အတွင်းပိုင်းခန်းမများ ပွင့်ဟခြင်း
Vol. 34 Ch. 473
“ညီမလေးလား…” ဟန်လိသည် ထိုအမျိုးသမီးငယ်ကို သေချာ ကြည့်နေသည်။ သူမ၏ စကားလုံးများနှင့် ပုံပန်းအသွင်တို့သည် သူ့စိတ်နှလုံးထဲ မြှုပ်နှံ့ထားတာ ကြာပြီဖြစ်သော တစ်စုံတစ်ရာကို ပြန်လှုံ့ဆော်ပေးလေသည်။
“အစ်ကိုလေး…ညီမ ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ညီမ ဖျားနာမှုကြောင့် သေသွားခဲ့ပြီးပြီ မဟုတ်ဘူးလား…”
သူမသည် ထရပ်လာသည်။ သူမ၏ အနီးအနားသို့ ရောက်လာသည့်အခါ ဟန်လိသည် သူမ၏ အသားအရေမှာ ဖြူရော်နေမှန်း မြင်ရသည်။
ဟန်လိ၏ မျက်လုံးထဲ၌ ထူးခြားသောဟန်တစ်ခု လှစ်ဟပေါ်၏။ သူ၏ ညီမလေးဟု ယူဆ၍ ရသော သည်အမျိုးသမီးငယ်သည် သူနှင့် ခြေလှမ်းနှစ်လမ်းအကွာသို့ ရောက်လာသည်။
ဟန်လိ၏ မျက်လုံးထဲ၌ ရုတ်တရက် အေးစက်မှု ဖြတ်ပြေးသွားပြီး သူ့လက်ကို ပင့်မြှောက်၍ မိုးပြာဓားငယ်တစ်ခုကို ထုတ်လွှတ်သည်။ ချက်ခြင်းပင် ၎င်းသည် အမျိုးသမီးငယ်၏ နဖူးထံ ထွင်းဖောက်သွား၏။
ထိုအခါ အဖြူရောင်အမျိုးသမီးအရိပ်သည် နာကျင်စွာ အော်ဟစ်လျက် ဖုတ်ခနဲ မည်သံနှင့်အတူ အနက်ရောင်အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“မင်းက ငါ့ညီမလေးရဲ့ အသွင် ယူထားတယ်ဆိုရင်တောင် ငါတို့နှစ်ယောက်ဟာ ငယ်ငယ်တည်းက ကွဲကွာခဲ့ကြတာ။ ငါ့ရဲ့ ခုလက်ရှိ ရုပ်ရည်ဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်များစွာနဲ့ ကွာခြားသွားပြီ ဖြစ်ရုံမက ငါလည်း သူမရဲ့ ရုပ်သွင်ကို မေ့နေခဲ့တာ ကြာခဲ့ပြီ။ သူမက ငါ့ကို သူမရဲ့ အစ်ကိုလေးအဖြစ် တစ်ချက်ကြည့်ရုံနဲ့ ဘယ်လိုလုပ် မှတ်မိနိုင်ပါ့မလဲကွ…”
ဟန်လိသည် လွင့်ပြယ်သွားသော အနက်ရောင်မီးခိုးငွေ့ရှိနေသော နေရာထံ လှမ်းကြည့်သည်။ သူ့ထံမှ အထီးကျန်မှု အရိပ်အယောင်တစ်ခု လှစ်ဟပေါ်လေ၏။
ထို့နောက်တွင်မူ သူက သူ့လက်ကောက်ဝတ်ကို မျက်လုံးနားသို့ တေ့ပြီး မျက်နှာပြင်ပုတီးစေ့လေးစေ့ကို ကြည့်ရှုသည်။ ဟန်လိသည် ထိုစကားများကို ယုံကြည်မှုအပြည့်ဖြင့် ပြောခဲ့သော်လည်း အဖြူရောင်အရိပ်က သူ့ထံ ချဉ်းကပ်လာခဲ့ချိန်တွင် ထိုပုတီးစေ့တို့က သူ့ကို လောင်မြိုက်သွားစေခဲ့ခြင်းကြောင့်သာ မဟုတ်ပါက ယင်းသို့ မတိုက်ခိုက်ခဲ့လောက်ပေ။ သူသည် သူ့ညီမလေး၏ ပုံရိပ်သည် ပုံရိပ်ယောင်တစ်ခု သို့မဟုတ် အသွင်ပြောင်းထားသော တစ္ဆေတစ်ကောင်မှန်း သိသော်လည်း သူ့ညီမလေး၏ ရုပ်သွင်ဟန်ပန်ကို ဆက်၍ ကြည့်ချင်စိတ် ဖြစ်မိနေခဲ့သည်ပင်။ ဖော်ပြ၍ မစွမ်းသာသော ဝမ်းနည်းသည့် အငွေ့အသက်တစ်ခုကို သည်းခံပြီး ဟန်လိသည် အမှောင်ထုထဲ ဆက်လျှောက်လာခဲ့သည်။ စေတီကြီးတစ်ဆူရှေ့တွင် မလှုပ်မယှက် ထိုင်နေကြသော လူဆယ်ယောက်ကျော် ရှိနေကြသည်။ ထိုစေတီသည် တိမ်တိုက်များနှင့်ပင် ထိစပ်နေပုံ ရပြီး ကြီးမားလှသော ထုံးကျောက်တုံးများဖြင့် တည်ဆောက်လို့ထားသည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ၎င်းစေတီကို အထပ်ငါးခု ပိုင်းခြားထားသည်ကို မြင်ရလိမ့်မည်။ အထက်တိုင်းသည် အောက်ဘက်မှ အထက်နှင့်စာလျှင် မသိမသာ သေးငယ်သွားသည်။ သို့သော် အထက်တိုင်းကို အနည်းဆုံး မီတာလေးရာလောက် ပိုင်းခြားထား၏။ စေတီအောက်ခြေရှိ ကျောက်သားဂိတ်တံခါးသည်ပင် အနည်းဆုံး မီတာနှစ်ရာ မြင့်ပြီး အံ့အားသင့်ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခု ဖြစ်လို့နေသည်။
စေတီတစ်ခုလုံးကို အဖြူရောင်အလင်းအရံအတားတစ်ခုက ခြုံလွှမ်းထား၏။ လူတိုင်းသည် ၎င်း၏ အပြင်ဘက်၌ မျက်လုံးမှိတ်၍ အနားယူနေသည်။ သည်အဖြူရောင်စေတီနှင့် ယှဉ်ပါက သူတို့သည် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေသည်။
ထိုစေတီရှေ့တွင် ရှိနေသူအားလုံးမှာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသာ။ ဝူချောင်နှင့် အရိုးသခင်တို့အပြင် ထိုနေရာ၌ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ရှိနေသည်။ ဟန်လိ၊ ယွမ်ယောင်၊ ကြယ်နန်းတော်မှ အကြီးအကဲနှစ်ယောက်နှင့် နောက်ထပ် အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်တို့သည် အခုထိ မပေါ်လာကြသေးပေ။
ကျိနစ်ယင်၏ မျက်နှာထက်၌ တည်ငြိမ်နေဟန် ပေါ်နေသည်။ သူသည် ဂရုမစိုက်လေသည့်အလား။ သို့သော် စိတ်ထဲ၌မူ သူ စိုးရိမ်ပူပန်နေ၏။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများအဖြစ် ဟန်လိသည် ဝူချောင်ကဲ့သို့ပင် သည်နေရာသို့ ရောက်လာသင့်နေပြီပင်။
ထိုအခိုက်တွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ ဗဟိုချက်၌ အဖြူရောင်အလင်းတစ်ခု တောက်ပသွားပြီး အရိပ်တစ်ခု လှစ်ဟပေါ်လွင်လာ၏။
မန်ဟုဇီနှင့် အခြားသော မိစ္ဆာတာအို ကျင့်ကြံသူများသည် မျက်လုံးဖွင့်လာ၏။ သို့သော် သူတို့သည် ထွက်ပေါ်လာသူမှာ ယွမ်ယောင် ဖြစ်နေတာ မြင်သည့်အခါတွင် သူတို့၏ မျက်လုံးထဲ၌ စိတ်ပျက်ဟန် ဖြတ်ပြေးသွားသည်။ စဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်များက သူမထံ အကြည့်ရောာက်လာတာ မြင်သည့်အခါ ယွမ်ယောင်၏ စိတ်နှလုံးမှာ တုန်ရင်သွား၏။ သို့သော် သူမက အားတင်းကာ အစီအရင်ထဲကနေ ဘာတစ်ခုမျှ မှားယွင်းနေခြင်း မရှိသည့်နှယ် တိတ်တဆိတ် လှမ်းထွက်လာသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ အစီအရင်ထံမှ လျှောက်လှမ်းထွက်လာရုံ ရှိသေး ၎င်းအစီအရင်သည် ထပ်မံ လင်းလက်သွားပြီး ဟန်လိ ပေါ်လာသည်။ ကျိနစ်ယင်သည် မျက်ခုံးပင့်၍ ပြုံးမိသွား၏။ မန်ဟုဇီနှင့် ပညာရှိအိုချင်းယီတို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်မိသည်။ သူတို့သည် စိတ်အေးသွားကြသည်။
ဟန်လိ ပေါ်လာသည်နှင့် သူ့ရှေ့၌ ယွမ်ယောင်ကို တွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားမိသည်။ သူမထံ ပြုံးယောင်သမ်း၍ တချက်လှမ်းကြည့်ပြီးနောက်မှာ သူသည် သခင်ကြီးကျိနစ်ယင်ထံ လျှောက်လာပြီး ဂါဝရပြုကာ သူ့နောက်တွင် ဝင်ရပ်သည်။
ကျိနစ်ယင်သည် ဟန်လိသည် သူ့ကို ဆရာတစ်ယောက်ကဲ့သို့ ပြုမူသည့်အပေါ် များစွာ ကျေနပ်သွား၏။ သူက ခေါင်းလှည့်ပြီး ဟန်လိကို တခြားစကားတခွန်းမှ မဆိုလေဘဲ ခေါင်းညိတ်ပြသည်။ ထင်ထားသည့်အတိုင်းပင် ကျိနစ်ယင်သည် သူ့ထံမှ မျက်နှာပြင်ပုလဲများကို အရှက်မရှိ ချက်ခြင်း ပြန်တောင်းခြင်း မရှိသေးပေ။
အလားတူပင် မန်ဟုဇီကလည်း သူ့ရတနာချပ်ဝတ်ကို ပြန်ပေးဖို့ မမေးလာခဲ့ပေ။ ထိုသူများသည် ဟန်လိထံ ငှားခဲ့သော သူတို့၏ ရတနာများနှင့် ပတ်သက်ပြီး မေ့သွားကသည့်အလား။ ဟန်လိသည် သူ ရောက်လာချိန်၌ ကျင့်ကြံသူများသည် လှုပ်ရှားရန် ရည်ရွယ်ချက် မရှိဘဲ တစ်ခုခုကို စောင့်နေသည့်အလား ထိုင်နေကြတာကို မြင်ရသည်။
ထိုအခိုက်တွင် ဟန်လိသည် သူ့ရှေ့ရှိ ဧရာမစေတီကြီးကို မြင်ရ၏။ သူ အကြီးအကျယ် အံ့အားတသင့် ဖြစ်သွား၏။
“ဒီတော့ ဒါက အတွင်းပိုင်းခန်းမတွေလား။ ဒါက ငါ ထင်ထားတာနဲ့ လုံးဝ ကွဲပြားနေတာပဲ…”
ဟန်လိသည် စိတ်ထဲကနေ ထိုသို့ ရေရွတ်လိုက်မိ၏။ ထို့နောက်တွင် သူသည် အရိုးသခင်ထံသို့ မသိမသာ တစ်ချက် လှမ်းကြည့်သည်။
ထိုသူသည် တရားထိုင်လျက် ရှိနေပြီး ဟန်လိ၏ အကြည့်ကို သတိမပြုမိသည့်ပုံ ပေါ်သည်။
ထိုစဉ် အရိုးသခင်၏ အသံသည် ဟန်လိ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာ၏။
“ကောင်လေး…မင်း တခြားနေရာတွေကို လိုက်ကြည့်နေ။ ကျုပ်အကြောင်းကို ကျုပ်ရဲ့ သစ္စာဖောက်တပည့် သိသွားမှာကို ဂရုစိုက်မနေနဲ့။ စိတ်အေးအေးသာထား။ ကျိနစ်ယင်ကို ငါတို့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ငါ သေချာ ပြင်ဆင်ထားပြီးပြီ။ ဒါပေမဲ့လို့ မင်းက ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ရှာဖွေတဲ့အခါ မင်းရဲ့ သွေးကျောက်စိမ်းပင့်ကူကို အသုံးပြုပြီးတဲ့အခါကျရင်တော့ အခွင့်အရေးက ပိုမြင့်လာလိမ့်မယ်။ အဲ့ကျရင် ငါ လှုပ်ရှားလိုက်မယ်။ မှတ်ထားပါ။ ငါ့ဆီကို ဘာမှ အသံမပို့လွှတ်ပါနဲ့။ ငါတို့ ပူးပေါင်းတာ ပေါ်သွားလို့ မရဘူး…”
ဟန်လိသည် နားထောင်နေလျက် သူ့အမူအရာမှာ တည်ငြိမ်စွာ ရှိနေ၏။ ထို့နောက် သူက အခြားနေရာများကို လိုက်ကြည့်သည်။
“ရတနာကို ရှာပြီးတဲ့နောက် အခွင့်အရေးတစ်ခု ရှိလာလိမ့်မယ်လား။ သူက ဘာကို ဆိုလိုတာများလဲ။ ဒီမိစ္ဆာအိုကြီးကလည်း ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ရချင်နေတာများလား…”
ဟန်လိသည် သိချင်စိတ် ဖြစ်မိလာပြီး စိတ်ထဲ ဂနာမငြိမ် ဖြစ်နေ၏။
အတွင်းပိုင်းခန်းမများသည် ပွင့်တော့မည် ဖြစ်၏။ သူသည် ရတနာကို ရယူပြီးနောက်မှာ မည်သို့ ဖြစ်ပျက်လာမည့်အပေါ် စိုးရိမ်ပူပန်လာသည်။ သူသည် ကောင်းကင်လေဟာနယ်ဒယ်စောက်ကို အောင်မြင်စွာ ရယူနိုင်သည် ဖြစ်စေ၊ မယူနိုင်သည် ဖြစ်စေ ဖြစ်လာမည့် အဖြစ်အပျက်များသည် သူ့အတွက် ကောင်းမွန်ရန်သာ လိုအပ်သည်။
ဟန်လိသည် ထိုသို့ ပူပန်နေစဉ် သူ့ရှေ့မှ အေးစက်စက်အသံတစ်သံကို ကြားရလေ၏။
“အတွင်းပိုင်းခန်းမတွေက ပွင့်တော့မယ်။ ကြယ်နန်းတော်က ရောင်းရင်းနှစ်ယောက်ဟာ အခုထိ ရောက်မလာကြသေးဘူး။ ကြည့်ရတာ သူတို့က မနှောက်ယှက်တော့မယ့်ပုံပဲ။ ဒါကို ခင်ဗျား သဘောတူတယ် မဟုတ်လား အစ်ကိုမန်…”
လမ်းမှန်တာအိုကျင့်ကြံသူများ၏ အလယ်တွင် ထိုင်နေသော ဝမ်ထျန်မင်သည် မျက်လုံးဖွင့်လာပြီး မန်ဟူဇီကို လှမ်းကြည့်ပြီး ထိုသို့ ပြောလာသည်။ သူ ထိုသို့ ပြောနေစဉ် သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ဖိအားတစ်ခု ထုတ်လွှတ်နေ၏။
“ဟားဟား…ဘာလဲ လူအိုကြီးဝမ်က စိတ်မရှည် ဖြစ်နေတာလား။ နည်းနည်းတော့ ထပ်စောင့်လိုက်ပါအုံး။ တကယ်တော့ ကြယ်နန်းတော်က ရောင်းရင်းတွေဟာ လူလည်တွေလေ။ ကျုပ်တို့ချင်း တိုက်ခိုက်ပြီးတဲ့အချိန်ကမှ သူတို့က ပေါ်လာတာလည်း ဖြစ်ချင် ဖြစ်နိုင်တာပဲ…”
မန်ဟုဇီသည် အထင်သေးစွာ ပြုံး၍ သူ့မုတ်ဆိတ်ကို ပျင်းရိပျင်းတွဲဟန်ဖြင့် ပွတ်သပ်နေသည်။
ဝမ်ထျန်မင်သည် ထိုစကားကို ကြားသည့်အခါ တွေးတွေးဆဆ ဖြစ်သွား၏။ သို့သော် ခဏအကြာတွင် သူက ခေါင်းညိတ်ပြပြီး မျက်လုံး ပြန်မှိတ်သည်။ သူသည် မန်ဟုဇီ၏ စကားများကို လက်ခံသည့်အလား။ နောက်ထပ် နှစ်နာရီလောက် ကြာပြီးသည့်နောက်တွင် ရုတ်တရက် တုန်ခါမှုများ ဆက်တိုက် ထွက်ပေါ်လာပြီး မြေပြင်သည် လှုပ်ခါရမ်းသည်။
အတွင်းခန်းမများထံ ဦးတည်သည့် တံခါးချပ်ကြီးများသည် တဖြည်းဖြည်း ပွင့်လာပြီး ကျောက်သားလမ်းကြောင်းတစ်ခု ပေါ်လွင်လာသည်။ အကွာအဝေးတစ်ခုမှ ကြည့်လျှင်ပင် ထိုလမ်းသည် ထည်ဝါကြီးမားသည့်ပုံ ပေါ်နေသည်။ ဂိတ်တံခါးများ ပွင့်လာသည်နှင့် တစ်ပြိုင်နက်တည်းမှာ ဗဟိုချက်ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည် မှိန်ဖျော့ပြီး ပျောာက်ကွယ်သွားလေ၏။
မန်ဟုဇီသည် ထိုင်နေရာကနေ ရုတ်တရက် ထလာသည်။ ဝမ်ထျန်မင် အပြောကို စောင့်မနေဘဲ သူက ပြောလာသည်။
“ဟားဟား…ကောင်းတယ်…ကောင်းတယ်။ ကြည့်ရတာ ကြယ်နန်းတော်က ရောင်းရင်းနှစ်ယောက်က ဘာမှ ဝင်မမွှေတော့မယ့်ပုံပဲ။ ဘယ်လိုလဲ ဝမ်ထျန်မင်။ ငါတို့ တိုက်ကြမလား။ ရှုံးတဲ့ဘက်က အတွင်းပိုင်းခန်းမတွေထဲ မဝင်ရဘူး…”
“မတိုက်ဘူး။ ကျုပ် ခင်ဗျားတို့နဲ့ မတိုက်ချင်ဘူး။ ကျုပ်မှာ တခြား အစီအစဉ်တွေ ရှိတယ်…”
လူတိုင်း မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် ဝမ်ထျန်မင်သည် ထိုသို့ ပြောလာသည်။
မန်ဟုဇီသည် စစချင်းတော့ မင်သက်သွားသေးသည်။ ထို့နောက်တွင်မူ သူက မကောင်းဆိုးဝါးဆန်စွာ ပြုံးပြီး လှောင်ပြောပြောသည်။
“မတူညီတဲ့ အစီအစဉ်တဲ့လား။ ဘာလဲ မင်းက စလာတည်းက အရှုံးပေးပြီး မတိုက်ခိုက်ဘဲ နောက်ဆုတ် ပေးမယ်လို့ ပြောမလို့လား…”
ဝမ်ထျန်မင်သည် ခေါင်းယမ်းပြီး မဖြေးမမှန်လေသံဖြင့် ပြောလာသည်။
“နောက်ဆုတ်မယ်တဲ့လား။ ဘာလို့ ဆုတ်ရမှာလဲ။ ဒါပေမဲ့ ရတနာကိုတောင် မရသေးဘဲ တိုက်ခိုက်တာဟာ ဉာဏ်နည်းရာ ကျတယ်။ ရတနာကို အရင်ရဖို့ ကျုပ်တို့ နှစ်ဖက်လုံး ကြိုးစားတာကသာ ပိုမကောင်းဘူးလား။ ဒီမတိုင်ခင် ကျုပ်တို့ ကိုယ့်ကိုယ်ကို ယာယီ ထိန်းချုပ်ထားကြတာပေါ့။ ဒီလိုနည်းနဲ့ဆို ကျုပ်တို့က နှစ်ခါ မရုန်းကန်ရတော့ဘူး။ တကယ်တော့ ခုလက်ရှိ ကျုပ်တို့ရဲ့ ရန်သူဟာ ကြယ်နန်းတော်ပဲ။ ကျုပ်တို့ချင်း မဟုတ်ဘူး။ ခင်ဗျားတို့က အတော်လေး ယုံကြည်ချက် ရှိနေတဲ့ပုံ ရတယ်။ ဒါပေမဲ့ ကျုပ်တို့နှစ်ဖက်လုံးအတွက် ဒီရတနာကို ရနိုင်ခြေဟာ အများကြီး ရှိမနေဘူး။ ဒီလိုဆိုမှတော့ ကျုပ်တို့ တိုက်ပွဲဟာလည်း ဘာအကျိုးမှ ရှိမနေဘူး…”
မိစ္ဆာတာအိုဘက်မှ ကျင့်ကြံသူများသည် အံ့အားသင့်ကုန်သည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်မိကြ၏။ ခဏအကြာတွင် သူတို့သည် နှုတ်ခမ်းများလှုပ်ကာ အသံများ ပို့လွှတ်သည်။
ဝမ်ထျန်မင်နှင့် အခြားသော လမ်းမှန်တာအိုကျင့်ကြံသူများကတော့ သည်ကိစ္စကို ဆွေးနွေးပြီး ဖြစ်ပုံရသည်။ သူတို့သည် မိစ္ဆာတာအိုဘက်မှ ကျင့်ကြံသူများ မည်သို့ တုန့်ပြန်လာမလဲကို တည်ငြိမ်စွာ စောင့်နေကြသည်။
ခဏအကြာတွင် ကျိနစ်ယင်သည် သုန်မှုန်စွာဖြင့် ပြောလာ၏။
“ခင်ဗျားရဲ့ စကားတွေက နားထောင်လို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ အဆုံးသပ်မှတော့ ဒီရတနာကို ရပြီး ဘာဖြစ်မှာလဲ။ ကျုပ်တို့က အောင်မြင်ခဲ့ရင်လည်း ခင်ဗျားတို့က ကျုပ်တို့ လက်ထဲကနေ လာမလုယူဘူးလို့ ဘယ်လို ယုံရမလဲ။ ခင်ဗျား စကားတွေက နားထောင်ကောင်းရုံလောက်ပဲ…”
ဝမ်ထျန်မင်သည် ပြုံးဖြီး၍ တုန့်ပြန်သည်။
“ကျိနစ်ယင်…မင်းပြောတာတွေက အဓိပ္ပာယ်လည်း မရှိဘူး။ မင်းတို့က ဒီရတနာကို အောင်အောင်မြင်မြင် ရယူနိုင်ခဲ့ရင် ကျုပ်တို့ကလည်း ဒီအတွက် တိုက်ခိုက်ကြမှာပဲလေ။ မင်းတို့လည်း အဲ့လိုပဲ မလား။ အဲ့အချိန် ရောက်လာခဲ့ရင် အရည်အချင်းကသာ အဆုံးအဖြတ် ပေးလိမ့်မယ်။ တကယ်တော့ အခုချိန် တိုက်ခိုက်ပြီး အင်အား ဖြုန်းတီးတာထက်စာရင် အဲ့တာကမှ ပိုကောင်းသေးတယ်မလား…”