လေအရင်းအမြစ်
Vol. 145 Ch. 2014
ကျန်းရီသည် အခြေအနေ၏ ပြင်းထန်မှုကို သိသည်။ သို့သော် သူ ထိုအခိုက်အတွက် တုန်လှုပ်နေ၍ မဖြစ်ပေ။
တုန်လှုပ်နေခြင်းက မည်သည့်ပြဿနာကိုမှ ဖြေရှင်းနိုင်မည် မဟုတ်ပါ။ အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ ပထမဆုံး လုပ်ရမည့် အရာမှာ တည်တည်ငြိမ်ငြိမ် ရှိရန်နှင့် အခြေအနေကို သုံးသပ်၍ လွတ်လမ်းတစ်ခုရှာရန် ဖြစ်သည်။
ကျန်းရီ အသက်ပြင်းပြင်းနှစ်ချက် ရှူသွင်းလိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်လိုက်၏။ ထိုနည်းဖြင့် သူ စိတ်တည်တည်ငြိမ်ငြိမ် ထားနိုင်ကာ အခြေအနေကို အသေးစိတ် သုံးသပ်နိုင်ပေလိမ့်မည်။
ဤဆန်းကြယ်နယ်မြေထဲတွင် အမှန်ပင် မြေအရင်းအမြစ်တစ်ခု ရှိပုံရသည်။ သို့သော် ယခင်က ၎င်းကို ချိပ်ပိတ်ထားခဲ့သည်။ ယင်းမှာ တမလွန်ဘုံမျိုးနွယ်ဝင်များ ဤနေရာမှ မြေဆွဲအား၏ ဖိနှိပ်မှုကို မခံရစေရန် ဖြစ်နိုင်သည်။ တမလွန်ဘုံဧကရာဇ်က ဤဆန်းကြယ်နယ်မြေထဲ ဝင်ခဲ့နိုင်သည်။ မဟုတ်လျှင် မင်တဲတို့ချည်းသာ ဆိုပါက ထိုမြေအရင်းအမြစ်ကို ချိပ်ပိတ်နိုင်ရန် ခက်ခဲပေလိမ့်မည်။
မင်တဲသည် ဤဆန်းကြယ်နယ်မြေမှ မြေအရင်းအမြစ်က ချိပ်ပိတ်ခံထားရကြောင်းကို သိ၏။ ထို့ကြောင့် သူ နည်းလမ်းအချို့ကို သုံးကာ ကျန်းရီကို ကျုံးသွင်းခဲ့ခြင်းပင်။ ထို့နောက် ထူးဆန်းသော အနက်ရောင်အလုံး အချို့ကို ပစ်သွင်းကာ ပိုးကောင်များကို ပို၍ အသည်းအသန် တိုက်ခိုက်လာစေလိုက်ပေသည်။
ထျန်းဖုန့်ဧကရာဇ်က အဖမ်းခံထားရရုံသာ ရှိသေးသည်။ မင်တဲက ကျန်းရီကို အလွန်ကြောက်သည်။ ကျန်းရီ မသေသေးသ၍ မင်တဲသည် ထျန်းဖုန့်ဧကရာဇ်ကို သတ်ဝံ့မည် မဟုတ်ပါ။
ကျန်းရီထံတွင် အချိန်အနည်းငယ် ရှိသေးသည်။ ကောင်းကင်ဘုံခုံရုံးက နှစ်ဝက်လောက် တောင့်ခံနိုင်သေးသည်။ သူ ဤဆန်းကြယ်နယ်မြေထဲမှ အသက်ရှင်လျက် ထွက်သွားနိုင်မည်ဆိုလျှင် ထျန်းဖုန့်ဧကရာဇ် သေမည် မဟုတ်ချေ။
တွေးတောပြီးနောက် ကျန်းရီ၏ ရင်ထဲမှ တုန်လှုပ်မှုက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သူ ဆန်းကြယ်နယ်မြေထဲမှ အခြေအနေကို ယထာဘူတကျကျ သုံးသပ်လိုက်သည်။ သူ မြေအရင်းအမြစ်ကို စုပ်ယူနိုင်မည်၊ မနို်ငမည်မှာ မသေချာသေးပေ။ ထို့ပြင် သူမဆိုထားနှင့် ကောင်းကင်ဘုံခုံရုံးပင် ပျံမတက်နို်ငချေ။
‘မြေအရင်းအမြစ်ကို စုပ်ယူဖို့ နည်းလမ်းတစ်ခု ရှာရမယ်’
ကျန်းရီသည် လျှပ်စီးက မြေကို ဖန်တီးနိုင်သည့် အကြောင်းကို သိမြင်နားလည်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် မြေအရင်းအမြစ်ကို စုပ်ယူရန် မခက်ခဲသင့်ပေ။ သူသာ မြေအရင်းအမြစ်ကို စုပ်ယူနိုင်လိုက်လျှင် မြေဆွဲအားလည်း ပျောက်ကွယ်သွားပေလိမ့်မည်။ ထို့နောက် သူ ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်ကာ အလွယ်တကူ ပျံတက်နိုင်မည်ဖြစ်သည်။
“အရှင်ချီဟုန်... မြေအရင်းအမြစ်ရဲ့ တည်နေရာအတိအကျကို အရှင် အာရုံခံနိုင်လား”
ကျန်းရီသည် ချီဟုန်ထံ အသံပို့လွှတ်လိုက်၏။ ချီဟုန်သည် ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံပြီးနောက် သေချာစွာ ပြောလိုက်၏။
“အဲ့ဒါက အနောက်ဘက် မိုင်တစ်ထောင်အကွာက ကျောက်တုံးကြီးတစ်တုံးအောက်မှာ။ အဲ့ကျောက်တုံးကြီးမှာ အသက်အရှိန်အဝါရှိတယ်။ ကျောက်တုံးက ထူးဆန်းတဲ့ သတ္တဝါတွေကို ပျိုးထောင်နေတာ ဖြစ်နိုင်တယ်”
“မိုင်တစ်ထောင်အကွာလား”
ကျန်းရီ မျက်မှောင်ကြုတ်သွား၏။ ကောင်းကင်ဘုံခုံရုံးက လုံးဝမရွေ့လျားနိုင်ပေ။ သူ ဤနေရာမှနေ၍ မိုင်တစ်ထောင်အကွာသို့ မည်သို့ သွားရမည်နည်း။ အပြင်ဘက်တွင် လေဆင်နှာမောင်းများနှင့် ပိုးကောင်များလည်း ရှိနေပေသေးသည်။
“ပိုးကောင်တွေ...”
ကျန်းရီ သူ့ဘာသာ တစ်ခဏမျှ ရေရွတ်လိုက်ပြီးမှ အော်ပြောလိုက်သည်။
“ရှောင်မုန့်...”
ကျီ...ကျီ...
ကျန်းရီ၏ ဝမ်းဗိုက်အောက်ပိုင်းမှနေ၍ အလင်း လင်းလက်လာပြီး သားရဲလေးတစ်ကောင် ပျံထွက်လာ၏။ ကောင်းကင်ဝါးမျိုသားရဲလေးက အလင်းတန်းအဖြစ် ပြောင်းလဲ၍ သူ့ စိတ်ဝိညာဉ်ပင်လယ်ထဲ ဝင်နိုင်သည်။ သို့ဖြစ်ရာ ၎င်းက နဝမမြောက်ကြယ်စက်လုံးထဲ ဝင်နိုင်ခြင်းမှာ သာမန်သာဖြစ်သည်။ နဝမမြောက်ကြယ်စက်လုံးထဲတွင် မိုးမြေစွမ်းအားများစွာ ရှိနေသည်။ သားရဲလေးသည် ၎င်းတို့ကို အကြိုက်ဆုံးပင်။
“အပြင်ဘက်မှာ ပိုးကောင်တွေ ရှိနေတယ်။ မင်း သူတို့ကို ထိန်းချုပ်နိုင်လား”
ကောင်းကင်ဝါးမျိုသားရဲလေးသည် တွင်းကြီးထဲမှ ဟွင့်သွမ့်ပိုးကောင်များကိုပင် ထိန်းချုပ်နိုင်သည်။ အကယ်၍ ၎င်းသာ အပြင်မှ လေပိုးကောင်များကို ထိန်းချုပ်နိုင်မည်ဆိုလျှင် အန္တရာယ်က များစွာလျော့ကျသွားပေလိမ့်မည်။
သားရဲလေးက မျက်တောင်ပုတ်ခတ်၍ ပြန်ပြောလိုက်သည်။
“ငါ ကြိုးစားကြည့်မယ်။ အဲ့ပိုးကောင်တွေက ဘာမျိုးစိတ်လဲ မသိတော့ ငါလည်း သေချာ မပြောနိုင်ဘူး”
“ကောင်းပြီ”
ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ တမလွန်ဘုံမျိုးနွယ်ဝင် တစ်ယောက်ကို အပြင်သို့ တည်နေရာပြောင်းရွှေ့လိုက်၏။ မျှော်လင့်ထားသကဲ့သို့ပင် ဤဆန်းကြယ်နယ်မြေထဲမှ လေထုက မခိုင်မာပါ။ ကောင်းကင်ဘုံခုံရုံးထဲမှ တမလွန်ဘုံမျိုးနွယ်ဝင်ကို အပြင်သို့ အလွယ်တကူ တည်နေရာပြောင်းရွှေ့နိုင်လိုက်သည်။ သို့သော် အပြင်၌ လေဆင်နှာမောင်းများနှင့် ပိုးကောင်များ ရှိနေပေသည်။ တမလွန်ဘုံမျိုးနွယ်ဝင် အပြင်သို့ ရောက်သွားသည်နှင့် လေပိုးကောင်များ၏ အစိတ်စိတ်အမွှာမွှာ ကိုက်ဖြဲမှုကို ခံလိုက်ရပေသည်။
အပြင်သို့ စိတ်ကြိုက် တည်နေရာပြောင်းရွှေ့နိုင်လျှင် အထဲသို့လည်း စိတ်ကြိုက် ဝင်နိုင်လောက်သည်။ ထို့ကြောင့် ကျန်းရီ သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူ့ပခုံးပေါ်ရှိ ကောင်းကင်ဝါးမျိုသားရဲလေးကို ကြည့်ကာ ပြောလိုက်လေသည်။
“ရှောင်မုန့်... ခဏနေရင် ငါ မင်းကို အပြင်ပို့ပေးမယ်။ မင်း ပိုးကောင်တွေကို ထိန်းချုပ်နိုင်နိုင်၊ မနိုင်နိုင် ငါ မင်းကို အထဲ ချက်ချင်း ပြန်ခေါ်မယ်။ သတိထားပါ၊ မခုခံပါနဲ့”
“ကောင်းပြီ”
ကောင်းကင်ဝါးမျိုသားရဲလေးသည် နဝမြောက်ကြယ်စက်လုံးထဲတွင် စွမ်းအားအမျိုးမျိုးကို စားသောက်နေခဲ့သည်။ ထို့ကြောင့် ယခု ၎င်း ကျန်းရီ၏ စကားတိုင်းကို နားထောင်နေသည်။ ကျန်းရီသည် တမလွန်ဘုံမျိုးနွယ်ဝင် နှစ်ယောက်ကို အပြင်သို့ ထပ်ပို့ပြီးနောက် သားရဲလေးကို အော်ပြောလိုက်သည်။
“အသင့်ပြင်ထားတော့”
ရွှီး...
တမလွန်ဘုံမျိုးနွယ်ဝင် နှစ်ယောက် အပြင်ရောက်သွား၏။ ထို့နောက် ကောင်းကင်ဝါးမျိုသားရဲလေးလည်း ကောင်းကင်ဘုံခုံရုံးထဲမှ ပျောက်ကွယ်သွားသည်။ တမလွန်ဘုံမျိုးနွယ်ဝင် နှစ်ယောက်သည် စက္ကန့်အနည်းငယ် ခံလိုက်၏။ သို့သော် ထိုအခိုက်အတန့်က သားရဲလေး ခေါင်းရှိ ဦးချိုမှ အလင်းဖြာထုတ်၍ လေပိုးကောင်များကို လွှမ်းခြုံလိုက်ရန် အချိန်လုံလောက်ပေသည်။
ရွှီး...
ကျန်းရီသည် ကောင်းကင်ဝါးမျိုသားရဲလေးကို အထဲသို့ ချက်ချင်း ပြန်ခေါ်လိုက်၏။ သားရဲလေးက ကျန်းရီ၏ ပခုံးထက်သို့ ဝံ့ကြွားစွာ ပြန်ပျံသန်းလာပြီး ပြောလိုက်သည်။
“ပြဿနာမရှိဘူး။ အဲ့ပိုးကောင်တွေက ဟွင့်သွမ့်ပိုးကောင်တွေထက် အဆင့်နိမ့်တယ်။ ငါ သူတို့ကို အလွယ်လေး ထိန်းချုပ်နိုင်တယ်။ ဒါပေမဲ့... အပြင်ဘက်က လေက အရမ်းအားကောင်းလွန်းတယ်။ တမုန့်... မင်းသာ ငါ့ကို ပြန်ခေါ်တာ တစ်ချက်နောက်ကျသွားရင် ငါ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလောက်တယ်”
“ကောင်းပြီ... အရင်ဆုံး မင်း ပြန်ဝင်နေလိုက်တော့”
ကျန်းရီ ခေါင်းညိတ်လိုက်၏။ ယခုတွင် လေပိုးကောင်များကို ပြဿနာမဟုတ်တော့ပေ။ အပြင်ဘက်မှ လေဆင်နှာမောင်းများကိုသာ အာရုံစိုက်ရတော့မည်။ သူ လေဆင်နှာမောင်းများကို တောင့်ခံနိုင်လျှင် မိုင်တစ်ထောင်အကွာရှိ မြေအရင်းအမြစ်ဆီသို့ သွားနိုင်ပေလိမ့်မည်။ သူ မြေအရင်းအမြစ်ကို စုပ်ယူပြီးသည်နှင့် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်ကာ ဆန်းကြယ်နယ်မြေထဲမှ ပျံထွက်နိုင်မည်ဖြစ်သည်။
‘အဲ့လေတွေက ဘယ်လောက်အားကောင်းလဲ’
ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲရှိ ဝိညာဉ်လေများနှင့် ဘုံများအပြင်ဘက်ရှိ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များ အကြောင်းကို တွေးတောလိုက်၏။ ထိုလေများက မည်သို့ ဖြစ်တည်လာကြောင်း ကျန်းရီ မသိသေးပေ။ သူ သိသွားလျှင်လည်း လေအနှစ်သာရကို သဘောပေါက်သွားနိုင်ပေသည်။
‘ငါ တောင့်ခံကြည့်ရမလား’
ကျန်းရီသည်ထံတွင် မီးအရင်းအမြစ်ရှိ၍ မီးတောက်နတ်ဘုရားဒိုင်း ဖန်တီးနိုင်၏။ ထို့ပြင် သူ့တွင် သဲရှင်ဒိုင်း၊ အနက်ရောင်တမလွန်ချပ်ဝတ်နှင့် ဧကရာဇ်အဆင့် ရုပ်ခန္ဓာ ရှိနေသေးသည်။ သူ ထိုလေများကို တစ်ခဏမျှ တောင့်ခံနိုင်လောက်သည်။
ကျန်းရီသည် တစ်ခဏမျှ တွေးတောပြီးနောက် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်၏။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သဲရှင်ဒိုင်းနှင့် အနက်ရောင်တမလွန်ချပ်ဝတ် ထုတ်လိုက်သည်။ ထို့နောက် မီးတောက်နတ်ဘုရားဒိုင်းကိုလည်း ဖန်တီးကာ အပြင်သို့ ထွက်လိုက်လေသည်။
ရွှီး...ရွှီး...
ကျန်းရီ အပြင်ထွက်လာသည်နှင့် လေဆင်နှာမောင်းများစွာက သူ့ထံ ရွေ့လျားလာကြ၏။ လေဆင်နှာမောင်းများထဲမှ လေပိုးကောင်များကမူ ကြောက်လန့်စွာ ပျံပြေးကြသည်။ သို့သော် လေပိုးကောင်အချို့သည် မီးလောင်ကာ ပြုတ်ကျကုန်ကြပေသည်။
မီးအရင်းအမြစ်က ဟွင့်သွမ့်ပိုးကောင်များကိုပင် လောင်ကျွမ်းနိုင်၏။ ထိုလေပိုးကောင်များက ဟွင့်သွမ့်ပိုးကောင်များထက် အဆင့်နိမ့်သည်။ ထို့ကြောင့် ၎င်းတို့က မီးအရင်းအမြစ်ကို တောင့်မခံနိုင်ခြင်းမှာ မထူးဆန်းပေ။
ကောင်းကင်ဝါးမျိုသားရဲလေး ရှိနေလျှင် လေပိုးကောင်များကို ကြောက်ရန်မလိုပါ။ ကျန်းရီ ၎င်းတို့ကို လုံးဝ အရေးမစိုက်ချေ။ သူ အရေးစိုက်သည်မှာ လေဆင်နှာမောင်းများပင်။ သူ လက်ဝါးချက်အနည်းငယ် ရိုက်ထုတ်လိုက်၏။ သို့သော် လက်ဝါးချက်များမှာ လေဆင်နှာမောင်းများကြောင့် အလွယ်တကူ လွင့်ပြယ်သွားပေသည်။
ထိုလေဆင်နှာမောင်းများက အရာအားလုံးကို ဖျက်ဆီးနိုင်ပုံပေါ်၏။ ၎င်းတို့က ကျန်းရီအနား လျင်မြန်စွာ ချဉ်းကပ်လာပြီး မီးတောက်နတ်ဘုရားဒိုင်းကို စတင်တိုက်ခိုက်လာကြသည်။
‘အားကောင်းလိုက်တာ’
ကျန်းရီသည် မီးအရင်းအမြစ်စွမ်းအားက လျင်မြန်စွာ ကုန်ဆုံးလာသည်ကို ခံစားမိလိုက်၍ တုန်လှုပ်သွား၏။ မီးအရင်းအမြစ်မီးတောက်များနှင့် ဖန်တီးထားသော နတ်ဘုရားဒိုင်းက အလွန်ခိုင်မာသည်။ သို့သော် သုံးစက္ကန့်အတွင်းမှာပင် မီးတောက်တစ်ဝက်လောက်က ကုန်သွားပြီဖြစ်သည်။ အကယ်၍ ကျန်းရီသာ မီးတောက်များ ထပ်မဖြည့်ပေးပါက ထိုနတ်ဘုရားဒိုင်းသည် ငါးစက္ကန့်၊ ခြောက်စက္ကန့်လောက်သာ ခံမည်ဖြစ်သည်။
ဖြုတ်...
မီးတောက်နတ်ဘုရားဒိုင်းက ငါးစက္ကန့်ကြာပြီးနောက် ပျောက်ကွယ်သွား၏။ လေဆင်နှာမောင်းနှစ်ခုလည်း လွင့်ပြယ်သွားသည်။ ထို့နောက်တွင် ကျန်းရီ၏ သဲရှင်ဒိုင်းမှာ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် ပျက်စီးလာသည်။ ကျန်းရီ ရွေးချယ်စရာ မရှိတော့ဘဲ ကောင်းကင်ဘုံခုံရုံးထဲ ပြန်ဝင်လိုက်ရလေသည်။
‘အားကောင်းလိုက်တာ၊ လောကထဲမှာ အဲ့လောက်အားကောင်းတဲ့ လေမျိုး ရှိသေးတာလား’
ကျန်းရီသည် အထဲပြန်ရောက်လာသောအခါ အတန်ငယ် ကြောက်ရွံ့နေသေးသည်။ ထိုစဉ် ချီဟုန်က အသံပို့လွှတ်လာ၏။
“အဲ့လေက လေအရင်းအမြစ် ဖြစ်နိုင်တယ်”
ကျန်းရီ နားမလည်ပေ။ သူ တစ်ခဏမျှ တွေးတောပြီးနောက် မေးလိုက်သည်။
“လေအရင်းအမြစ်ဆိုတာ ရှိသေးတာလား”
“ရှိတာပေါ့”
ချီဟုန်က ရှင်းပြသည်။
“မင်းမှာ ရေခဲအရင်းအမြစ် ရှိတယ်မဟုတ်လား။ ဘာလို့ လေအရင်းအမြစ် မရှိဘဲ နေရမှာလဲ။ ဒီလောကထဲမှာ လေအရင်းအမြစ်ကပဲ မီးအရင်းအမြစ်ကို အဲ့လောက်မြန်မြန် ကုန်သွားအောင် လုပ်နိုင်တယ်။ အဆင့်တူတဲ့ မိုးမြေအရင်းအမြစ် အချင်းချင်းပဲ တစ်ခုနဲ့တစ်ခု ယှဉ်နိုင်တာ”
“အဲ့ဒါတော့ ဟုတ်တယ်...”
ကျန်းရီ တွေးတောကာ လက်ခံလိုက်၏။ အဆင့်တူသော မိုးမြေအရင်းအမြစ် အချင်းချင်း တစ်ခုနှင့်တစ်ခု ယှဉ်နိုင်သည်။ ဥပမာအနေဖြင့် ကောင်းကင်ဝါးမျိုသားရဲလေးကို ကြည့်ပါ။ ၎င်းနှင့် အဆင့်တူ၊ သို့မဟုတ် ၎င်းထက် အဆင့်နိမ့်သော ပိုးကောင်များ မဟုတ်လျှင် ၎င်းက မထိန်းချုပ်နိုင်ပေ။
ဤလောကထဲတွင် ရေအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ်ရှိရာ အဘယ်ကြောင့် လေအရင်းအမြစ် မရှိဘဲ နေမည်နည်း။ သို့သော် လေအရင်းအမြစ်က မည်သို့ ဖြစ်တည်လာခြင်းနည်း။ သူ ၎င်းကို အဘယ်သို့ ထိန်းချုပ်ရမည်နည်း။
ကျန်းရီ ခေတ္တမျှ တွေးတောပြီးနောက် ကောင်းကင်ဘုံခုံရုံးထဲရှိ ဆန်းကြယ်နယ်မြေထဲ တည်နေရာပြောင်းရွှေ့လိုက်၏။ ထိုအထဲတွင် သူ့ဦးနှောက်က အပြင်ကထက် အဆတစ်သောင်း ပိုမြန်မြန် အလုပ်လုပ်နိုင်သည်။ သူ့လက်ထဲတွင် နတ်ဘုရားသစ်ရွက်လည်း ရှိရာ သိမြင်နားလည်နိုင်စွမ်းက ပို၍ပင် မြန်နေပေသည်။
သို့သော် အပြင်မှ လေကို သဘောပေါက်နိုင်ပါ။ လျှပ်စီးက လေကို ဖန်တီးနိုင်ခြင်း အကြောင်းကို သိမြင်နားလည်ရန်မှာမူ ပို၍ပင် မဖြစ်နိုင်သေးသည်။ လျှပ်စီးတွင် ဓာတ်ငါးပါးသာ ပါဝင်သည်။ သတ္တု၊ သစ်သား၊ ရေ၊မီးနှင့် မြေ။ လေဟူ၍ မပါပေ။ သူ သစ်သားအရင်းအမြစ်နှင့် မီးအရင်းအမြစ်ကို စုပ်ယူနိုင်ခဲ့ခြင်းမှာ လျှပ်စီးအနှစ်သာရကို လေ့လာခဲ့၍ဖြစ်သည်။ သို့သော် လေအရင်းအမြစ်ကိုတော့ စုပ်ယူနိုင်မည် မဟုတ်ချေ။
ဆယ်ရက်...
ကျန်းရီသည် ဆယ်ရက်လုံးလုံး တွေးတောသုံးသပ်နေခဲ့သော်လည်း မည်သည့်အကျိုးမှ မရလိုက်ပါ။ သူ မျက်လုံးဖွင့်၍ သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူ အတန်ငယ် အကြံအိုက်နေသည်။ ဤကြိုးထုံးကို မည်သို့ဖြေမည်နည်း။
***