ငိုကြွေးဝိညာဉ်ပုလဲ
Vol. 34 Ch. 464
ဟန်လိသည် သူမထံသို့ တချက်လှမ်းကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။
ဒါက သိပ်အားစိုက်မထုတ်ရပါဘူး။ အခု ရောင်းရင်းယွမ်လည်း အန္တရာယ်ကနေ လွတ်သွားပြီဆိုတော့ ကျုပ် သွားတော့မယ်…”
ထို့နောက်တွင် ဟန်လိသည် တစ်ဖက်သို့ လှည့်ကာ ဆက်နေရန် ဆန္ဒမရှိဘဲ လှမ်းလျှောက်လာသည်။
သေလုနီးပါး တွေ့ကြုံခဲ့ရမှုကြောင့် တုန်လှုပ်နေဆဲ ဖြစ်သော ယွမ်ယောင်သည် သည့်အတွက်ကြောင့် မျက်နှာဖြူရော်သွားပြီး တစ်ယောက်တည်း ခရီးထပ်ဆက်နိုင်စွမ်း မရှိတော့ပေ။ သူမသည် ခပ်မြန်မြန် လှမ်းပြော၏။
“အစ်ကိုဟန်…ကျမ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းတောင် ကျမ မပြောရသေးပါဘူး…”
ထိုမိန်းမလှ၏ နူးညံ့လှသော အသွင်ဟန်သည် မြင်ရသူ ယောက်ျားသားများ၏ နှလုံးသားကို အရည်ပျော်ကျသွားစေနိုင်၏။
သို့သော် ဟန်လိကမူ နောက်ပြန်လှည့်မကြည့်။ မထုံတတ်တေးဖြင့်သာ တုန့်ပြန်သည်။
“ကျေးဇူးတင်ဖို့ မလိုပါဘူး။ ကျုပ်က ခင်ဗျားကို အခိုက်အတန့်လောက်ပဲ ကူညီပေးခဲ့တာပဲကို။ တစ်လမ်းလုံး ကူညီပေးနိုင်မှာမှ မဟုတ်တာ။ ခင်ဗျားဘာသာ အကောင်းဆုံး လုပ်ဆောင်လိုက်ပါ အမျိုးသမီးယွမ်…”
ထိုသို့ ပြောပြီးနောက်မှာ ဟန်လိသည် မီတာလေးဆယ်လောက်အကွာသို့ ရောက်နှင့်နေပြီး ဖြစ်သည်။ သူ၏ အရှိန်ကိုလည်း မလျှော့ပေ။
ထိုသည်မှာ ယွမ်ယောင်၏ မျက်နှာသည် ကြောက်လန့်မှုကြောင့် ပို၍ ဖြူရော်သွားသည်။ သူမသည် ချစ်ချစ်တောက်အပူကို ဆက်ပြီး ခုခံဖို့ အင်အား မရှိနေတော့ပေ။ သူမတစ်ယောက်တည်းဖြင့် သံမီးပုရွက်ဆိတ်များနှင့် ကြုံရမည်ဆို ပြောနေရန်ပင် မလိုတော့ပေ။ သူမ၏ အသက်အတွက် ဟန်လိကို လက်လျော့၍ မဖြစ်ချေပေ။ သို့သော် ရလဒ်ကမူ သူမ၏ စွဲညှို့သော တောင်းပန်မှုက လုံးဝ လစ်လျူရှုခံရကာ ဟန်လိသည် အဝေးသို့ ရောက်သွားလေပြီ။
သူမသည် ဟန်လိ၏ မထူးခြားနား တုန့်ပြန်မှုကြောင့် စိုးရိမ်ကြောင့်ကြ များသွားလေ၏။
သူမက အံတင်းတင်းကြိတ်ကာ ပြောသည်။
“ကျေးဇူးပြုပြီး စောင့်ပါအုံး။ ရောင်းရင်းဟန်က ဒီလမ်းကြောမှာ ကျမကို ကာကွယ်ပေးမယ်ဆို ကျမက ရှင့်ကို မဟာ ရတနာတစ်ခုနဲ့ ကျေးဇူးဆပ်ပါ့မယ်။ ရှင့်ရဲ့ မှော်စွမ်းအားကို အချည်းနှီး အသုံးမပြုရစေပါဘူး…”
“မဟာရတနာတစ်ခု ဟုတ်လား…” ဟန်လိသည် စဉ်းစားသည့်ဟန် ဖြစ်ပေါ်သွားသည်။ ဟန်လိ စိတ်ဝင်စားသွားတာ မြင်သည့်အခါ သူမသည် တုံ့နှေးမနေဝံ့ပေ။
“ကျမက တာအိုရောင်းရင်းကို အစိမ်းရောင်ပေါက်ကွဲမီးတောက် ရတနာ ပေးချင်ပါတယ်…”
“ခင်ဗျား အစောပိုင်းတုန်းက အသုံးပြုခဲ့တဲ့ အစိမ်းရောင်အတောင့်လား။ ဒါက သာမန်တော့ မဟုတ်ဘူး…”
ဟန်လိသည် အလေးအနက်စဉ်းစားနေဟန်ဖြင့် ဖြည်းဖြည်းချင်း တစ်ဖက်သို့ လှည့်သည်။
သူသည် ထိုအမျိုးသမီးကို ကယ်တင်ရန် လှုပ်ရှားခဲ့သည့် အချိန်မှစ၍ သူမကို အမှန်တကယ် လစ်လျူရှုဖို့ အမှန်တကယ် စိတ်ကူးမထားခဲ့ပေ။ ထို့အပြင် သူမကို ကယ်တင်ခဲ့ချိန်၌ သူ့စိတ်ထဲတွင် တခြားအကြောင်းရင်းတစ်ခု ရှိခဲ့သည်။ သူ၏ ပြီးခဲ့သောလုပ်ဆောင်မှုသည် ရှေ့နှစ်လမ်း တိုးရန် နောက်သို့ ခြေတစ်လှမ်း ဆုတ်ခြင်းပင်။ ထိုအမျိုးသမီးသည် အခုအခါ သူ၏ အကူအညီကို စတောင်းဆိုလာပြီ ဖြစ်၍ သူ၏ ရည်ရွယ်ချက်မှာ ပြည့်ဝသွားခဲ့ပြီ။ သူသာ သည့်ထက် ပိုတောင်းဆိုခဲ့လျှင်ပင် သူမသည် လက်ခံလိမ့်မည်ဟု ထင်သည်။
ထိုမိန်းမလှမှာလည်း ဤသည်ကို ကောင်းကောင်း နားလည်သည်။ ဟန်လိကို သူမဘက်က တစ်ခုခု ပေးရမည်သာ ဖြစ်၍ ယွမ်ယောင်သည် အကူအညီမဲ့ဟန်ဖြင့် ဆက်ပြောရန်ကလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
“အစိမ်းရောင်ပေါက်ကွဲမီးတောက်တွေဟာ မိစ္ဆာတာအိုရဲ့ အစစ်အမှန်ယန်ဂိုဏ်းက လျှို့ဝှက်သန့်စင်ခဲ့တဲ့ မီးဗုံးတွေပါ…”
“ဒီမီးဗုံးတစ်ခုစီကို သန့်စင်ဖို့ ရှားပါးလှတဲ့ ရင်းမြစ်အမြောက်အများ လိုအပ်ရုံသာမက အချိန်လည်း အများကြီး ပေးရတယ်။ ဒါက စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ရဲ့ ယန်အနှစ်သာရမီးတောက်တစ်ခုနဲ့ ညီမျှတယ်။ ကျမမှာ အဲ့မီးဗုံး သုံးခု ရှိသေးတယ်။ ဒါတွေ ရှင့်ကို ပေးနိုင်ပါတယ်…”
ထိုအမျိုးသမီး၏ အမူအရာသည် ပို၍ ပြတ်သားလာပုံ ရသည်။ သူမသည် သူမ၏ သွယ်လျဖြူလှသော လက်ကို ရှေ့သို့ ဆန့်သည်။ အစိမ်းရောင်အလင်းတောက်ပနေသော အတောင့်သုံးခု လှစ်ဟပေါ်၏။
ထိုအခိုက်တွင် ဟန်လိသည် မနှေးမမြန် လျှောက်လာပြီး ၎င်းအတောင့်သုံးခုကို တချက် လှမ်းကြည့်သည်။ သူက တည်ငြိမ်စွာ ပြော၏။
“အစိမ်းရောင်ပေါက်ကွဲမီးတောက်က ထူးကဲတဲ့ ရတနာတစ်ခုပါ။ ဒါပေမဲ့ ဒါက ကျုပ် စွန့်စားပေးရမယ့် အရာအတွက်တော့ မလုံလောက်သေးဘူး။ ဒီလမ်းကြောင်းမှာ ခင်ဗျားကို ခေါ်သွားပေးမယ်ဆို အနည်းဆုံးတော့ ကျုပ်ရဲ့ မှော်စွမ်းအား ကုန်ဆုံးမှုဟာ နှစ်ဆ ဖြစ်မှာ သေချာတယ်။ ဒီအန္တရာယ်အတွက် ဒီလောက်က ထိုက်တန်ရဲ့လားလို့ ရောင်းရင်းယွမ်က အမှန်တကယ် ထင်နေတာလား…”
ဟန်လိ၏ စကားလုံးထဲတွင် လှောင်ပြောလိုသည့် သဘောအရိပ်အမြွက် ပါနေသည်။
ယွမ်ယောင်၏ လှပသော အမူအရာမှာ အချိန်အတော်ကြာသည့်အထိ အမျိုးမျိုး ပြောင်းနေသည်။ ထို့နောက်မှာတော့ သူမသည် ဆွဲဆောင်မှု ရှိစွာ ပြုံးသည်။
“အစ်ကိုဟန်…ကျေးဇူးပြုပြီး ရှင် တောင်းဆိုချင်တာကို အားမနာတမ်း ပြောပါ။ ဒီအမျိုးသမီးငဘ်က ကွေ့ပတ်မပြောချင်ပါဘူး။ ရောင်းရင်းက ကျမရဲ့ နှလုံးသားကို ရယူချင်တာများ ဖြစ်နိုင်လား…”
ယွမ်ယောင်သည် သူမ၏ တင်နှင့်ရင်ကို ပေါ်လွင်စေပြီး ထူးကဲလှသည့် ဖွံ့ဖြိုးမှုကို ပြသသည်။ သူမ၏ တောက်ပရွှန်းလဲ့သော မျက်လုံးထဲတွင်လည်း စွဲလမ်းမှုထက် လွန်ကဲသော အကြည့်တစ်မျိုးဖြင့် ပြည့်နေသည်။
ဟန်လိသည် ထိုအမျိုးသမီး၏ အံ့အားသင့်ဖွယ် အလှကြောင့် အတော်အတန် မင်သက်သွားရသည်ပင်။ သို့သော် ခဏအကြာတွင် သူက မျက်လုံးမှေးစင်းလျက် သူမ၏ ဘက်စုံဖွံ့ဖြိုးလှသော အလှတစ်ရာကို စူးစမ်းကြည့်သည်။ ထိုအမျိုးသမီးသည် သူ၏အကြည့်ကြောင့် ရှက်သွားဖြာသွား၏။ သူမ၏ မျက်လုံးက ပို၍ တောက်ပလာခဲ့ပြီ။ ယောက်ျားသားတို့ လက်လွှတ်ဖို့ငှာ မစွမ်းသာသော အကြည့်မျိုးကို ထုတ်ဖော်လို့နေသည်။
ဟန်လိသည် သူ့မေးစေ့ကို ပွတ်၍ အရောင်လဲ့ဖြာနေသော အကြည့်နှင့်အတူ တည်ငြိမ်စွာ ပြောသည်။
“မျှော်လင့်ထားသလိုပါပဲ။ ယွမ်ယောင်ရဲ့ လှပတဲ့ရုပ်သွင်နဲ့ စွဲညှို့မှုပညာရပ်တို့ကို ပေါင်းစပ်လိုကတော့ တကယ်ကို ပြိုင်ဘက်မဲ့လှပါတယ်။ ဒါပေမဲ့ ဒါက ကျုပ် အပေါ်မှာတော့ သက်ရောက်မှု မရှိဘူး။ တာအိုရောင်းရင်းယွမ်အနေနဲ့ အဲ့လိုညှို့ငင်မယ့်အစား မှော်စွမ်းအားကို ချွေတာတာကသာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်…”
သူမ၏ စွဲညှို့ခြင်းမှာ မအောင်မြင်သည့်အခါ သူမသည် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလာတော့သည်။
“ဟန်…ရှင်က ဘယ်လောက် မသိတတ်လိုက်လဲ။ ရှင်အနေနဲ့ အမျိုးသမီးတွေအပေါ် နည်းနည်းလေးတောင် ငဲ့ညှာမှုကို ဆုပ်ကိုင် မထားဘူးပဲ…”
ဟန်လိသည် ပြုံး၍ ပြောသည်။
“အမျိုးသမီးယွမ်က ဘယ်လိုကြောင့် ခုလို ပြောနိုင်ရတာလဲ။ ဒါက ကောင်းကင်လေဟာနယ်ခန်းမလို အန္တရာယ်များလှတဲ့ နေရာသာ မဟုတ်ခဲ့ရင် ကျုပ်က ခင်ဗျားကို ကျိန်းသေပေါက် ငြင်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေရာမှာကတော့…ဟားဟား…”
ရှင် အိပ်မက်မက်နေတာပဲ။ ဒီနေရာမှာသာ မဟုတ်ရင် ကျမက ခုလိုမျိုး ရှင့်ရဲ့ ရင်ခွင်ထဲ တိုးဝင်ဖို့ ဖြစ်နိုင်ပါ့မလား…”
ယွမ်ယောင်သည် ဟန်လိကို မကျေမနပ်နှင့် တစ်ချက်လှမ်းကြည့်သည်။
“ကြည့်ရတာ ကျုပ်က လူမှား ကယ်ခဲ့မိပြီပဲ။ ဒီလိုဆိုမှတော့ ကျုပ်လည်း ရောင်းရင်းယွမ်ရဲ့ နှလုံးသား ကျုပ်ကို ပေးတာ မလိုချင်တော့ပါဘူး။ ပြီးတော့ ကျုပ် ကယ်တင်ပေးခဲ့တဲ့အတွက်လည်း ခင်ဗျားအနေနဲ့ ကျေးဇူးတင်ကြောင်း ပြသဖို့ မလိုပါဘူးလေ။ ကျုပ်ဘာသာပဲ ထွက်သွားပါတော့မယ်…”
ဟန်လိသည် ထိုအမျိုးသမီးအပေါ် တန်ပြန်စိတ်ခုသွားသည့်ဟန်ဖြင့် လက်နှစ်ဖက်ဆုပ်၍ သူမကို နှုတ်ဆက်ကာ ထွက်သွားရန် ဟန်ပြင်သည်။
ထိုသည်ကို မြင်သည့်အခါ ယွမ်ယောင်၏ စကားများသည် ချက်ခြင်းကို နူးညံ့သွားတော့သည်။ သူမသည် ချစ်ခင်သနားစဖွယ်အသွင်ဟန်ပန် ပြန်ဖြစ်သွားသည်။
“အစ်ကိုဟန်…ကျမ မှားပါတယ်။ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ဒီချောရည်ခဲလမ်းကြောင်းကို ဖြတ်သန်းဖို့ ရှင် ကူညီပေးဖို့ဆို ကျမဘက်က ဘာပြန်ပေးရမလဲ အားမနာတမ်းသာ ပြောပါ။ ရှင် ပြောသလို ကျမအနေနဲ့ ကျိန်းသေပေါက် လုပ်ပါ့မယ်။ ရောင်းရင်းဟန်က လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က တစ်ခါ တွေ့ခဲ့ဖူးပြီး မထင်မှတ်ဘဲ တစ္ဆေမြူတွေကို ဖြတ်သန်းရင်း ပြန်တွေ့ဆုံခဲ့တဲ့ ဒီသနားစရာ ကျမကို ကူညီပေးချင်စိတ်များ မရှိဘူးလား။ ရတနာတွေနဲ့ ပတ်သက်ပြီးလို့ကတော့ အစိမ်းရောင်ပေါက်ကွဲမီးတောက်တွေကလွဲလို့ ကျမမှာ ရှင့်ကို ပေးစရာ အခြားရတနာတွေလည်း မရှိတော့ပါဘူး…”
ဟန်လိသည် တမျိုးတမည် ပြုံးနေသော်လည်း စိတ်ထဲကနေမူ အံ့ဩထိတ်လန့်စွာ ခံစားမိနေသည်။
ယွမ်ယောင်သည် တကယ့်ကို အပြောင်းအလဲ မြန်လှသူပင်။ သူမ၏ ခုလက်ရှိ အကူအညီမဲ့စွာ တောင်းပန်မှုမှသည် အစောပိုင်းတုန်းက သူမ၏ ရင့်ကျက်မှု၊ စွဲညှို့နိုင်ခြင်း၊ မာန၊ ကျော့ရှင်းလှပသည့်ဟန်တို့တို့အားလုံးသည် ဟန်လိကို တမူထူးသော အထင်အမြင်တစ်ခု ဖြစ်စေခဲ့သည်။ မည်မျှ ထူးဆန်းလိုက်သနည်း။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာလောက်က ချီစုဆောင်းခြင်းအဆင့်မှသည် အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သော ထိုအမျိုးသမီးသည် သာမန်မဟုတ်ဟု အဓိပ္ပာယ်ရနေသည်။
ထိုအတွေးဖြင့် ဟန်လိသည် တစ်ကိုယ်တည်း တီးတိုး ရေရွတ်မိ၏။ ယွမ်ယောင်ကမူ ဟန်လိကို စိတ်ပူပန်တကြီး စိုက်ကြည့်နေလျက် အကူအညီမဲ့နေသည့်ဟန်ပန် ဖြစ်ပေါ်နေသည်။
ခဏအကြာတွင် ဟန်လိသည် မော့ကြည့်လျက် ပြောလာသည်။
“အမျိုးသမီးယန်ကို အခုလို မတော်တဆ ပြန်တွေ့ပြီးမှ ကျုပ်က မကူညီဘူးဆို ကျုပ်ဟာ တကယ်ပဲ နှလုံးသားကင်းမဲ့တဲ့သူ ဖြစ်တဲ့ပုံ ပေါ်သွားလိမ့်မယ်။ ဒါပေမဲ့လို့ ကျုပ်ကလည်း အလကား လုပ်ပေးတတ်တဲ့သူမျိုး မဟုတ်ပြန်ဘူး။ ရောင်းရင်းယွမ်က ဒီချောရည်ခဲလမ်းကြောင်းကို ဖြတ်သန်းဖို့အတွက် ကျုပ်ကို ကူညီပေးစေချင်တယ်ဆိ ဒီလို လုပ်ပါလား။ ခင်ဗျားရဲ့ ငိုကြွေးစိတ်ဝိညာဉ်သားရဲ ကျုပ်ကို ပေးနိုင်မလား။ ကျုပ်အနေနဲ့ အဲ့သားရဲ စိတ်ဝိညာဉ်ရဲ့ စုပ်ယူတဲ့စွမ်းရည်တွေအပေါ် အတော်လေး စိတ်ဝင်တစား ရှိမိတယ်…”
နောက်ဆုံးတွင်တော့ ဟန်လိသည် ထိုအမျိုးသမီးထံမှ သူ အစတည်းက လိုချင်နေသော အရာကို ထုတ်ပြောခဲ့လေပြီ။ ထိုထူးခြားသောသားရဲနှင့်ဆို သူသည် တစ္ဆေအိုကြီးအရိုးသခင်နှင့် အတူတူ ပူးပေါင်းလုပ်ဆောင်ရန် ယုံကြည်ချက် ပိုရှိလာနိုင်မည် ဖြစ်၏။ သူ တွေ့မြင်ခဲ့သလောက်ဆို ၎င်းငိုကြွေးစိတ်ဝိညာဉ်သားရဲသည် အားနည်သည်ဟု မဆိုသာပေ။
“ရှင်က ငိုကြွေးဝိညာဉ်သားရဲကို လိုချင်တာလား…”
ဟန်လိထံမှ စကားကို ကြားသည့်အခါ ယွမ်ယောင်သည် မျက်လုံးပြူးကျယ်သွား၏။ သူမသည် သူ ပြောခဲ့သော စကားများကို မယုံကြည်နိုင် ဖြစ်နေသည့်အလား။
“ဘာလဲ…မရနိုင်ဘူးလား…” ဟန်လိသည် မျက်နှာပျက်သွားပြီး သူ၏အသံမှာ အေးစက်လာ၏။
“ကျမကသာာ အဲ့သားရဲ ရှင့်ကို ပေးမယ်ဆို တကယ်ပဲ ဒီချောရည်ခဲလမ်းကြောင်းကို ဖြတ်သန်းဖို့ ရှင် ကျမကို ကူညီပေးမှာလား…”
ယွမ်ယောင်သည် ထူးခြားသောဟန်ပန်ဖြင့် ဟန်လိကို စိုက်ကြည့်နေရင်း တခွန်းချင်း မေးသည်။
“အမှန်ပါပဲ…” ဟန်လိသည် မျက်မှောင်ကြုတ်သွားပြီး သေချာသည့်ဟန်ဖြင့် ပြောသည်။ သူက တစ်ခုခုတော့ လွဲနေပြီဟု ခပ်ရေးရေး ခံစားမိသည်။
“ကောင်းပါပြီ။ ဒါဆိုလည်း ကျမ ရှင့်ကို အဲ့သားရဲ ပေးပါ့မယ်…”
ဟန်လိထံမှ သေချာပြီဟု သိသည့်အခါ သူမသည် ချက်ခြင်းပင် ခါးရှိ သားရဲသိုလှောင်အိတ်ကို ယူကာ ဟန်လိထံသို့ တွေဝေခြင်းမရှိ လှမ်းပေးသည်။
ဟန်လိသည် စိတ်ထဲ၌ ပူပန်သွားမိ၏။ သူမသည် ငိုကြွေးစိတ်ဝိညာဉ်သားရဲ သူ့ကို ပေးရန် အယ်ကြောင့် ခုလောက်ထိ အလောတကြီး ဖြစ်သွားရသနည်း။ ၎င်းသားရဲနှင့် ပတ်သက်ပြီး တစ်ခုခုများ မှားယွင်းမှု ရှိနေတာလား။
ထိုသို့ ခဏ တွေးပြီးနောက်မှာ ဟန်လိသည် စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်ကို တည်ငြိမ်စွာ ထုတ်ယူသည်။ သူက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ထိုသားရဲကို သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ဝေ့ခတ်ကြည့်ရှုသည်။ ဟန်လိသည် ခေါင်းငုံ့ပြီး စိတ်ဝိညာဉ်သားရဲအိတ်ကို သူ့ခါးမှာ ချိတ်လိုက်သည်။ သူသည် တစ်စုံတစ်ခုကို ပြောမည်ဟု တွေးနေစဉ် ယွမ်ယောင်က ပါးစပ်ဟပြီး သူမ၏ လက်ဝါးထဲသို့ မီးခိုးရင့်ရောင်ပုလဲတစ်ခုကို ထွေးထုတ်သည်။
“ဒါက ငိုကြွေးစိတ်ဝိညာဉ်ပုလဲပဲ။ ဒီပစ္စည်းနဲ့ ငိုကြွေးစိတ်ဝိညာဉ်သားရဲကို ထိန်းချုပ်နိုင်တယ်။ ရှင်က ဒီပစ္စည်းကို သန့်စင်လိုက်မယ်ဆို ငိုကြွေးစိတ်ဝိညာဉ်သားရဲက ရှင်နဲ့အတူ ထာဝရ ရှိနိုင်လိမ့်မယ်။ ကျမကတော့ ဒီသားရဲကို ပိုင်ဆိုင်တာ သိပ်မကြာသေးတဲ့အတွက် ဒီပုလဲကို လုံးဝ မသန့်စင်ရသေးဘူး။ ရှင့်အနေနဲ့ ဒီပုလဲပေါ်က ကျမရဲ့ စိတ်ဝိညာဉ်အာရုံ အရိပ်အယောင်တွေကို အတင်းအကြပ် ဖယ်ရှားပြစ်ဖို့ ဘာပြဿနာမှ မရှိနိုင်ပါဘူး…”
ယွမ်ယောင်သည် တဟားဟား ရယ်မောကာ ၎င်းကို ဟန်လိထံသို့ လှမ်းပေးသည်။
ဟန်လိသည် ဝိညာဉ်သားရဲကို စိတ်ဝင်စားဟန်ဖြင့် ကြည့်သည်။ သူက ၎င်းကို မယူသေးပေ။ ထိုပုလဲမှာ ငိုကြွေးဝိညာဉ်သားရဲကို ထိန်းချုပ်ရသည့် တစ်စုံတစ်ခု ဖြစ်ကြောင်းကို နတ်သမီးခရမ်းဝိညာဉ်ထံမှ သူ သိထားပြီး ဖြစ်၏။
နောက်ပိုင်းတွင် ယွမ်ယောင်သည် ၎င်းငိုကြွေးစိတ်ဝိညာဉ်သားရဲကို ချောမွေ့စွာ ထိန်းချုပ်နိုင်စွမ်း မရှိခြင်းသည် ထိုစဉ်တုန်းက သူမက ငိုကြွေးဝိညာဉ်ပုလဲကို အပြည့်အဝ မသန့်စင်ရသေးသောကြောင့်မှန်း ဟန်လိ သဘောပေါက်ခဲ့သည်။ ဤသည်က ထိုထူးခြားသောသားရဲကို သူ့အနေဖြင့် ပိုစိတ်ဝင်သွားစေ၏။
သို့သော် သူမသည် သူ့ကို နူးညံ့သောဟန်ပန်ဖြင့် ၎င်းသားရဲအား ခုလောက်ထိ အလျင်အမြန် ပေးလာတာ မြင်သည့်အခါ ဟန်လိသည် ပို၍ ချီတုံချတုံ ဖြစ်လာပြီး ထိုပုလဲအား အလျင်စလို မယူတော့ပေ။