ပုံရိပ်ယောင်နယ်မြေထဲရှိ နန်းတော်နက်
Vol. 34 Ch. 472
ဟန်လိသည် ထိုကြိုးကြာများကို တစ်ချက်မျှသာ လှမ်းကြည့်ပြီး သူ့လမ်းကိုသူ ဆက်လျှောက်လာသည်။ သို့သော် ထိုစဉ် ကောင်းကင်ယံမှ သက်ဆင်းလာသော နတ်တေးသံများသည် တဖြည်းဖြည်း ပို၍ ပြင်းထန်အားကောင်းလာသည်။ လေထဲ၌ ကခုန်နေသော ကြိုးကြာဖြူများသည် စင်္ကြံနှစ်ဘက်နှစ်ခြမ်းထံ ပျံသန်းတိုးဝင်လျက် ၎င်းတို့၏ တောင်ပံများကို ဖြန့်ကားပြီး ရှည်လျားသော အော်မြည်သံကို ထုတ်ဖော်ကြသည်။
ခဏအကြာတွင် နတ်တေးသံများ၏ ကြား၌ ကြိုးကြာများသည် အကြိမ်ကြိမ် လှည့်ပတ်ပျံသန်းပြီး နန်းဝတ်နန်းစားများဖြင့် အမျိုးသမီးငယ်များအဖြစ်သို့ အသွင်ပြောင်းသည်။
သူမတို့သည် ဆယ့်ရှစ်နှစ်အရွယ်လောက်လေးများသာ။ အလွန်လှကြ၏။ ငယ်ရွနုပျိုလွန်း၏။ သူမတို့သည် ဟန်လိကို တောက်ပစွာ ပြုံး၍ ကြည့်နေသည်။ သူမတို့၏ အကြည့်ထဲ၌ တပ်မက်စိတ်များ ပြည့်လျှံလျက်။ ဟန်လိသည် သူမတို့၏ ချစ်ရသူ ဖြစ်နေသည့်နှယ်။ ထို့နောက်တွင် သူမတို့၏ သေးသွယ်လှသေ ခါးလေးများကို လှုပ်ခါရမ်း၍ ပြစ်မျိုးမှဲ့မထင်မှုကို ပြသသည်။ ထိုစဉ် နတ်တေးသံများသည် ပြောင်းလဲသွားသည်။ တေးသံက ချစ်သူတစ်ယောက်၏ ကြင်နာမှုကဲ့သို့ နူးညံ့လာသည်။ ညင်သာလာသည်။
ဝန်းကျင်တွင် အလှအပစိတ်ကူးအာရုံတို့နှင့်သာ ပြည့်နှက်လာ၏။ သည်ဝန်းကျင်သို့ ရောက်လာသူများသည် ရှေ့ဆက်သွားချင်စိတ် မရှိချင်တော့လောက်အောင် ဖြစ်သွားနိုင်သည်။ ဟန်လိသည် အသံအသစ်များကို ကြားရသည့်အခါတွင် သူ့အမူအရာမှာ ခဏ ပြောင်းလဲသွားသည်။ ထို့နောက်တွင် သူက သူ့စိတ်နှလုံးကို ချက်ခြင်း ပြန်ထိန်း၏။ ထိုအလှလေးများ၏ ချိုမြိန်မှုကို လစ်လျူရှုလျက် သူ့လမ်းကိုသူ ဆက်လျှောက်လာသည်။
မီတာတစ်ရာလောက် လျှောက်လှမ်းလာပြီးသည့်နောက်တွင် ဟန်လိသည် နတ်တေးသံများသည် ပြောင်းလဲသွားပြန်သည်။ သည်တစ်ခါ ပူဆွေးမှုနှင့် ဝမ်းနည်းမှုအဖြစ်သို့ ပြောင်းသွားခြင်းပင်။
မိန်းမပျိုလေးများ၏ အမူအရာများသည် နတ်တေးသံအတိုင်း ပြောင်းလဲသည်။ သူတို့၏မျက်နှာများထက်တွင် သိသာစွာ ဝမ်းနည်းမှုတို့ ပြည့်နေလျက်။ သူတို့သည် ဟန်လိကို ပူဆွေးခြင်းကြီးစွာဖြင့် လှမ်းကြည့်နေသည်။ ဟန်လိက သူမတို့၏ အသဲကို ခွဲလေသူ ဖြစ်သည့်နှယ်။ ထိုအမျိုးသမီးများအပေါ် ကြည့်မိသူတိုင်းသည် စိတ်နှလုံးနာကျင်ပြီး အာရုံတပ်မက်စိတ် ဖြစ်မိကုန်မည်သာ။
“စိတ်ဝင်စားစရာပဲ…” ဟန်လိသည် ပြုံး၍ ဘေးတစ်ဖက်မှသည် အခြားတစ်ဖက်သို့ လျှောက်သည်။ သူက ထိုမိန်းမလှများ၏ ဝမ်းနည်းသည့်ဟန်ပန်များကို အသိအမှတ် ပြုသည်။ သူသည် စိတ်ဝင်စားစရာ ပြပွဲတစ်ခုကို ကြည့်နေသည့်အလား။
ဟန်လိသည် မီးနှင့်ရေခဲလမ်းကြောင်း ပြီးသည့်နောက်တွင်မှ စိတ်ကူးပုံရိပ်နယ်နိမိတ်စမ်းသပ်မှုက ရှိလာသည် ဖြစ်၍ ဤနေရာတွင် ထိုလှည့်ကွက်သာသာလောက်ထက် အများကြီး ပိုခက်ခဲမှု ရှိနေမှာကို သူ ကောင်းကောင်း သဘောပေါက်ပေသည်။
ထင်သည့်အတိုင်းပင်။ ဤသည်က ဟန်လိကို မဟန့်တားနိုင်တာ မြင်သည့်အခါ နတ်တေးသံများသည် စွဲညှို့မှုသံစဉ်များအဖြစ်သို့ ပြောင်းလာသည်။ တစ်ချိန်တည်းမှာ မိန်းမပျိုတိုင်းသည် သူမတို့၏ အလှပဆုံး ကိုယ်ဟန်များကို ထုတ်ဖော်လာသည်။ သူမတို့၏ ဝတ်ရုံများကို ချွတ်ရင်း သူမတို့၏ မျက်လုံးထဲတွင် ဆာလောက်မှုတို့ တောက်ပလျက်။ သူမတို့၏ နီရဲရဲနှုတ်ခမ်းနှင့် ပါးစပ်လေးများထံမှ ငြီးသံငြူသံများ ထွက်ပေါ်လာခြင်းနှင့်အတူ ကောင်းကင်ယံမှလည်း စွဲညှို့မှု သံစဉ်များကို ထုတ်လွှတ်လေသည်။ ဤသည်မှာ မည်သည့်ယောက်ျားသားတိုင်းကိုမဆို တပ်မက်စိတ်ဖြင့် ရူးသွားရန် လုံလောက်တာထက် ပိုနေသည်။
ဟန်လိသည် မင်သက်သွားသည်။ သို့သော် မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို သူ၏ခန္ဓာကိုယ်ထဲ၌ လှည့်ပတ်စေပြီးနောက်မှာ သူသည် ချက်ခြင်း တည်ငြိမ်မှု ပြန်ရသည်။
အခုအခါတွင် စွဲညှို့မှုပညာရပ်များ၏ ဆရာသခင်တစ်ယောက်သည် ဟန်လိကို အင်ပြည့်အားပြည့် ထိုးနှက်လာခဲ့လျှင်ပင် သူသည် နည်းနည်းလေးမျှ ဖြုံလိမ့်မည် မဟုတ်ပေ။
ဟန်လိသည် စင်္ကြံဘေးတစ်ဖက်စီမှာ အတန်းလိုက် ရှိနေကြသော မိန်းမလှများကို ဖြတ်၍ လျှောက်လာစဉ် သူမတို့၏ အပြုအမူများသည် ပို၍ အထိန်းအကွပ် မဲ့လာသည်။ အချို့ဆို ဟန်လိကို ကလူကျီစယ်စွာ ကြည့်ပြီး သူမတို့၏ လက်များကို သက်ဆိုင်ရာ ရင်ဘက်ပေါ် ဖိပြသည်။ အခြားသူများကလည်း တင်ပါးများကို လှုပ်ခတ်ပြသည်။ စွဲဆောင်နိုင်ဖို့ ပညာအမျိုးမျိုး ပြကြလေသည်။
ဟန်လိသည် မိန်းမောစွာ ငေးကြည့်မိသွားပြီး သူ့လျှာကိုယ်သူ ကိုက်လိုက်၏။ မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ အကာအကွယ်ကြောင့် ဟန်လိသည် မိန်းမောမြောပါ မသွားသော်ငြား သူသည် ဤကဲ့သို့ မြင်ရခဲသော မြင်ကွင်းရှုကွက်ကိုတော့ သဘောကျတာ သေချာပါသည်။
ထို့နောက်တွင်မူ မိန်းမပျိုများ၏ အသွင်အပြင်များသည် ထပ်မံ ပြောင်းလဲသွားပြန်သည်။ အလှပဂေမျိုးစုံအဖြစ်သို့ ပြောင်းလဲကုန်သည်။ ပညာတတ်မိန်းမလှများ၊ ပူလောင်သည့်အလှပိုင်ရှင်များ၊ အေးစက်သန့်စင်သူ အမျိုးသမီးများ၊ ကျော့ရှင်းလှပသူများ စသဖြင့် အလှအသီးသီး ပိုင်ဆိုင်ကြသည်။ ထိုမြင်ကွင်းသည် သေမျိုးလောက၏ ပြိုင်ဘက်ကင်းအလှပဂေးအားလုံးကို စုစည်းထားခြင်းနှင့်ပင် တူနေသည်။
ဟန်လိ၏ မျက်နှာထက်တွင် ခပ်ရေးရေး အပြုံးတစ်ခု ပေါ်လာသည်။ သို့သော် သူ့အကြည့်ကမူ နည်းနည်းလေးမျှ လိုအင်ဆန္ဒ မရှိလေဘဲ ရေခဲတမျှ အေးစက်နေသည်။
သည်နေရာကို ဖြေးဖြေးမှန်မှန် သက်သောင့်သက်သာဖြင့် နှစ်နာရီလောက် လျှောက်လာပြီးနောက်မှာ ဟန်လိသည် သည်စင်္ကြံ၏ အဆုံးသို့ ရောက်လာခဲ့သည်။ သည်စင်္ကြံလမ်းသည် အမိုးအပြားနှင့် အနက်ရောင်နန်းတော်တစ်ခုထံ ဦးတည်သည်။ ထိုနန်းတော်၏ ဂိတ်တံခါးများနှင့် နံရံများကို အုတ်ခဲနက်များဖြင့် တည်ဆောာက်ထားသည်။ ဂိတ်တံခါးများမှာ မီတာလေးဆယ်ကျော်ထိ မြင့်၏။ နန်းတော်ဆောင်၏ အပြင်အဆင်ကမူ ပိန်းပိန်းမှောင်နေလျက် ဆန်းကြယ်မှု ခံစားမှုတစ်ခုကို ပေးစွမ်းသည်။
ဟန်လိ၏ အမြင်တွင် ထိုနန်းတော်ခန်းမကြီး ပေါ်လာသည်နှင့် တစ်ချိန်တည်းမှာ ကောင်းကင်ယံမှ နတ်တေးသံများနှင့် အလှပဂေးများအားလုံးသည် ရုတ်တရက် ပျောက်ကွယ်ကုန်သည်။ ကျန်ခဲ့တာဟူ၍ အဆုံးမဲ့ အဖြူရောင်တိမ်တိုက်များသာ။ စင်္ကြံလမ်း၏ အသွင်အပြင်သည် သူ စဝင်ရောက်လာခဲ့စဉ်ကလိုမျိုး ပြန်ဖြစ်သွားသည်။
ဟန်လိသည် အံ့အားမသင့်သွားပေ။ သူ့အကြည့်သည် အနက်ရောင်နန်းတော်ခန်းမထံသို့သာ လေးနက်စွာ ကျရောက်လျက် ရှိ၏။ သူသည် ရှေ့သို့ ချဉ်းကပ်လာစဉ် ခြေလှမ်း အလိုလို နှေးမိသွားသည်။ သူ၏ရှေ့တွင် သိပ်သည်းလှသော သွေးရနံ လှိုင်းထနေ၏။ ဟန်လိသည် မျက်မှောင်ကြုတ်သွားပြီး နန်းတော်ခန်းမကို နောက်တစ်ကြိမ် ထပ်ကြည့်သည်။
သူသည် နန်းတော်ခန်းမသည် အမှန်တကယ်အားဖြင့် လုံးဝနက်မှောင်နေတာ မဟုတ်မှန်း တွေ့လိုက်ရသည်။ ၎င်းခန်းမအပေါ် အေးခဲနေသော သွေးအလွှာတစ်ခု ရှိနေသလိုမျိုးပင်။
ဟန်လိသည် ဂိတ်တံခါးများရှေ့တွင် ရပ်သည်။ တစ်ကိုယ်တည်း တီးတိုးရေရွတ်၏။
ဟန်လိသည် စိတ်ကူးပုံရိပ်ယောင်နယ်နိမိတ်နှင့် ပတ်သက်ပြီး အသေးစိတ် သိမထားသော်လည်း သည်နန်းတောင်ခန်းမ၏ အသွင်အပြင်ဖြင့်ပင် ဤနေရာမှာ လူတစ်ယောက်၏ စိတ်ထဲရှိ အမှောင်ထုအကြောက်တရားများကို စမ်းသပ်မည်မှန်း သူ သေချာ သိသည်။ ၎င်းမှာ သူ ဖြတ်ကျော်ခဲ့သော စင်္ကြံလောက် လွယ်ကူလိမ့်မည် မဟုတ်တာ သံသယ ရှိရန် မလိုပေ။
ဟန်လိသည် သူ့စိတ်နှလုံးထဲ၌ အားနည်းချက်အချို့ ရှိတာကို အပြည့်အဝ နားလည်ထားသည်။ သူသည် အကြောက်တရား ကင်းမဲ့သူ၊ အညံ့လုံးဝ မခံတတ်သူတစ်ယောက် မဟုတ်နေပေ။ သူသည် လောကမှ လွတ်မြောက်သွားသော ဉာဏ်ပညာရှိလှသည့် သူတော်စင်တစ်ပါးလည်း ဟုတ်မနေပေ။ အများဆုံးမှ သူသည် ဉာဏ်ရည်ထက်၊ အကင်းပါးလှသော သေမျိုးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ သူသည် သူ တောင့်ခံနိုင်စွမ်း မရှိသော တစ်စုံတစ်ခုကို တွေ့မြင်ရမည့်အပေါ် လန့်နေမိသည်။
ကြည့်ရတာ သူသည် သည်စမ်းသပ်မှုကို ဖြတ်ကျော်ရန် မျက်နှာပြင်ပုတီးစေ့များထံမှ အကူအညီကို ရယူရတော့မည့်ပုံပင်။ ထိုအတွေးဖြင့် ဟန်လိသည် သူ့လက်ကောက်ဝတ်ရှိ လက်ကောက်ထံမှ ပုတီးစေ့များကို ပွတ်သပ်ပြီး သူ့စိတ်ကို တည်ငြိမ်စေသည်။ ထို့နောက်တွင် သူသည် နန်းတော်ခန်းမထဲသို့ လျှောက်လာတော့သည်။
ဝင်လာသည်နှင့် ဟန်လိသည် မသက်မသာ ခံစားချက်ကို ရ၏။ သူသည် မည်သည့်အတားအဆီးကိုမျှ ထောက်လှမ်းမိခြင်း မရှိပေ။ သူသည် အာရုံစိုက်၍ ကြည့်နေသော်လည်း သူ့အရှေ့ ဆယ်မီတာလောက်ထိသာ မြင်ရသည်။ သူ့ခန္ဓာကိုယ်ထံမှ စိတ်ဝိညာဉ်အာရုံကိုလည်း ထုတ်ဖော်နိုင်ခြင်း မရှိချေ။
အလင်းကင်းမဲ့နေမှု၊ အသံကင်းမဲ့နေမှုသည် ချောက်ချားမှုန်မှိုင်းမှုကို ဖြစ်နေစေသည်။ ဟန်လိသည် သူ့နှုတ်ခမ်းကို သပ်ပြီး လက်ဝေ့ယမ်းကာ မီးလုံးတစ်လုံး ဆင့်ခေါ်ရန် ကြိုးစားကြည့်သည်။
သို့သော် မီးတောက် ပေါ်လာသည်နှင့် ၎င်းမှာ ချက်ခြင်းပင် ပြန်ငြှိမ်းသေသွား၏။
ဟန်လိသည် အံ့အားသင့်သွားပြီး နောက်ထပ် လက်ဝေ့ယမ်းသည်။ သည်တစ်ကြိမ်တွင် သူသည် သိုလှောင်အိတ်ထဲမှ လကျောက်တုံးတစ်တုံးကို ဆင့်ခေါ်လိုက်၏။ သို့သော် မီးတောက်ကဲ့သို့ပင် ၎င်းကျောက်၏ အလင်းမျာလည်း ပေါ်လာပြီးသည်နှင့် ချက်ခြင်း လွင့်ပျောက်သွားသည်။
အခု ဟန်လိသည် သည်ခန်းမထဲရှိ အတားအဆီးများသည် အလင်းကို စုပ်ယူနိုင်သော သက်ရောက်မှုရှိမှန်း သဘောပေါက်သွားသည်။ ဤသို့ဖြင့် သူသည် ရှေ့ဆက်လျှောက်လာ၏။
သို့သော် သူ ခြေလှမ်းအနည်းငယ် လှမ်း၍ မပြီးသေးခင်မှာပင် အကွာအဝေးတစ်ခုမှာ နာကျင်စွာ အော်ခေါ်သံ ခပ်ရေးရေးကို ရုတ်တရက် ကြားရသည်။ ထိုအသံသည် မိန်းကလေးတစ်ယောက်ထံမှ ဖြစ်ချေမည်။ ဟန်လိသည် မချိပြုံး ပြုံး၏။ အသံကို လစ်လျူရှုလျက် သူ ရှေ့ဆက်လာခဲ့သည်။
သို့သော် ထိုအသံမှာ ဝေးသွားလိုက်၊ နီးသွားလိုက် ဖြစ်နေပြီး ဝမ်းနည်းမှုက ပိုအားကောင်းလာသည်။ ထိုငိုချင်းချသံသည် သူ၏နောက်မှ ကပ်ပါလာနေပုံ ပေါ်သည်။
“ ထွက်သွားစမ်း…” ထိုအသံက သူ့ကို ပို၍ စိတ်အနှောက်အယှက် ပေးလာသဖြင့် ဟန်လိသည် အနီးအနားဝန်းကျင် တုန်ခါသွားသည့်အထိ အော်ဟောက်လိုက်တော့သည်။ ငိုချင်းချသံသည် ရုတ်တရက် ရပ်သွား၏။
ဟန်လိသည် များစွာ စိတ်သက်သာသွားသည်။ သူက ခြေလှမ်းပိုမြန်သည်။ သည်ခန်းမထဲမှ တတ်နိုင်သမျှ အမြန် သူ ထွက်ချင်နေသည်။ သို့သော် ဆယ်မီတာလောက်ထိ လျှောက်လာပြီးနောက်မှာ ၎င်းငိုချင်းချသံသည် ဆက်ပေါ်လာသည်။ သည်တစ်ကြိမ်တွင် ဟန်လိ၏ အရှေ့ မလှမ်းမကမ်း၌ အဖြူရောင်အရိပ်တစ်ခုပါ ပေါ်လာသည်။ ထိုအရိပ်မှာ သတိုးသမီး ဝတ်ရုံကို ဝတ်ထား၏။
ဝမ်းနည်းဖွယ်ကောင်းလှသော ငိုချင်းချသံများသည် သူမထံမှ ထွက်ပေါ်လာနေတာ သိသာသည်။ ဟန်လိသည် ထိုအဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးကို မြင်သည့်အခါ သူ့မျက်နှာသည် တောင့်တင်းသွားသည်။ သူမသည် သူ့ထံ ချဉ်းကပ်လာခြင်း မရှိသော်ငြားလည်း ဟန်လိသည် သူမထံသို့ အလျင်အမြန် လျှောက်လာသည်။ ထူးခြားလှ၏။
ဟန်လိသည် သည်နေရာ၌ သူ့အနေဖြင့် သွေးကြောင်ပြီး မပြတ်မသား ပိုဖြစ်လေလေ ပုံရိပ်ယောင်များထဲ၌ ပို၍ ရစ်သိုင်းပိတ်မိနိုင်လေဟု သိသည်။ ရှောင်လွှဲ၍ မရမှတော့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်တာက ပိုကောင်းလိမ့်မည် မဟုတ်လား။
ထိုသို့တွေးပြီး ဟန်လိသည် ဝတ်ရုံဖြူအမျိုးသမီးနှင့် မီတာနှစ်ဆယ်လောက်အကွာသို့ ရောက်လာသည်။
ဟန်လိသည် နောက်ထပ် အော်ဟောက်သံပြု၍ ထိုအမျိုးသမီးကို လွင့်ပျောက်သွားစေရန် ဟန်ပြင်စဉ် ရုတ်တရက် သူမ၏ ငိုငြီးသံကို ရင်းနှီးသလို ခံစားမိလိုက်ရသည်။ သူသည် ထိုအသံကို ဟိုးလွန်ခဲ့သော အချိန်က ကြားဖူးခဲ့သည့်အလား။
ဟန်လိ၏ စိတ်ထဲ တုန်ယင်သွားသည်။ သူသည် သတိပြန်ထားသည်။ သူသည် သူမကို ပို၍ ကြည့်မိလေလေ ရင်းနှီးသလို ဖြစ်လာလေပင်။ သူ့မှတ်ဉာဏ်များကို ပြန်နှိုးဆွကြည့်သည်။ သို့သော် သူသည် သူမကို မည်သူမည်ဝါမှန်း ပြန်စဉ်းစားမရ ဖြစ်နေသည်။
ဟန်လိသည် အလိုလို ရပ်မိပြီး မျက်မှောင်ကြုတ်၍ သူ့ရှေ့ရှိ အမျိုးသမီးကို အေးတိအေးစက် လှမ်းကြည့်သည်။
“အစ်ကိုလေး…” ထိုအမျိုးသမီးသည် ညင်သာနူးညံ့သောအသံဖြင့် အံ့အားတသင့် လှမ်းပြောသည်။
ထိုစကားကို ကြားသည့်အခါ ဟန်လိ၏ စိတ်သည် သိမ့်သိမ့်ခါသွားမိသည်။ သူ့ခေါင်းထဲ သွေးများ ဆောင့်တက်သကဲ့သို့ပင်။ သူသည် မမေးမိဘဲ မနေနိုင် ဖြစ်ကာ လှမ်းမေးမိသည်။
“နင်က ဘယ်သူလဲ။ နင်က…”
“အစ်ကိုလေး…ရှင် ကျမကို မမှတ်မိတော့ဘူးလား။ ကျမက ရှင့်ရဲ့ ညီမလေးလေ…”
ဝတ်ရုံဖြူနှင့် အမျိုးသမီးသည် ခေါင်းမော့လာပြီး သူမ၏ နူးညံ့၊ ပူဆွေးနေသော မျက်နှာ လှစ်ဟပေါ်လွင်လာသည်။ သူမ၏ နှာခေါင်းသေးသေး၊ တောက်ပသော မျက်လုံး၊ နူးညံ့သော မျက်လုံးတို့သည် သူ ခုနစ်ထွေဆန်းကြယ်ဂိုဏ်းသို့ မထွက်လာခင်က အတူ ရှိခဲ့ဖူးသော သူ၏ ရှက်ရွှံ့တတ်သည့် ညီမငယ်၏ အသွင်ဟန်ပန်တိုင်း ဖြစ်လို့နေပေသည်။