တိုက်ပွဲကြီးစတင်ပြီ
Vol. 145 Ch. 2015
“ကျန်းရီ ဘာဖြစ်လို့လဲ”
ကျန်းရီသည် သဲကန္တာရထဲတွင် တွေဝေစွာ ရပ်နေ၏။ ဟယ်နုန်ယင်းက ကျင့်ကြံနေရာမှ ပျံသန်းလာပြီး စိုးရိမ်တကြီး မေးလိုက်သည်။ ဟယ်နုန်ယင်းမှာ အလွန်ဉာဏ်ကောင်းသူဖြစ်သည်။ ကျန်းရီ၏ မျက်နှာထားက မပြောင်းသော်လည်း တစ်ခုခု မှားနေပြီဖြစ်ကြောင်း သူမ ပြောနိုင်ပေသည်။
“နုန်ယင်း...”
ကျန်းရီသည် ဟယ်နုန်ယင်းကို ကြည့်ကာ သူမကို ရင်ခွဲထဲ ဆွဲသွင်းဖက်လိုက်၏။ ထို့နောက် လက်ရှိအခြေအနေကို ရှင်းမပြဘဲ နူးညံ့စွာ ပြောလိုက်သည်။
“နုန်ယင်း... ကိုယ် အရင်က တစ်ခါမှ မလေ့လာဖူးတဲ့ အနှစ်သာရတစ်ခုကို သိမြင်နားလည်ချင်ရင် ဘယ်ကစရမလဲ”
ဟယ်နုန်ယင်းသည် ကျန်းရီက ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရကြောင်း သိ၏။ သူမ ကျန်းရီကို အဖော်ပြုကာ ကန္တာရထဲတွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။ သူမသည် ကောင်းကင်ထဲတွင် လွင့်မျောနေသော သဲမှုန်လေးများကို ကြည့်၍ တွေးတောလိုက်၏။ အတော်ကြာမှ သူမ ပြောလိုက်သည်။
“ရှင် ဘယ်လမ်းကို ရွေးရမလဲ မသိရင် ပန်းတိုင်ကို တွေးပြီး ပန်းတိုင်နဲ့ သက်ဆိုင်မယ်ထင်တဲ့ လမ်းစတစ်ခုကို ရှာရမယ်။ ရှင် လမ်းစကို ရှာနိုင်တာနဲ့ အရာအားလုံးက ချောမွေ့သွားလိမ့်မယ်”
“အင်း...”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး လေထဲမှ သဲမှုန်လေးများကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။ သူက လေအရင်းအမြစ်ကို ထိန်းချုပ်လိုရာ လေဆိုသည်မှာ အဘယ်နည်းဆိုခြင်းကို အရင်ဆုံး နားလည်သင့်သည်။
ကျန်းရီသည် အတိတ်တွင် လေဓာတ်စည်းမျဉ်းအချို့ကို သိမြင်နားလည်ခဲ့သည်။ သို့သော် ၎င်းတို့က လေအနှစ်သာရ မဟုတ်ကြပေ။ ထို့ကြောင့် ကျန်းရီ လေအနှစ်သာရကို သိမြင်နားလည်ရန် လိုပေသေးသည်။
ကျန်းရီသည် မည်သည့်စကားမှ မပြောတော့ဘဲ ဟယ်နုန်ယင်း၏ လက်ကို ကိုင်၍ အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်နေ၏။ သူတို့နှစ်ယောက်၏ လမ်းလျှောက်နှုန်းက အလွန်နှေးသည်။ သဲကန္တာရထဲမှ လေက အလွန်ထန်ပြီး ကောင်းကင်ထဲတွင် သဲမှုန်များ ပြည့်နေစေသည်။ သူတို့၏ ဆံပင်များနှင့် ဝတ်ရုံများကလည်း ဝဲလွင့်နေကြသည်။
ကောင်းကင်ဘုံခုံရုံးထဲမှ ဆန်းကြယ်နယ်မြေက သိပ်မကြီးပါ။ ကီလိုမီတာငါးရာသာ ကျယ်သည်။ ကျန်းရီတို့သာ မြန်နှုန်းပြည့်နှင့် ပျံသန်းသွားမည်ဆိုလျှင် ရုတ်ခြည်းအတွင်း နယ်မြေ ဤဘက်စွန်းမှ ဟိုဘက်စွန်းသို့ ရောက်သွားနိုင်သည်။ သို့သော် သူတို့က ဖြည်းဖြည်းချင်း လျှောက်နေရာ အကြာကြီး လျှောက်ရပေသည်။
ကျန်းရီသည် ရီဝေသော မျက်ဝန်းများနှင့် စကားမပြောဘဲ အရှေ့သို့ လျှောက်နေ၏။ ဟယ်နုန်ယင်းကလည်း သူ့ကို တိတ်ဆိတ်စွာ အဖော်ပြုပေးနေသည်။ သူတို့နှစ်ယောက် သဲကန္တာရပေါ်တွင် တစ်လှမ်းချင်း လျှောက်နေကြသည်။ နာရီအနည်းငယ် လျှောက်ပြီးသည်အထိ ကျန်းရီက ရပ်မည့်အရိပ်အယောင် မပြသေးဘဲ ဆက်လျှောက်၏။ ဟယ်နုန်ယင်းလည်း ရွေးချယ်စရာမရှိဘဲ ဆက်လျှောက်ရလေသည်။
ကျန်းရီတို့ လျှောက်နေရင်း အရှေ့ရှိ တောင်ကြားတစ်ခုကို မြင်လိုက်ရ၏။ ဘေးနှစ်ဘက်တွင် တောင်တစ်လုံးစီ ရှိနေပြီး အလယ်မှ တောင်ကြားလမ်းက ကျဉ်းမြောင်းသည်။ ထို့ကြောင့် လေမှ တဟူးဟူးနှင့် ရှိနေပေသည်။
ကျန်းရီ ရုတ်တရက် ရပ်တန့်လိုက်၏။ သူ့မျက်ဝန်းများက ပို၍ ရီဝေလာသည်။ ထိုနေရာတွင် တစ်နာရီကြာ ရပ်နေပြီးနောက် သူ မျက်လုံးမှိတ်၍ ဟယ်နုန်ယင်းကို လက်ဝှေ့ယမ်းပြကာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။
ဟယ်နုန်ယင်းက ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။ ကြည့်ရသည်မှာ ကျန်းရီက တစ်စုံတစ်ခုကို သိမြင်သွားပုံပင်။ သူမ ကျန်းရီဘေးတွင် ထိုင်၍ ကျန်းရီကို တစ်ခဏမျှ အဖော်ပြုပေးနေလိုက်သည်။ ထို့နောက် သူမ ခပ်လှမ်းလှမ်းသို့ ပျံသွားကာ လေ့လာလက်စ အနှစ်သာရကို ဆက်လေ့လာလိုက်လေသည်။
ကျန်းရီက အမှန်ပင် လေအနှစ်သာရကို လေ့လာနေခြင်းဖြစ်သည်။ ယခုတွင် သူသည် အခြားမည်သည့်အရာကိုမှ မတွေးတော့ဘဲ ထိုအနှစ်သာရကို သိမြင်နားလည်ရန်သာ အာရုံစိုက်ထားသည်။ လေအနှစ်သာရကို သိမြင်နားလည်ပြီးလျှင် အပြင်ဘက်မှ လေအရင်းအမြစ်ကို ထိန်းချုပ်နိုင်၊ မနိုင် သူ သိလိုနေပေသည်။
ဤနေရာတွင် အနှစ်သာရကို လေ့လာခြင်းက အမှန်ပင် အလွန်မြန်၏။ ဤနေရာတွင် ကောင်းကင်စည်းချက်ရှိရာ ၎င်းကို အသုံးချ၍ အနှစ်သာရ၏ ကနဦးအဆင့်ကို လျင်မြန်စွာရောက်အောင် လုပ်နိုင်သည်။ ကနဦးအဆင့်ကို ရောက်သွားပြီဆိုလျှင် ကျန်သောအဆင့်များကို ရောက်ရန် အချိန်တစ်ခုသာ လိုတော့မည်ဖြစ်သည်။
သို့သော် ကနဦးအဆင့်ကို ရောက်ရန်လည်း လွယ်သည်တော့ မဟုတ်ပေ။ ဥပမာအားဖြင့် အကယ်၍ ဤဆန်းကြယ်နယ်မြေထဲ အဘိုးကြီးတစ်ယောက် ဝင်လာမည်ဆိုလျှင် သူ ကောင်းကင်စည်းချက်ကို သုံးပါစေ အနှစ်သာရတစ်ခုကိုမှ သိမြင်နားလည်နိုင်မည် မဟုတ်ပါ။ ကျန်းရီကမူ ငယ်ရွယ်ပြီး သူ့ပါရမီက မဆိုးပေ။ လက်ရှိတွင် သူ့စိတ်ဝိညာဉ်ကလည်း အလွန်သန်မာနေသည်။ သူ့တွင် နတ်ဘုရားသစ်ရွက်လည်း ရှိသည်။ ထို့ကြောင့် ကြိုးစားမှု တစ်ဝက်နှင့် ရလဒ်နှစ်ဆကို ရနိုင်ပေသည်။
ငါးရက်...
ငါးရက်အတွင်းမှာပင် ကျန်းရီ ကနဦးအဆင့်သို့ ရောက်သွားသည်။ ကျန်သောအရာများမှာ ရိုးရှင်းသွားပေပြီ။ ကျန်းရီ မရပ်မနား ဆက်လေ့လာသည်။ လေအနှစ်သာရ၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရန် အလွန်ဆုံး ဆယ်ရက်သာ လိုပေလိမ့်မည်။
ကောင်းကင်ဘုံခုံရုံးအပြင်ဘက်တွင် အခြေအနေမှာ အတူတူပင် ရှိနေသေးသည်။ လေဆင်နှာမောင်းများလည်း ပို၍ ပို၍ များလာသဖြင့် ကောင်းကင်ဘုံခုံရုံး၏ စွမ်းအင်က လျင်မြန်စွာ ကုန်ဆုံးနေသည်။ လေပိုးကောင်များကလည်း ကောင်းကင်ဘုံခုံရုံးပေါ် တက်ကာ ခုံရုံးကို ကိုက်ဝါးနေကြသည်။ ၎င်းတို့က ကျိုးပဲ့သွားအောင် မကိုက်နိုင်သော်လည်း ကောင်းကင်ဘုံခုံရုံး၏ စွမ်းအင်ကို ကုန်ဆုံးစေလေသည်။
ထိုဆန်းကြယ်နယ်မြေ အပြင်ဘက်တွင်မူ အလွန်စည်ကားနေ၏။ မင်တဲတို့ ရောက်နေကြပြီဖြစ်သည်။ တမလွန်ဘုံဘုရင် ဒါဇင်ကျော် ရှိပြီး ထိုထဲမှ ခြောက်ယောက်မှာ ထိပ်တန်းတမလွန်ဘုံဘုရင်များ ဖြစ်ကြသည်။ ထျန်းဖုန့်ဧကရာဇ်မှာ အမှန်ပင် အဖမ်းခံထားရသည်။ ထို့ပြင် ထိပ်တန်းတမလွန်ဘုံဘုရင်တစ်ပါးက ထျန်းဖုန့်ဧကရာဇ်ကို တမလွန်ဘုံအရှိန်အဝါနှင့် ထိန်းချုပ်ရန် ကြိုးစားနေသည်။ ထျန်းဖုန့်ဧကရာဇ်၏ တစ်ကိုယ်လုံးမှနေ၍ အနက်ရောင်အရှိန်အဝါ ထုတ်လွှတ်နေပေသည်။ သူ၏သွေးအလိမ်းလိမ်းနှင့် ခန္ဓာကိုယ်က တွန့်ကွေးနေ၏။ ယင်းမှာ ဆိုးဝါးသော မြင်ကွင်းတစ်ခုပင်။
“ကောင်းကင်ဘုံခုံရုံးက တကယ်ကို စွမ်းအားကြီးတာပဲ”
မင်တဲသည် အပြင်ဘက်မှနေ၍ တမလွန်ဘုံအရှိန်အဝါ ထုတ်လွှတ်ကာ အထဲမှ အခြေအနေကို အာရုံခံနေသည်။ သူ သက်ပြင်းချ၍ ရေရွတ်လိုက်သည်။
“ရက်တွေအများကြီး ကြာခဲ့ပြီ။ ကောင်းကင်ဘုံခုံရုံးရဲ့ စွမ်းအင်က မကုန်သေးဘူးလား။ ဒါပေမဲ့... အထဲက မြေအရင်းအမြစ်ချိပ်စည်းကို ဖယ်လိုက်ပြီ။ ကျန်းရီ ထွက်မပြေးနိုင်ပါဘူး။ အနှေးနဲ့အမြန် သူ သေတော့မှာပဲ”
“အရှင်မင်တဲက ဉာဏ်ပညာကြီးမားပါတယ်”
တမလွန်ဘုံဘုရင်တစ်စုသည် ခပ်သွက်သွက် ဦးညွှတ်၍ ပြောလိုက်ကြ၏။ တမလွန်ဘုံတွင် ထိပ်တန်းတမလွန်ဘုံဘုရင်ဆယ်ပါးသာ ‘အရှင်’ဟု ခေါ်ခံရသည်။ အမှန်တွင် စွမ်းအားကြီး တမလွန်ဘုံဘုရင်များက ဆယ်ပါးမကပေ။ သို့သော် အသန်မာဆုံး တမလွန်ဘုံဘုရင်များသာ ‘အရှင်’ဘွဲ့ ရပေသည်။
မင်တဲသည် အားလုံး၏ မျက်နှာလိုမျက်နှာရ လုပ်မှုကို လျစ်လျူရှုကာ ဆန်းကြယ်နယ်မြေထဲမှ အခြေအနေကိုသာ ဆက်စူးစမ်းနေလိုက်၏။ ထို့နောက် လက်ဝှေ့ယမ်းကာ တမလွန်ဘုံမျိုးနွယ်စစ်တပ်ကို ဆန်းကြယ်နယ်မြေကို ဝန်းရံစေလိုက်သည်။ ပြီးလျှင် တမလွန်ဘုံဘုရင် အနည်းငယ်ကို ချန်ခဲ့၍ အနီးရှိ အခြားဆန်းကြယ်နယ်မြေတစ်ခုသို့ သွားကာ တိတ်တဆိတ် စောင့်နေလိုက်သည်။
“တင်ပြပါတယ်...”
မင်တဲ ဆန်းကြယ်နယ်မြေသို့ ရောက်ချိန်တွင် တမလွန်ဘုံဘုရင်တစ်ပါးက လျင်မြန်စွာ ပျံသန်းလာ၏။ သူ မြေပြင်ပေါ်တွင် ဒူးထောက်ကာ အော်ပြောလိုက်သည်။
“အရှင်မင်တဲ... အခြေအနေတွေ မကောင်းတော့ပါဘူး။ မိုးပြာမဟာဧကရာဇ်က တပ်သားသန်းတစ်ရာကို စုစည်းပြီး ကောင်းကင်စကြဝဠာဘုံကို တည်နေရာပြောင်းရွှေ့လာပါတယ်။ ကျုပ်တို့ရဲ့ သူလျှိုတွေ ပြောတာကတော့ မိုးပြာမဟာဧကရာဇ်က ကောင်းကင်ထူးခြားဘုံကို အလုံးအရင်းဝင်တိုက်ဖို့ ပြင်ဆင်နေတာပါတဲ့”
“အန်...”
မင်တဲနှင့် အခြားထိပ်တန်းတမလွန်ဘုံဘုရင်များ၏ မျက်နှာများ မည်းမှောင်သွားကြ၏။ မင်တဲ တစ်ခဏမျှ တွေးတောကာ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“အားလုံးပဲ မတုန်လှုပ်ကြနဲ့။ ဘာကြီးကြီးမားမားမှ ဖြစ်လာမှာ မဟုတ်ဘူး။ မိုးပြာမဟာဧကရာဇ်က ပလ္လင်ပေါ် တက်ခါစဆိုတော့ သူ့နေရာကို အခြေခိုင်အောင်လုပ်ဖို့ အောင်ပွဲတစ်ပွဲလိုတယ်။ ဒါပေမဲ့ လူသားမျိုးနွယ်ရဲ့ လက်ရှိအင်အားနဲ့ သူတို့ ရေကုန်ရေခမ်း တိုက်ခိုက်နိုင်ဦးမှာ မဟုတ်ဘူး။ မိုးပြာမဟာဧကရာဇ်က ကောင်းကင်ထူးခြားဘုံကို တိုက်ခိုက်မှာတဲ့လား၊ အိပ်မက်ဆက်မက်နေလိုက်”
“အဲ့လိုဆို...”
သတင်းလာပို့သော တမလွန်ဘုံဘုရင်က အဝေးရှိ ဆန်းကြယ်နယ်မြေကို လှမ်းကြည့်ကာ ပြောလိုက်၏။
“ကျန်းရီက ဒီမှာလား”
“ငါတို့ အဲ့ဒါကို ဘာမှလုပ်လို့ မရဘူး...”
မင်တဲသည် ပြတ်သားစွာ ထရပ်၍ ပြန်ပြောလိုက်သည်။
“တကယ်လို့ ကျန်းရီ ထွက်လာနိုင်ရင် ငါတို့ သူ့ကို ဘာမှ မလုပ်နိုင်ဘူး။ သူ ထွက်မလာနိုင်ရင်တော့ အထဲမှ သေသွားလိမ့်မယ်။ မင်တိ... မင်းက ဒီမှာနေခဲ့။ ကျန်တဲ့ တမလွန်ဘုံဘုရင်တွေက ငါနဲ့အတူ ကောင်းကင်ထူးခြားဘုံကို လိုက်ခဲ့ကြ။ မိုးပြာမဟာဧကရာဇ်က သူ့ရဲ့ ဩဇာအာဏာကို တည်ဆောက်ချင်တာ။ ငါတို့ သူ့ဆန္ဒအတိုင်း လုပ်ခွင့် မပေးနိုင်ဘူး”
“နားလည်ပါပြီ”
တမလွန်ဘုံဧကရာဇ် မရှိလျှင် မင်တဲမှာ တမလွန်ဘုံ၏ နံပါတ်တစ်ပင်။ မည်သူကမှ သူ့အမိန့်ကို မေးခွန်းမထုတ်ဝံ့ကြပါ။ တမလွန်ဘုံဘုရင် အများစုက မင်တဲနှင့်အတူ ထွက်သွားကြသည်။ မင်တိသာ တမလွန်ဘုံဘုရင် အနည်းငယ်နှင့် လွင်မင်းဆန်းကြယ်နယ်မြေကို စောင့်ကြည့်ရန် နေခဲ့ပေသည်။
***
ကောင်းကင်စကြဝဠာဘုံထဲတွင် အမှန်ပင် စစ်တပ်များ စုဝေးနေကြသည်။ မိုးပြာမဟာဧကရာဇ် နန်းတက်ပြီးသည်မှာ လပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် စစ်တပ်များမှာ အနည်းနှင့်အျား စည်းစနစ်ကျနေကြပေပြီ။ လူသားမျိုးနွယ်မှာလည်း စည်းလုံးနေပြီး စိတ်အားမြင့်တက်နေသည်။ သူတို့အားလုံးက မိုးပြာမဟာဧကရာဇ်(ဝါ) ကောင်းကင်ဧကရာဇ်ချင်နီက တမလွန်ဘုံကို တိုက်ရန် အမိန့်ပေးလိုက်မည်ကို စောင့်ဆိုင်းနေကြခြင်းပင်။
တမလွန်ဘုံဧကရာဇ်က ယခုအထိ ထွက်ပေါ်မလာသေးပေ။ အကြောင်းက မည်သို့ဖြစ်စေ ယခုက အကောင်းဆုံးအချိန်ပင်။ သူတို့ ဘုံများများ သိမ်းပိုက်နိုင်လေ၊ အရင်းအမြစ်များ ပိုရလေပင်။ သို့ဆိုလျှင် လူသားမျိုးနွယ်တွင် စွမ်းအားကြီး သိုင်းသမားများစွာကို ပျိုးထောင်နိုင်မည်ဖြစ်သည်။
ကောင်းကင်ဧကရာဇ်ချင်နီသည်လည်း ထိုအကြောင်းကို ကောင်းစွာသိ၏။ လူသားမျိုးနွယ်က စည်းလုံးနေပြီး အားလုံးက တိုက်ခိုက်လိုနေကြရာ အဘယ်ကြောင့် စစ်မထွက်ဘဲ နေရမည်နည်း။ သူ နန်းတက်ခဲ့သည်မှာ မကြာသေးပေ။ ကျန်းရီ ရှိနေသ၍ သူ၏ကောင်းကင်ဧကရာဇ်နေရာမှာ အခြေမခိုင်သေးပါ။ ကျန်းရီထံတွင် ကောင်းကင်ဘုံခုံရုံး ရှိနေသည်။ လက်ရှိတွင် ကောင်းကင်ဧကရာဇ်ချင်နီ ကျန်းရီကို မထိဝံ့သေးပေ။ သူ့နေရာကို အခြေခိုင်အောင် လုပ်ရန် အရင်ဆုံး လူသားမျိုးနွယ်ကို အောင်ပွဲတစ်ပွဲ ပေးရပေမည်။
ကျန်းရီက မှန်၏။ ကောင်းကင်ဧကရာဇ်ချင်နီသာ လူသားမျိုးနွယ်ကို ဦးဆောင်၍ တမလွန်ဘုံမျိုးနွယ်ကို ဖျက်ဆီးနိုင်လျှင် လူသားမျိုးနွယ်၏ အကြွင်းမဲ့အုပ်စိုးသူတစ်ပါး ဖြစ်သွားပေလိမ့်မည်။ မည်သူကမှ သူ့နေရာကို လှုပ်ခတ်နိုင်တော့မည် မဟုတ်ပါ။
ထို့ကြောင့် ကောင်းကင်ဧကရာဇ်ချင်နီသည် စစ်ထွက်ရန် ပြင်ဆင်နေ၏။ သူ တပ်သားသန်းတစ်ရာကို စုစည်းထားသည်။ စွမ်းအားကြီး သိုင်းသမားအားလုံးက ကောင်းကင်စကြဝဠာဘုံဆီ တည်နေရာပြောင်းရွှေ့လာကြသည်။ သူ စစ်တပ်ကို ဦးဆောင်၍ ကောင်းကင်ထူးခြားဘုံကို တိုက်ခိုက်တော့မည်ဖြစ်သည်။ သူက တရားဝင် ဆက်ခံသူ မဟုတ်လျှင်ပင် လူသားမျိုးနွယ်၏ ကယ်တင်ရှင်အစစ်အမှန်၊ ကာကွယ်သူအစစ်အမှန် ဖြစ်ကြောင်း အားလုံးကို နားလည်သွားစေလိုလေသည်။
***