← Chapters

ဝံပုလွေဦးခေါင်းရုပ်သေးများ

Vol. 34 Ch. 475

ဝံပုလွေဦးခေါင်းရုပ်သေးများ

Vol. 34 Ch. 475

ခုလက်ရှိတွင် ဟန်လိနှင့် အခြားသူများသည် ယှက်လိမ်နေသော ကျောက်သားလမ်းများကို ဆက်တိုက် ဖြတ်လျှောက်နေသည်။ လမ်းအဆက်တိုင်းတွင် ကျောက်တံခါးတစ်ခုစီ ရှိကြပြီး ၎င်းတို့ပေါ်၌ ထူးခြားသော အဆောင်အက္ခရာများကို ရေးသားထားသည်။ ထိုတံခါးများသည် ရွယ်တူပုံစုံတူ ဖြစ်၏။ မီတာသုံးဆယ်ကျော် အကျယ်ရှိပြီး လေးထောင့်စပ်စပ် ကျသည်။ ထိုတံခါးများသည် အဖြူရောင်အလင်း ခပ်ဖျော့ဖျော့ တောက်ပလျက် ရှိသည်။ ၎င်းတို့အပေါ်၌ အတားအဆီးအချို့ သက်ရောက်နေတာ သိသာပါသည်။

ရှည်လျားသော အကွာအဝေးထိ လျှောက်လာပြီး နောက်မှာ ဟန်လိသည် အနည်းဆုံး ကျောက်တံခါးရှစ်ခုလောက်ကို လမ်းအချိုးအကွေ့များ၌ တွေ့မြင်ခဲ့ရပြီး ဖြစ်သည်ဟု ထင်သည်။ သူတို့သည် ဦးတည်ရာလည်း မပြောင်းသလို ကျောက်တံခါးများထဲသို့လည်း မဝင်ခဲ့ကြပေ။

သူတို့သည် တဖြည်းဖြည်းဖြင့် လမ်းဆုံတစ်ခုကို ရောက်လာကြ၏။ ထိုအခါတွင် ဟန်လိ၏ အမူအရာသည် နိုးနိုးကြားကြား ဖြစ်သွားသည်။ သည်နေရာရှိ တံခါးသည် အခြားတံခါးများနှင့် မသိမသာ ကွဲပြားမှု ရှိနေသည်။ ၎င်း၏ အဆောင်အက္ခရာများနှင့် တည်ဆောက်ပုံမှာ တူညီသော်လည်း ၎င်းတံခါး၌ အလင်းဓာတ်ကင်းမဲ့နေသည်။ ၎င်းပေါ်ရှိ အတားအဆီးသည် ဖယ်ရှားခံခဲ့ရပြီး ဖြစ်သည့်နှယ်။ သို့ဖြစ်၍ ဟန်လိသည် ထိုတံခါးထံ သေချာ ထပ်ကြည့်မိသည်။

ဝူချောင်က ဟန်လိ၏ အမူအရာကို မြင်သည့်အခါ သူက ရင်းနှီးသည့်လေသံနှင့် ပြောသည်။

“ဂျူနီယာညီလေးဟန်…ဒီကျောက်တံခါးရဲ့ ရတနာတွေကို အခြားသူတွေ ရသွားခဲ့ပြီး ဖြစ်တယ်။ ဘာတွေများ ကြည့်ဖို့ ထိုက်တန်နေလို့လဲ။ ဒီကို ရောက်လာခဲ့တဲ့ သူတိုင်းဟာ ကောင်းကင်လေဟာနယ်မြေပုံအပိုင်းကို တစ်ခါပဲ အသုံးပြုလို့ ရပြီး အဲ့လို အသုံးပြုလိုက်ပြီးတဲ့နောက် တည်နေရာရွှေ့ပြောင်းခံရတာကြောင့်သာ မဟုတ်ရင် ကျုပ်က ကျောက်တံခါးတစ်ခုကို ရွေးပြီး အထဲမှာ ဘာရှိမလဲ အလျင်စလို ကြည့်ကြည့်ဖို့ တွေးမိမှာပဲ။ ကောင်းကင်လေဟာနယ်မြေပုံအပိုင်းဟာ ကျောက်တံခါးကို ဖွင့်ဖို့ အသုံးပြုပြီးတာနဲ့ လူတစ်ယောက်ဟာ သူ လိုအပ်တဲ့ ရတနာတစ်ခု မရမချင်း ထွက်သွားနိုင်မှာ မဟုတ်ဘူး။ ကျုပ်တို့လို အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေကတော့ ပထမထပ်က ရတနာတွေကိုပဲ ရယူနိုင်ကြမှာ။ နောက်ပိုင်း အထပ်တွေထဲက အခန်းတစ်ခုကို ရွေးမယ်ဆိုရင်တော့ သေကြောင်းကြံသလို ဖြစ်သွားလိမ့်မယ်…”

“ဂျူနီယာညီလေးဟန်တဲ့လား…” ဟန်လိသည် ဝူချောင်က သူ့ကို ထိုသို့ နာမ်စားသုံး၍ အသံပို့လွှတ်လာတာ ကြားသည့်အခါ တမျိုး ခံစားရမိသည်။

ဟန်လိသည် သူ့ကိုယ်သူ ပြန်ထိန်းပြီး တောက်ပစွာ ပြုံး၍ ပြန်ဖြေသည်။

“အစ်ကိုဝူက ဘာကြောင့် ပထမထပ်က ဂိတ်တံခါးတစ်ခုကို မရွေးချယ်ခဲ့တာလဲ။ ခင်ဗျား ဒုတိယထပ် ဒါမှမဟုတ် အဲ့ထပ်မြင့်တဲ့အထပ်ကို ရောက်သွားတာနဲ့ ဒီအခွင့်အရေးကို ဖြုန်းတီးသလို ဖြစ်သွားမှာ မဟုတ်လား…”

“ဟူး…။ ကျုပ် ပထမထပ်မှာ ရွေးချယ်ချင်တာပေါ့။ ဒါပေမဲ့ ကျုပ်ရဲ့ မြင့်မြတ်တဲ့အဘိုးဟာ ဒီရတနာအမဲလိုက်ပွဲအတွင်း သူ့ဘေးမှာပဲ နေရမယ်လို့ ထပ်တလဲလဲ သတိပေးထားခဲ့လို့ပဲ…”

ဝူချောင်သည် ဂိတ်တံခါးထံသို့ တချက်လှမ်းကြည့်လိုက်ရင်း သူ့ဟန်ပန်၌ နှမြောတမ်းတဟန် ပေါ်နေသည်။ သူ၏မျက်လုံးထဲ၌ လောဘအရိပ်အယောင်လည်း လင်းလက်သွားသည်။

ဟန်လိသည် မသိမသာ ပြုံး၍ ကျောက်တံခါးကို ဝေ့ကြည့်သည်။ သူသည် ထိုတံခါးထဲသို့ ဝင်ပြီး ရတနာတစ်ခုကို ရယူသည်နှင့် အပြင်ဘက်သသို့ တည်နေရာရွှေ့ပြောင်း ခံရမည် ဖြစ်သည်။ ထိုအချက်ကို သူ့စိတ်ထဲ၌ မှတ်သားထားလိုက်သည်။ ဤအချက်သည် သူ့အတွက် လွတ်မြောက်ရန် နည်းလမ်းတစ်ခု ဖြစ်လာနိုင်၊ မနိုင်ကို မည်သူက သိနိုင်ပါ့မည်နည်း။

ထိုစဉ် သူတို့အုပ်စုသည် နောက်ထပ် လမ်းဆုံတစ်ခုကို ဖြတ်သန်းလာပြီး သူတို့အရှေ့ရှိ လမ်းထဲ ဖြတ်သန်းလာကြသည်။ သို့သော် ထိုအခိုက်၌ သူတို့၏ရှေ့မှ လေးလံသော မြည်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက ဆက်တိုက်သလိုပင်။ ကြီးမားသော အရာတစ်ခုခုက သူတို့ထံ ဖြည်းဖြည်းချင်း ဦးတည်လာနေသည့်အလား။

ကျိနစ်ယင်နှင့် ချင်းယီတို့၏ အမူအရာများသည် မသိမသာ ပြောင်းလဲသွားသည်။ သူတို့က ရှေ့ရှိ လမ်းထံ မျက်စိမျက်နှာပျက်ကာ လှမ်း၍ စိုက်ကြည့်သည်။ မန်ဟုဇီကတော့ သူတို့နှင့် ဆန့်ကျင်ဘက်ပင်။ သူသည် အားပါးတရ ရယ်မောပြီး စိတ်လှုပ်တရှား ဖြစ်လာ၏။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတောက်ပသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်ကြေးခွံအလွှာတစ်ထပ်က ရုတ်တရက် ဖုံးအုပ်သွားသည်။ သူက သူ၏ ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ်ကို အသက်သွင်းလိုက်ပေပြီ။

ဟန်လိသည် ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ်၏ အံ့ချီးဖွယ်အသွင်အပြင်ကို ခုမှ ပထမဆုံး မြင်ဖူးတာပင်။ သူသည် မန်ဟုဇီ၏အသွင်ပြောင်းလဲမှုအပေါ် သိချင်စိတ်ဖြင့် လှမ်းမကြည့်ဘဲ မနေနိုင် ဖြစ်ရသည်။ မန်ဟုဇီသည် ဟန်လိ လှမ်း၍ ကြည့်နေတာ ခံစာားမိပြီး သူက ခေါင်းလှည့်ကာ ဟန်လိကို မကောင်းဆိုးဝါးဆန်စွာ ပြုံးပြသည်။ သူ့မျက်နှာ၌ ကြေးခွံငယ်များ ဖုံးလွှမ်းနေသည့်အတွက် ထိတ်လန့်ကြောက်မက်ဖွယ်မြင်ကွင်းကို ဖြစ်နေစေသည်။

ဟန်လိ၏ စိတ်နှလုံး ပြုတ်ကျသွားမတတ်ပင်။ ထိုအပြုံးက ဘာကိုဆိုလိုသလဲ သူ မသိပေ။ သို့သော် သူက အားတင်း၍ ပြန်ပြုံးပြသည်။ ကံကောင်းစွာဖြင့် မန်ဟုဇီသည် ပြုံးပြပြီးနောက်မှာ ချက်ခြင်းပင် တဖက်သို့ ခေါင်းပြန်လှည့်သွားခြင်းပင်။

အခုအခါ၌ ချဉ်းကပ်လာသော မြည်သံများက မီတာတစ်ရာလောက်သို့ ရောက်နေလေပြီ။

သို့သော် သူတို့ ဖြတ်သန်းလာသော လျှောက်လမ်းသည် ပိန်းပိန်းမှောင်နေ၍ ဟန်လိသည် အတွင်းဘက်ကို မြင်နိုင်စွမ်း မရှိပေ။ အတွင်းခန်းမထဲရှိ အတားအဆီးများက ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်အာရုံကို ထိန်းချုပ်ထားပေသည်။ သည့်တိုင် ဟန်လိသည် ထိုမိစ္ဆာအိုကြီးများ၏ မျက်လုံးထဲ၌ အေးစက်မှု လင်းလက်သွားတာကို သတိပြုမိသည်။

ကြည့်ရတာာ သူတို့သည် ချဉ်းကပ်လာသော အရာကို မြင်နိုင်စွမ်း ရှိကြပုံပင်။ ကျိနစ်ယင်နှင့် ချင်းယီတို့ လှုပ်ရှားမည်ကို စောင့်မနေလေဘဲ မန်ဟုဇီသည် အားနှင့်မာန်နှင့် အော်ဟစ်ကာ ရွှေရောင်အလင်းတန်းအဖြစ်ပြောင်း၍ လမ်းကြောင်းထဲ ပျံသန်းဝင်သွားသည်။ ထိတွေ့ပေါက်ကွဲသံများကို ဆက်တိုက်ကြားရတော့၏။

ဤသည်ကို မြင်သည့်အခါ ကျိနစ်ယင်နှင့် ချင်းယီတို့သည် တစ်ယောက်နှင့်တစ်ယောက် အလန့်တကြား ကြည့်မိကုန်သည်။

ဟန်လိသည် တစ်စုံတစ်ခုသည် အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်၍ ထိုကဲ့သို့ ကျယ်လောင်သော အသံ ထွက်ပေါ်တာဟု ထင်မိသည်။ သူ့စိတ်ထဲ လှုပ်ခတ်သွား၏။ အတွေးတစ်ခု သူ့စိတ်ထဲ ဝင်လာသည်။

နောက်နေ့တွင် မန်ဟုဇီ၏ အားပါးတရ ရယ်မောသံကို ကြားရသည်။

ကျိနစ်ယင်သည် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး မရယ်မိဘဲ မနေနိုင် ဖြစ်ရသည်။

“သွားကြစို့…ဒါက ပြဿနာတစ်ခု မဟုတ်တော့ဘူး။ ကျုပ်တို့က ဟိုးလွန်ခဲ့တဲ့ နှစ်သုံးရာတုန်းကလို ကျင့်ကြံမှုနဲ့ အတူတူမှာ မဟုတ်တော့တာ။ ဒီပထမထပ်က အစောင့်တွေဟာ ကျုပ်တို့ကို ထပ်ပြီး မချိန်းချောက်နိုင်တော့ဘူး…”

ချင်းယီသည် စိတ်သက်သာရာရဟန်ဖြင့် တဟားဟား ရယ်၏။

“အမှန်ပဲ။ ဒီအဘိုးအိုက အဲ့အချက်ကို မေ့လုနီးပါး ဖြစ်သွားပြီ။ ကျုပ် နောက်ဆုံးအကြိမ် ဒီကို ရောက်ခဲ့တုန်းက စဦးစိတ်ဝိညာဉ်အဆင့်ထဲ ဝင်ခါစလေ။ အဲ့အချိန်တုန်းကတော့ ဒီအစောင့်တွေဟာ ကျုပ်ကို အတော်လေး ခက်ခဲစေခဲ့တယ်။ အခု အစ်ကိုမန်က သူ့ရဲ့ ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ်နဲ့ ရှင်းထုတ်ပစ်တော့ သိပ်ကောင်းတာပေါ့။ မဟုတ်ရင် ကျုပ်တို့က ဒီအစောင့်တွေကို ရှင်းထုတ်ဖို့ အများကြီး အားစိုက်နေရဦးမယ်…”

ယင်းနောက်တွင် သူတို့နှစ်ယောက်သည် ဟန်လိနှင့် ဝူချောင်တို့ကို ဦးဆောင်ခေါ်လာသည်။ တစ်ချိန်လုံး ဟန်အမူအရာကင်းမဲ့စွာဖြင့် ရှိနေသော အရိုးသခင်သည် အထင်သေးဟန် အရိပ်အယောင် ဖြစ်ပေါ်သွားသည်။ သူလည်း နောက်ကနေ သူတို့နောက်သို့ တည်တည်ငြိမ်ငြိမ် လိုက်လာသည်။

မီတာသုံးဆယ်လောက်ထိ လျှောက်လာပြီးနောက်မှာ ဟန်လိသည် သူတို့ရှေ့၌ မန်ဟုဇီက လက်နှစ်ဖက်နောက်ပစ်ကာ ရပ်နေတာကို မြင်ရသည်။ သူသည် ငွေရောင်အလင်းတောက်ပနေသော တစ်စုံတစ်ခုပေါ်၌ ရပ်နေခြင်းပင်။

မန်ဟုဇီသည် ကျိနစ်ယင်ကို မြင်သည့်အခါ သူက ခေါင်းမော့ပြီး မထူးခြားနားဟန်ဖြင့် ပြောလာသည်။

“မဆိုးပါဘူး။ ဒါက ကျုပ်ကို အတော်လေးတော့ သွေးပူစေလိုက်တာပဲ။ ဒီတစ်ကြိမ် ကောင်းကင်လေဟာနယ်ခန်းမဟာ အမှန်တကယ် စိတ်ဝင်စားဖို့ ကောင်းနေပြီ။ ဒါပေမဲ့လို့ ဒါက ကောလဟာလတွေ ကြားရသလောက်တော့ ကြီးကျယ်မနေပါဘူး…”

“ဒါက အစ်ကိုမန်ရဲ့ ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ် အစွမ်းသတ္တိကြောင့်မို့ပါ။ တခြား ကျင့်ကြံသူတွေဆို ဒီလောက် လမ်းကျဉ်းလေးမှာ မှော်ရတနာတွေ အသုံးပြုရမယ်ဆို သူတို့အတွက် ဒုက္ခနည်းနည်းများနိုင်တယ်…”

ပညာရှိအိုချင်းယီသည် ပြုံး၍ ထိုသို့ ပြောသည်။ သူ့ကို မြှောက်ပင့်ချီးကျူးစကား ပြောတာ ကြားသည့်အခါ မန်ဟုဇီသည် တဟားဟား ရယ်နေ၏။ ဘာစကားမှတော့ ပြန်ပြောမနေပေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ကြေးခွံများသည် အလျင်အမြန် လွင့်ပါးသွားပြီး သူက ဆက်၍ လျှောက်သည်။ ပြီးခဲ့သော တိုက်ပွဲက သူ့ကို မကျေနပ်စေသေးပုံ ပေါ်သည်။

ကျိနစ်ယင်နှင့် ချင်းယီတို့သည် တစ်ယောက်ကို တစ်ယောက် ပြုံး၍ လှမ်းကြည့်၏။ မန်ဟုဇီသည် ရှေ့မှ ဦးဆောင်ချင်မှတော့ သူတို့သည် သူ့နောက်ကနေသာ တိတ်တဆိတ် လိုက်သွားရန် ဆန္ဒရှိသည်သာ။ သူတို့သည် ငွေရောင်ပစ္စည်းတစ်ခုကို ဖြတ်လျှောက်လာချိန်တွင် ဟန်လိက ရပ်ပြီး ၎င်းပစ္စည်းကို ခေါင်းငုံ့၍ လှမ်းကြည့်သည်။

“စက်ရုပ်သေးတစ်ကောင်ပါလား…” ဟန်လိ အံ့အားသင့်သွား၏။ ၎င်းမှာ အမှန်တကယ်ပင် ရုပ်သေးတစ်ကောင် ဖြစ်နေသည်။ စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက်က ချက်ခြင်း မဖျက်စီးပစ်နိုင်သည့်အတွက် ၎င်းရုပ်သေးမှာ မည်မျှ အဆင့် ဖြစ်လေသနည်း။

လျှောက်လမ်းကြမ်းပြင်တွင် ရှိနေသည်မှာ အမျိုးအမည် မသိရသော ငွေရောင်သတ္တုတစ်ခု၏ အပိုင်းအစများ ဖြစ်၏။ သည့်အပြင် ပျက်စီးနေသော ရွှေရောင်ဝံပုလွေခေါင်းတစ်ဝက်၊ ပိတုန်းရောင်အပိုင်းအစများ၊ အလင်းပြန်နေသော ဓားသွားထူထူများနှင့်အတူ အခြား ထူးခြားသော အပိုင်းအစများလည်း ရှိနေသည်။

အရိုးသခင်သည် ဟန်လိကို အလျင်အမြန် ဖြတ်ကျော်၍ လျှောက်သွားနေရင်း သူသည် ခေါင်းပင် လှည့်မကြည့်ဘဲ မထူးခြားနားစွာ ပြောသည်။

“ဒီဟာတွေကို ကြည့်မနေနဲ့။ ဒီပစ္စည်းတွေက ရှားပါးလှတယ် ဆိုပေမယ့် မှော်ရတနာတွေကို သန့်စင်ရာမှာ အသုံးမပြုနိုင်ဘူး…”

သည့်အတွက်ကြောင့် ဟန်လိသည် အံ့အားသင့်သွားသည်။ သို့သော် သူက မြေပြင်ထက်သို့သာ ဆက်ကြည့်နေသည်။ သူသည် အရိုးသခင်၏ စကားကို မကြားလေသည့်အလား။ သူ့အကြည့်က မြေပြင်ထက်ရှိ အစိမ်းရင့်ရောင်ကျောက် ပေါ်သို့ ကျရောက်သွား၏။ ထိုကျောက်မှာ တဖိတ်ဖိတ်တောက်ပလျက် ရှိ၏။ ၎င်း၏ အလွန်တရာ အေးစက်လှသော အော်ရာသည် ဟန်လိကို အထင်တကြီး ဖြစ်သွားစေသည်။

တစ်ကိုယ်တည်း တီးတိုးရေရွတ်ပြီးနောက်မှာ ဟန်လိသည် ချက်ခြင်းပင် ၎င်းပစ္စည်းများကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းသည်။ ယင်းနောက်မှာ သူသည် အခြားသူများနောက်သို့ လိုက်လာ၏။

ဟန်လိ၏ အတွေးများသည် အတော်လေး ရိုးရှင်းပေသည်။ ထိုပစ္စည်းများသည် အမှန်တကယ် အသုံးမဝင်ခဲ့လျှင်ပင် သူသည် ရုပ်သေးဖွဲ့စည်းပုံနှင့် သန့်စင်ခြင်းပညာရပ်များ၌ ရှေးဟောင်းကျင့်ကြံသူများ ရုပ်သေးပညာရပ်များနှင့် ပတ်သက်ပြီး အနည်းနှင့်အများ လေ့လာကြည့်နိုင်မည် မဟုတ်လား။ တကယ်တော့ သူ၏ ရုပ်သေးကျမ်းထဲ၌ အဆင့်အမြင့်ဆုံး ရုပ်သေးများသည် အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် ဝါ အတုအယောင်အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် ညီမျှသော အဆင့်လေးရုပ်သေးများသာ ဖြစ်နေ၏။ ၎င်းမှာ သူ အရင်တုန်းက မြင်ဖူးခဲ့သော အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ဝါးမြိုပြီး အင်အားပြည့် တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်သော ရုပ်သေးကျားကြီးတစ်ကောင်သာ ဖြစ်၏။

(ထိုရုပ်သေးကျားအကြောင်းကို အပိုင်း (၂၂၉) တွင် ဖော်ပြထားခဲ့ပါသည်။ )

ရွှေရောင်ဝံပုလွေဦးခေါင်းနှင့် ရုပ်သေးကမူ အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်ထက်ပင် အစွမ်းထက်နေသေးသည်။ မန်ဟုဇီသည် အစွမ်းထက် မှော်ရတနာကို လုံးဝ အသုံးမပြုဘဲ ၎င်းကို အေးဆေး ရင်ဆိုင်တိုက်ခိုက်ခဲ့သော်လည်း ကျိနစ်ယင်နှင့် ချင်းယီတို့၏ အလေးအနက်အမူအရာများကြောင့် ၎င်းရုပ်သေးမှာ သာမန်မဟုတ်တာ သိနိုင်သည်။

ထိုကဲ့သို့ ပစ္စည်းကောင်းများကို လက်ထဲထားပြီး ဟန်လိသည် ၎င်းတို့ကို လေ့လာကြည့်ချင်တာ သဘာဝပင်။ သို့သော် ကျောက်တံခါးတစ်ခုထဲ ဝင်ရောက်ပြီး ရတနာတစ်ခုနှင့် လွတ်မြောက်သွားရန် အခွင့်အရေးမျိုးကတော့ ရှိမနေပေ။ သူသည် စဦးစိတ်ဝိညာဉ်အဆင့်ပုဂ္ဂိလ်များသည် သူ့ရှေ့မှ လျှောက်နေကြတာ ဖြစ်သော်လည်း သူတို့၏ စိတ်ဝိညာဉ်အာရုံများဖြင့် သူ့ကို စောင့်ကြည့်နေမှန်း သိပေသည်။

သို့ဖြစ်၍ အခုတော့ သည်ရုပ်သေးအပိုင်းများကို သိမ်းဆည်းခြင်းကသာ အတွင်းပိုင်းခန်းမများထံမှ ဆုလဒ်တစ်ခုအဖြစ် သတ်မှတ်ရပေတော့မည်။ ကောင်းကင်လေဟာနယ်ဒယ်စောက်၏ ရတနာများနှင့် ပတ်သက်၍မူ စိတ်ကူးယဉ်ဆန်ဆန် မမျှော်လင့်ထားတာက ပိုကောင်းလိမ့်မည်ဟု ဟန်လိ သိသည်။

All Chapters