← Chapters

ဒုတိယထပ်

Vol. 34 Ch. 476

ဒုတိယထပ်

Vol. 34 Ch. 476

ဝံပုလွေခေါင်းရုပ်သေးနှင့် ဦးဆုံး တွေ့ကြုံပြီးနောက်မှာ သူတို့သည် နောက်ထပ်ရုပ်သေးများနှင့် ဆက်တိုက် ထပ်ကြုံရတော့သည်။ သို့သော် ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ်ဖြင့် အသွင်ပြောင်းထားမှုအောက်မှာ မန်ဟုဇီသည် ၎င်းတို့ကို ရွှံ့ရုပ်များနှယ် အပိုင်းပိုင်း ဖြစ်စေခဲ့သည်သာ။။ ကျိနစ်ယင်နှင့် ချင်းယီတို့၏ အကူအညီကိုပင် နည်းနည်းလေးမျှ မလိုခဲ့ပေ။

ထိုသို့ ရုပ်သေးအပိုင်းများနှင့် ကြုံရတိုင်း ဟန်လိသည် ၎င်းတို့ကို စုဆောင်းနေသည်သာ။ သူ၏ ထိုလုပ်ဆောင်မှုသည် အရိုးသခင်နှင့် ဝူချောင်တို့ကို များစွာ စိတ်ရှုပ်စေ၏။ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကမူ ဟန်လိ၏ အပြုအမူများကို မမြင်ချင်ယောင် ဆောင်ထားသည်။

သို့ရာတွင် သူတို့သည် ဝမ်ထျန်မင်တို့အုပ်စုထံမှ လမ်းကြောင်းအတိုင်း လျှောက်လာခဲ့တာ သိသာသည်။ ဟန်လိသည် မိစ္ဆာတာအိုကျင့်ကြံသူများက တည်ငြိမ်လျက် အလျင်လိုနေခြင်း မရှိတာ မြင်သည့်အခါ ထိုမိစ္ဆာအိုကြီးများမှာ သူတို့ မည်သည့်နေရာ ရောက်နေပြီလဲကို ခန့်မှန်းမိပြီးသား ဖြစ်နေလိမ့်မည်ဟု သူ သိသည်။

သို့သော် သူတို့သည် ရုပ်သေးအစောင့်များနှင့် စတွေ့ကြုံသည့် အချိန်မှစ၍ ကျိနစ်ယင်နှင့် အခြားသူများသည် ရှေ့တည့်တည့်သို့ တဖြောင့်တည်း မသွားကြတော့ပေ။ သူတို့က လမ်းချိုးလမ်းကွေ့များအတိုင်း စသွားခဲ့ကြသည်။ သို့သော် ဟန်လိသည် တစ်ခုခုတော့ ထူးခြားနေသည်ဟု ခံစားမိသည်။ အစောပိုင်းတုန်းက လမ်းကြောင်းအားလုံးသည် အတူတူဟု သူ ရှင်းရှင်းလင်းလင်း ခံစားမိခဲ့၏။ သို့သော် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူသုံးယောက်က ဘယ်ဘက်ခြမ်းသို့ ရုတ်တရက် ချိုးကွေ့ပြီး နောက်ထပ် ညာဘက်သို့ ချက်ခြင်း ချိုးကွေ့ပြန်သည်။ သူတို့သည် ပိုမြန်မည့်လမ်းကို သိနေကြသည့်အလား။

ကျိနစ်ယင်နှင့် ချင်းယီတို့ကသာ ထိုသို့ ပြုလုပ်ခဲ့သည်ဆိုလျှင် ဟန်လိသည် ထူးခြားနေသည်ဟု ထင်မည် မဟုတ်ပေ။ တကယ်တော့ သူတို့သည် အရင်က အတွင်းပိုင်းခန်းမများထဲ လာခဲ့ဖူးသည် မဟုတ်လား။ သို့ဖြစ်၍ သူတို့သည် လမ်းများကို သိနှင့်ပြီး ဖြစ်နေနိုင်သည်။ သို့သော် မန်ဟုဇီသည် သည်နေရာသို့ ခုမှ ပထမဆုံး လာသူ ဖြစ်ပြီး ရှေ့ကနေ ဦးဆောင်နေသည်။ ကျိနစ်ယင်နှင့် ချင်းယီတို့သည်လည်း မည်သို့မျှ ဟန့်တား ပြောဆိုခြင်း မရှိဘဲ သူ့နောက်မှ လိုက်ပါလာသည်။ ထိုအချက်အပေါ် ဟန်လိသည် စဉ်းစားမရ ဖြစ်နေ၏။

ဟန်လိသည် လမ်းတစ်လျှောက်၌ လမ်းချိုးများကို ရောက်တိုင်း မတူကွဲပြားတာ သို့မဟုတ် အမှတ်အသားများ ရှိလေမလားဟု တိတ်တဆိတ် ဝေ့ခတ်ကြည့်ရှုခဲ့သည်။ လမ်းအချိုးအကွေ့ လေးငါးခုကို ဖြတ်ကျော်လာာပြီးနောက်မှာ သူ၏ အားစိုက်ထုတ်မှုက အချည်းနှီး ဖြစ်ပုံရ၏။ သူသည် မည်သည့််ထူးခြားတာကိုမျှ မတွေ့ခဲ့ပေ။

မန်ဟုဇီသည် ရှစ်ခုမြောက် ဝံပုလွေခေါင်းရုပ်သေးကို ချေမှုန်းပြီးနောက်မှာ သူတို့သည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အငယ်စားတစ်ခုထံ ရောက်လာသည်။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် လမ်းဆုံ၏ ဗဟိုချက်၌ တည်ရှိပြီး ခပ်ဖျော့ဖျော့အလင်း ထုတ်လွှတ်နေသည်။

“ဝမ်ထျန်မင်နဲ့ သူ့လူတွေက ဘာလှည့်ကွက်တွေ သုံးမလဲ ကျုပ် သိချင်မိတယ်။ သူတို့က ကျုပ်တို့ထက် တကယ်ပဲ ပိုစောပြီး ရောက်သွားတာပဲ…”

ပညာရှိချင်းယီသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို မြင်သည့်အခါ ထိုသို့ ညည်းသံဖြင့် ပြောလိုက်သည်။ သို့သော် သူ့မျက်နှာထက်တွင်မူ ရယ်ပြုံးပြုံး ဖြစ်နေ၏။

ခဏအကြာတွင် မန်ဟုဇီက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံ လှမ်းသွား၏။

ချင်းယီက ထိုမြင်ကွင်းကို မြင်သည့်အခါ ပြုံး၏။ မန်ဟုဇီ ဝင်သွားပြီးနောက်မှာ ကျိနစ်ယင်နှင့် ပညာရှိအိုချင်းယီတို့သည် ရပ်ကျန်နေတုန်းပင်။ သူတို့က အကြည့်ချင်း ဖလှယ်ပြီးနောက်မှာ ဟန်လိထံသို့ တချက် လှမ်းကြည့်သည်။ ဟန်လိ၏ စိတ်ထဲ တုန်ရင်သွားမိ၏။

သူတို့၏ ကြီးကြပ်မှုအောက်၌ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ဝင်ရောက်ရန်ကလွဲ၍ သူ့၌ အခြား ရွေးချယ်စရာ မရှိချေ။

ဟန်လိသည် အဖြူရောင်အလင်း လင်းလက်သွားတာကို မြင်လိုက်ရပြီး သူ့ဟန်ချက်ကို ပြန်ထိန်းနိုင်သွား၏။ ယင်းနောက် သူက ခေါင်းမော့ကြည့်သည်။ သူ တုန်လှုပ်နေသည်။ သူသည် နောက်ထပ်လမ်းဆုံးတစ်ခု၌ ရောက်နေတာ ဖြစ်၏။ မန်ဟုဇီကသာ သူ့ရှေ့တွင် ရပ်နေခြင်းသာ မရှိလျှင် ဟန်လိသည် တည်နေရာရွှေ့ပြောင်းခြင်းမှာ မအောင်မြင်ဟု ထင်မိပေလိမ့်မည်။

ဟန်လိ ထိုသို့ မိန်းမောနေစဉ် သူ့နောက်မှ အဖြူရောင်လင်းလက်သွားပြီး ကျန်သည့်သူများလည်း ရောက်လာကြသည်။

ကျိနစ်ယင်သည် ပေါ်လာသည်နှင့် ဘေးဘီဝဲယာသို့ တစ်ချက်ကြည့်သည်။ သူက ခပ်တိုးတိုး ရေရွတ်၏။

“လမ်းမှန်ဂိုဏ်းက ကောင်တွေ သွားတာ မြန်လှချည်လား။ ဘယ်လို နည်းလမ်းများ သုံးခဲ့တာလဲ။ ကျုပ်တို့ သူတို့ရဲ့ အရိပ်အယောင်ကိုတောင် ထပ်မမြင်ရတော့ဘူး…”

ပညာရှိချင်းယီ၏ မျက်လုံးထဲ၌ အေးစက်မှုဖြင့် တောက်ပသွားသည်။ သူက ကျိနစ်ယင်၏ နောက်မှ ရပ်ပြီး စကားဆိုလာသည်။

“ထားလိုက်ပါ။ အပြင်မှာတုန်းက လမ်းမှန်ဂိုဏ်းကသူတွေ ဘာကြောင့်များ မရိုးသားတဲ့ ကမ်းလှမ်းမှုကို လုပ်ခဲ့လဲနဲ့ ပတ်သက်ပြီး ကျုပ် ထူးခြားသလို ခံစားမိနေတယ်။ အခု ကျုပ်တို့ မြင်ရသလောက်ဆို သူတို့က ကျုပ်တို့ကို တစ်ချိန်လုံး ကြံစည်ခဲ့ကြတာပဲ။ ဒါပေမဲ့ သူတို့က ရတနာကို ရဖို့ အရင်ကြိုးစားရင်လည်း အဆင်ပြေတာပါပဲ။ တကယ်တော့ ဝမ်ထျန်မင်ရဲ့ ရွှေမျှင်ပိုးကောင်နဲ့ ကောင်းကင်လေဟာနယ်ဒယ်ဇောက်ကို ရဖို့ဆိုတာဟာ ဆုတောင်းနေရမယ့် အရာတစ်ခုလောက်ပဲလေ။ သူတို့က ကံစမ်းကြည့်ရုံလောက်ပဲ တတ်နိုင်မှာ။ ကျုပ်တို့အတွက် ပုန်းအောင်ပြီး အလစ်အငိုက် တိုက်ခိုက်ရင်လည်း အရမ်း နောက်မကျသေးပါဘူး…”

“အစ်ကိုချင်းရဲ့ စကားတွေက အဓိပ္ပာယ် ရှိပါတယ်။ ဒါပေမဲ့လို့ ကျုပ်တို့ အချိန်အကြာကြီး နှေးဖင့်နေလို့တော့ မဖြစ်ဘူး။ ကျုပ်တို့ ဒီထက် မြန်မြန်သွားမှ ဖြစ်မယ်…”

ကျိနစ်ယင်သည် ချင်းယီ၏ စကားကို သဘောတူသည်။ ချင်းယီက မန်ဟုဇီကို အလေးအနက်ဟန်ပန်ဖြင့် ပြောလာသည်။

“အစ်ကိုမန်…ဂရုစိုက်ပါ။ ဒီအထပ်မှာ စောင့်နေတဲ့ မြွေရုပ်သေးတွဟာ ဒုက္ခနည်းနည်း ပေးနိုင်တယ်။ ရောင်းရင်းဝူနဲ့ ကျုပ်လည်း ဒီရုပ်သေးတွေကို တိုက်ခိုက်ရာမှာ ကူညီပေးမှာပါ။ အဲ့နည်းနဲ့ဆို ကျုပ်တို့အတွက် အချိန်ကော၊ မှော်စွမ်းအားကော အနည်းနဲ့အများတော့ သက်သာစေနိုင်မှာပဲ။ အဲ့တာမှ လမ်းမှန်တာအိုက ကောင်တွေ အမြတ်ထုတ်လာမှာကို ကျုပ်တို့ ကာကွယ်နိုင်မှာ…”

“မြွေရုပ်သေးအစောင့်တွေလား။ စိတ်ဝင်စားစရာပဲ။ မင်း ပြောသလိုပဲ လုပ်ကြတာပေါ့…”

မန်ဟုဇီသည် ဂရုမစိုက်သည့်လေသံဖြင့် ပြောသည်။ ထို့နောက်တွင် သူတို့က ရှေ့ဆက်လာကြသည်။

များမကြာမီတွင် ဟန်လိသည် ပထမထပ်နှင့် ဒုတိယထပ်တို့ကြား ကွာဟမှုကို တွေ့လာ၏။

ဒုတိယထပ်ရှိ ဖြတ်လမ်းဆုံများသည် ပထမထက်စာလျှင် ပို၍ ကျဉ်းမြောင်းသေးငယ်နေသည်။ လမ်းတစ်ယောက်တွင်လည်း ထောင်ချောက်များ၊ အတားအဆီးများ ပိုရှိနေသည်။

ထိုအရာများသည် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ချိန်းချောက်မှု မဖြစ်နိုင်သော်လည်း အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများအဖို့တော့ သေစေနိုင်တာ သံသယ ရှိရန် မလိုပေ။ ဟန်လိသည် အခြားသူများနောက်ကနေ လိုက်လာရင်း ကျောရိုးထဲ စိမ့်ခနဲ ခံစားမိလိုက်ရ၏။

အတွင်းပိုင်းခန်းမများ၏ ဒုတိယထပ်ထဲ သူ တစ်ယောက်တည်းသာ ဝင်လာခဲ့ပါက သူ့အသက် ဆုံးရှုံးသွားနိုင်တာကို မေးခွန်းထုတ်ရန် မလိုပေ။ သူတို့သည် ဒုတိယထပ် လမ်းဆုံကို ဖြတ်သန်းလာသည့်အခါ၌ နောက်ဆုံးတွင်တော့ ဟန်လိအနေဖြင့် မြွေရုပ်သေးအစောင့်ကို မြင်လိုက်ရပေပြီ။

ထိုရုပ်သေးသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းပုံ ပေါ်သည်။

၎င်း၏ မြွေဦးခေါင်းများသည် အပြာနှင့်အနီရောင် ရှိကြ၏။ သို့သော် ၎င်း၏ခန္ဓာကိုယ်မှာမူ မဲနက်သော ကြွေးခံများ ဖုံးလွှမ်းထားသည်။ ၎င်း၏ ရှေ့နှင့်နောက်ကျောတို့တွင် လက်နှစ်ဖက်စီ ပိုင်ဆိုင်ထားသည်။ ၎င်း၏ ရှေ့ဘက်ရှိ လက်များက အစိမ်းရောင်လှံတိုများကို ကိုင်ထားလျက် ရှိပြီး အနောက်ဘက်မှ လက်နှစ်ဖက်ကမူ ကျာပွတ်နက်တစ်ချောင်းကို ဆုပ်ကိုင်ထားသည်။ ထိုကျာပွတ်နက်က မီးခိုးရောင်ချီ တောက်ပနေ၏။

ရုပ်သေးက သူတို့အုပ်စုကို မြင်သည့်အခါ အနက်ရောင်အလင်းတန်းအဖြစ် ပြောင်း၍ ချက်ခြင်း သူတို့ထံ တိုးဝင်လာ၏။ အသံဗလံဟူ၍ တစ်စက်လေးမျှ မကြားလိုက်ရပါ။ ၎င်း၏ လှုပ်ရှားတိုက်ခိုက်လာမှုက အတိုင်းထက်အလွန် မြန်လှ၏။ မန်ဟုဇီသည် တဟားဟား အော်ရယ်ပြီး သူ၏ ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ်ကို အသက်သွင်းလျက် ၎င်းထံ တိုးဝင်သွားသည်။

နောက်ဖြစ်လာသော မြင်ကွင်းက ဟန်လိကို ထိတ်လန့်ကြောက်ရွှံ့သွားစေ၏။ မြွေရုပ်သေးကား ၎င်း၏ အစိမ်းရောင်လှံများနှင့် ကျာပွတ်များကို ထူးကဲလောက်အောင် မြန်ဆန်စွာ လှုပ်ရှား၏။ ၎င်း၏ တိုက်ခိုက်မှုများက မန်ဟုဇီအတွက် ချိန်းချောက်မှု မဖြစ်စေသော်လည်း သူသည် သူ၏ သေကွင်းသေကွက် နေရာအချို့ကိုတော့ ကာကွယ်ထားရသည်သာ။

အစိမ်းရောင်လှံများသည် မည်သည့်သတ္တုနှင့် ပြုလုပ်ထာားမှန်း မသိရလေပေ။ ၎င်းတို့က မန်ဟုဇီ၏ ရွှေရောင်ဖုံးလွှမ်းနေသော လက်များကို ပုံပျက်သွားစေပြီး ပြက်ရာနှစ်ခုကို ထင်ကျန်စေခဲ့၏။ မန်ဟုဇီ၏ မျက်နှာထက်၌ ထိတ်လန့်သွားဟန် ဖြစ်ပေါ်သည်။

ထိုစဉ်တွင် ကျိနစ်ယင်နှင့် ချင်းယီတို့က လှုပ်ရှားတိုက်ခိုက်ရန် ဆုံးဖြတ်သည်။ ကျိနစ်ယင်သည် ပထမဆုံးအကြိမ် တွေ့ခဲ့ချိန်က ဟန်လိကို အထင်ကြီး ကြောက်လန့်စေခဲ့သော သူ၏ ကောင်းကင်လေဟာနယ်အလောင်းမီးကို အသုံးပြုလာသည်။

သူ့လက်ထဲ၌ အနက်ရောင်မီးတောက်လုံးတစ်ခု ပေါ်လာ၏။ ၎င်းမီးတောက်လုံးသည် အနက်ရောင်အမျှင်တန်းတစ်ခုအဖြစ်သို့ ပြောင်း၍ ထိုးထွက်သွားသည်။

မန်ဟုဇီ၏ ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ်ကို ထွင်းဖောက်လာသော ရုပ်သေးမှာ သတိပေါ့လျော့သွား၏။ ချက်ခြင်းပင် ၎င်း၏ ရှေ့ခြမ်းလက်များထဲမှ တစ်ဖက်ကို အနက်ရောင်မီးတောက်များဖြင့် လွှမ်းခြုံခြင်း ခံရပြီး ထိုလက်သည် ပျောက်ကွယ်သွားလေသည်။

အဘိုးအိုချင်းယီကမူ ပါးစပ်ဟ၍ မိုးပြာအလင်းအမျှင်တန်းတစ်ခုကို ရုပ်သေးထံ ထွေးထုတ်သည်။ ၎င်းက ရုပ်သေးကို ထွေးခြုံသွားပြီး ကျယ်လောင်စွာ ပေါက်ကွဲသံများ ဖြစ်ပေါ်ကာ ရုပ်သေးကို တုန်ခါသွားစေသည်။

မန်ဟုဇီ၏ မျက်နှာထက်တွင် ကြမ်းကြုတ်ရက်စက်လိုဟန် ဖြတ်ပြေး၏။ ထိုအခွင့်အရေးကို အရယူကာ သူသည် လေသံခပ်တိုးတိုး မာန်သွင်းသံ ထုတ်ဖော်သည်။ တောက်ပစူးရှလှသော အလင်းမျက်နှာပြင်တစ်ခု ပေါ်လာ၏။ ထို့နောက်တွင်တော့ ရုပ်သေး၏ ဝမ်းဗိုက်ကို ထွင်းဖောက်ထားသော သူ၏ လက်တစ်ဖက် ပေါ်လာသည်။ သူ့လက်ထဲတွင် အစိမ်းရောင်ကျောက်တစ်ခုကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။

ထိုအခါ ရုပ်သေးသည် ချက်ခြင်း လှုပ်ရှားနိုင်သည့် စွမ်းအား ဆုံးရှုံးကာ မြေပြင်ထက်သို့ ပြိုလဲကျသွားသည်။

မန်ဟုဇီသည် သူ့လက်ထဲရှိ အစိမ်းရောင်ကျောက်ကို တစ်ချက် ကြည့်သည်။ သူ့မျက်နှာထက်တွင် ကြမ်းကြုတ်ဟန် ဖြတ်ပြေးသွားပြီး သူက ၎င်းကျောက်ကို လက်ဖြင့် ချေမွပစ်သည်။

သို့သော် သူ့လက်ကို ပြန်ဖြန့်လိုက်ချိန်တွင် ထိုကျောက်မှာ လုံးဝ မထိခိုက်ဘဲ ရှိနေတာကို တွေ့လိုက်ရသည်။ မန်ဟုဇီ၏ မူလက အရိုင်းဆန်သော ဟန်အမူအရာသည်ပင် ပြောင်းလဲသွားသည်။

သူ၏ ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ်ကို သူ့လက်များထဲသို့ စီးဝင်စေပြီး ၎င်းကို ထပ်မံ ချေမွပြန်သည်။ သည်လောက်ဆို အနည်းဆုံးတော့ ထိုကျောက်ကို ထိခိုက်ပျက်စီးသွားအောင် လုပ်နိုင်သင့်သည်။

မန်ဟုဇီ၏ မျက်နှာမှာ တမျိုး ဖြစ်သွားလေ၏။ ထိုစဉ် ချင်းယီက ရယ်မော၍ သူ့နား လျှောက်လာသည်။

“အစ်ကိုမန်…အံ့အားသင့်စရာ မလိုဘူး။ ဒီထူးခြားတဲ့ကျောက်တုံးကို အခြားသူတွေလည်း လေ့လာထားခဲ့ပြီးပြီ။ ဒီကျောက်ဟာ ဖျက်စီးလို့ မရပေမယ့် သန့်စင်လို့လည်း မရနိုင်သလို မှော်ရတနာတွေရဲ့ ခွန်အားကိုလည်း မတိုးမြင့်ပေးနိုင်ဘူး။ ရှေးဟောင်းကျင့်ကြံသူတွေကသာ ဒီကျောက်ကို ကိုင်တွယ်တာ မဟုတ်ရင် ဒါက ကျောက်စရစ်ခဲသာသာလောက်ပဲ။ ရုပ်သေးသန့်စင်ခြင်းဂိုဏ်းကတောင် ဒီကျောက်ကို ဘယ်လိုလုပ်ရမလဲ မသိကြဘူး…”

“ဒီရှေးဟောင်းပစ္စည်းတွေက အတော်လေးတော့ ထူးခြားတယ်။ ကောင်လေး…မင်းက အကြွင်းအကျန် ပစ္စည်းတွေကို နှစ်သက်တယ်မလား။ ရော့…ဒီမှာ…”

အစောပိုင်းတုန်းက သူ၏ အရှက်ရသွားဟန်ကို ဖုံးကွယ်ကာ မန်ဟုဇီသည် ညစ်ပြုံးပြုံး၍ ၎င်းကျောက်ကို ဟန်လိထံ ပစ်ပေးလိုက်သည်။ ဟန်လိသည် ကြောင်သွားပြီး သူက ကျောက်ကို အလိုလို လှမ်းဖမ်းယူမိ၏။

သည့်နောက်မှာတော့ သူက ၎င်းကျောက်ကို သူ့သိုလှောင်အိတ်ထဲ ထည့်သိမ်းထားလိုက်သည်။

ဟန်လိသည် ဘေးပတ်လည်သို့ လှမ်းကြည့်ပြီးနောက်မှာ ရှေ့သို့ လျှောက်လာပြီး မြွေအကြွင်းအကျန်များကို အားနာပါးနာနှင့် သိမ်းဆည်းလေတော့သည်။

All Chapters