တမူထူးသော ရတနာတစ်ခု
Vol. 34 Ch. 471
ထိုလမ်းကြောင်းသည် စိတ်ကူးပုံရိပ်နယ်နိမိတ်ထံ ဦးတည်သည့် လမ်းဖြစ်မှန်း မေးနေစရာ မလိုပေ။ ကျိနစ်ယင် သူ့ကို ငှားယမ်းခဲ့သော မျက်နှာပြင်ပုလဲများနှင့်အတူ သူ၏ မဟာဖွံ့ဖြိုးခြင်းပညာရပ်ကြောင့် သည်စမ်းသပ်ကွင်းကို ဖြတ်ကျော်ခြင်းသည် သူ့အဖို့ လွယ်ကူသည့် ကိစ္စရပ်တစ်ခု ဖြစ်လိမ့်မည်သာ။ ထိုအတွေးဖြင့် ဟန်လိသည် လက်ထဲရှိ ရှေးဟောင်းရတနာနှစ်ခုအပေါ်သို့ အာရုံပြန်ကျသွားသည်။
သူသာ ၎င်းတို့၏ စွမ်းအားကို အပြည့်အဝ သဘောမပေါက်ခဲ့လျှင် သူသည် အချိန်ကျလာလျှင် ထိုရတနာများကို အကျိုးသက်ရောက်မှု ရှိစွာ အသုံးပြုနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ သွေးရောင်လင်းလက်မှုနှင့်အတူ ဝတ်ရုံရှည်သည် သူ၏လက်ထဲကနေ ပျောက်ကွယ်သွား၏။ သူ့ အခြားလက်တစ်ဖက်ရှိ ငါးရောင်စုံကြေးကြိုးကွင်းများသာ ကျန်ခဲ့သည်။ ထိုကြိုးကွင်းငါးခုသည် သာမန်လူတစ်ယောက်၏ လက်တစ်ဖက်စာလောက် ဗျက်ရှိပြီး ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် ဆန်းကြယ်သည့် အဆောင်အမှတ်အသားများကို ရေးထွင်းထားသည်။
ဟန်လိသည် သူ့လက်ကောက်ဝတ်ကို ပေါ့ပါးစွာ လှုပ်ခါပြီး ၎င်းကြိုးကွင်းများကို ရမ်းခါသည်။ ကြိုးကွင်းများသည် တုန့်ပြန်သည့်အနေဖြင့် အဆက်မပြတ် ရောင်စုံလင်းလက် တောက်ပပြီး ဖီးနစ် ငိုကြွေးသံ ခပ်သဲ့သဲ့ကို ထုတ်လွှတ်သည်။ ဟန်လိ၏ မျက်လုံးမှ စိတ်အားတက်ကြွမှု တောက်ပသွားပြီး သူက ခေါင်းငုံ့ကာ အတွေးထဲ မြောသွားသည်။ ထို့နောက်တွင် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ၎င်းကြေးကြိုးကွင်းများထံ လက်ချောင်းများမှ တဆင့် ဖြည်းဖြည်းချင်း သွန်းလောင်းသည်။
ထိုစဉ်အတွင်း ဟန်လိသည် မျက်တောင်မခတ်ဘဲ ထိုကြိုးကွင်းများကိုသာ အလေးအနက် စိုက်ကြည့်နေသည်။ ယင်းနောက် ရောင်စုံလင်းလက်သွားပြီး ကြိုးကွင်းငါးခုချိန်းကြိုးသည် သဲလွန်စမရှိ ဖြတ်ခနဲ ပျောက်ကွယ်သွားလေတော့သည်။
ဟန်လိသည် မင်သက်သွား၏။ သို့သော် ခဏအကြာ သူ့စိတ်ထဲ၌ တစ်စုံတစ်ခုကို တွေးမိသည်။ သူသည် သူ့ဦးခေါင်းအထက် မလှမ်းမကမ်းတွင် မြောလွင့်နေသော ကြိုးကွင်းငါးခုထံ မော့ကြည့်သည်။ ၎င်းတို့သည် နတ်ဆိုးအလင်းဖြင့် အဆက်မပြတ် တောက်ပလို့နေသည်။
ဟန်လိသည် မျက်မှောင်ကြုတ်ပြီး သူ့လက်ကို ပင့်မြှောက်ကာ မိုးပြာမန္တာန်ချိပ်ဟန်တစ်ခုကို စေလွှတ်သည်။ ကြိုးကွင်းများသည် ထိုခဏတွင် ချက်ခြင်းတွန့်လိမ်လျက် ဘေးတစ်ဖက်ရှိ နံရံသို့ သွားရိုက်သည်။ ခပ်အုတ်အုတ် မည်သံများ ထွက်ပေါ်လာပြီး နံရံသည် အဖြူရောင် လင်းလက်ကာ နည်းနည်းလေးမျှ ထိခိုက်သွားပုံ မပေါ်ပေ။ ထိုအစား ကြိုးကွင်းများသည်သာ ပြန်ကန်ထွက်လာ၏။
ကြည့်ရတာ ထိုကြိုးကွင်းများသည် တိုက်ရိုက် တိုက်ခိုက်ရာတွင် အသုံးပြုပုံ မရချေ။ ဟန်လိ၏ အမူအရာမှာ ပြောင်းလဲမသွားပေ။ သူက လက်ဝေ့ယမ်းပြီး ကြိုးကွင်းများကြို သူ့ဦးခေါင်းအထက်သို့ ပြန်၍ ပျံသန်းလာစေသည်။ ထို့နောက်တွင်မူ တွေဝေခြင်း မရှိလေဘဲ ၎င်းကြိုးကွင်းများထံ စိတ်ဝိညာဉ်ချီကို ထွေးထုတ်သည်။ ထိုအခါ ၎င်းတို့၏ အရွယ်အစားများသည် မျက်စိတစ်မှိတ်အတွင်းမှာ ကြီးမားသွားသည်။ ထိုကွင်းများ၏ ပတ်လည်၌ တောက်ပစူးရှသောအလင်းဖြာမှု ရစ်ခွေနေပြီး ၎င်းကွင်းများ၏ အဆောင်အမှတ်အသားများသည် စတင် လှုပ်ရှားလာသည်။
ကွင်းအမျိုးအစား မှော်ပစ္စည်းများသည် ပုံမှန်အားဖြင့် တိုက်ရိုက် တိုက်ခိုက်ရာ၌ အသုံးမပြုကြပေ။ အများစုသည် ရန်သူကို ပိတ်လှောင်ဖို့ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တွင်သာ အသုံးပြုလေ့ရှိမှန်းကို ဟန်လိသည် သူ၏ အတွေ့အကြုံကနေ သိရှိထားခဲ့ပြီး ဖြစ်သည်။ ထိုကြိုးကွင်းကြီးများနှင့် ယင်းတို့ထံ ဖြာထွက်နေသော ကြောက်မက်ဖွယ်ဖိအားကို ကြည့်နေပြီးနောက်မှာ ဟန်လိသည် ခေါင်းမော့လျက် စကားတစ်ခွန်းကို ရေရွတ်သည်။
သူ ထိုသို့ ရေရွတ်ပြီးချင်းချင်းမှာပင် ကြိုးကွင်းများသည် အော်မြည်သံ ထုတ်လွှတ်ပြီး သူ့အပေါ်သို့ တိုက်ရိုက် ကျဆင်းလာသည်။ ထိုကွင်းများသည် တစ်ခုနှင့်တစ်ခု ထပ်ကာ ဟန်လိကို ခြုံလွှမ်းပစ်သည်။ ယင်းနောက် ကြိုးကွင်းများသည် သူ့ဘေးတွင် တိုးမြင့်လာသော အရှိန်ဖြင့် လှည့်ပတ်လျက် ဟန်လိကို သက်တံအလင်းတစ်ခုထဲ လုံးဝ ကွယ်ဖုံးသွားစေသည်။
ဟန်လိသည် ပြုံးယောင်သမ်းသွား၏။ ကြည့်ရတာ ထိုကြိုးကွင်းများ၌ အကာအကွယ်စွမ်းရည်များ ပိုင်ဆိုင်ထားပုံပင်။ ၎င်းတို့ မည်မျှ သက်ရောက်မှု ရှိသလဲကိုတော့ ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ချိန်ကျမျှ စမ်းသပ်နိုင်လိမ့်မည်။ ထိုသို့ တွေးပြီး ဟန်လိသည် အလင်းအကာထံ မန္တာန်ချိပ်ဟန်တစ်ခုကို သူ့လက်ဖြင့် တောက်ထုတ် စေလွှတ်သည်။ ချက်ခြင်းပင် အလင်းအကာမှာ အသွင်ပြောင်း၍ ကွင်းများသည် ၎င်းတို့၏ မူလအသွင်အပြင်အတိုင်း ပြန်ဖြစ်သွားလေသည်။
သို့သော် ပြင်းထန်စွာ အချိန်ခဏ ဝေ့ယမ်းခါပြီးနောက်မှာ ကြေးကွင်းများကား အလင်းဖြာထွက်လျက် မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။ သည်တစ်ကြိမ်တွင်လည်း ဟန်လိသည် တည်ငြိမ်စွာ ရှိနေပြီး သူ့လက်ကို ဆန့်ထုတ်သည်။
သက်တံအလင်း ဖြာထွက်လျက် လက်ဝါးအရွယ်ကြေးကြိုးကွင်းငါးခုသည် သူ့လက်ထဲ၌ ပေါ်လာ၏။ ဟန်လိသည် ၎င်းတို့ကို တည်ငြိမ်စွာ ကြည့်သည်။ သူ၏စိတ်ထဲ၌ အတွေးတစ်ခုခု ရှိနေသည့်အလား။
များမကြာမီ ဟန်လိသည် မန္တာန်များကို ရေရွတ်သည်။ ထိုအခါ ကြိုးကွင်းများသည် သူ၏လက်ထဲမှ ပျောက်ကွယ်သွား၏။ သို့သော် တစက္ကန့်အကြာတွင် ၎င်းတို့သည် ဟန်လိ၏ ခြေတံလက်တံများနှင့် လည်ပင်းတို့ ပတ်လည်၌ ဖြတ်ခနဲ လင်းလက်ပြီး ပေါ်လာသည်။ ဟန်လိ၏ ဟန်ချက်မှာ ပျက်သွားပြီး သူက ဆွဲချခံရသကဲ့သို့ ဖြစ်သွားသည်။ ကံကောင်းစွာဖြင့် သူသည် သည့်အတွက် ကြိုပြင်ဆင်ထားပြီး ဖြစ်ကာ ကြိုးကွင်းများကို ဖြေလျော့ရန် မန္တာန်တစ်ခုကို တီးတိုးရေရွတ်လိုက်သည်။
ဟန်လိသည် သူ့ဟန်ချက်ကို အလျင်အမြန် ပြန်ရသွားပြီး သူ့လည်တိုင်ကို ပွတ်သပ်လိုက်မိသည်။ သို့သော် သူ့မျက်လုံးထဲတွင်မူ စိတ်လှုပ်ရှားမှုကတော့ အထင်းသား။
ထိုမှော်ရတနာကို အလစ်တိုက်ခိုက်ရာ၌ အသုံးပြုနိုင်နေ၏။ ၎င်းကို ကာကွယ်ဖို့ငှာ မဖြစ်နိုင်လောက်ချေ။ ထိုကြိုးကွင်းများနှင့် မထိန်းချုပ်ခံရခင် ရန်သူများသည် စိတ်ဝိညာဉ်အာရုံအားကောင်းပြီး မူမမှန်မှန်း သိနေခဲ့လျှင်ပင် သူတို့သည် တုန့်ပြန်ရန် အချိန် ရလိမ့်မည် မဟုတ်ပေ။ ဟန်လိသည် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည်ပင် ၎င်းတို့ကို သတိထားမနေနိုင်ဟု ယုံကြည်မှု ရှိ၏။ ၎င်းတို့ဖြင့် အလစ်တိုက်ခိုက်လျှင် အောင်မြင်နိုင်ခြေ အတော်လေး မြင့်မားသည်ဟု သူ ထင်မှတ်သည်။ တကယ်တော့ အခုထိ သူသည် ၎င်းကြိုးကွင်းများက ရန်သူကို မည်မျှ ကြာကြာ ထိန်းချုပ်ထားနိုင်မလဲကိုတော့ မသိသေးပါ။
ဟန်လိသည် ထိုကြိုးကွင်းများ၏ စွမ်းရည်များသည် သူ မူလမျှော်လင့်ထားသည်ထက် ပိုလွန်နေတာ တွေ့ရှိသည့်အခါ၌ များစွာ ကျေနပ်ပျော်ရွှင်သွားသည်။ ထိုသို့ နှစ်သက်စွာ ခံစားနေရင်း ဟန်လိသည် ၎င်းတို့ကို သူ၏ သိုလှောင်အိတ်ထဲ ထည့်သိမ်းပြီး အနီရင့်ရောင် ဝတ်ရုံရှည်ကို ထုတ်ယူသည်။
ထိုရှေးဟောင်းရတနာကို စမ်းသပ်ဖို့သည် များစွာ ပိုရိုးရှင်းသည်။ သူက ၎င်းကို သူ့ခန္ဓာကိုယ်ပေါ်တွင် ဝတ်၍ ၎င်းထဲသို့ မှော်စွမ်းအား အနည်းငယ် သွန်းလောင်းထည့်သည်။ ထိုအခါ ဝတ်ရုံသည် သွေးအလင်းရောင် တောက်ပပြီး ဟန်လိကို သူ့ခန္ဓာကိုယ်ပေါ်၌ အပူဓာတ်လောင်ကျွမ်းမှုအာရုံကို ခံစားရစေသည်။ တစ်ချိန်တည်းမှာ သူ၏ မှော်စွမ်းအားသည် သူ့ထိန်းချုပ်မှုထက် ကျော်လွန်ပြီး ဝတ်ရုံထံ အကြမ်းပတမ်း စတင် စီးဆင်းသည်။
ဟန်လိ အကြီးအကျယ် လန့်ဖျန့်သွား၏။ သူက ဝတ်ရုံထံ စီးဝင်နေသည့် သူ၏ မှော်စွမ်းအားများကို အလျင်အမြန် ဖြတ်တောက်ပစ်သည်။ ထိုအခါ ဝတ်ရုံ၏ တောက်ပမှုသည် မှိန်ဖျော့သွား၏။
ဟန်လိလည်း မင်သက်သွားကာ ဝတ်ရုံကို ပြန်ချွတ်သည်။ သူက ၎င်းကို သေချာ စူးစမ်းကာ ထပ်ကြည့်သည်။ ခဏအကြာ ၎င်းကို ထပ်ဝတ်ကြည့်ပြီး သတိကြီးကြီးထား၍ သူ့မှော်စွမ်းအားများကို တဖြည်းဖြည်းချင်း သွန်းလောင်းသည်။ ထိုအခါ သူ့မှော်စွမ်းအားများသည် ထပ်မံ၍ အကြမ်းပတမ်း စီးဝင်ပြန်သည်။ သို့သော် သည်တစ်ကြိမ်တွင်မူ ဟန်လိသည် ပြင်ဆင်ထားပြီး ဖြစ်၍ တည်ငြိမ်လျက်သာ ရှိသည်။ သူက ဝတ်ရုံရှည်ထံသို့သာ အကြည့်ရောက်နေလျက် တစ်ခုခုများ ထူးခြားလာလေမလားဟု ဂရုတစိုက် စူးစမ်းနေသည်။ ထိုအခိုက်တွင် ဝတ်ရုံရှည်၏ အပြင်ပိုင်းငှက်မွေးအလွှာသည် ပိုရှည်လျားလာပြီး သွေးနီရောင်က ဟန်လိကို ခြုံလွှမ်းသွားသည်။ ဟန်လိသည် သိပ်သည်းလှသော သွေးအလင်းရောင် အရံအတားတစ်ခုထဲသို့ ရောက်သွားသည့် သဘောမျိုးပင်။
၎င်းကို ခဏ စိုက်ကြည့်ပြီးနောက်မှာ ဟန်လိသည် သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းပြီး မြေပြင်ထက်မှ တဖြည်းဖြည်း မြောက်တက်လာသည်။ ထို့နောက်တွင် သူ့ဘေးပတ်လည်သို့ တချက် လှမ်းကြည့်ပြီး သူသည် သူ့အရိပ်အယောင်မှာ ပျောက်ကွယ်သွားသည်။
ယင်းနောက်တွင် မြည်သံများကို ကြားရလေ၏။ ညာဘက်ခြမ်းရှိ နံရံမှ သွေးအလင်းလုံးတစ်ခု ပေါက်ကွဲထွက်သည်။ ဟန်လိသည် ထိုအလင်းထံမှ ပြုတ်ကျလာပြီး သုံးလေးပတ်လောက် ကြမ်းပြင်ပေါ်၌ တလိမ့်ခေါက်ကွေး ဖြစ်သွားလေ၏။ သည့်နောက်မှာ သူ ပြန်ထလာသည်။ သူ့မျက်နှာထက်တွင် တုန်လှုပ်မှု ပြည့်နှက်လျက်။ သူသည် ၎င်း၏ခွန်အားအပြည့်ကိုပင် အသုံးမပြုခဲ့ပေ။ အများသုံးနေကျ သာမန် ပျံသန်းခြင်းပညာရပ်တစ်ခုကိုသာ အသုံးပြုလိုက်ရုံ ရှိသည်။ သို့ပေမည့် ဤသည်ကပင် ဟန်လိကို ကြမ်းပြင်နှင့် ဝင်စောင့်သွားစေခဲ့ကာ များစွာ ချောက်ချားသွားစေခဲ့သည်။
မယုံကြည်နိုင်ဖြစ်ကာ ဟန်လိသည် အခြားလှုပ်ရှားမှုပညာရပ်များကို အသုံးပြုကြည့်သေးသည်။ သို့သော် ရလဒ်အားလုံးကမူ အတူတူပင်။ သူသည် နံရံထံ ဝင်စောင့်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်ရလေသည်ပင်။ ကြည့်ရတာ ထိုဝတ်ရုံရှည် ရတနာသည် သူ့ကို နှေးကွေးစေမည့် ရွေးချယ်ခွင့်ကို မပေးဘဲ ကြောက်မက်ဖွယ်အမြန်နှုန်းကို အသုံးပြုစေနိုင်မည့်ပုံသာ ရနေသည်။ ဟန်လိသည် အကြီးအကျယ် အံ့အားသင့်ထိတ်လန့်မှုဖြင့် နေရာတွင်သာ ရပ်နေမိသည်။ ထိုဝတ်ရုံသည် အံ့ချီးဖွယ် ဆန်လွန်းသည်။ ၎င်း၏ အမြန်နှုန်းကြောင့် ဝတ်ရုံရှည်သည် ထိပ်တန်း အသက်ကယ် ရတနာတစ်ခုဖြစ်မှာ သံသယ ရှိရန် မလိုချေ။ ဟန်လိသည် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် သူ့နောက်သို့ လိုက်လံခဲ့လျှင်ပင် ထိုအံ့ချီးဖွယ်ရတနာကြောင့် အချိန်တစ်ခုတော့ ထိုသူတို့သည် သူ့အရိပ်အယောင်ကို မတွေ့ရ ဖြစ်သွားနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
သို့သော် တချိန်တည်းမှာ ထိုဝတ်ရုံ၌ သိသာသော အားနည်းချက်များ ရှိနေသည်။ မှော်စွမ်းအား များစွာ ကုန်ခမ်းခြင်းကတော့ ပြောနေရန်ပင် မလိုချေ။ ၎င်း၏ အမြန်နှုန်းကိုလည်း လုံးဝ ထိန်းချုပ်၍ မရခြင်းသည် ဟန်လိကို စိတ်ပျက်စေသည်။ ထိုထိပ်တန်းရှေးဟောင်းရတနာ၌ အားနည်းချက်နှင့် အကန့်အသတ် ရှိနေတာ သိသာသည်။ ၎င်းသည် ပြင်ပခန်းမတွင် မည်သည့်အတွက်ကြောင့်များ မပေါ်ထွက်ခဲ့ရသနည်း။ သို့သော် မည်သို့ပင်ဖြစ်စေ ထိုပစ္စည်းသည် ရန်သူများထံမှ ထွက်ပြေးရာတွင် အကြီးအကျယ် အသုံးတည့်လှသည်ပင်။ ဟန်လိသည် ရှုပ်ထွေးသောစိတ်ခံစားချက်များဖြင့် ၎င်းကို ပြန်သိမ်းသည်။ ထို့နောက်တွင် သူသည် ခါးသီးစွာ ရယ်မော၏။ ယင်းနောက် ခြေတင်ပုလွေခွေ ချိတ်ထိုင်ပြီး ချီသန့်စင်သည်။ ဝတ်ရုံက သူ၏ မှော်စွမ်းအားကို အချိန်တိုအတွင်း များစွာ ကုန်ခမ်းစေခဲ့သဖြင့် အခုလက်ရှိအခြေအနေ၌ သူသည် အခန်းအပြင်သို့ ထွက်သွား၍ မဖြစ်သေးပေ။
ဟန်လိသည် နေ့တစ်ဝက်လောက် အနားယူနေ၏။ သူ၏ မှော်စွမ်းအားများ အားလုံးနီးပါး ပြန်ပြည့်ဝခါနီး အချိန်ကျမှ သူ မျက်လုံးဖွင့်လာပြီး ထရပ်သည်။ သူက လမ်းကြောင်းထံ အလေးအနက် လှမ်းကြည့်သည်။
လက်တစ်ဖက်တွင် မျက်နှာပြင်ပုတီးစေ့ လက်ကောက်ကို ဝတ်လျက် သူ၏ မဟာဖွံ့ဖြိုးခြင်းပညာရပ်ကိုလည်း ခန္ဓာကိုယ် တစ်လျှောက် အသက်သွင်းပြီး သူသည် လမ်းကြောင်းထဲသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ ဝင်လာပြီးသည့်အခါ ထိုလမ်းကြောင်းသည် အတော်လေး တိုတောင်းကြောင်း တွေ့လိုက်ရသည်။ ထောင့်တစ်ခု ချိုးပြီးသည်နှင့် သူသည် လမ်းအဆုံးသို့ ရောက်လာသည်။
သူ့မျက်လုံးရှေ့တွင် အလင်းတစ်ခု လင်းလက်ပြီး ပြင်ပစင်္ကြံလမ်းတစ်ခု ပေါ်လာသည်။ ထိုလမ်းသည် ထည်ဝါလှသည်။ သို့သော် အကြည့်တစ်ချက်ဖြင့်ပင် ၎င်းသည် အဆုံးမရှိသည့်ပုံ ပေါ်သည်။ ၎င်းသည် မည်မျှ ဝေးလှသလဲ မသိနိုင်ပေ။ အပြင်ဘက်စင်္ကြံလမ်းတွင် ထည်ဝါခမ်းနားလှသော ကျောက်စိမ်းအဆောက်အဦတစ်ခု၏ ဝိုးတဝါး ပုံရိပ်နှင့်အတူ အဖြူရောင်တိမ်တိုက်များနှင့် နတ်တေးသံများ ရှိနေသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်၏။ သူသည် စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းလာ၏။
ထိုလမ်းပေါ် ခြေချမိသည်နှင့် ဟန်လိသည် သူ့မှော်စွမ်းအားကို ခန္ဓာကိုယ်အနှံ့ လှည့်ပတ်စေသည်။ သူ သိထားသလောက် ဤသည်မှာ နောက်ထပ် စမ်းသပ်ကွင်းတစ်ခု ဖြစ်လေ၏။ သည်စမ်းသပ်ကွင်းတွင် ပျံသန်းခြင်း ပညာရပ်များကို အသုံးပြု၍ မရဘဲ ခြေကျင်သာ လျှောက်၍ ဖြတ်ကျော်နိုင်မည်ပင်။
ဟန်လိသည် ၎င်းစင်္ကြံကို အပြင်ကနေ သေချာ စူးစမ်းကြည့်ထားပြီး ဖြစ်သည်။ စင်္ကြံလမ်းထဲ ဝင်လာပြီးနောက်မှာတော့ နတ်တေးသံများသည် ပို၍ ကြည်လင်ထင်ရှားလာသည်။ ဟန်လိသည် ထိုနတ်တေးသံများကို မျက်နှာပြောင်တိုက်ပြီး အာရုံစိုက်၍ နားထောင်နေသည်။ ခဏအကြာတွင် သူ့မျက်နှာထက်၌ လှောင်ပြုံးတစ်ခု သူ့အလိုလို ပေါ်လာသည်။
ဟန်လိသည် အလျင်မလိုဘဲ လျှောက်လာခဲ့၏။ သူ့ကိုယ်ပိုင်ဥယျာဉ်ထဲ၌ လမ်းလျှောက်နေသကဲ့သို့ပင်။ သို့သော် သူသည် စင်္ကြံလမ်းအတိုင်း ပိုဝေးဝေး လျှောက်လာလေလေ နတ်တေးသံများက ပိုလှပပြီး ကြည်လင်ပြတ်သားလာလေပင်။ တစ်ချိန်တည်းမှာ အဖြူရောင်တိမ်တိုက်များအတွင်းမှ လှပလွန်းသော ကြိုးကြာများ ပေါ်လာကြသည်။ ၎င်းတို့သည် တေးသံနှင့်အတူ ကျောရှင်းစွာ ကခုန်ကြသည်။ ကြည့်ကောင်းလှသည့်၊ ပနံသင့်လှသည့် မြင်ကွင်းတစ်ခုပင်။