွာအင်အားစုကို ထောက်တိုင်ထားပြီး အမှောင်ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ လျင်မြန်စွာ ဖြစ်ပေါ်လာပါတယ်။
ရှီတုတောက်တောင် ဟန်ကျွယ်ကို အလျင်စလို မနှောင့်ယှက်ရဲပါဘူး။ အဲဒါကြောင့် ရှီတုတောက်ဟာ ယွမ်ရှီကျယ်ဝမ်နဲ့ ခပ်လှမ်းလှမ်းမှာ အမှောင်ဂိုဏ်းသားတွေကို အရင်စုစည်းပါတယ်။ ပြီးတော့မှ ရှီတုတောက်နဲ့ ကျင်းတျန်ကုန်းဟာ ယွမ်ရှီကျယ်ဝမ်နားကို ကပ်လာကြပါတယ်။
ရှီတုတောက်နဲ့ ကျင်းတျန်ကုန်းဟာ ကြောက်စရာကောင်းတဲ့ ယွမ်ရှီကျယ်ဝမ်ကို ကြည့်ပြီး ရင်ထိတ်သွားကြပါတယ်။ အမှောင်သခင်ကြီး မရှိရင် ဒီသားရဲက သူတို့ကို ဝါးမျိုသွားလောက်ပါပြီ။
‘အမှောင်သခင်ကြီးက ငါတို့ကို မစွန့်ပစ်လောက်ပါဘူး’
ရှီတုတောက်နဲ့ ကျင်းတျန်ကုန်းဟာ ရှိသမျှ သတ္တိတွေကို စုစည်းပြီး ယွမ်ရှီကျယ်ဝမ်ဆီ ပျံသန်းလာကြပါတယ်။ ယွမ်ရှီကျယ်ဝမ်ဟာ ရှီတုတောက်နဲ့ ကျင်းတျန်ကုန်းကို တွေ့လိုက်ရတဲ့အခါ စိတ်လှုပ်ရှားသွားပါတယ်။
ရှီတုတောက်နဲ့ ကျင်းတျန်ကုန်းကို ယွမ်ရှီကျယ်ဝမ် စားခါနီးမှပဲ ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ကို လှမ်းဆွဲလိုက်တဲ့အတွက် ရှီတုတောက်နဲ့ ကျင်းတျန်ကုန်းဟာ ယွမ်ရှီကျယ်ဝမ်ရဲ့ မျက်စိရှေ့ကနေ ကွယ်ပျောက်ပြီး ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်။
အစကနေ အဆုံးအထိ ယွမ်ရှီကျယ်ဝမ်ဟာ ဟန်ကျွယ်ကို အာရုံမခံမိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က ယွမ်ရှီကျယ်ဝမ် သူ့ကို အာရုံမခံမိအောင် ခေါင်းပေါ်မှာ အရံအတားတစ်ခု စီရင်ထားတာကြောင့်ပါ။
ရှီတုတောက်နဲ့ ကျင်းတျန်ကုန်းဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး တလေးတစား ဦးညွှတ်လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ တော်တော်လေးကိုမှ စိတ်လှုပ်ရှားနေကြပါတယ်။ နှစ်သန်းရာချီ ကြာပြီးနောက် အမှောင်သခင်ကြီးနဲ့ မျက်နှာချင်းဆိုင် စကားပြောနိုင်ပြီ မဟုတ်ပါလား။
ဒါက အိပ်မက်လည်း မဟုတ်တော့သလို စိတ်ကူးယဉ်တာလည်း မဟုတ်တော့ပါဘူး။
ဟန်ကျွယ်ဟာ ရှီတုတောက်နဲ့ ကျင်းတျန်ကုန်းကို တွေ့လိုက်ရတဲ့အခါ တော်တော်လေး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပါတယ်။ သူတို့နှစ်ယောက်ရဲ့ သစ္စာရှိမှုက ဟန်ကျွယ်ကိုတောင် ယုံရခက် ဖြစ်စေပါတယ်။
“ငါ မင်းတို့ ကြိုးစားအားထုတ်ခဲ့တာတွေကို သိတယ်၊ ဒီနေ့ ငါ မင်းတို့ကို ပထမဆုံး တာအိုဟောကြားပေးမယ်၊ ဒီမဟာတာအို အနန္တကပ်ဘေးမှာ မင်းတို့တွေ ငါ့ကို စိတ်ကျေနပ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
အဲဒီနောက် ဟန်ကျွယ်ဟာ ရှီတုတောက်နဲ့ ကျင်းတျန်ကုန်းတို့ နှစ်ယောက်ကို တာအိုသုံးသပ်နားလည်တဲ့ အခြေအနေထဲရောက်အောင် ပို့လိုက်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အတွေးတွေဟာ အမှောင်သခင်ကြီးက သူတို့ကို တစ်ဦးချင်း တာအိုဟောကြားနေတဲ့ ပုံရိပ်ယောင်ထဲ ဆွဲသွင်းခံလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ခပ်လှမ်းလှမ်းက အမှောင်ဂိုဏ်းကို လှမ်းကြည့်လိုက်ပါတဘ်။ အမှောင်ဂိုဏ်းက တန်ခိုးစွမ်းအား ကြီးမားပေမဲ့ ဟန်ကျွယ်မျက်စိထဲမှာတော့ နယ်ရုပ်အဆင့်ပဲ ရှိပါတယ်။ ဒီအင်အားစုက ပဋိပက္ခထဲမှာ ပြဿနာရှာနိုင်တာ အမှန်ပါ။
အမှောင်ထု သက်ဆင်းလာတာ ဒီလောက် ကြာသွားပေမဲ့ ပဋိပက္ခနဲ့ လောကဦးပဋိပက္ခက ဘာမှမလှုပ်ရှားသေးပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်ဟာ နည်းနည်း စိတ်မရှည် ဖြစ်လာပြီး အမှောင်ဂိုဏ်းကနေတစ်ဆင့် ဖိအားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အမှောင်ဂိုဏ်းဝင်တိုင်းကို အိပ်မက်ပေးပြီး သူတို့ရဲ့ ရန်သူတွေကို အိပ်မက်ထဲမှာ သတ်နိုင်တဲ့ ဆန်းကြယ်စွမ်းအား သင်ပေးလိုက်ပါတယ်။ ဒီအထဲမှာ ရှီတုတောက်နဲ့ ကျင်းတျန်ကုန်းလည်း ပါပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခဆီ လုံးဝ မျှော်လင့်ချက် ကင်းမဲ့မှုကို ဆောင်ယူချင်ပါတယ်။ အိပ်မက်ထဲမှာတောင် မျှော်လင့်ချက် မရှိစေချင်ပါဘူး။
နှစ်ငါးထောင် ကြာတဲ့အခါမှာတော့...
ရှီတုတောက်နဲ့ ကျင်းတျန်ကုန်းဟာ အမှောင်ဂိုဏ်းနဲ့ ထွက်ခွာသွားပါတယ်။ သူတို့တွေဟာ ယွမ်ရှီကျယ်ဝမ်ဘေးမှာ နေဖို့ မသင့်တော်ပါဘူး။
မကြာခင်မှာပဲ အမှောင်ဂိုဏ်းဟာ ပဋိပက္ခရဲ့ ချောင်ကြိုချောင်ကြားတိုင်းမှာ ပေါ်လာပါတယ်။
အမှောင်ဂိုဏ်းဟာ သူတို့ရဲ့ ရန်သူတွေဆီ အိပ်မက်ထဲကနေ သွားလည်ကြပါတယ်။ သူတို့တွေ အဲဒီလို အိပ်မက်ထဲကနေ သွားလည်တိုင်း အမှောင်ဂိုဏ်းသားတွေဟာ သူတို့ရန်သူရှေ့ကို နေရာပြောင်းရွှေ့သွားတဲ့အတွက် အမှောင်ဂိုဏ်းဟာ နေရာတိုင်းမှာ ပေါ်လာတာ ဖြစ်ပါတယ်။
တစ်ယောက်ယောက်က သူတို့ကို သတ်ချင်ရင်တောင် အမှောင်ဂိုဏ်းသားတွေဟာ ဒီဆန်းကြယ်စွမ်းအားကို အသုံးပြုပြီး တခြားရန်သူရှေ့ ရောက်သွားပါတယ်။
ဒီအဖြစ်ကြောင့် ပဋိပက္ခဟာ ထပ်ပြီးတော့ ကျီးလန့်စာစား ဖြစ်လာပါတယ်။ ကျောက်ရွှမ်ကွမ်းလည်း သူ ဆက်ပြီးတော့ စောင့်နေလို့ မရတော့ဘူးဆိုတာ သဘောပေါက်သွားပါတယ်။ အဲဒါကြောင့် ကျောက်ရွှမ်ကွမ်းဟာ တခြားပဋိပက္ခရှစ်ပါးကို ခေါ်ဆောင်ပြီး ဟန်ဟွမ်ဆီ အလည်သွားပါတယ်။
ဒီအချိန်မှာ ဟန်ဟွမ်က သူတို့ကိုယ်သူတို့ လောကဦးနတ်ဘီလူးလို့ ခေါ်တဲ့ လူနှစ်ယောက်နဲ့ တွေ့ဆုံနေပါတယ်။ ဒီလူနှစ်ယောက်က မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ကလွဲပြီး ဘယ်သူတွေများ ဖြစ်နိုင်ဦးမှာလဲ။
သူတို့နှစ်ယောက်ဟာ ဟန်ဟွမ် ကူကယ်ရာမဲ့တဲ့ အချိန်ကို စောင့်ဆိုင်းနေကြတာပါ။ ဒါပေမဲ့ အမှောင်သခင်ကြီး ပေါ်လာတာကို တွေ့လိုက်ရတဲ့အခါ သူတို့နှစ်ယောက်ဟာ ကပ်ဘေးထဲ စောစော ဝင်ရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပါဘူး။
အမှောင်သခင်ကြီးက စွမ်းအားကြီးလွန်းပါတယ်။ ဟန်ဟွမ်က သူ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဟွမ်ဇွမ်တျန်နဲ့ မူလလောကဦးတို့ ပေါ်လာတာ ဖြစ်ပါတယ်။
ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ဟွမ်ဟာ မူလလောကဦးရဲ့ နောက်ခံကို ကြားတဲ့အခါ မျက်လုံးထဲမှာ သတ်ဖြတ်ငွေ့ ယှက်သမ်းသွားပါတယ်။ အရင်တုန်းက မူလလောကဦးဟာ ဟန်ဟွမ်ကို အိပ်မက်ပေးပြီး သူသေကိုယ်သေ တိုက်ခိုက်ဖို့ စိန်ခေါ်ခဲ့ဖူးပါတယ်။
အခုတော့ ဖန်တီးမှုက သူတို့ကို အရူးလုပ်လိုက်ပါတယ်။ သူတို့နှစ်ယောက် အခုလိုမျိုး ပူးပေါင်းရလိမ့်မယ်လို့ ဟန်ဟွမ် ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူးး။
“မင်းက လောကဦးနတ်ဘီလူးဆိုတာကိုတော့ ငါ ယုံပါတယ်၊ ဒါပေမဲ့ ဟွမ်ဇွမ်တျန်ကရော ဘယ်လိုဖြစ်တာလဲ... သူက ဘယ်လိုလုပ်ပြီး လောကဦးနတ်ဘီလူး ဖြစ်လာတာလဲ”
ဟန်ဟွမ်ရဲ့ စူးရှတဲ့ အကြည့်ဟာ ဟွမ်ဇွမ်တျန်ဆီ ရောက်သွားပါတယ်။ ဟန်ဟွမ်ဟာ မျိုးနွယ်တူ ရောင်ဝါကို ဟွမ်ဇွမ်တျန်ဆီကနေ ခံစားမိပါတယ်။ ဒီခံစားချက်က ဟန်ဟွမ် တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်ပါ။ ဒီခံစားချက်ကြောင့် ဟန်ဟွမ်ဟာ စိတ်လှုပ်ရှားသလို ဝေခွဲမရလည်း ဖြစ်ပါတယ်။
ဟွမ်ဇွမ်တျန် “ဒါတွေ အားလုံးက မူလလောကဦးကို ကျေးဇူးတင်ရမယ်၊ သူ အရင်တုန်းက ငါ့ခန္ဓာကိုယ်ကို သုံးပြီး ရှင်သန်ခဲ့တယ်လေ၊ အဲဒီတော့ အကြွေး ပြန်ပေးရတာပေါ့”
ဟန်ဟွမ်ဟာ မူလလောကဦးကို ပြန်ကြည့်ပြီး မေးလိုက်ပါတယ် “မင်းက နောက်ထပ် လောကဦးနတ်ဘီလူးကို ဖန်တီးနိုင်တာလား”
မူလလောကဦးဟာ ဟန်ဟွမ် ဘာတွေးနေလဲဆိုတာကို သိတာကြောင့်...
“ဘယ်က ဖန်တီးနိုင်ရမှာလဲ၊ ဟွမ်ဇွမ်တျန်က ကံကောင်းသွားတာ၊ ပဋိပက္ခက လောကဦးနတ်ဘီလူး အများကြီးကို တောင့်မခံနိုင်ဘူး၊ ငါတို့တွေ တည်ရှိနိုင်တာက မဟာတာအို အနန္တကပ်ဘေးကြောင့်ပဲ၊ ငါတို့တွေ အတူပူးပေါင်းပြီး အမှောင်သခင်ကြီးကို ဖျက်ဆီးကြမယ်၊ ပြီးရင် အဆုံးမဲ့ခေတ်ကို တည်ထောင်ကြတာပေါ့”
“အဲဒီအချိန်ရောက်ရင် လောကဦးနတ်ဘီလူးက တစ်ဦးမက ရှိလာလိမ့်မယ်၊ ငါတို့ချည်းပဲ လောကဦးနတ်ဘီလူး ဖြစ်နေတော့မှာ မဟုတ်ဘူး၊ ဒီကိစ္စကို အကြောင်းပြုပြီး လောကဦးနတ်ဘီလူး မျိုးနွယ်စုတောင် မွေးဖွားလာနိုင်တယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။