သန့်စင်ထားသော သလင်း
Vol. 34 Ch. 466
“ကျုပ်တို့ အတူတူလာခဲ့တဲ့ လမ်းတစ်လျှောက်မှာ ပုရွက်ဆိတ်အုပ် ဘယ်လောက်များများကို ချေမှုန်းခဲ့ပြီးပြီလဲ…”
ဟန်လိသည် မြေပြင်ထက်ရှိ အင်းဆက်အလောင်းများကို ကြည့်လျက် ဖြည်းဖြည်းချင်း မေးလိုက်သည်။
“အုပ်စုခုနစ်ခုပါ…။ ကျမတို့က ပုရွက်ဆိတ်အုပ်စု အများအပြားနဲ့ ကြုံခဲ့ရတယ်ဆိုပေမယ့် အရေအတွက် တစ်သောင်းလောက်ရှိတဲ့ အုပ်စုနဲ့တော့ လုံးဝ မကြုံခဲ့ရဘူး…”
ဟန်လိ၏ဘေးတွင် ရပ်လျက် ယွမ်ယောင်သည် နာခံစွာ ပြန်ဖြေသည်။
သူတို့ အတူတူ လျှောက်လာခဲ့တာ နေ့တစ်ဝက်လောက်တော့ ရှိခဲ့လေပြီ။ ဟန်လိသည် ထိုအရေအတွက်ကို ကြားသည့်အခါ မျက်မှောင်ကြုတ်သည်။ သူ့အမူအရာမှာလည်း ပို၍ ပျက်ယွင်းလာသည်။ သူ့စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများ ရှိနေသည့်အလား။
ခဏ စဉ်းစားပြီးနောက်မှာ သူက ပုရွက်ဆိတ်အလောင်းများကို ဝါးမြိုပြီးသော သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာများထံ လက်ဝေ့ယမ်သည်။ ၎င်းတို့က သူ့အမိန့်ကို နာခံပြီး စူးရှသောအလင်းတိမ်တိုက်တစ်ခုအဖြစ်သို့ အသွင်းပြောင်းကာ သူ၏ သားရဲသိုလှောင်အိတ်များထံ ပြန်၍ ပျံသန်းလာကြသည်။ ထို့နောက်တွင် ဟန်လိသည် ၎င်းတို့ကို တည်ငြိမ်စွာ သိမ်းဆည်းလိုက်သည်။
“ဘာလို့များလဲ…တာအိုရောင်းရင်းဟန်က မပျော်မရွှင်ဟန် ဖြစ်နေတဲ့ပုံပဲ။ ကျမတို့ ကန္တာရနဲ့ အန္တရာယ်အများဆုံးဖြစ်တဲ့ ဗဟိုချက်နေရာကို ဖြတ်သန်းလာခဲ့ပြီးပြီလေ။ ရှေ့ဆက်မယ့်လမ်းက အများကြီး ပိုဘေးကင်းနိုင်မယ်မလား…”
ဟန်လိ၏ အမူအရာပျက်နေတာကို မြင်သည့်အခါ ယွမ်ယောင်သည် မျက်တောင်ပုတ်ခတ်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် ထိုသို့ ပြောသည်။
“ပိုဘေးကင်းတာလား။ ခင်ဗျားက တကယ်ပဲ အဲ့လို ထင်နေတာလား…”
ဟန်လိသည် ယွမ်ယောင်ကို တချက်လှမ်းကြည့်ပြီး နှာခေါင်းရှုံ့သည်။
“ရှေ့မှာက ပိုများ အန္တရာယ်များနေတာလား…”
ယွမ်ယောင်သည် အလိုလို မျက်မှောင်ကြုတ်သွားပြီး ပြောသည်။
ဟန်လိသည် မထူးခြားနားဟန်ဖြင့် ပြန်ပြောသည်။
“ရှေ့မှာ အန္တရာယ်ပိုရှိ၊ မရှိကတော့ ကျုပ်လည်း မသိဘူး။ ဒါပေမဲ့ တစ်ခုခု ရှိနေတာကတော့ ကျုပ် သေချာ သိတယ်။ ကျုပ်တို့အနေနဲ့ နောက်ဆုံးအဆင့် ပုရွက်ဆိတ်အုပ်တွေနဲ့ လုံးဝ မကြုံခဲ့ရတော့ အတော်လေး ကံကောင်းနေခဲ့ပြီ။ အခုထိတော့ နောက်ဆုံးအဆင့် ပုရွက်ဆိတ်အုပ်ကြီးနဲ့ ကျုပ်တို့ မကြုံရသေးဘူးလေ။ ရှေ့ဆက်မယ့် လမ်းမှာတော့ ကျုပ်တို့ ပိုပြီး ဂရုစိုက်ရလိမ့်မယ်။ နောက်ထပ် နေ့တစ်ဝက်လောက် လျှောက်ပြီးလို့ ဘာအခက်အခဲမှ မကြုံခဲ့ရရင်တော့ ကျုပ်တို့ တကယ်ပဲ ဘေးကင်းလောက်ပါပြီ…”
ယွမ်ယောင်၏ အသားအရေမှာ ဖြူရော်သွားသည်။ သို့သော် ခဏကြာပြီးနောက်မှာ သူမသည် ပုံမှန်အသွင်ဟန်ပန် ပြန်ဖြစ်သွား၏။ သူမက အားတင်းပြုံး၍ ပြောလိုက်သည်။
“ရှင်များ သံသယ လွန်ကဲနေတာလား….”
“အဲ့လိုဖြစ်ပါစေလို့ပဲ ကျုပ် မျှော်လင့်ပါတယ်…”
ဟန်လိသည် သံမီးပုရွက်ဆိတ်များကြားတွင် နောက်ဆုံးအဆင့် ပုရွက်ဆိတ်များ ရှိနေမည်ကို သိသော်လည်း သူက စကားထပ်မပြောတော့ပေ။ နောက်ဆုံးအဆင့်ထိုအင်းဆက်များ၏ ခွန်အားသည် သာမန်သာ ဖြစ်သော်လည်း ၎င်းတို့၏ ထိတ်လန့်ဖွယ်ဉာဏ်ရည်ကြောင့် ဒုက္ခပိုများနိုင်မှာတော့ သေချာပေသည်။
သည့်နောက်မှာတော့ သူတို့နှစ်ယောက်သည် နောက်ထပ်လေးနာရီကြာလောက်ထိ လုံးဝ တိတ်ဆိတ်သွားကြသည်။ သို့သော် ထူးခြားသော တစ်စုံတစ်ခု ဖြစ်ပွားခဲ့လေသည်။ သူတို့နှစ်ယောက်သည် လမ်းတစ်လျှောက်၌ ပုရွက်ဆိတ်အုပ် တစ်အုပ်ကိုမျှ မတွေ့ကြုံခဲ့ရခြင်း ဖြစ်၏။ ထိုသို့ မူမမှန်နေသည့်အခါ ယွမ်ယောင်သည် သိချင်စိတ် ဖြစ်လာခဲ့ပြီး သူမ၏မျက်နှာထက်တွင်လည်း မလွယ်ကူဟန် ဖြစ်ပေါ်လာသည်။
သို့သော် သူတို့သည် သဲတောင်ကုန်းတစ်ခုပေါ်သို့ တက်လာသည့်အခါတွင်မူ သူတို့၏ရှေ့တွင် ထိတ်လန့်အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခုကို လှမ်းမြင်ရသည်။
“ဒါက…” ယွမ်ယောင်သည် အလန့်တကြားဖြစ်ဟန် ပေါ်သည်။ သူမ၏ နီရဲသော နှုတ်ခမ်းတို့မှာ သုံးလေးကြိမ်လောက် လှုပ်ခတ်သွား၏။ သို့သော် မည်သည့်စကားလုံးမျှ ထွက်မလာခဲ့ပေ။ ဟန်လိ၏ အမူအရာက သူမထက်စာလျှင် အနည်းငယ် ပိုတည်ငြိမ်ဟန် ရှိသော်လည်း သူသည် ထိတ်လန့်နေသည်သာ။
သူတို့အရှေ့ရှိ သဲထုအပေါ်တွင် မီတာတစ်ရာမျှ အမြင့်ရှိသော ရေခဲတိုင်လုံးကြီးတစ်ခု ထီးတည်းတည်ရှိနေလေသည်။ ထိုတိုင်လုံးသည် အလွန်အမင်း အေးစက်လှ၏။ ၎င်းသည် ခပ်ဖျော့ဖျော့အဖြူရောင်အလင်းနှင့် တောက်ပနေရုံသာ ၎င်းအတွင်း၌ ၎င်းနှင့် အမြင့်တူ ဧရာမဘီလူးနက်ကြီးတစ်ကောင် ရှိနေသည်။ ထိုဘီလူးကြီးသည် တောက်ပသော မျက်လုံးများနှင့် ချောမွေ့တောက်ပြောင်နေသော ဦးခေါင်းပြောင်ဦးခေါင်းတစ်ခု ပိုင်ဆိုင်ထားသည်။ ရေခဲတိုင်လုံးအတွင်း၌ ၎င်းသည် အေးခဲနေ၏။ မည်မျှ ထူးခြားသနည်း။
၎င်းကို ခဏအကြာ စိုက်ကြည့်နေပြီးနောက်မှာ ဟန်လိသည် အနီးဝန်းကျင်ရှိသဲသောင်ပြင်ကို ဝေ့ကြည့်သည်။ ထိုအနီးအနားဝန်းကျင်တွင် အရွယ်အစားအစုံ အပေါက်များနှင့် ပြည့်နေသည်။ ထိုနေရာတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပုံ ပေါ်သည်။ ဟန်လိသည် ထိုဧရာမဘီလူးထံ ထပ်မံအကြည့်ရောက်သွားပြန်သည်။ သို့သော် ဟန်လိသည် ထိုဘီလူးကြီး၏ မျက်လုံးထဲမှ တစ်လုံးထံသို့ လှမ်းကြည့်မိချိန်တွင် သူသည် အံ့အားတသင့် ရေရွတ်မိသည်။
“တာအိုရောင်းရင်းဟန်က တစ်ခုခုကိုများ ရှာတွေ့လိုက်တာလား…”
ဟန်လိ၏ စကားသံကို ကြားရပြီးနောက်မှာ ယွမ်ယောင်သည် ခေါင်းလှည့်လာပြီး သူ့ကို လှမ်းမမေးမိဘဲ မနေနိုင် ဖြစ်၏။
ဟန်လိသည် တုန့်ပြန်သည့်အနေဖြင့် မသိမသာ ပြုံးသည်။ ထို့နောက်တွင် သူက မျက်လုံးမှေးစင်းကာ သူ၏ စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်သည်။ အနီးအနားဧရိယာတွင် မည်သည့်အရာမျှ မရှိတာ သေချာစေပြီးမှ သူသည် သဲတောင်ကုန်းပေါ်ကနေ ဆင်းလာပြီး ရေခဲတိုင်လုံးထံ ဦးတည်လာသည်။
“ဟမ်…” ဟန်လိသည် ဆန်းကြယ်သလို ပြုမူနေသည့်အပေါ် ယွမ်ယောင်သည် မကျေမနပ်ဖြစ်ဟန် ဖော်ပြသည်။ သို့သော် သူမသည် သူ့နောက်သို့ လိုက်ပါလာတုန်းပင်။ တကယ်တော့ သူမသည် မြင့်မားသော အပူချိန်ကို ခုခံဖို့ မှော်စွမ်းအား မဖြုန်းတီးချင်ပေ။
“တောင်ပံပုရွက်ဆိတ်တွေ…” ဟန်လိသည် ရေခဲတိုင်လုံးနှင့် မီတာလေးဆယ်လောက်သို့ ရောက်လာသည့်အခါတွင် ယွမ်ယောင်သည် အလန့်တကြားဖြင့် ထပြောသည်။
ခုလက်ရှိ အကွာအဝေး၌ သူမသည် ထိုဧရာမဘီလူးကြီး၏ အစစ်အမှန်အသွင်ကို နောက်ဆုံး၌ ရှင်းလင်းစွာ မြင်သွားတော့သည်။ ၎င်းဘီလူးမှာ တောက်ပံပုရွက်ဆိတ်အုပ်ကြီး စုပေါင်းထားမှု ဖြစ်သည်။ သို့သော် ၎င်းသံမီးပုရွက်ဆိတ်များသည် ရေခဲတိုင်လုံးအတွင်း၌ လုံးဝမလှုပ်၊ ငြိမ်သက်နေ၏။ ၎င်းတို့သည် သေလားရှင်လား မသိရပေ။
ထိုအခိုက်တွင် ဟန်လိသည် ရပ်၏။ သူ့အရှေ့ရှိ ရေခဲတိုင်လုံးထံသို့ အကြည့်ရောက်သွားပြီး သူ တစ်ကိုယ်တည်း စတင်တီးတိုးရေရွတ်သည်။ ၎င်းကို စူးစမ်းကြည့်ရှုပြီးနောက်မှာတော့ ယွမ်ယောင်သည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဒီပုရွက်ဆိတ်တွေက သေနေကြပြီ။ ကျမတို့ ကိုယ့်လမ်းကိုယ်ပဲ ဆက်သွားကြရအောင်။ ဒီမှာ နေတာက အချိန်ဖြုန်းတာပဲ…”
“သူတို့က သေသွားတာ သေချာလား။ သူတို့က အသက်ရှင်လျက် ရှိနေတာလည်း ဖြစ်နိုင်တာပဲ…”
ဟန်လိသည် သံသယဖြစ်နေမိသည်။
“သူတို့က ဘယ်လိုလုပ် အသက်ရှင်လျက် ရှိနေနိုင်မှာလဲ…”
ယွမ်ယောင်သည် ဟန်လိကို အံ့အားသင့်ဟန်ဖြင့် တစ်ချက်ကြည့်ပြီး မယုံကြည်နိုင်ဟန်ဖြင့် ပြောသည်။
“ဉာဏ်အလင်းအနန္တဂိတ်မှာ လေးနက်ကြေးမုံဝါဆိုတဲ့ အမည်နဲ့ ရတနာတစ်ခု ရှိတယ်။ ရှင် ဒါကို မကြားဖူးဘူးလား။ ဒီရတနာက အသက်ရှိနေတဲ့ တစ်စုံတစ်ခုအပေါ် တန်ပြန်နိုင်တဲ့ ရတနာတစ်ခု ဖြစ်တယ်။ ဒီရတနာက အဲ့သက်ရှိတွေကို အလန့်တကြား ဖြစ်လာစေပြီး ရေခဲသလင်းတိုင်လုံးထဲမှာ ပိတ်မိအောင် လုပ်ပစ်နိုင်တယ်။ ရက်အတော်အတန်ကြာပြီးတဲ့နောက်မှာဆို ရေခဲကျောက်တိုင်လုံးဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်…”
“ကျုပ် အရင်တုန်းက ဒီရတနာကို မကြားဖူးခဲ့ဘူး…”
ဟန်လိ၏ ရိုးရိုးသားသားအဖြေက ထိုအမျိုးသမီးကို မျက်လုံးပြူးသွားစေပြီး ဆွံ့အသွားစေသည်။ ဟန်လိသည် ရေခဲတိုင်လုံးကြီးကို သုံးလေးပတ်လောက် လှည့်ကြည့်ပြီးနောက်မှာ တွေးတွေးဆဆဖြင့် ပြောလာသည်။
“ခင်ဗျား ပြောတဲ့အတိုင်းဆို ဒီအင်းဆက်တွေကို ရှင်းထုတ်ခဲ့တဲ့သူက ဝမ်ထျန်မင်ပေါ့…”
“သူမ မဟုတ်ရင် ဘယ်သူ ရှိပါအုံးမလဲ။ ရှင် ဘာတွေများ စဉ်းစားနေတာလဲ။ သူ့ဟာသူ အချိန်ပြည့်သွားတာကလွဲလို့ ဒီသလင်းရေခဲကို သာမန်မှော်ရတနာတွေနဲ့ ချိုးဖျက်လို့ မရနိုင်ဘူး။ မဟုတ်ရင် လေးနက်ကြေးမုံဝါက ဒီလို နာမည်ဘယ်ကျော်ပါ့မလဲ…”
ယွမ်ယောင်သည် ဟန်လိထံ တစ်ချက် လှမ်းကြည့်သည်။ သူမသည် သူ တွေးနေတာကို ခန့်မှန်းမိပြီး ပြုံးနေသည့်အလား။ ဟန်လိသည် ထိုစကားကို ကြားသည့်အခါ သူမထံသို့ တည်ငြိမ်စွာ တချက် လှမ်းကြည့်သည်။ ထို့နောက်တွင် သူသည် သူ့ခါးထံသို့ လက်နှစ်ဖက်ကို ရွှေ့သည်။ သူ၏ သားရဲသိုလှောင်အိတ်များကို ပစ်လွှတ်သည်။ ထို့နောက်တွင်မူ ရွှေပိုးတောင်မာအုပ်ကြီးသည် ရုတ်တရက် လေထဲ၌ ပေါ်လာကြသည်။
“သွား…” ဟန်လိသည် ရေခဲသလင်းတိုင်လုံးထံသို့ လက်ညွှန်၏။ ရွှေငွေပိုးတောင်များသည် ၎င်းထံသို့ ရုတ်တရက် သက်ဆင်းလာပြီး ရေခဲတိုင်လုံး၏ ထိပ်သို့ သိပ်သည်းစွာ ဖုံးလွှမ်းသွားသည်။
“ရှင်က ဒီပိုးတောင်မာတွေဟာ ဒီတောင်ပံပုရွက်ဆိတ် အကြွင်းအကျန်တွေကို ဝါးမြိုနိုင်စေဖို့ စိတ်ကူးနေတာလား…။ ရှင်ရဲ့ ပိုးတောင်မာတွေက ကြမ်းနိုင်တယ်။ ဒါပေမဲ့လို့ သူတို့က ဒီရေခဲတိုင်လုံးကိုတော့ ဖြတ်ပြီး မဝါးမြို…”
ယွမ်ယောင်၏ စကားသည် တဝက်တပျက်နှင့် အဆုံးသပ်သွားလေသည်။
အကြောင်းမှာ ရေခဲတိုင်လုံးအတွင်း၌ ပိတ်မိနေသော ဧရာမဘီလူးသည် အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် လျင်မြန်စွာ ဖြတ်ပိုင်းခံနေရသောကြောင့်ပင်။ မျက်စိတစ်မှိတ်အတွင်း ထိုဧရာမဘီလူး၏ ဦးခေါင်းသည် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။ ယွမ်ယောင်မှာ ပါးစပ်အဟောင်းသား ဖြစ်နေမိပြီး ခဏကြာသည့်အခါ ပြန်မစေ့နိုင် ဖြစ်ရသည်။
ထိုအမျိုးသမီး၏ အံ့အားသင့်ထိတ်လန့်နေသော အကြည့်အောက်မှာပင် ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် ဧရာမဘီလူးနှင့်အတူ ရေခဲသလင်းတိုင်လုံးကို ဝါးမြိုပြီးသွားလေပြီ။ ကျန်ခဲ့တာဟူ၍ ကြက်ဥအရွယ်လောက်ရှိသော အနက်ရောင်အလင်းတောက်ပနေသည့် သလင်းလုံးတစ်ခုသာ ရှိပေသည်။
ဟန်လိသည် ၎င်းပေါ်လာတာကို ပြုံး၍ ကြည့်နေပြီး ရှေ့သို့ ခြေလေးငါးလှမ်း လှမ်းသွားကာ ၎င်းကို ကုန်း၍ ကောက်ယူသည်။
ထိုပစ္စည်းကို သန့်စင်သလင်းဟု ခေါ်၏။ ၎င်းမှာ ရှားပါးသည်။ ၎င်း၏ တည်ရှိမှုကို သိကြသော ကျင့်ကြံသူများသည် နည်းပါးလှသော်လည်း ဟန်လိသည် ရှေးဟောင်းစာအုပ်တစ်အုပ်ကနေ ၎င်းအကြောင်းကို ဖတ်ဖူးခဲ့သည်။ သူ သေချာတော့ မသိခဲ့ပေ။ သို့သော် သူသည် သံမီးပုရွက်ဆိတ်ဧရာမဘီလူးကြီး၏ မျက်လုံးအတွင်း၌ ပုလဲတစ်ခု ပါဝင်နေတာ မြင်သည့်အခါတွင် သူသည် ရုတ်တရက် ထိုအကြောင်းကို ပြန်သတိရသွားကာ သူ့စိတ်ထဲ ဂနာမငြိမ် ဖြစ်သွားခဲ့ပေသည်။ သူသည် သန့်စင်သလင်းကို အမှန်တကယ် ရရှိလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
၎င်းသည် မှော်ပစ္စည်းများကို ခွန်အား တိုးတက်စေဖို့အတွက် အထွတ်အထိပ်အဆင့် အထောက်အပံ့သတ္တုတစ်ခု ဖြစ်သည်။ ထိုသတ္တုကို မှော်ရတနာတစ်ခုနှင့် ပေါင်းစည်းချိန် ကြာလာသည်နှင့်အမျှ ၎င်းမှော်ရတနာ၏ အင်အားသည် တိုးတက်လာရုံသာမက မှော်ရတနာ၏ ကိုယ်ထည်မျာလည်း မယုံကြည်နိုင်လောက်အောင် ကြံ့ခိုင်မှု ရှိသွားပေလိမ့်မည်။ ထိုနောက်တွင်မူ ၎င်းမှော်ရတနာ ချိုးဖျက်နိုင်သော အရာများကို စိတ်ကူးကြည့်မိဖို့ပင် ခက်ခဲလိမ့်မည်သာ။
ဝမ်ထျန်မင်သည် ထိုပစ္စည်းနှင့် ပတ်သက်၍ မသိခဲ့လေသလား၊ သို့မဟုတ် သတိမမူမိခဲ့တာလားကိုတော့ မသိရပါ။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဟန်လိအတွက်တော့ အကျိုးရှိစေခဲ့သည်ပင်။ သူသည် ၎င်းကို သူ၏ ဝါးတိမ်အုပ်ဓားများအထဲ သန့်စင်ဖို့ လုံလုံလောက်လောက် အချိန်ရနိုင်လျှင် ထိုဓားများ၏ ခွန်အားသည် နောက်တစ်ဆင့်ထိ တိုးတက်သွားမှာ သေချာသည်။
ယွမ်ယောင်သည် ထိုသန့်စင်သလင်းနှင့် ပတ်သက်၍ မသိသော်လည်း ဟန်လိ ပျော်ရွှင်သွားပုံအရ ၎င်းပစ္စည်းမှာ ပစ္စည်းကောင်းတစ်ခုဖြစ်မှာ သေချာမှန်း သိလိုက်သည်။ သို့ပေမည့် သူမသည် ပါးနပ်စွာဖြင့် ငြိမ်သက်၍သာ နေသည်။
ဤသို့ဖြင့် သူတို့နှစ်ယောက်သည် စကားမဆိုကြဘဲ ရှေ့ဆက်လာကြသည်။
မီတာနှစ်ရာဝန်းကျင်အကျယ်၊ အမြင့်သုံးဆယ်မီတာလောက် ရှိသော ကျောက်သားအရိုင်းခန်းမတစ်ခု၌ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိနေပေသည်။ အလယ်တွင် ရှိနေသော ထို တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အပြင် ဘေးရှိ နံရံများတွင် ဆယ်မီတာမျှ အမြင့်ရှိသော ကျောက်ဂိတ်တံခါးကြီးတစ်ခု ရှိနေသည်။ ဤအခိုက်တွင် ယင်းဂိတ်တံခါးတိုင်းကို အကျဉ်းထောင်တစ်ခုကဲ့သို့ တင်းကြပ်စွာ ချိပ်ပိတ်ထားသည်။
ကျောက်စားပွဲနှင့် ထိုင်ခုံတစ်ရာဝန်းကျင်လည်း ရှိနေသည်။ ကျောက်ထိုင်ခုံများပေါ်တွင် အမျိုးမျိုးသော ဟန်အမူအရာများဖြင့် ကျင့်ကြံသူခြောက်ယောက်သည် ဟိုဟိုဒီဒီမှာ ထိုင်နေကြသည်။ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများဖြစ်သော သခင်ကြီးကျိနစ်ယင်၊ ပညာရှိအိုကြီးချင်းယီနှင့် ဝမ်ထျန်မင်တို့ ရှိနေကြသည်။ အခြားသူများကမူ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်များ ဖြစ်၏။ မည်သူကမျှ အားနည်းသည်ဟု မသပ်မှတ်နိုင်ပေ။
သူတို့အားလုံး၏ အမူအရာများက သုန်မှုန်နေကြသည်။ သူတို့သည် စကားပြောဖို့ စိတ်ဝင်စားပုံ မရှိကြပေ။ ဤကျောက်ခန်းမ၏ လေထုမှာ မွန်းကျပ်ကျပ် ဖြစ်နေသည်။
အထူးသဖြင့် သခင်ကြီး ကျိနစ်ယင်ပင်။ သူ့အသားအရေမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သူသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို စိုက်ကြည့်နေ၏။ သူ၏မျက်လုံးသည် မကောင်းသည့်သဘောဖြင့် တလက်လက် တောက်ပနေလျက်ရှိ၏။