အန္တရာယ်ကို သတိမမူ
Vol. 34 Ch. 474
ကျိနစ်ယင်သည် ဝမ်ထျန်မင်က သူ့စကားများကို အဓိပ္ပာယ်မရှိဟု ပြောတာ ကြားသည့်အခါ သူ့မျက်နှာထက်တွင် ရန်လိုသည့်ဟန် ဖြစ်ပေါ်သည်။ သို့သော် ဝမ်ထျန်မင် ပြောတာ ကြားပြီးသည့်နောက်မှာ သူ့ဒေါသကို အတင်းအကြပ် ဖိနှိပ်သည်။ ထို့နောက်တွင် သူသည် မန်ဟုဇီနှင့် ပညာရှိချင်းတို့ထံ ခေါင်းလှည့်ကြည့်ပြီး သူတို့ထံ အသံပို့လွှတ်သည်။
ခဏအကြာတွင် သူတို့ဆွေးနွေးတာ အပြီးသပ်သွားသည်။ ကျိနစ်ယင်သည် အေးတိအေးစက် ပြောလိုက်သည်။
“ခင်ဗျားတို့ အကြံပြုတဲ့အတိုင်း ကျုပ်တို့ အခုတော့ မတိုက်ခိုက်သေးဘူး။ ရတနာကို ရတဲ့အထိ စောင့်ကြတာပေါ့…”
ဝမ်ထျန်မင်သည် တဟားဟား ရယ်မောလေ၏။
“ကောင်းပြီ။ ခင်ဗျားတို့က ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက် ချတာပဲ။ ကျုပ်တို့ အတူတူ ဝင်ကြတာပေါ့…”
ထို့နောက်တွင် သူသည် ကျောက်သားတံခါးထံ လျှောက်လာသည်။ သူ့နောက်တွင် ထျန်ဝူဇီနှင့် လယ်သမားအိုတို့က ကပ်ပါလာသည်။
“ဟား…” မန်ဟုဇီသည် နှာခေါင်းရှုံ့၏။ ထို့နောက်တွင် သူ့အကြည့်သည် ယွမ်ယောင်နှင့် ဟန်လိ မသိသော အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတို့ထံ ကျရောက်သွားသည်။ သူ၏မျက်လုံးထဲ၌ မသိမသာလည်း လင်းလက်သွားသည်။
သူတို့နှစ်ယောက်သည် မန်ဟုဇီ၏ ရန်လိုသောအသွင်ဟန်ပန်ကို သတိပြုမိပြီး ဖြူရော်သွားကြသည်။ သူတို့နှစ်ယောက်လုံးသည် အဝါရောင်အလင်းတန်းနှင့် အနီရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ ကျောက်စေတီထံ အပြေးဦးတည်သွားသည်။
မန်ဟုဇီသည် ညစ်ကျယ်ကျယ် ပြုံး၏။
“မင်းတို့နှစ်ယောက်က ဘယ်ကို သွားမလို့ စဉ်းစားနေကြတာလဲ…”
သူက သူ့လက်နှစ်ဖက်ကို ပွတ်သပ်ပြီးနောက် ဝေ့ယမ်းသည်။ ထိုအခါ ရွှေရောင်အလင်းတန်းနှစ်ခုသည် ထိုးထွက်သွားပြီး သူတို့ကို နောက်ကနေ ဝင်တိုက်ခိုက်၏။
အဝါရောင်အလင်းဖြစ်သော အမျိုးသားကျင့်ကြံသူသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။ ထို့နောက်တွင် သူ့ကို ရွှေရောင်အလင်းက ခြုံလွှမ်းသွားပြီး သူသည် နှစ်ပိုင်းကွဲထွက်ကာ မြေပေါ်တွင် ရုပ်ပျက်စင်းပျက်အလောင်းတစ်လောင်း ဖြစ်သွားတော့သည်။
နောက်ထပ် ရွှေရောင်အလင်းက ယွမ်ယောင်၏ အနီရောင်အလင်းနား ရောက်လာသည့်အခါတွင် တောက်ပစူးရှသော အစိမ်းရောင်မီးတောက်များသည် ၎င်းရွှေရောင်အလင်းကို ယာယီပြန့်ကြဲသွားစေသည်။ သူမ၏အနီရောင်အလင်းသည် ကြက်သွေးနီရောင်ငှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ပို၍ပင် မြန်ဆန်ကာ ရှေ့ဆက်သည်။ ရွှေရောင်အလင်းကို ဖြတ်ခနဲ ကျော်လွန်သွားပြီး သူမသည် ကျောက်စေတီဝင်ပေါက်ထဲ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။
“အို…တယ် ထူးခြားပါလား…” ပညာရှိအိုချင်းယီသည် မျက်မှောင်ကြုတ်လျက် ခပ်တိုးတိုး ရေရွတ်သည်။ ချင်းယီနှင့် ကျိနစ်ယင်တို့သည် မန်ဟုဇီ၏ အပြုအမူများအပေါ် စိတ်ထဲမထားပေ။ သို့သော် ယွမ်ယောင်က မန်ဟုဇီ၏ တိုက်ခိုက်မှုမှ လွတ်မြောက်သွားတာ မြင်သည့်အခါ၌ သူတို့သည် အံ့အားမသင့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။
“မန်ဟုဇီ…ဒါက ဘာအဓိပ္ပာယ်လဲ။ ခင်ဗျား ဘာကြောင့် အပြစ်မရှိတဲ့သူတွေကို တိုက်ခိုက်ရတာလဲ…”
ထျန်ဝူဇီသည် တဖက်သို့ လှည့်ကာ ဒေါသထွက်သည့်အမူအရာဖြင့် ပြောလာသည်။
မန်ဟီုဇီက ထိုတာအိုရသေ့ကို ဂရုမစိုက်ဟန်ဖြင့် တချက် လှမ်းကြည့်ပြီး ပြောသည်။
“ကျုပ် စိတ်ခံစားချက် မကောင်းဘူး။ ဒါ့ကြောင့် ကျုပ်က သူစိမ်းတစ်ယောက်၊ နှစ်ယောက်ကို သတ်တာဟာ မင်း အပူပါလား။ မင်းအနေနဲ့ သူတို့ကိုယ်စား တရားမျှတမှု ပြန်ယူပေးချင်လား ဒါမှမဟုတ် ကျုပ်ရဲ့ ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ်ကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်ချင်တာလား…”
“ခင်ဗျား…”
ခေါင်းပင်လှည့်မကြည့်ဘဲ ဝမ်ထျန်မင်သည် လှမ်းအော်သည်။
“တော်လောက်ပြီ….ထျန်ဝူဇီ။ ဒီနှစ်ယောက်က လမ်းမှန်တာအိုဝင်တွေ မဟုတ်ဘူး။ ဒါ့ကြောင့် ရှိပါလေစေတော့။ ကျုပ်တို့ ပိုအရေးကြီးတဲ့ ကိစ္စတွေ လုပ်ရဦးမယ်…”
ထျန်ဝူဇီ (ဝါ) တာအိုရသေ့သည် မန်ဟုဇီသို့ စက်ဆုပ်ဟန်ဖြင့် လှမ်းကြည့်ပြီး တစ်ဖက်သို့ ဒေါသတကြီး ပြန်လှည့်သွားတော့သည်။
များအကြာမီတွင် လမ်းမှန်တာအိုဘက်မှ သူများသည် ကျောက်ဂိတ်တံခါးကို ဖြတ်ကျော်ပြီး အတွင်းခန်းမထဲ ဝင်သွားကြသည်။
ကျိနစ်ယင်သည် လမ်းမှန်တာအိုများ ထွက်သွားတာကို တစ်ချက်လှမ်းကြည့်ပြီး မကောင်းဆိုးဝါးဆန်စွာ ပြုံး၍ မန်ဟုဇီထံ လှမ်းပြောသည်။
“အစ်ကိုမန် သူတို့ကို တိုက်ခိုက်လိုက်တာ သိပ်ကောင်းတာပဲ။ ကိစ္စကြီး မတိုင်ခင် ကျုပ်တို့ ကြွက်လေးတွေကြောင့် စိတ်ကသိကအောက် မဖြစ်ရတော့ဘူးပေါ့။ ဒီအမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်က အတွင်းခန်းမထဲ ဝင်ချင်နေပြီး ရှုပ်ထွေးနေတဲ့အချိန် အကျိုးအမြတ် ရချင်နေကြတယ်။ ဒီသက်ရှိတွေက ဘယ်လောက်တောင်များ စိတ်မရှည်လိုက်သလဲ။ အခု ဒီနေရာမှာ အစ်ကိုမန် မသတ်ရသေးတဲ့သူဆိုလို့ တစ်ယောက်ပဲ ကျန်တော့တယ်နော်…”
ထိုသို့ ပြောရင်း သူ့အကြည့်သည် အရိုးသခင်ပေါ်သို့ ကျရောက်သွားသည်။ အရိုးသခင်ကမူ လုံးဝ တည်ငြိမ်လျက် မထူးခြားနားဟန်ဖြင့်သာ ရှိနေသည်။ ကျိနစ်ယင်က အခြားတစ်ယောက်ယောက်အကြောင်းကို ပြောနေသည့်အလား။
မန်ဟုဇီသည် အမူအရာကင်းမဲ့စွာဖြင့် ပြောသည်။
“သူက ကျုပ်နဲ့ ပတ်သက်မှုတစ်ခု ရှိတယ်။ သူ ကျုပ်အတွက် ကောင်းမွန်တဲ့ တစ်ခု ပြုလုပ်ပေးခဲ့တဲ့အတွက် ကျုပ် သူ့ကို မတိုက်ခိုက်တာ သဘာဝပဲ။ မင်းတို့နှစ်ယောက်လည်း သူတို့ကို မတိုက်ခိုက်ဖို့ တားမြစ်တယ်…”
ကျိနစ်ယင်သည် မျက်လုံးမှေးစင်းသွားပြီး အရိုးသခင်ကို သေချာကြည့်သည်။ သူသည် ထိုသူ့ကို သိလား၊ မသိလား သေချာစေရန် ဖြစ်သည်။ ထို့နောက်တွင်မူ သူက ပြောလာ၏။
“သူက အစ်ကိုမန်နဲ့ ပတ်သက်တဲ့ ဂျူနီယာတစ်ယောက် ဖြစ်နေမှတော့ ကျုပ်တို့ သူ့ကို ဘာမှ မလုပ်ပါဘူး။ ဒါပေမဲ့လည်း အစ်ကိုမန်ဟာ တစ်စုံတစ်ယောက်ဆီကနေ မျက်နှာသာပေးတာကို လက်ခံခဲ့တာကိုတော့ အတော်လေး အံ့အားသင့်မိပါတယ်…”
မန်ဟုဇီ၏ မျက်နှာသည် အေးစက်သွားသည်။ သူသည် ကျိနစ်ယင်ထံ ခပ်စူးစူး တစ်ချက် လှမ်းကြည့်သည်။
“ဟားဟား…ကျိနစ်ယင်…မင်းက ကျုပ်နဲ့ လာညှိနှိုင်းဝံ့တယ်လား…”
“ဘယ်ကသာ။ ကျုပ်က နည်းနည်း သိချင်သွားရုံပါ။ အစ်ကိုမန် မဖြေချင်လည်း ရပါတယ်။ ဒါပေမဲ့ လွတ်မြောက်သွားတဲ့ ဝတ်ရုံနက်နဲ့ အမျိုးသမီးမှာတော့ ထင်ရှားတဲ့ ဇစ်မြစ်တစ်ခုခု ရှိနေနိုင်တယ်။ အစ်ကိုမန် ဂရုစိုက်တာ ကောင်းမယ်…”
ကျိနစ်ယင်သည် သည်ကိစ္စကို ရယ်ကာမောကာဖြင့် လျှောချလိုက်သည်။ သို့သော် သူ၏ နောက်ဆုံးစကားလုံးများကမူ လေးပင်သော အဓိပ္ပာယ်အချို့ကို သယ်ဆောင်နေပုံ ရသည်။
မန်ဟုဇီသည် ခဏ တိတ်သွားသည်။ ထို့နောက်တွင် သူက သုန်မှုန်စွာ ပြောလာ၏။
“ငါလည်း မကန်းနေဘူး။ သူမက မိစ္ဆာအိုယန်သုံးရဲ့ မိုးပြာမီးတောက်ပေါက်ကွဲမှုတွေကို အသုံးပြုခဲ့တာကို ငါ မမြင်ခဲ့ဘူးလို့ မင်း ထင်လို့လား။ သူ သဘောအကျဆုံး တပည့်တွေကလွဲလို့ မိုးပြာမီးတောက်ဂိုဏ်းရဲ့ အခြားဘယ်တပည့်ကမျှ အဲ့လို ပစ္စည်းမျိုးကို ရဖို့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့်ပဲ အဲ့မိန်းကလေးဟာ သေခြင်းကနေ လွတ်မြောက်သွားခဲ့တာ…”
“ဟားဟား…ကျုပ် သိပါပြီ…”
မန်ဟုဇီ၏ အမူအရာသည် ပျက်ယွင်းနေတာ မြင်သည့်အခါ ကျိနစ်ယင်လည်း ပါးနပ်စွာဖြင့် အခြားဘာမျှ ထပ်မပြောတော့ပေ။
“ကိစ္စမရှိပါဘူး။ အဲ့အမျိုးသမီးက မိစ္ဆာအိုယန်သုံးအတွက် အရေးကြီးတယ်ဆိုရင်တောင် အစ်ကိုမန်က စိုးရိမ်ဖို့ မလိုပါဘူး။ ဒါပေမဲ့လို့ အခုလက်ရှိ ပြန့်ကြဲကြယ်ပင်လယ်များမှာ ကြယ်နန်းတော်ရယ်၊ လမ်းမှန်နဲ့ မိစ္ဆာတာအိုတို့ကြား ပဋိပက္ခ ဖြစ်နေကြတာလေဓ မိစ္ဆာအိုယန်သုံးရဲ့ စွမ်းရည်က ထင်ရှားလှပြီး သူဟာ မိစ္ဆာတာအို ဇစ်မြစ်ရှိတဲ့သူ ဖြစ်ပေမယ့်လည်း သူဟာ ကောင်းတဲ့ဘက်ကော မိစ္ဆာဘက်ကောမှာ ရှိမနေဘူး။ ဒါ့ကြောင့် အဲ့လူကို ကျုပ်တို့ရဲ့ ရန်သူ ဖြစ်မလာစေဖို့ ရှောင်တာကတော့ အကောင်းဆုံးပဲ။ ဟို မိန်းကလေးကို အမြန်သွားရှာကြစို့…”
ချင်းယီသည် ဘေးကနေ သည်ကိစ္စကို အဆင်ပြေအောင် ဝင်ပြောပေးသည်။
မန်ဟုဇီသည် ခေါင်းညိတ်ပြ၏။ သူက စကားထပ်မပြောတော့ပေ။ ကြည့်ရတာ သူလည်း မိစ္ဆာအိုယန်သုံးအပေါ် စိတ်ထဲ၌ အတော်လေး ရှိန်နေပုံ ပေါ်သည်။
ခုမှ အသစ်ပေါ်လာသော အဖြစ်အပျက်များက ဟန်လိကို လေးလံဖိစီးပြီး ရှုပ်ထွေးသော ခံစားချက်များ ရစေသည်။ သူ့စိတ်ထဲ၌ အတွေးများစွာ စပေါ်လာသည်။
သူ့ရှေ့တွင် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက် အသက်ခံရခြင်းသည် ပုရွက်ဆိတ်တစ်ကောင်နှယ် လွယ်ကူလွန်းနေခဲ့သည်။ ယွမ်ယောင်သည်လည်း ထိုဲ့သို့သော ကံကြမ္မာကနေ လွတ်မြောက်အောင် မည်သို့ လုပ်ဆောင်နိုင်ခဲ့သနည်း။
အရိုးသခင်သည် သူနှင့် မိစ္ဆာတာအိုဘက်မှ ထိပ်တန်းပုံရိပ်များထဲမှ တစ်ယောက်ဖြစ်သူ မန်ဟုဇီတို့နှင့် ပတ်သက်နေသေးသည်။ သို့ဖြစ်၍ သူ့အနေဖြင့် မတည်ငြိမ်နိုင်တော့တာ အံ့အားသင့်စရာ ရှိမနေပေ။ ယွမ်ယောင်ကမူ မန်ဟုဇီကဲ့သို့ သူမျိုးပင် ကြောက်နေရသော မိစ္ဆာအိုယန်သုံးနှင့် ပတ်သက်မှုအချို့ ရှိပုံ ရသည်။
ထိုအတွေးများက သူ့စိတ်ထဲ အလျင်မပြတ် ပေါ်လာနေသည်။ ဟန်လိသည် အချိန်တစ်ခု ကြာသည့်အထိ ယင်းအတွေးများကို ရှင်းလင်းအောင် အစီအစဉ်တကျ မလုပ်နိုင်သေးဘဲ ရှိသည်။
သူသည် ဘာစကားမှ မဆိုဘဲ မန်ဟုဇီနှင့် အခြားသူများ ပြောစကားများကိုသာ အာရုံစိုကရန် ရှိတော့သည်။ သို့မှသာ သူသည် အချက်အလက်အချို့ကို သိနိုင်ပြီး သူ့အတွက် အာမခံချက်ရှိမည့် အစီအစဉ်တစ်ခုကို လုပ်ဆောင်နိုင်ရန် မျှော်လင့်နိုင်ပေမည်။ သို့သော် ကံဆိုးသည်မှာ ပညာရှိချင်းယီ ဝင်ပြောလာသော စကားများက အပြန်အလှန် စကားဝိုင်းကို အဆုံးသပ်သွားစေသည်။
“ကဲ…အတွင်းခန်းမထဲ အမြန်ဝင်ကြစို့။ လမ်းမှန်တာအိုကသူတွေက ကျုပ်တို့ကို စောင့်နေမှာ မဟုတ်ဘူး။ သူတို့ ကျုပ်တို့ကို နောက်ချန်ထားခွင့် ပေးလို့ မဖြစ်ဘူး…”
ချင်းယီသည် ကျောက်သားဝင်ပေါက်လမ်းထံ တစ်ချက် ကြည့်ပြီး မျက်မှောင်ကြုတ်သည်။
မန်ဟုဇီသည်လည်း ထိုဝင်ပေါက်ဂိတ်တံခါးထံ လှမ်းကြည့်ပြီး တွေးတွေးဆဆ ဖြစ်သွားသည်။ ထို့နောက်တွင် သူသည် စ၍ ခြေလှမ်းသည်။ ကျိနစ်ယင်နှင့် ချင်းယီတို့သည် တစ်ယောက်နှင့်တစ်ယောက် လှမ်းကြည့်ပြီး နောက်မှ လိုက်လာကြသည်။
ဟန်လိ၊ ဝူချောင်နှင့် အရိုးသခင်တို့ကမူ သူတို့နောက်မှ လိုက်လာ၏။
ဟန်လိနှင့် အခြားသူများသည် ဝင်ပေါက်ထဲ ဖြည်းဖြည်းချင်း ဝင်လာပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွားကြလေ၏။
သုံးနာရီလောက် ကြာပြီးသည့်နောက်မှာ နက်မှောင်သော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုသည် ရုတ်တရက် တလက်လက် တောက်ပလင်းထင်းထာပြီး ၎င်းအစီအရင်ထံမှ အရိပ်နှစ်ခု ထွက်ပေါ်လာသည်။
သူတို့သည် ကြယ်နန်းတော်မှ အကြီးအကဲများ ဖြစ်၏။
ထိုအခိုက်တွင် သူတို့နှစ်ယောက်က ဘေးဘီဝဲယာကို သတိထား၍ ကြည့်ရှုသည်။ အနီးဝန်းကျင်တွင် မည်သူ့ကိုမျှ မမြင်မှ သူတို့က စိတ်အေးလက်သာ ဖြစ်၏။ သူတို့ထဲမှ တစ်ယောက်က ပြုံးယောင်သမ်း၍ ပြောလာသည်။
“အသူတို့အားလုံး ဝင်သွားကြပြီပဲ။ အဲ့လူအိုကြီးတွေ ဘယ်လောက်ပဲ ဉာဏ်များများ၊ ကျုပ်တို့ ကြယ်နန်းတော်က ဒီတည်နေရာရွှေ့ပြောင်းခြင်း အတားအဆီးကို လွန်ခဲ့တဲ့ နှစ်တစ်ထောင်တည်းက ဖြေရှင်းနိုင်ခဲ့ပြီး ဖြစ်တာကိုတော့ သူတို့ စိတ်ကူးတောင် ကြည့်မိနိုင်မှာ မဟုတ်ဘူး။ အခု ကျုပ်တို့လည်း ဒီနေရာကို ရောက်လာပြီဆိုတော့ ဘယ်အချိန် သွားကြမလဲ…”
အခြားတစ်ယောက်က အေးစက်စက် ပြောသည်။
“သွားကြမယ်။ ကျုပ်တို့လည်း သေချာ ဂရုစိုက်မှ ရမယ်။ ကောင်းကင်လေဟာနယ်ဒယ်ဇောက်ကို သူတို့ အမှန်တကယ် ရယူနိုင်စွမ်း မရှိဘဲနဲ့တော့ ဒီလျှို့ဝှက်ချက်ကို အလွယ်တကူ သူတို့ သိသွားစေလို့ မဖြစ်ဘူး…”
“ဒါပေါ့…” ဦးဆုံးပြောလာသူက လက်ခံသည့်သဘောဖြင့် ခေါင်းညိတ်ပြသည်။
သည့်နောက်မှာ သူတို့နှစ်ယောက်သည် အဖြူရောင်အလင်းတန်းနှစ်ခုအဖြစ် ပြောင်း၍ ကျောက်ဂိတ်တံခါးထံ ဦးတည်ပျံသန်းဝင်လာသည်။
…
ဟန်လိသည် ကျိနစ်ယင်နောက်မှ လျှောက်လာ၏။ မထင်မှတ်စွာဖြင့် သူ့အပေါ် များစွာ မကျေမနပ် ဖြစ်နေသော ဝူချောင်နှင့်အတူ ဘေးချင်းယှဉ်၍ လျှောက်လာနေရသည်။
ကျိနစ်ယင်က ဝူချောင်ကို အရင်တည်းက တစ်ခုခု ပြောထားခဲ့သောကြောင့် ဖြစ်နိုင်သည်။ ဝူချောင်သည် လမ်းတစ်လျှောက်တွင် ဟန်လိကို ရန်လိုသည့် သဘောမပြဘဲ ပုံမှန်သာ ရှိနေသည်။ သူက အရေးမကြီးသည့် ကိစ္စများကိုပင် ဟန်လိကို စကားစမြည် လှမ်းလှမ်းပြောသေးသည်။ ဟန်လိကို အေးတိအေးစက် ဖြစ်သွားစေမည့် အပြုအမူများကို ရှောင်နေသည်။ အစောပိုင်းတုန်းက သူ၏ မုန်းတီးနေသော အကြည့်အရဆို ထိုသူသည် အခု မတူညီသော အခြားသူတစ်ယောက်အဖြစ်သို့ ပြောင်းသွားလေသည့်အလား။
သို့သော် ထိုသို့ အတုအယောင် ဆက်ဆံလေ ဟန်လိသည် ပို၍ သုန်မှုန်စွာ ခံစားမိရလေပင်။ ဟန်လိသည် စိတ်ထဲ၌ ခါးသီးစွာ လှောင်မရယ်မိဘဲ မနေနိုင် ဖြစရသည်။
“ကျိနစ်ယင်က ရတနာကို ရပြီးရင် ဝူချောင် ငါ့ကို သတ်နိုင်တဲ့အကြောင်းများ ပြောထားခဲ့တာများလား။ ဒီဝူချောင်က ဘာကြောင့်များ အရင်နဲ့ မတူဘဲ လုံးဝ ကွဲပြားတဲ့သူ တစ်ယောက် ဖြစ်သွားရတာလဲ…”
ဟန်လိသည် စိတ်ထဲ၌ များစွာ ပူပန်နေသော်လည်း ဝူချောင်ကိုတော့ ပြုံး၍သာ ပြောနေသည်။ သူတို့နှစ်ယောက်ကြား၌ အတုအယောင် ရပ်ဝန်းတစ်ခု ဖြစ်လို့နေသည်။
ကျိနစ်ယင်နှင့် အခြားသူများသည် ခုထိ ရှေ့ဆက်သွားနေကြသည်။ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူသုံးယောက်သည် အတွင်းခန်းမထဲ ဝင်လာသည့်အချိန်မှစ၍ သူတို့သည် အလေးအနက် ဖြစ်နေကြပြီး အရင်ကကဲ့သို့ စိတ်အေးလက်အေး ရှိမနေကြတော့ပေ။
သို့သော် ဟန်လိကို စဉ်းစားမရ ဖြစ်စေသည်မှာ သူတို့သည် အချိန်ကြာမြင့်စွာ လျှောက်လာခဲ့ပြီး ဖြစ်သော်လည်း ဘာမှ ဖြစ်ပွားလာတာ မရှိနေခြင်းပင်။ သူတို့သည် မည်သည့်အတားအဆီး၊ အန္တရာယ်ကိုမျှလည်း မကြုံရချေ။
ထိုအတွေးဖြင့် ဟန်လိသည် သူ့ဘေးပတ်ဝန်းကျင်ကို ထပ်မံ၍ စူးစမ်းမိပြန်သည်။