ရတနာအလင်းခန်းမ
Vol. 34 Ch. 468
သည်နေရာထိ ရောက်အောက်လာခဲ့ပြီးမှတော့ ကျင့်ကြံသူများသည် ပြီးခဲ့သော အန္တရာယ်များကို ရင်ဆိုင်ခဲ့ရပြီးနောက်မှာ လက်ဗလာနှင့် ပြန်လှည့်သွားချင်စိတ် မရှိတော့ပေ။ သို့ဖြစ်၍ သူတို့သည် များများစားစား ဆွေးနွေးနေရန် မလိုတော့ချေ။ သူတို့ထဲမှ အချို့ဆို စကားတစ်ခွန်းမှ မဆိုဘဲ ကျောက်သားလမ်းကြောင်းထံ ဦးတည်လျှောက်လှမ်းသွားကြသည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့သည် ခန်းမထဲမှ တဖြည်းဖြည်း ပျောက်ကွယ်ကုန်သည်။
ဝမ်ထျန်မင်တို့ အုပ်စုသည် လမ်းကြောင်းတစ်ခုထဲသို့ ဝင်သွားတာ တွေ့မြင်ပြီးနောက်မှာ မိစ္ဆာတာအိုဘက်မှ လူများသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ သူတို့သည်လည်း ဝင်ရောက်ရန် တွေဝေမနေသည့်ပုံ ပေါ်သည်။ သခင်ကြီး ကျိနစ်ယင်ကမူ အခုထိ တရားထိုင်နေသေးသော ဆံဖြူအကြီးအကဲနှစ်ယောက်ထံသို့ အေးတိအေးစက် တချက် လှမ်းကြည့်သည်။ ခဏ တုံ့ဆိုင်းနေပြီးနောက်မှာ သူက လက်မအရွယ်ခန့် ပုတီးလေးလုံးနှင့် ပြုလုပ်ထားသော အရောင်တလဲ့လဲ့ တောက်ပနေသည့် လက်ကောက်တစ်ခုကို ထုတ်ယူသည်။
“ဒါက မျက်နှာပြင်ပုလဲပဲ။ ဒီဟာက စိတ်ဓာတ်ခိုင်မာစေဖို့နဲ့ စိတ်ဝိညာဉ်တို့ကို ကာကွယ်ပေးနိုင်တယ်။ ဒီပုတီးစေ့တွေနဲ့ဆို မင်းဟာ မင်းရဲ့ စိတ်ကို ရှင်းရှင်းလင်းလင်း ရှိစေနိုင်စွမ်း ရှိလိမ့်မယ်။ စိတ်ကူးပုံရိပ်နယ်နိမိတ်တွေရဲ့ အန္တရာယ်က အဆများစွာ တိုးတက်လာခဲ့ရင်တောင်မှပေါ့…”
ထိုသို့ ပြောပြပြီးနောက်မှာ ကျိနစ်ယင်သည် ၎င်းလက်ကောက်ကို ဟန်လိထံသို့ ကမ်းပေးလိုက်သည်။
ဟန်လိသည် ကျေနပ်သွား၏။ သူသည် ကျေးဇူးတင်ကြောင်း အခါခါ ပြောပြီး ၎င်းလက်ကောက်ကို လက်ခံသည်။
သူသည် ၎င်းရတနာအကြောင်းကို ကြားဖူးခဲ့တာ ကြာပေပြီ။ ၎င်းပုလဲတစ်လုံးကိုသာ ပိုင်ဆိုင်ထားလျှင် ကျင့်ကြံနေစဉ်အတွင်း အတွင်းနတ်ဆိုများ၏ အနှောက်အယှက်ကို များစွာ လျှော့ချနိုင်မည် ဖြစ်သည်။
ဟန်လိသည် နောက်ဆုံးစမ်းသပ်ကွင်းကို ကျော်ဖြတ်ဖို့အတွက် ထိုကဲ့သို့ ရတနာမျိုးဖြစ်သည့် ပုတီးစေ့လေးခု သီတန်းထားသော လက်ကောက်အား ကျိနစ်ယင်က ပေးလာသည့်အခါ အမှန်တကယ် အံ့အားတသင့် ဖြစ်ရပေသည်။ ကျိနစ်ယင်၏ တုံ့ဆိုင်းဆိုင်းနှင့် နှမြောနေသည်ပုံအရ ထိုသူသည် ရတနာအမဲလိုက်ပွဲပြီးသည့်အချိန်တွင် ပြန်တောင်းမည်ဟု ဟန်လိ ထင်ထားသည်။
သို့သော် ကောင်းကင်လေဟာနယ်ခန်းမအတွင်း၌ ဘေးကပ်ဆိုး မျိုစုံ ဖြစ်နိုင်ပေ၏။ သခင်ကြီးကျိနစ်ယင်ကဲ့သို့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်သည်ပင် အရိုးသခင်၏ လျှို့ဝှက်တိုက်ခိုက်ခံရနိုင်ဖို့ ရှိနေသည် မဟုတ်လား။ ဟန်လိသည် သူ၏ အမည်ခံဆရာ ဖြစ်သော ကျိနစ်ယင်သည် ကောင်းကင်လေဟာနယ်ခန်းမထဲမှ အသက်ရှင်လျက် ထွက်သွားနိုင်၊ မနိုင်အပေါ် သံသယများစွာ ရှိနေမိသည်။
ဟန်လိသည် ကျိနစ်ယင်၏ အရှေ့မှာပင် ထိုလက်ကောက်ကို ဝတ်ပြီး ၎င်းကို သေချာစူးစမ်းကြည့်သည်။ မျက်နှာပြင်ပုလဲများသည် သစ်သားနှင့် ရွှေရော၍ ပြုလုပ်ထားပုံ ရသည်။ ၎င်းတို့၌ စန္ဒကူးနံ့နှင့် ဆင်တူသော မွှေးရနံ့တစ်ခု ပိုင်ဆိုင်ထား၏။ လူတစ်ယောက်သည် ထိုရနံကို ရသည့်အခါ သူတို့၏ စိတ်သည် ကြည်လင်လာပြီး သူတို့၏ စိတ်မှာလည်း အားအင် မြင့်တက်လာမည် ဖြစ်သည်။ ထင်ထားသည့်အတိုင်း ၎င်းမှာ ထူးကဲလှ၏။
“ဒီမျက်နှာပြင်ပုလဲတွေက မင်းကို ဘေးကင်းအောင် လုပ်ပေးနိုင်ဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ ပို သေချာအောင်လို့ မိတ်ဆွေလေးဟန်အနေနဲ့ ဒီဟာကိုပါ ယူသွားသင့်တယ်။ ဒါကတော့ ကျုပ် ညအဇူရာအပ်ကနေ သန့်စင်ထားတဲ့ ရတနာအဆောင်တစ်ခုပဲ။ ကျေးဇူးပြုပြီး မင်းကိုယ်မင်း ကာကွယ်ဖို့အတွက် ဒီရတနာအဆောင်ကို အသုံးပြုပါ…”
ပညာရှိအိုချင်းယီသည်လည်း မိုးပြာအဆောင်တစ်ခုကို ထုတ်ယူပြီး ဟန်လိထံသို့ ပြုံး၍ လှမ်းပေးသည်။
“ညအဇူရာအပ် ရတနာအဆောင်လား…”
ဟန်လိသည် ၎င်းအမည်ကို စစကြားချင်း မင်သက်သွား၏။ သို့သော် ခဏအကြာတွင် သူသည် စိတ်လှုပ်ရှားမှု ပိုလာသည်။ ဤသည်မှာ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ််ယောက်ထံမှ ရတနာအဆောင်တစ်ခု ဖြစ်သည်။
သူ၏ ဝါးတိမ်အုပ်ဓားများထံမှ မိစ္ဆာမောင်းနှင်ခြင်း နတ်စွမ်းရည်သည် လေးနက်ထည်ဝါလှသော်လည်း သူ့အနေဖြင့် ၎င်းအစွမ်းကို နေရာတိုင်း၌ အသုံးမပြုနိုင်ပေ။ အခု သည်ရတနာနှင့်ဆို သူ၏ ဘေးကင်းမှုသည် အများကြီး ပိုတိုးလာနိုင်လိမ့်မည်။ ဟန်လိသည် မငြင်းဆန်ဘဲ လက်ခံပြီး ကျေးဇူးတင်ကြောင်းကို တလေးတစား ပြောသည်။
ထိုအခိုက်တွင် မန်ဟုဇီသည် စကားတစ်ခွန်းမှ မဆိုဘဲ ချပ်ဝတ်နက်တစ်ခုကို ထုတ်ယူသည်။ ၎င်းချပ်ဝတ်မှာ ငွေရောင်ချီလင်ကြေးခွံများနှင့် ဖုံးအုပ်ထားပြီး အတော်လေး လေးမည့်ပုံ ပေါ်သည်။
ကျိနစ်ယင်သည် ထိုသည်ကို မြင်သည့်အခါ သူ့မျက်နှာထက်တွင် လောဘတကြီး ဖြစ်သွားဟန် ပေါ်သည်။ သူသည် အလျင်အမြန် ပြောလိုက်၏။
“အစ်ကိုမန်က အတော်လေးကို ရက်ရောလှပါလား။ ကျုပ်ရဲ့ ဂျူနီယာတပည့် ရှင်သန်ဖို့အတွက် ဒီလိုရတနာမျိုးကိုတောင် ပေးလာတာပါလား။ သူ့ဆရာဖြစ်တဲ့ ကျုပ်က ခင်ဗျားကို တကယ်ပဲ ကျေးဇူးတင်မိပါတယ်…”
မန်ဟုဇီသည် ဟန်လိကို တချက်ကြည့်ပြီး ပြောသည်။
“ဟိုးလွန်ခဲ့တဲ့ နှစ်တစ်ရာကျော်တုန်းက ကျုပ် ဒီရတနာချပ်ဝတ်ကို ရခဲ့တယ်။ အခုထိလည်း ဒါက ကျုပ်အတွက် အသုံးတည့်နေတုန်းပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ်ဟာ မဟာအောင်မြင်မှုအဆင့်ကို ရောက်နှင့်သွားတဲ့အတွက် မင်းကို အကာအကွယ်ဖြစ်စေဖို့ ငှားပေးလိုက်တာ။ အချိန်ကျလာခဲ့ရင် မင်းက ကျုပ်ကို စိတ်မပျက်စေတာ ပိုကောင်းတယ်။ မဟုတ်ရင်တော့…ဟားဟား…”
ထိုစကားကို ကြားသည့်အခါတွင် ဟန်လိသည် သူ၏တည်ငြိမ်မှုကို ဆက်ပြီး မထိန်းထားနိုင်တော့ပေ။
ကျိနစ်ယင်သည် ခဏတော့ စိတ်ပျက်ဟန် ပေါ်သွားသေးသည်။ သို့သော် ခဏအကြာတွင် သူက ပြုံး၍ ပြောသည်။
“ကောင်းပါပြီ။ ဒီလိုရတနာတွေနဲ့ဆို ကျုပ်ရဲ့ ဂျူနီယာတပည့်ဟာ သူ ဘယ်လို အန္တရာယ်တွေပဲ ကြုံကြုံ သေချာပေါက် ဘေးကင်းနိုင်လိမ့်မယ်။ ကဲ ကျုပ်တို့လည်း သွားကြတာပေါ့။ ဒီလမ်းတွေဟာ တစ်သက်လုံး ပွင့်နေမှာ မဟုတ်ဘူးလေ…”မန်ဟုဇီနှင့်ပညာရှိအိုချင်းယီတို့သည် ၎င်းသည်ကို မငြင်းကြပေ။ သို့သော် သူတို့သည် ထွက်ခွာဖို့လည်း မလှုပ်ရှားကြသေး။ ထိုအစား သူတို့က အရင်ဆုံး ဟန်လိကို လေးလေးနက်နက် တစ်ချက် လှမ်းကြည့်သည်။
ဟန်လိသည် ထိုအခိုက်တွင် ခါးသီးစွာသာ ပြုံးနိုင်တော့သည်။ သူတို့သည် သူ့ကို ကြောက်ရန် နောက်ပြန်လှည့်သွားမှာကို စိုးရိမ်နေကြပုံ ပေါ်သည်။ သို့အတွက်ကြောင့် သူတို့က အရင်ဆုံး သူ့ကို လမ်းကြောင်းထဲ ဝင်စေချင်နေသည်။
ဤသို့ဖြင့် ဟန်လိသည် လမ်းကြောင်းတစ်ခုထံ လျှောက်လှမ်းဝင်လာခဲ့သည်။ သည့်နောက်တွင်မူ မိစ္ဆာတာအိုဘက်မှ ကျင့်ကြံသူသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပြုံး၍ ကြည့်လိုက်ပြီး တစ်ယောက်ချင်းစီသည် လမ်းကြောင်းအသီးသီးသို့ ဝင်သွားကြလေသည်။
ကျောက်သားခန်းမထဲ၌ ဝတ်ရုံဖြူအဘိုးအိုနှစ်ယောက်တို့သာ ကျန်ခဲ့တော့သည်။ ထိုစဉ် သူတို့ထဲမှ တစ်ယောက်သည် မျက်လုံးဖွင့်လာပြီး ပြောသည်။
“မိစ္ဆာတာအိုကျင့်ကြံသူတွေရဲ့ အပြုအမူတွေဟာ နည်းနည်း ထူးခြားနေတယ်လို့ ခင်ဗျား မထင်ဘူးလား…”
သူ၏လေသံတွင် မကောင်းသည့်သဘော ပါနေသည်။
သဘောကောင်းမည့် မျက်နှာနှင့် အဘိုးအိုသည် မျက်မှောင်ကြုတ်ကာ သဘောတူသည်။
“ဒီမိစ္ဆာအိုတွေက အမြုတေဖွဲ့စည်းခြင်းအဆင့်အစောပိုင်း ကောင်လေးကို လိုတာထက် ပိုပြီး တန်ဖိုးထားနေသလိုပဲ။ ဒါ့အပြင် သူ အကာအကွယ်ရအောင် သူတို့က ရတနာအချို့ပါ ပေးလိုက်သေးတယ်…”
ထိုသို့ ပြောပြပြီးနောက်မှာ တိတ်ဆိတ်သွားကြသည်။
မျက်နှာကြမ်းကြမ်းနှင့် အဘိုးအိုက အလေးအနက် မေးလိုက်သည်။
“ခင်ဗျား ဘယ်လို ထင်လဲ…”
“ဒီမိစ္ဆာအိုကြီးတွေက အကျိုးအမြတ်ပဲ ကြည့်မှာ။ အတွင်းပိုင်းခန်းမတွေထဲမှာ ကောင်းကင်လေဟာနယ်ဒယ်ဇောက်ကသာ သူတို့ကို အမှန်တကယ် လှုပ်လှုပ်ရှားရှား ဖြစ်စေမှာ။ အဲ့ကောင်လေးဟာ ဒီရတနာကို ရှာဖွေတဲ့အခါ သူတို့ကို အကူအညီ ဖြစ်စေနိုင်လောက်တယ်…”
သဘောကောင်းမည့်ဟန်ရသည့် အဘိုးအိုသည် တိုင်းတိုင်းဆဆဖြင့် ပြန်ဖြေသည်။
သူတို့ ပြောစကားများကိုသာ ဟန်လိ ကြားသွားခဲ့ပါက သူသည် စွံ့အမိသွားပေလိမ့်မည်။ ထိုနှစ်ယောက်သည် အမှန်တကယ်ကို ဉာဏ်များလှပေ၏။ စကားအနည်းအကျဉ်းလောက်ဖြင့်ပင် သူတို့သည် အမှန်တရားကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ကြသည်။ ဟန်လိသာ ထိုနေရာတွင် ရှိနေခဲ့လျှင် သူတို့အပေါ် ကြောက်ရွှံ့မှုနှင့် လေးစားမှု တပြိုင်နက်တည်း ခံစားမိပေလိမ့်မည်။
“ကောင်းကင်လေဟာနယ်ဒယ်ဇောက်ကို ရှာဖွေမှာလား။ သူတို့က မဖြစ်နိုင်တာကို အိပ်မက် မက်နေကြတာပဲ။ ပြန့်ကြဲကြယ်ပင်လယ်များကနေ ပျောက်ကွယ်တာ ကြာမြင့်နေပြီ ဖြစ်တဲ့ စိတ်ဝိညာဉ်သားရဲတွေကို လူတစ်ယောက်က မပိုင်ဆိုင်ထားဘူးဆိုရင် ဘယ်လိုပဲ ကြိုးစားကြိုးစား အချည်းနှီး ဖြစ်လိမ့်မယ်။ မဟုတ်ရင် အရှင်ပညာသခင်နှစ်ယောက်ဟာ ပြီးခဲ့တဲ့ မျိုးဆက်တွေထဲက ဒီဒယ်ဇောက်ကို အရယူပြီးနေလောက်ပြီ…”
မျက်နှာကြမ်းကြမ်းနှင့် အဘိုးအိုသည် အထင်သေးစွာ ပြောသည်။
“အဲ့လိုပဲ ဖြစ်မှာပါ။ ရည်မှန်းချက်ကြီးမားလှတဲ့ အချို့ကတော့ အောင်မြင်နိုင်ခြေ တစွန်းတစလေးအတွက် အချိန်ကုန်၊ လူပင်ပန်းခံပြီး အများအပြား အားစိုက်ထုတ်ကြတယ်လေ။ တကယ်တော့ ကောင်းကင်လေဟာနယ်ခန်းမ နောက်ဆုံးအကြိမ် ပွင့်ခဲ့တုန်းက ကောင်းကင်လေဟာနယ်ဒယ်ဇောက်ဟာ ရလုနီးပါး ဖြစ်ခဲ့တယ်မလား။ အဲ့လူက နောက်ဆုံး အခိုက်အတန့်လေးမှာ ဒယ်စောက်ရဲ့အဖုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကောင်းကင်ဖာထေးခြင်းဆေးလုံးကို တခြားသူတွေက ရသွားတယ် ဆိုပေမယ့် ဝမ်ထျန်မင်ရဲ့ ရွှေမျှင်ပိုးကောင်ကတော့ အခွင့်အရေးတစ်ခု ရှိနိုင်တယ်…”
“အဲ့လိုဆိုရင်တောင် ကျုပ်တို့အနေနဲ့ သူတို့နောက်ကို လျှို့ဝှက်လိုက်သွားတာ အကောင်းဆုံးပဲ။ သူတို့ အဲ့တာကို မရသွားဖို့ အကောင်းဆုံးပဲ။ သူတို့က အဲ့ရတနာကို အမှန်တကယ် ရနိုင် လုပ်နိုင်ခဲ့ရင်တောင် ကျုပ်တို့အနေနဲ့ ကောင်းကင်ဖာထေးခြင်းဆေးလုံးတွေကို သူတို့လက်ထဲ ကျရောက်သွားခွင့်တော့ မပြုနိုင်ဘူး…”
“ဒါပေါ့…”
ဟန်လိသည် ကြယ်နန်းတော်၏ အာရုံက သူ့အပေါ် စိုက်မိစေခဲ့ပြီကို မသိနေပေ။ ခုလက်ရှိတွင် သူသည် ကျောက်လှေကားတစ်ခုပေါ်သို့ တက်ရောက်နေသည်။
သည်လမ်းကြောင်းထဲ ဝင်လာပြီး သိပ်မကြာခင်မှာ သူသည် ကျောက်လှေကားတစ်ခုကို တွေ့ရသည်။ ဆယ့်ငါးမိနစ်လောက် လျှောက်လာပြီးသည့်နောက်တွင်ပင် သူသည် အခုထိ အဆုံးသပ်ကို မရောက်သေးပေ။
ဟန်လိ၏ သိချင်စိတ်မှာ ပိုအားကောင်းလာ၏။ သည်နေရာမှာ မည်မျှ ဝေးသနည်း။
သူ့စိတ်ထဲရှိ သံသယများကို တည်ငြိမ်စေကာ ဟန်လိသည် လှေကားထစ်အတိုင်း ဆက်တက်လာသည်။
နောက်ထပ် မီတာလေးရာလောက်ထိ တက်လှမ်းလာပြီးနောက်မှာ ဟန်လိသည် အလင်းစကို မြင်ရလေပြီ။ စိတ်အားတက်ကြွသွားပြီး သူသည် ခြေလှမ်း ပိုသွက်လာသည်။ တဖြည်းဖြည်း သူသည် ထွက်ပေါက်နားသို့ ရောက်လာခဲ့လေပြီ။
သူ့စိတ်ထဲ၌ လှုပ်ရှားမိလာ၏။
သူသည် အဝါရင့်ရောင်ကောင်းကင်တစ်ခု အောက်သို့ ရောက်လာသည်။ သည်နေရာတွင် မီးခိုးရောင်တိမ်ထုများသာ ကြီးစိုးနေလျက် နေလုံးဟူ၍ ရှိမနေပေ။ သည်ဧရိယာမှာ မီတာလေးထောင်လောက် ကျယ်ဝန်း၏။ သည်လောက၏ အစပ်အနားသားများတွင် မျက်စိဖြင့် ဖြတ်၍ မမြင်ရသော သိပ်သည်းသည့် မြူနံရံများ ရှိနေသည်။
သူသည် လေထဲ၌ မြောလွင့်တည်ရှိနေသော မီတာလေးဆယ်လောက် အရှည်ရှိမည့် ကျောက်စိမ်းဖြူတံတားတစ်စင်းပေါ်၌ ရပ်နေသည်။ ထိုတံတားမှာ ထည်ဝါလှ၏။ နဂါးများ၊ဖီးနစ်ပုံများက တံတားပေါ်၌ ရေးဆွဲထားသည်။ ထိုတံတားက သည်ဧရိယာ၏ ဗဟိုချက်တွင် လွင့်မြောနေသော လေးထောင့်အဆောက်အဦတစ်ခုထံ ဦးတည်သည်။
၎င်းမှာ နှစ်ထပ်အဆောက်အဦ ဖြစ်၏။ မီတာတစ်ရာလောက် အမြင့်ရှိပြီး ကျောက်စိမ်းဖြင့် တည်ဆောက်ထားသည်။ ၎င်းမှာ လေထဲ၌ တောက်ပနေ၏။ ၎င်း၏ ဝင်ပေါက်တွင် ရှေးဘာသာစကားဖြင့် ရေးသားထားသော ရတနာအလင်းခန်းမ ဟူသည့် ရွှေရောင်ဆိုင်းဘုတ်တစ်ခု ရှိသည်။
ဟန်လိသည် တံတားပေါ်သို့ အလျင်အမြန် မလျှောက်လှမ်းသေးပေ။ ထိုအဆောက်အဦကိုသာ သေချာလှမ်းကြည့်နေသည်။
သည်အဆောက်အဦမှာ ကြီးမားလှခြင်း မရှိသော်လည်း အတွင်းဘက်မှ နက်နဲလှသော စိတ်ဝိညာဉ်ချီလှိုင်းများကို ထုတ်လွှတ်နေလေ၏။ ထိုနေရာတွင် ကြီးကျယ်လှသော မန္တာန်အစီအရင်တစ်ခု ချခင်ထားသည့်ပုံ ပေါ်သည်။ ဟန်လိသည် တဖြည်းဖြည်း စလှုပ်ရှားလာ၏။ ကျောက်စိမ်းတံတားကို ဖြည်းဖြည်းချင်း ဖြတ်လျှောက်လာပြီး ရတနာအလင်းခန်းမထံ ဦးတည်လာနေသည်။
ဟန်လိသည် လမ်းတစ်ဝက်သို့ ရောက်လာသည့်အခါတွင် တံတားအောက်ဘက်သို့ မကြည့်မိဘဲ မနေနိုင် ဖြစ်ကာ လှမ်းကြည့်သည်။ သူ့အမြင်အာရုံထဲ အဆုံးမရှိ နက်မှောင်နေသော အသူရာချောက်နက်တစ်ခု ပေါ်လာ၏။ သူ့စိတ်နှလုံးသည်ပင် ရေခဲကဲ့သို့ အေးစက်သွားမိသည်။