← Chapters

ထူးခြားသောချပ်ဝတ်နက်

Vol. 34 Ch. 470

ထူးခြားသောချပ်ဝတ်နက်

Vol. 34 Ch. 470

ဟန်လိသည် ရတနာသုံးခုထဲမှ အနက်ရောင်ဝတ်ရုံရှည်အပေါ် အာရုံစိုက်၍ ကြည့်နေသည်။ ထိုဝတ်ရုံ၏ အသွင်အပြင်မှာ ထူးကဲ၏။ အလွှာနှစ်ထပ် ပါဝင်၏။ အတွင်းပိုင်းကို ငွေမျှင်ဖြင့် ယက်လုပ်ထားပြီး အပြင်ပိုင်းကိုမူ အမည်မသိငှက်မွေးတောင်ဖြင့် ယက်လုပ်ထားလေသည်။ ထိုအမွေးတောင်တို့ထံမှ သွေးနီရောင်အလင်းကို ထုတ်လွှတ်လျက် ရှိသည်။ အံ့ဖွယ်ပင်။

ထိုသို့သော ရတနာအမျိုးအစားကို အခုမှ ဟန်လိသည် ပထမဆုံးအကြိမ် မြင်ဖူးတာပင်။ သူသည် ၎င်း၏ စွမ်းရည်များနှင့် ပတ်သက်ပြီး အလွန်သိချင်နေမိသည်။ သူသည် ထိုရှေးဟောင်းရတနာ၌ အကာအကွယ် သို့မဟုတ် ကွယ်ဝှက်နိုင်ခြင်း ဂုဏ်သတ္တိများ ပိုင်ဆိုင်လိမ့်မည်ဟု ခန့်မှန်းမိသည်။ အတွင်းပိုင်းခန်းမ၌ အစွမ်းထက်ရန်သူများထံမှ ရှင်သန်ချင်နေသည် ဖြစ်၍ ထိုစွမ်းရည်နှစ်ခုလုံးသည် ဟန်လိအဖို့ လိုအပ်နေပေသည်။

သူသည် ရတနာသုံးခုထံ အကြည့်ရောက်နေရင်း တွေဝေနေ၏။ သူ တစ်ခုကို ရွေးချယ်ယူသည်နှင့် ဤအဆောက်အဦထံမှ တည်နေရာရွှေ့ပြောင်းခံရမည် ဖြစ်သည်။ သူ သေချာ ရွေးချယ်မှ ဖြစ်ခြေလိမ့်မည်။

ရွှေရောင်ကြေးမုံကို ရွေးချယ်ခြင်းသည် ဘေးအကင်းဆုံး ရွေးချယ်မှုဟု ပြောလျှင် အကျိုးအကြောင်း သင့်သည်။ ဟန်လိသည် ၎င်း၌ သိသာသော စွမ်းအားတစ်ခု ပိုင်ဆိုင်ပြီး သူ၏ ခွန်အားကို ချက်ခြင်းလက်ငင်း တိုးတက်စေနိုင်လိမ့်မည်ဟု သေချာသလောက် ယုံကြည်ထားသည်။ ငါးရောင်စုံကြေးကြိုးကွင်းများကမူ သူ့ကို အံ့အားတသင့် ဖြစ်စေ၏။ ၎င်းတို့၏ ဂုဏ်သတ္တိများနှင့် အရောင်မျိုးစုံ တောက်ပခြင်းကြောင့် ဆန်းကြယ်နေသည့်ပုံ ပေါ်နေသည်။ ဝတ်ရုံရှည်ကမူ ချက်ခြင်း အသုံးပြုနိုင်မည့် အခွင့်ကောင်းတစ်ခု ပိုင်ဆိုင်ထားသည်။ ၎င်းသည် အန္တရာယ်အခိုက်အတန့်တွင် သူ့အသက်ကို ကယ်တင်ပေးကောင်း ပေးနိုင်လောက်၏။

ဟန်လိသည် ထိုရတနာသုံးခုအကြားတွင် အဆက်မပြတ် အာရုံကျနေ၏။ သူသည် ထိုကဲ့သို့သော ရတနာများကို လွယ်လင့်တကူ ရနိုင်တော့မည် ဖြစ်၍ ပျော်ရွှင်နေသော်လည်း တစ်ခု ရွေးချယ်ပြီးလျှင် နောက်တစ်ခုကို လက်လွှတ်ရမည့်အပေါ်တော့ ပူပန်မှု ရှိနေသည်။ ခဏအကြာတွင် ဟန်လိသည် အသက်ပြင်းပြင်း ရှုထုတ်သည်။ သူ တည်ငြိမ်လာ၏။

သူသည် တစ်ကိုယ်တည်း တီးတိုးရေရွတ်ကာ စဉ်းစားသည်။ ထို့နောက်တွင်မူ သူ၏ မျက်လုံးထံမှ စိတ်အားတက်ကြွသည့်အလင်းတစ်ခု ဖြတ်ပြေးကာ သူ့စိတ်ထဲ၌ စိတ်ကူးတစ်ခု ပေါ်လာခဲ့လေပြီ။ မထင်မှတ်ဘဲ ပေါ်လာသော အတွေးများကြောင့် ဟန်လိ၏ စိတ်နှလုံးမှာ ဂနာမငြိမ် ဖြစ်ကုန်၏။

အစီအရင်မန္တာန်များနှင့် အတားအဆီးများအပေါ် ဟန်လိ သိထားသည့်အတိုင်းဆို သည်နေရာတွင် အလိုအလျောက် တည်နေရာရွှေ့ပြောင်းခြင်း အတားအဆီးများ ရှိနိုင်သည်။ အစီအရင်၏ ဗဟိုချက်အခရာ သို့မဟုတ် အခန်းတစ်ခုလုံး၏ အတားအဆီးကို အတင်းအကြပ်ဖယ်ရှားပစ်ခြင်းကလွဲ၍ ၎င်းတည်နေရာရွှေ့ပြောင်းစေသော အတားအဆီးများအပေါ် လှည့်ကွက်သုံး၍ မရနိုင်လောက်ပေ။ တစ်စုံတစ်ယောက်သည် အတားအဆီးများကို ထိမိသည်နှင့် အလိုအလျောက် တည်နေရာရွှေ့ပြောင်းခံရလိမ့်မည်သာ။

ဤသည်မှာ ဟန်လိ၏ အထင်အမြင်များ ဖြစ်၏။ သည်နေရာရှိ အတားအဆီးများ၏ ဗဟိုချက်အခရာကို ရှာဖွေခြင်းသည် ဆရာသခင်အဆင့် အစီအရင်ကျွမ်းကျင်သူတစ်ယောက် နှစ်ဖြင့်ချီပြီး ကြိုးစားမှသာ ဖြစ်နိုင်မည့် အရာမျိုးပင်။ အားဖြင့် ချိုးဖျက်ရန် အတွေးကိုမူ ဟန်လိသည် စိတ်လွတ်နေမှသာ ကြိုးစားကြည့်မိပေလိမ့်မည်။ များစွာသော စဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်များသည်ပင် ထိုသို့ ပြုလုပ်ရန် မအောင်မြင်ခဲ့သည် ဖြစ်ရာ သူကဲ့သို့ အမြုတေဖွဲ့စည်းခြင်းအဆင့်ဆို ပြောနေရန်ပင် မလိုတော့ပေ။

သို့ရာတွင် သူ့၌ မန္တာန်အစီအရင်နှင့် ပက်သက်လျှင် ပါရမီမြောက်လှသော ရှင်းယုယင်၏ အစီအရင်ကို ချိုးဖျက်သည့် အသိအမြင်များ ပိုင်ဆိုင်ထားသည်။ သူမ၏ မှတ်တမ်းများတွင် ဧရိယာတစ်ခု၏ အတားအဆီးများကို ယာယီ တုန့်ဆိုင်းဟန့်တားနိုင်အောင် လုပ်နိုင်သည့် သဘောတရားတစ်ခု ဖော်ပြထားသည်။ ဤသည်မှာ အချိန်ခဏလောက်သာ ရနိုင်မည် ဖြစ်သော်လည်း ဟန်လိအဖို့ နောက်ထပ် ရှေးဟောင်းရတနာတစ်ခုကို ရနိုင်ဖို့အတွက်တော့ အချိန်လုံလောက်သွားနိုင်သည်။

ထိုနည်းလမ်း၌ ကျင့်ကြံသူတစ်ယောက်၏ ကိုယ်ပိုင်စိတ်ဝိညာဉ်စွမ်းအားသည် သည်နေရာရှိ စွမ်းအင်ထံမှ လုံးဝ ဖြတ်တောက်ပစ်ရမည်။ နည်းနည်းလေးမျှ ချိတ်ဆက်နေ၍ပင် မရပေ။

ရှင်းယုယင်သည် သူမ၏ မှတ်တမ်းများထဲ၌ ဤသည်ကို ရေးသားထားခဲ့သော်လည်း စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်သည်ပင် ထိုသို့ မလုပ်နိုင်ဟုပါ ထပ်ပေါင်း ရေးသားထားသည်။ ဤသည်မှာ သူမ၏ စိတ်ကူးသာ ဖြစ်၏။ အကယ်၍ ကျင့်ကြံသူတစ်ယောက်သည် ထိုသို့သော အံ့အားသင့်ဖွယ် စွမ်းရည်မျိုးကို အမှန်တကယ် ပိုင်ဆိုင်ထားခဲ့လျှင် သူတို့သည် အစီအရင်အတားအဆီးများကို ဒုက္ခခံ၍ ဖြတ်သန်းရတော့မည် မဟုတ်ပေ။ သူတို့၏ ကိုယ်ပိုင်ခွန်အားကို အသုံးပြု၍ အစီအရင်များကို အတင်းအကြပ် ဖျက်စီးနိုင်ပေလိမ့်မည်။

တကယ်တော့ သည်လောကရှိ ကျင့်ကြံသူများသည် အခြားသူများထံမှ သူတို့ကိုယ်သူတို့ ပုန်းကွယ်နိုင်သော ချီပညာရပ်များကိုသာ အများဆုံးအနေဖြင့် စွမ်းဆောင်နိုင်ကြသည်။ သူတို့သည် ကောင်းကင်နှင့်မြေကြီးရှိ စိတ်ဝိညာဉ်ချီနှင့် သူတို့၏ ကိုယ်ပိုင်ချိတ်ဆက်မှုကိုမု ဖြတ်တောက်နိုင်ရန် အဘယ်သို့ ဖြစ်နိုင်ပါ့မည်နည်း။

သို့သော် ဟန်လိသည် သူ၏ လှိုဏ်ဂူနေအိမ်ထဲ၌ ထိုအကြောင်းကို ဖတ်မိခဲ့ချိန်က သူသည် ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ ကောင်းကင်နှင့်မြေကြီးထံမှ စွမ်းအင်များကို ဝါးမြိုနိုင်သည့် ပြောင်မြောက်လှသော စွမ်းရည်အကြောင်း ချက်ခြင်း တွေးမိခဲ့သည်။ ထိုအကြောင်းကို သူ မေ့နေခဲ့တာ ဖြစ်၏။ အခုမှ သူ ပြန်သတိရသွားခဲ့တာပင်။ ထိုအခါ ဟန်လိသည် သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးထားနိုင် ဖြစ်ရတော့သည်။

သေချာ စဉ်းစားကြည့်ပြီးနောက်မှာ ဟန်လိသည် ဤသည်မှာ အောင်မြင်နိုင်ခြေ ရှိသည်ဟု ခံစားမိသည်။ သူ ကျရှုံးခဲ့လျှင်ပင် သူ့အဖို့ ရှေးဟောင်းရတနာတစ်ခုကိုတော့ ရနိုင်ဦးမည် ဖြစ်၍ အရှုံးမရှိနေပေ။ ထိုသို့ တွေးကာ ဟန်လိသည် ဆက်ပြီး တွေဝေမနေတော့ချေ။ သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းပြီး သားရဲသိုလှောင်အိတ်များကို ထုတ်ယူသည်။ ရွှေဝါးမြိုခြင်း ပိုးတောင်မာထောင်သောင်းချီသည် ပျံသန်းထွက်လာပြီး ဧရာမ အင်းဆက်အုပ်ကြီးအဖြစ်သို့ ပြောင်းကာ ဟန်လိဘေးတွင် လှည့်ပတ်နေသည်။

သူက အင်းဆက်အုပ်ကို အာရုံမစိုက်၊ သူ့အကြည့်သည် ရှေးဟောင်းရတနာသုံးခုထံသို့သာ ကျရောက်နေသည်။ ယင်းနောက်တွင် သူသည် အနီရင့်ရောင် ဝတ်ရုံရှည်ထံ ချဉ်းကပ်လာသည်။ သူ၏ အင်းဆက်များက သူနှင့် ထပ်ကြပ်မကွာ လိုက်ပါလာသည်။

ဝတ်ရုံနှင့် သုံးမီတာအကွာလောက် ရောက်သည့်အခါ ဟန်လိသည် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီ ပြောင်းလဲမှုကို အနည်းငယ် ခံစားမိသည်။ သူသည် အလျင်အမြန် ရပ်၏။ အလေးအနက်ဟန်ပန် ဖြစ်လာသည်။ ရုတ်တရက် သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေပြီး လေဆက်တိုက် ချွန်သည်။ သူ့ကို ဝိုင်းထားသော ပိုးတောင်မာများသည် ရုတ်တရက် ဂနာမငြိမ် ဖြစ်လာကြသည်။ ၎င်းတို့သည် ဟန်လိထံ မြားတစ်စင်းနှင့် ဝိုင်းအုံ တိုးဝင်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် သူ၏ခန္ဓာကိုယ်ကို သိပ်သည်းစွာ ခြုံလွှမ်းသွားလေသည်။

ထိုစဉ်အတွင်း ဟန်လိ၏ လေချွန်သံများသည် လျော့ပါးမသွားပေ။ ပို၍ပင် စူးရှလာသေးသည်။

များမကြာမီတွင် သူ့ခန္ဓာကိုယ်ပေါ်မှ ပိုးတောင်မာများသည် ညင်သာတိုးညင်းသော အော်မြည်သံများကို စတင် ထုတ်လွှတ်လာပြီး ဟန်လိ၏ လေချွန်သံများကို ပဲ့တင်ထပ်စေသည်။ ၎င်းအသံများသည် ၎င်းတို့၏ ပါးစပ်များ ကျယ်ဟလာသည့်အထိ ပိုကျယ်လောင်လာသည်။

ထိုအခိုက်တွင် ဟန်လိသည် သူ၏ လေချွန်သံကို ရပ်ပြီး တိတ်ဆိတ်သွားသည်။ ယင်းနောက်တွင်မူ အံ့မခန်းမြင်ကွင်းတစ်ခု ဖြစ်လာတော့သည်။

ဟန်လိ၏ ခန္ဓာကိုယ်ပေါ်တွင် တွားသွားနေသော အင်းဆက်များ၏ အော်မြည်သံများသည် နိမ့်ချည်မြင့်ချည် ဖြစ်လာကာ တဖြည်းဖြည်းဖြင့် အနက်ရောင်အလင်းစက်များကို ယူဆောင်လာသည်။ ထိုအလင်းစက်များသည် ပေါ်လာပြီး ပိုကြီးမားလာသည်။ ထို့နောက်တွင်မူ ထိုအစက်အပြောက်များသည် အတူတကွ ပေါင်းစပ်ကာ ပိုကြီးမားသော အနက်ရောင်အလင်းကွက်များ ဖြစ်လာသည်။ ထိုအနက်ရောင်အကွက်များသည် တဖြည်းဖြည်း ပိုမိုကြီးမားလာပြီး စက်ဝန်းတစ်ခုအသွင် ဖွဲ့စည်းသည်။

ထိုအနက်ရောင်အလင်းစက်ဝန်းသည် ဂန္ဓမာပန်း ပွင့်လန်းလာသည်နှင့်ပင် တူနေသေးသည်။ ထိုပန်းကဲ့သို့ စက်ဝန်းသည် တဖြည်းဖြည်း ပွင့်ဟကြီးထွားလာသည်။ ယင်းနောက်မှာတော့ ၎င်းစက်ဝန်းသည် အနက်ရောင်ချပ်ဝတ်တစ်ခု ဖြစ်လာပြီး ဟန်လိနှင့် ပိုးတောင်မာများကို ဖုံးအုပ်ပေးသည်။ ထိုချပ်ဝတ် ပေါ်လာသည့်အခါတွင် ပိုးတောင်မာများ၏ အော်မြည်သံများသည် ချက်ခြင်း ပျောက်ကွယ်သွားသည်။ ပိန်းပိန်းမှောင်နေသည်ကလွဲ၍ ချပ်ဝတ်အတွင်း၌ မည်သည်ကိုမျှ မမြင်ရတော့ပေ။ လုံးလုံးလျာလျာကို အရောင်ကင်းမဲ့သွားတာ ဖြစ်နေ၏။

ထိုအခါ ချက်ခြင်းဆိုသလို ဟန်လိသည် စတင် လှုပ်ရှားလာသည်။ ထူးခြားလှသည့် အနက်ရောင်အလင်းလက်တစ်ဖက်သည် အနီးအနားရှိ ဝတ်ရုံရှည်ထံ လျင်မြန်စွာ လှမ်းဆွဲငင်ယူ၏။ တစ်ချိန်တည်းမှာ ဟန်လိသည် တဖက်သို့ လှည့်ကာ ငါးရောင်စုံကြေးကြိုးကွင်းများထံ ဦးတည်လာသည်။

ဟန်လိသည် ဝတ်ရုံရှည်ကို ဖမ်းယူသည့် တစ်ချိန်တည်းမှာ သူ့ကို အပြာရောင်အလင်းတစ်ခု ခြုံလွှမ်းလာသည်။ မရေမတွက်နိုင်သော အလင်းများက သူ့အား သိမ်းကြုံးလွှမ်းခြုံ၏။ သို့သော် ၎င်းတို့သည် ထူးခြားလှသော ချပ်ဝတ်နက်နှင့် ထိမိသည့်အခါ ချက်ခြင်းပင် သဲလွန်စမရှိ ပျောက်ကွယ်ကုန်သည်။ သို့သော် ဤသည်မှာ အပြာရောင်အလင်းက နောက်ဆုတ်သွားတာ မဟုတ်ပေ။ ထိုအစား ၎င်းသည် ပို၍ လွှမ်းမိုးနိုင်စွမ်း အားကောင်းလာပြီး အနက်ရောင်ချပ်ဝတ်ကို ဖိနှိပ်ပစ်ရန် ကြိုးစားလာခဲ့တာပင်။

ဟန်လိသည် စိတ်မရှည်နိုင် ဖြစ်နေရပြီ။ သို့သော် သူ၏ လှုပ်ရှားမှုများကမူ သတိအပြည့်နှင့် ချောမွေ့နေသည်။

မီတာနှစ်ဆယ်လောက်ထိ ရွှေ့လျားရန် အကွာအဝေးလောက်ကို ဟန်လိသည် ခက်ခဲကြမ်းတမ်းသော ခရီးတစ်ခုနှင်ရသည့်နှယ် ခံစားရလေ၏။ နောက်ဆုံးတွင်မူ သူသည် ငါးရောင်စုံကြေးကြိုးကွင်းများ ရှေ့သို့ ရောက်လာသည်။ ပျော်ရွှင်အားရမှုကို အတင်းအကြပ် ဖိနှိပ်ထားရင်း သူသည် ထိုကြိုးကွင်းများကို အနက်ရောင်အလင်းလက်ဖြင့် လျင်မြန်လှစွာ ဖမ်းဆုပ်ကိုင်သည်။

သူ့လက်က ထိုကြေးကြိုးကွင်းများထံ ရောက်သွားပြီးသည်နှင့် ဟန်လိ၏ အနက်ရောင်ချပ်ဝတ်မှာ အပြာရောင်အလင်းတို့ဖြင့် လွှမ်းခြုံတာကို ခံလိုက်ရသည်။ ချပ်ဝတ်သည် အကွက်ငယ်များအဖြစ်သို့ အရည်ပျော်ကျပြီး သည့်နောက်မှာ လုံးဝ ပျောက်ကွယ်သွားလေသည်။ ဟန်လိ မတုန့်ပြန်နိုင်ခင်မှာပင် အပြာရောင်အလင်းထဲ သူ ဆွဲသွင်းခံရပြီး သူ့ဘေးပတ်လည်ရှိ လောကသည် ပြောင်းလဲသွားကာ သူလည်း သဲလွန်စမရှိ ပျောက်ကွယ်သွားလေတော့၏။

စူးရှတောက်ပသော အပြာရောင်အလင်း လင်းလက်သွားပြီး ဟန်လိသည် ကျောက်သားအခန်းငယ်တစ်ခုထဲ၌ ပြန်ပေါ်လာသည်။ အကြိမ်အနည်းငယ်လောက် သူ့ခန္ဓာကိုယ်သည် လှုပ်ခါဝေ့ယမ်းပြီးနောက်မှာ သူက သူ့ဟန်ချက်ကို ပြန်ထိန်းနိုင်သွားသည်။ သူ့ဘေးပတ်ဝန်းကျင်သို့ သေချာ ကြည့်ရှုလိုက်သည်။ ချက်ခြင်းပင် ဟန်လိသည် စိတ်အေးကာ သက်ပြင်းချနိုင်သွားသည်။ ကံကောင်းစွာဖြင့် သူ့ဘေးပတ်လည်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ပေ။ မဟုတ်ပါက သူတို့သည် ပိုးတောင်မာများစွာဖြင့် ဖုံးလွှမ်းနေသော သူ၏ အသွင်အပြင်သည် အာရုံစိုက်စရာ ဖြစ်သွားပေလိမ့်မည်။

သည့်နောက်မှာတော့ ဟန်လိသည် လေချွန်သံ ပြု၏။ တုန့်ပြန်သည့်အနေဖြင့် ရွေဝါးမြိုခြင်း ပိုးတောင်မာများသည် သူ၏ခန္ဓာကိုယ်ထံမှ ပျံသန်းထွက်ကာ ရွှေငွေတိမ်တိုက်အုပ်အဖြစ် သူ့ဦးခေါင်းအထက်တွင် ပြန်အသွင်ပြောင်းသည်။

စိတ်ထဲ များများစားစား တွေးမနေလေဘဲ ဟန်လိသည် သူ့လက်ထဲရှိ ရတနာနှစ်ခုကို အလောတကြီး ငုံ့ကြည့်သည်။ သူသည် အစောပိုင်းတည်းက ၎င်းတို့ကို အကြိမ်ကြိမ် ကြည့်ခဲ့ပြီး၊ မြင်ခဲ့ပြီး ဖြစ်သော်လည်း သူ့လက်ထဲ၌ သည်ပစ္စည်းနှစ်ခုကို ကိုင်ထားရသည့်အခါ စိတ်မလှုပ်ရှားဘဲ မနေနိုင် ဖြစ်ရလေ၏။

သူသည် ခဏအကြာ ထိုရှေးဟောင်းရတနာနှစ်ခုအား တစ်ခုချင်းစီ သေချာ ကြည့်သည်။ ဝတ်ရုံရှည်သည် အလွန်ပေါ့ပါးလှပြီး အပူဓာတ်အနည်းငယ်ကို ထုတ်လွှတ်နေ၏။ ငါးရောင်စုံကြေးကြိုးကွင်းမားကမူ ထိမိသည်နှင့် ရေခဲအလား အေးစက်မှုကို ပေးသည်။ ထိုရတနာနှစ်ခုအပေါ် အချိန်တစ်ခု ကြာသည့်အထိ ကျေနပ်စွာ ကြည့်ရှုနေပြီးနောက်မှာ သူ့အာရုံသည် အခု ကျောက်သားအခန်းထံသို့ ရောက်သွားသည်။

သည်အခန်းတွင် သူ့ကို သည်နေရာသို့ ခေါ်လာပေးသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နှင့် လေးထောင့်လမ်းကြောင်းတစ်ခု တို့ကလွဲ၍ ကျန်တာ ဘာတစ်ခုမျှ ရှိမနေလေပေ။ သည်အခန်းထဲ၌ စိတ်ဝင်စားစရာ ဘာမျှ ရှိမနေချေ။

All Chapters