နောက်ထပ် ရတနာများ
Vol. 34 Ch. 467
ထိုကျင့်ကြံသူများသည် မီးနှင့်ရေခဲလမ်းကြောင်း၏ အဆုံးကို အရင်ဦးဆုံး ရောက်လာကြသူများ ဖြစ်သည်။ ကန္တာရနက်နှင့်သွေးရေခဲတောအုပ်တို့သည် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက် ချိန်းချောက်မှု မဖြစ်စေတာ သိသာသော်လည်း အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများကမူ အတော်လေး ဆိုးဝါးစွာ လွတ်မြောက်အောင် လုပ်ခဲ့ရသည်။ အားနည်းသော ကျင့်ကြံသူများအတွက်မူ ဖြတ်ကျော်နိုင်ဖို့ အလားအလာ နည်းပါးလွန်းသည်။ သူတို့ထဲမှ အနည်းစုကသာ သည်လောက်ဝေးဝေးထိ လာနိုင်ပေလိမ့်မည်။
ကျိနစ်ယင်နှင့် ပညာရှိအိုချင်းယီတို့သည် ဟန်လိ၏ ကံကြမ္မာနှင့် ပတ်သက်ပြီး စိုးရိမ်နေကြမှာ သဘာဝသာ။ ဟန်လိသည် ချောရည်ခဲလမ်းကြောင်းပေါ်တွင် သေဆုံးခဲ့လျှင် သူ၏ သွေးကျောက်စိမ်းပင့်ကူများပါ သူနှင့်အတူ သေဆုံးသွားကြပေလိမ့်မည်။ ထိုအခါ သူတို့အဖို့ ပျော်ရွှင်စရာ ရှိမှာ မဟုတ်တော့ပေ။ အထူးသဖြင့် အများဆုံး အကျိုးအမြတ် ရှိနေသည့် ကျိနစ်ယင်က ပညာရှိအိုချင်းယီထက် အဆများစွာ ပို၍ ဆိုးနေသည်။
ဝမ်ထျန်မင်သည် တည်ငြိမ်ဟန် ပေါ်နေသော်လည်း သူက ခေါင်းငုံ့လျက် သူ၏ လက်ဝါးကြီးများကို အေးစက်စွာ စိုက်ကြည့်နေသည်။ ထိုစဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသုံးယောက်သည် ရေခဲနှင့်မီးလမ်းကြောင်းအပေါ်ရှိ ထူးခြားသောပြောင်းလဲမှုများ ဖြစ်နေတာကို သိသည်။ သူတို့သည် ထိုပြောင်းလဲမှုများမှာ အခုထိ ပေါ်မလာကြသေးသော ကြယ်နန်းတော်မှ အကြီးအကဲများနှင့် ပတ်သက်နေမှန်း သေချာ သိသည်။ သူတို့စိတ်ထဲ၌ မကျေမနပ်မှုများ ဖြစ်ပေါ်နေသလို ပူပန်မှုလည်း ရှိနေသည်။
ကြယ်နန်းတော်၏ ထိုအပြုအမူများ နောက်ကွယ်မှ ရည်ရွယ်ချက်က မည်သည်နည်း။ လမ်းမှန်နှင့်မိစ္ဆာတာအိုနှစ်ဘက်လုံးကို သူတို့က အမှန်တကယ် မျက်နှာပျက်ချင်တာများလား။
ဤကဲ့သို့ တင်းတင်းကြပ်ကြပ် အခြေအနေအောက်မှာပင် အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။ မန်ဟုဇီ၊ ထျန်ဝူဇီ၊ လယ်သမားအိုကြီး၊ ဝူချောင်နှင့် အရိုးသခင်တို့သည် ကျောက်သားနန်းတော်ရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံမှ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ သူတို့အားလုံး၏ အမူအရာများမှာလည်း မသာမယာ ရှိနေလျက် ဒေါသထွက်နေပြီး အံတကြိတ်ကြိတ် ဖြစ်နေကြသည်။ သူတို့သည် ကြယ်နန်းတော်မှ အကြီးအကဲများကို စိတ်ထဲကနေ ကျိတ်၍ ဆဲဆိုနေတာ သိသာသည်။
ခုလက်ရှိ၌ ရေခဲနှင့်မီးလမ်းကြောင်း မချိတ်ပိတ်ခင် နေ့တစ်ဝက်လောက်သာ လိုတော့၏။ ဝူချောင် ပေါ်လာတာ မြင်သည့်အခါ မူလတုန်းက သိသိသာသာကြီး မျက်နှာပျက်နေသော ကျိနစ်ယင်၏ ဟန်ပန်သည် ညင်သာသွား၏။ သို့သော် ဟန်လိသည် ခုထိ ရောက်မလာသေးချေ။ သူ့မျက်နှာက ထပ်ပြီး ပျက်ယွင်းသွားပြန်၏။
ဝူချောင်သည် ရေခဲနှင့်မီးလမ်းကြောင်းကို အထိအခိုက်မရှိ ဖြတ်သန်းလာနိုင်ခြင်းမှာ ကျိနစ်ယင်က သူ့ကို တင်ကြို၍ ရှေးဟောင်းအကာအကွယ်ရတနာတစ်ခု ပေးထားခဲ့သောကြောင့်ပင်။ ကျိနစ်ယင်သည် ထိုကဲ့သို့ အကာအကွယ် ရတနာမျိုး ဟန်လိကို ပေးရန် လိုအပ်ခဲ့လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
ချင်းယီနှင့် မန်ဟုဇီတို့သည်လည်း ထိုသို့ မပေးခဲ့မှုအပေါ် နောင်တရမိနေတာ ဖြစ်နိုင်သည်။ တကယ်တော့ ချင်းယီနှင့် မန်ဟုဇီတို့၌လည်း အစွမ်းထက် ရှေးဟောင်းရတနာများစွာ ပိုင်ဆိုင်ထားသည်သာ။ သူတို့ကသာ ထိုရတနာများထဲ တချို့တလေကို ဟန်လိထံသို့ ပေးခဲ့မိလျှင် ယခုဆို ဟန်လိ၏ အသက်ရှင်သန်ရေးအတွက် ပူပန်နေရန် လိုတော့မည် မဟုတ်ချေ။
ထိုအတွေးဖြင့် ကျိနစ်ယင်သည် အဘိုးအိုချင်းယီနှင့် မန်ဟုဇီတို့ထံ သုန်မှုန်စွာ လှမ်းကြည့်သည်။
ပညာရှိအိုချင်းယီကမူ ခုလက်ရှိ၌ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံသို့သာ အကြည့်ရောက်နေလျက် တစ်စုံတစ်ခုကို တွေးနေသည့်ပုံပင်။ မန်ဟုဇီသည်လည်း သည်ခန်းမ၏ အမိုးထံ မေ့ကြည့်နေပြီး တစ်ကိုယ်တည်း တီးတိုးရေရွတ်နေသည်။ သူလည်း တစ်စုံတစ်ခုနှင့် ပတ်သက်ပြီး စဉ်းစားကြံစ နေတာ သိသာသည်။
ထိုသည်ကို မြင်သည့်အခါ ကျိနစ်ယင်၏ ဒေါသက ပိုဆိုးလာ၏။ သို့သော် မကြာခင် သူ့စိတ်မှာ တည်ငြိမ်လာ၏။ သူသည် လက်တွေ့ကိုသာ ရင်ဆိုင်ရမည် မဟုတ်လား။ သွေးကျောက်စိမ်း မရှိပါဘဲ ရှေ့ဆက် မည်သို့ ခြေဆက်လှမ်းမည့်အကြောင်းကို သူ စဉ်းစားမှ ဖြစ်ချေလိမ့်မည်။
ဤအခိုက်တွင် အရိုးသခင်သည် ကျောက်ဖျာတစ်ခုပေါ်၌ တင်ပလ္လင်ချိတ်ကာ ထိုင်နေသည်။ သူ၏ မျက်လုံးကိုမူ တဝက်တပျက် ဖွင့်ထား၏။ သူသည် ချီသန့်စင်နေသည့်ပုံပင်။ သူသည် ဟန်လိ ရောက်မလာသေးသည့်အပေါ် အနည်းအကျဉ်းတော့ အံ့အားမိသော်လည်း စိုးရိမ်ပူပန်ခြင်း ရှိမနေပေ။ သူ့အမြင်အရ ဟန်လိ၏ အစစ်အမှန်ခွန်အားသည် အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်လောက်၏ ခွန်အားတော့ အများဆုံးအနေဖြင့် ရှိနိုင်သည်။ ဟန်လိသည် မီးနှင့်ရေ လမ်းကြောင်းများရှိ ထူးခြားသော အသွင်ပြောင်းလဲခြင်းများကို ဖြတ်သန်းနိုင်ရန် ငါးဆယ်ရာခိုင်နှုန်းလောက်သာ အခွင့်အရေး ရှိနိုင်သည်။ သို့သော် ဟန်လိ မရှိလျှင် သူသည် ကျိနစ်ယင်ကို ရင်ဆိုင်နိုင်မည့် အင်အား မရှိတော့မှာကိုတော့ စိုးရိမ်ကြောင့်ကြနေ၏။
သည်ကောင်းကင်လေဟာနယ်ခန်းမအတွင်း၌ လှုပ်ရှားရင် ကောင်း၊မကောင်းကို အရိုးသခင်သည် မရေမရာ ဖြစ်နေ၏။ သူသည် နောက်ထပ် သင့်တော်သော အခွင့်အရေးတစ်ခုရှာပြီး သူ့ကိုယ်သူ ပိုကောင်းမွန်စေအောင် ပြင်ဆင်ပြီးခဲ့လျှင်တော့ သူ၏ အောင်မြင်နိုင်ခြေက ပိုတိုးလာလိမ့်မည်သာ။
ကူရာကယ်ရာမဲ့စွာ ခံစားမိပြီး အရိုးသခင်သည် စိတ်ထဲကနေ ကြယ်နန်းတော်မှ အကြီးအကဲများကို အတော်ကြာသည့်အထိ ကျိတ်၍ ကျိန်ဆဲနေတော့သည်။ ဝမ်ထျန်မင်နှင့် အခြားသော လမ်းမှန်ကျင့်ကြံသူများသည်လည်း ဤကဲ့သို့ အနိုင်ကျင့်ခံရမှုများအပေါ် မကျေမချမ်း ဖြစ်နေကြသည်ပင်။
ထိုအခြေအနေတွင် ကြယ်နန်းတော်မှ အကြီးအကဲနှစ်ယောက်သည် သည်ခန်းမ၏ ဗဟိုချက်ရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံမှ ရုတ်တရက် ပေါ်လာကြသည်။ ထိုအခိုက်တွင် လူတိုင်း၏ အကြည့်က သူတို့နှစ်ယောက်ထံ သတ်ချင်ဖျက်ချင်သည့်ဟန်များဖြင့် ကျရောက်ကုန်သည်။ သဘောကောင်းမည့်ဟန် မျက်နှာပိုင်ရှင်နှင့် ဝတ်ရုံဖြူအဘိုးအိုကမူ ထိုအေးစက်စက်အကြည့်များကို လစ်လျူရှုကာ အခန်းထဲသို့ ဝေ့ခတ်ကြည့်ရှုသည်။ ထို့နောက်တွင် သူက သက်ပြင်းလေးလံစွာ ချပြီး ပြောလာသည်။
“ဟူး…ခင်ဗျားတို့ရဲ့ ဉာဏ်နည်းလှတဲ့ တာအိုရောင်းရင်းတွေက ရေခဲနဲ့မီးလမ်းကြောင်းပေါ်က ကြမ်းကြုတ်တဲ့ အတားအဆီးတွေကို သွားထိမိကြတယ်လေ။ ခင်ဗျားတို့ကတော့ ဒီချောက်နက်ထဲမှာ ပွက်လောရိုက်အောင် လုပ်ခဲ့ကြတာပဲ။ ကျုပ်တို့နှစ်ယောက်မှာလည်း ဒီအပြောင်းအလဲတွေကို ပြန်ပြင်ဆင်နိုင်တဲ့ နည်းလမ်း မရှိခဲ့ကြဘူး။ ဒါ့ကြောင့် ကျင့်ကြံခြင်းလောကရဲ့ ရောင်းရင်းအတော်များများဟာ အသက်ဆုံးရှုံးခဲ့ရပြီ။ ဒီ့အတွက်လည်း ကျုပ်တို့ အတော်လေး အရှက်ရမိပါတယ်။ ဒီအဖြစ်အတွက် ကြယ်နန်းတော်ရဲ့ ပညာသခင်နှစ်ယောက်ဆီကနေ ခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်ပါ့မယ်…”
သူက အမှန်တကယ် စိတ်မကောင်းဖြစ်နေသည့်ပုံစံမျိုးပင်။
အနှီစကားကို ကြားသည့်အခါ လမ်းမှန်နှင့် မိစ္ဆာတာအိုဘက်မှ ကျင့်ကြံသူများသည် သူတို့စိတ်ထဲ၌ ထိုသူများကို ထပ်မံ ဆဲရေးလေတော့သည်။ ထိုသူများကား ဖြစ်ခဲ့သော ကိစ္စများက သူတို့နှင့် မဆိုင်လေသည့်အလား စကားလုံးလှလှများဖြင့် အရှက်မရှိ ပြောလာခဲ့သည် မဟုတ်လား။ သို့သော် နောက်ထပ် ဖြစ်လာသည့် အခြေအနေကမူ သူတို့နှစ်ယောက် ထင်ထားသည့်အတိုင်းသာ။ သည်နေရာရှိ လူများသည် သူတို့ကို အေးစက်စက် ကြည့်နေသာ်လည်း မည်သူကမျှ သူတို့အား စတင်၍ မေးခွန်းမထုတ်ကြပေ။
ကြည့်ရတာ အခုထိ ကြယ်နန်းတော်ကို မည်သူကမျှ လွယ်လင့်တကူ ရန်မစဝံ့သေးသည့်ပုံပင်။
ဆံဖြူအကြီးအကဲနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ပြုံး၍ တချက်လှမ်းကြည့်ပြီးနောက်မှာ သူတို့သည် ထောင့်တစ်နေရာတွင် ထိုင်ပြီး မျက်လုံးမှိတ်၍ တရားကျင့်နေကြသည်။
သည့်နောက်တွင်မူ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံမှ အဖြူရောင်လင်းလက်မှုနှင့်အတူ လူနှစ်ယောက် ပေါ်လာကြသည်။ သူတို့သည် ဟန်လိနှင့် ယွမ်ယောင်တို့ပင်။
ကျိနစ်ယင်သည် ဟန်လိ ပေါ်လာတာ မြင်သည့်အခါတွင် သူ၏မျက်လုံးသည် အရောင်တောက်သွားပြီး သူက လှမ်းအော်သည်။
“ဟန်လိ…” ထို့နောက်တွင် သူက ပြုံး၍ ဟန်လိထံသို့ လက်လှမ်းပြပြီး ခေါ်၏။
မန်ဟုဇီနှင့် ပညာရှိအိုချင်းယီတို့သည်လည်း ကျေနပ်အံ့အားသင့်သွားကြသည်။ တစ်ယောက်နှင့်တစ်ယောက် တစ်ချက်လှမ်းကြည့်ပြီးနောက်မှာ သူတို့သည်လည်း ကျိနစ်ယင်ဘက်သို့ လျှောက်လာ၏။ ဟန်လိသည် စိတ်ထဲကနေ သက်ပြင်းချမိသည်။ ယွမ်ယောင်ကို စကားအချို့ ပြောပြီးနောက်မှာ ဟန်လိသည် ကျိနစ်ယင်ထံ လှမ်းလာ၏။ ဟန်လိသည် ထိုမိစ္ဆာတာအိုဘက်မှ ပုဂ္ဂိုလ်များသည် ရတနာရှာဖွေရာ၌ သူ့ကို လိုအပ်နေမှန်း သိထား၏။ သူသည် တည်ငြိမ်မှုကို ထိန်းထားနိုင်ပေသည်။ ထို့အပြင် ဟန်လိသည် အရိုးသခင်၏ တည်ရှိမှုကိုလည်း ခံစားမိ၏။
ကျိနစ်ယင်သည် ဟန်လိကို လှမ်းခေါ်ပြီးနောက်မှာ သူက ဟန်လိကို နွေးထွေးစွာ ကြိုဆိုသည်။ သူက ကြင်နာတတ်သော ဆရာတစ်ယောက်အနေဖြင့် ချောရည်ခဲလမ်းကြောင်း၏ အခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းကြည့်မည့်ပုံ ရသည်။
ဟန်လိသည် အသေးစိတ် ရှင်းပြမနေပေ။ သူက အကျဉ်းချုပ်လောက်သာ ရှင်းပြ၏။ သူသည် ကျိနစ်ယင်မှာ ထိုကိစ္စနှင့် ပတ်သက်ပြီး အမှန်တကယ် အရေးမစိုက်မှန်းကို သဘောပေါက်သည်။ သူ ထင်ထားသည့်အတိုင်းပင်။ ကျိနစ်ယင်က သည်ကိစ္စကို အသေးစိတ် မေးမနေပေ။ ထိုအစား သူက ဟန်လိကိုသာ ချီးကျူးနေတော့၏။
ပညာရှိအိုချင်းယီကလည်း ဟန်လိကို ပြုံး၍ ကြည့်နေသည်။
မန်ဟုဇီကတော့ ဘေးကနေ မထူးခြားနားဟန်ဖြင့်သာ ကြည့်နေပြီး ဘာမျှ မေးမလာခဲ့ပေ။ သို့ပေမည့် ဟန်လိသည် ရေခဲပုလဲကို သူ့ထံ ပြန်ပေးသည့်အခါတွင်တော့ သူသည် အေးဆေးဟူသော အမူအရာဖြင့် လက်သာ ဝေ့ယမ်းပြ၏။ သူက ဟန်လိကို ထိုပုလဲအား အပြီးအပိုင် ပေးလိုက်သည့် သဘောပင်။
သူတို့၏ ဟန်လိအပေါ် အလေးထားသော အပြုအမူများကြောင့် ဘေးရှိ ဝူချောင်၏ ရန်လိုမှုက ပိုတိုးလာခဲ့၏။ ဝူချောင်သည် ဟန်လိထံသို့ သတ်ချင်ဖျက်ချင်စိတ်ဖြင့် မကြာဆိုသလို လှမ်းလှမ်းကြည့်နေသည်။ ဤသည်ကို ကျိနစ်ယင်က သတိပြုမိပုံ ပေါ်၏။ ရုတ်တရက် သူက ဝူချောင်ထံသို့ တစ်ချက် လှမ်းကြည့်ပြီး စကားလုံးအချို့ကို အသံပို့လွှတ်လိုက်သည်။
ထိုအခါတွင် ဝူချောင်သည် ရုတ်တရက် ခေါင်းငုံ့သွား၏။ သူ ခေါင်းပြန်မော့လာသည့်နောက်မှာမူ သူ၏ အမူဟန်ပန်သည် ပုံမှန် ပြန်ဖြစ်သွား၏။
ဟန်လိသည် ကျိနစ်ယင်နှင့် အခြားသော ပုဂ္ဂိုလ်များဖြင့် ပြောဆိုနေစဉ်အတွင်း သူသည် အရိုးသခင်နှင့် အဆက်အသွယ် ပြုသင့်၊ မပြုသင့်အပေါ် စဉ်းစားနေသည်။
သူ ထိုသို့တွေးနေစဉ် သည်ကျောက်သားခန်းမ၏ ဗဟိုချက်ရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ ထိုသို့ မပျောက်ကွယ်ခင်၌ သည်ခန်းမထဲတွင် လူဆယ့်နှစ်ယောက်ခန့်လောက်သာ ရှိပေသည်။
တစ်ချိန်တည်းမှာ သူတို့ ဘေးပတ်ပတ်လည်ရှိ နံရံများသည် စတင် တုန်ဟည်းလာသည်။ ယင်းနောက်မှာ ကျောက်တံခါးများသည် ၎င်းတို့ဘာသာ ပွင့်ဟလာပြီး ရှည်လျားကျဉ်းမြောင်းသော လမ်းကြောင်းများ ပေါ်လာကြသည်။
“ဒီလမ်းကြောင်းလေးခုထဲက သုံးခုဟာ သူတို့ရဲ့ ကိုယ်ပိုင်အဆောက်အဦတွေဆီ ဦးတည်တယ်။ တစ်ခုစီမှာ ရှေးဟောင်းကျင့်ကြံသူတွေ ချန်ထားခဲ့တဲ့ ရှေးဟောင်းရတနာတွေ၊ ဆေးလုံးတွေ၊ ကျင့်ကြံခြင်းပညာရပ်တွေ ရှိတယ်။ ဒါပေမဲ့လည်း ဒီပစ္စည်းအားလုံးကို ချိပ်ပိတ်ထားတာ။ လူတစ်ယောက်စီဟာ တစ်ခုစီကိုပဲ ယူနိုင်မယ်။ ဒီပစ္စည်းတစ်ခုခုကို ရွေးချယ်ယူပြီးတာနဲ့ အဲ့လူဟာ နောက်ထပ် စမ်းသပ်ကွင်းဖြစ်တဲ့ စိတ်ကူးပုံရိပ်နယ်နိမိတ်ထံ တည်နေရာရွှေ့ပြောင်းခံရလိမ့်မယ်။ နောက်ဆုံးလမ်းကြောင်းကတော့ နောက်ထပ် စမ်းသပ်ကွင်းဆီ ချက်ခြင်း တည်နေရာရွှေ့ပြောင်းပေးတဲ့ လမ်းပဲ။ အဲ့လမ်းကို လျှောက်လှမ်းမိတဲ့သူကတော့ ကံဆိုးတာပဲ။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ စမ်းသပ်မှုကွင်းတွေကို ဖြတ်ကျော်ခဲ့တဲ့အပေါ် ဘာဆုလဒ်မှ ရတော့မှာ မဟုတ်လို့ပဲ။ ဒီမှာ ရှိတဲ့ အတားအဆီးတွေဟာ နည်းနည်းတော့ ထူးခြားတယ်။ လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီးတာနဲ့ ပြန်ရုတ်သိမ်းဖို့ ရွေးချယ်ခွင့် မရှိတော့ဘူး။ စိတ်ကူးပုံရိပ်နယ်နိမိတ် စမ်းသပ်ကွင်းကို ကြိုးစားကြည့်ဖို့ စိတ်ကူး မရှိဘူးဆိုရင်တော့ မင်းတို့က ဒီကျောက်သားအခန်းထဲမှာ တစ်ရက်လောက် နေပြီးတာနဲ့ ကောင်းကင်လေဟာနယ်ခန်းမဆီ ပြန်ပြီး တည်နေရာရွှေ့ပြောင်းခံရလိမ့်မယ်။ မင်းတို့အားလုံး အဆင်ပြေပါစေလို့တော့ ကျုပ် ဆုတောင်းပေးပါတယ်…”
ထိုလမ်းကြောင်းများ ပေါ်လာသည်ကို မြင်သည့်အခါ သဘောကောင်းသည့်မျက်နှာဖြင့်အကြီးအကဲသည် ရှင်းပြလာသည်။ အခြားသူများက သူ့စကားများကို ကြးသည့်အခါ သူ့ကို မထူးခြားနားဟန်ဖြင့်သာ တချက် လှမ်းကြည့်ပြီး လစ်လျူရှုကြသည်။
ကြယ်နန်းတော်မှ ထိုအကြီးအကဲသည် ဤသည်ကို မြင်သည့်အခါ သူသည် အရေးစိုက်ဟန် မတူပေ။ ပြုံး၍သာ သူ့မျက်လုံးကို ပြန်မှိတ်လိုက်သည်။